ရောဘတ် ပက်တင်ဆန် ဂျိမ်းစ်ဘွန်း

ဂျိမ်းစ်ဘွန်း အသစ်ဖြစ်လာတဲ့ ရောဘတ် ပက်တင်ဆန် အတွက် ဂုဏ်ယူမိကြောင်း ရာမီ မာလက်ခ် ဖွင့်ဟ

ရောဘတ် ပက်တင်ဆန် ကို ဂျိမ်းစ်ဘွန်း အဖြစ် ရွေးချယ်လိုက်တဲ့အပေါ် ရာမီ မာလက်ခ် က သူ့ရဲ့ ထောက်ခံမှုကို အပြည့်အဝ ပေးအပ်လိုက်ပါတယ်။

“ကျွန်တော် ရောဘ် ကို သိလာတာ တော်တော်ကြာပါပြီ၊ သူ့အတွက် ဒီထက်ပိုပြီး ဂုဏ်ယူစရာ မရှိတော့ပါဘူး” လို့ Bohemian Rhapsody မင်းသားက People မဂ္ဂဇင်းကို မကြာသေးခင်က ပြောကြားခဲ့ပါတယ်။

“ဆိုလိုတာက ဒီလူ ဘယ်လောက်တောင် အရည်အချင်းရှိလဲဆိုတာ လူတွေ အသိအမှတ်ပြုလာကြပြီ၊ ဒါမှမဟုတ် အားလုံးလည်း သိပြီးသား ဖြစ်မှာပါ… ကျွန်တော်တို့ အတူတူ အလုပ်လုပ်ခဲ့ကြပြီး တော်တော်လေး ရင်းနှီးတဲ့ သူငယ်ချင်းတွေ ဖြစ်လာခဲ့ကြတာပါ၊ အခုလို အချိန်ကောင်းလေးကို သူနဲ့အတူ မျှဝေခံစားရတာ တကယ်ကို ကြည်နူးစရာ ကောင်းပါတယ်” လို့ ဆိုပါတယ်။

မာလက်ခ် နဲ့ ပက်တင်ဆန် တို့ဟာ ၂၀၁၂ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ ပဉ္စမမြောက် Twilight ဇာတ်ကားဖြစ်တဲ့ Breaking Dawn – Part 2 မှာ အတူတွဲဖက် သရုပ်ဆောင်ခဲ့ကြဖူးပါတယ်။ ဒါပေမဲ့ မာလက်ခ် ရဲ့ ထင်မြင်ချက်က ပိုပြီးအလေးအနက် ရှိနေရတာက သူကိုယ်တိုင် 007 ကမ္ဘာထဲက လာသူဖြစ်နေလို့ပါပဲ၊ သူဟာ ဒန်နီရယ် ခရေ့ဂ် ရဲ့ နောက်ဆုံး သူလျှိုဇာတ်ကားဖြစ်တဲ့ ၂၀၂၁ ခုနှစ်ထွက် No Time to Die မှာ ဂျိမ်းစ်ဘွန်း ရဲ့ ဗီလိန် လျူဆီဖာ ဆာဖင် အဖြစ် သရုပ်ဆောင်ခဲ့ဖူးပါတယ်။

တနင်္လာနေ့က သတင်းထုတ်ပြန်ပြီးကတည်းက သူနဲ့ Batman မင်းသားတို့ကြား “အပြန်အလှန် မက်ဆေ့ချ်တွေ ပို့ဖြစ်နေကြတယ်” လို့လည်း မာလက်ခ် က အဲဒီမီဒီယာကို ပြောပြခဲ့ပါတယ်။

“သူ ဘယ်လောက်တောင် ထူးချွန်ပြောင်မြောက်မလဲဆိုတာ တစ်ကမ္ဘာလုံး မြင်တွေ့ရတော့မယ်လို့ ကျွန်တော် ထင်ပါတယ်၊ ဒါက ဗီလိန်တစ်ယောက်ဆီကလာတဲ့ စကားပါနော်” လို့ ဆိုပါတယ်။ ဒီဇာတ်ကားတွဲဆီ ပြန်လာဖို့ စဉ်းစားမလားဆိုတဲ့ မေးခွန်းကိုတော့ မင်းသားက အတည်ပြုဖို့ငြင်းဆန်ခဲ့ပြီး “ကျွန်တော် မသိသေးပါဘူး။ အခုချိန်က သူ့အချိန်ပါ။ ဒါက ရောဘ် ရဲ့ အချိန်ဆိုတာ သေချာပါတယ်” လို့ ပြန်ဖြေခဲ့ပါတယ်။

ပက်တင်ဆန် ကို နောက်ထပ် ဂျိမ်းစ်ဘွန်း အဖြစ် ကြေညာလိုက်ခြင်းဟာ ဒီနေရာကို ဘယ်မင်းသား ဝင်ယူမလဲဆိုတဲ့ ကာလရှည်ကြာ ထွက်ပေါ်နေတဲ့ ကောလာဟလတွေကို အဆုံးသတ်စေခဲ့ပါတယ်။ ဒီနေရာအတွက် ရေပန်းစားခဲ့တဲ့ တခြားမင်းသားတွေထဲမှာ ကော်လမ် တာနာ၊ ဂျက် လိုဒန်၊ နီကိုးလပ်စ် ဟို့လ်၊ ဂျို့ရှ် အိုကော်နာ၊ တွမ် ဖရန်စစ်၊ အာရွန် တေလာ-ဂျွန်ဆင်၊ ဟဲရစ် ဒစ်ကင်ဆန် နဲ့ ဟယ်ရီ စတိုင်းလ် တို့တောင် ပါဝင်ခဲ့ကြပါတယ်။ Amazon MGM က ထုတ်လုပ်မဲ့ ဒီဇာတ်ကားသစ်ကိုတော့ ဒဲနစ် ဗီလ်နပ်ဗ် က ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။

“ဂျိမ်းစ်ဘွန်း ဆိုတာ ရုပ်ရှင်လောကရဲ့ အထင်ကရ အဖြစ်ဆုံး ဇာတ်ကောင်တွေထဲက တစ်ခုဖြစ်ပြီး 007 နေရာကို ယုံယုံကြည်ကြည် အပ်နှံခံရတာဟာ တစ်သက်တာမှာ အကြီးမားဆုံး ဂုဏ်ယူစရာပါပဲ” လို့ ပက်တင်ဆန် က ကြေညာချက်ထဲမှာ ပြောကြားခဲ့ပါတယ်။

“ကျွန်တော့်အပေါ် ယုံကြည်ပေးကြတဲ့ ဒဲနစ်၊ အေမီ၊ ဒေးဗစ်၊ တန်ညာ နဲ့ Amazon MGM Studios က လူတိုင်းကို ကျေးဇူးအများကြီး တင်ပါတယ်။ ဒီဇာတ်ရုပ်ကို ရရှိတာဟာ အိပ်မက်တွေ တကယ်ဖြစ်လာတာလို့ ပြောရင်တောင် နည်းနေပါသေးတယ်။ ဒီလက်တွဲမှုနဲ့ အရမ်းတော်တဲ့ ဒီအဖွဲ့နဲ့အတူ ရှေ့ဆက်လုပ်ရမဲ့ အလုပ်တွေအတွက် ဒီထက်ပိုပြီး စိတ်လှုပ်ရှားစရာ မရှိတော့ပါဘူး” လို့ ဆိုပါတယ်။

မာလက်ခ် ကတော့ ဗီလိန်နေရာအတွက် ထပ်ပြီး ပါဝင်ယှဉ်ပြိုင်ဖို့ မရှိသေးပေမဲ့ Variety မဂ္ဂဇင်းရဲ့ ဗီလိန်နေရာအတွက် ထိပ်တန်းရွေးချယ်မှု စာရင်းထဲမှာတော့ ရစ်ဇ် အာမက်၊ တီမိုသီ ရှာလာမေး၊ အစ်ဒရစ် အယ်လ်ဘာ၊ မိုက်ကယ် ဖက်စ်ဘန်ဒါ၊ ရေဗက္ကာ ဖာဂူဆန် နဲ့ ခရစ္စတန် စတူးဝပ် တို့အပြင် တခြားသူတွေလည်း ပါဝင်နေပါတယ်။

Source : https://variety.com/

Loading

Leave a Reply

Your email address will not be published. Required fields are marked *