မြိုင်ရာဇာတွက်ပီ - the jdbkx

မြိုင်ရာဇာတွတ်ပီ ဇာတ်ကောင်ဖန်တီးရှင် ကာတွန်းဆရာ ဆွေမင်း (ဓနုဖြူ) ၏ ဘဝခရီးနှင့် မေ့မရနိုင်သော လက်ရာများ

တကယ်လို့ သင်ဟာ စာအုပ်တစ်အုပ်ကို မြင်လိုက်တာနဲ့ မဖတ်ရရင် မနေနိုင်လောက်အောင် စာဖတ်ဝါသနာကြီးတဲ့သူတစ်ယောက်ဆိုရင်တော့ သင့်ရဲ့ ငယ်ဘဝအမှတ်တရတွေထဲမှာ ကာတွန်းရုပ်ပြစာအုပ်တွေနဲ့ ဝတ္ထုဇာတ်လမ်းကောင်းတွေဟာ အခိုင်အမာ နေရာယူထားခဲ့မှာ သေချာပါတယ်။

မြိုင်ရာဇာတွက်ပီ ဆွေမင်း ဓနုဖြူ

အဲဒီလို ငယ်ဘဝတစ်လျှောက်လုံး စွဲစွဲလမ်းလမ်း နှစ်သက်ခဲ့ရတဲ့ ကာတွန်းဇာတ်လမ်းတွေထဲမှာ မြိုင်ရာဇာတွတ်ပီရဲ့ ရုပ်ပြဇာတ်လမ်းတွဲတွေကလည်း မဖြစ်မနေပါဝင်ခဲ့မယ်ဆိုတာ ငြင်းလို့မရပါဘူး။ မြန်မာ့ကာတွန်းရုပ်ပြလောကရဲ့ စာဖတ်ပရိသတ်တွေကြားမှာ ဆယ်စုနှစ်ပေါင်းများစွာ ထိုးဖောက်အောင်မြင်ခဲ့တဲ့ မြိုင်ရာဇာတွတ်ပီ ရုပ်ပြစီးရီးကို ဖန်တီးမွေးထုတ်ပေးခဲ့သူကတော့ ဆရာဆွေမင်း (ဓနုဖြူ) ဖြစ်ပြီး ဆရာ့ရဲ့ ဖန်တီးမှုလက်ရာတွေကတော့ ဒီကနေ့အချိန်ထိတိုင် ပရိသတ်တွေရဲ့ နှလုံးသားထဲမှာ အမြဲတမ်း စွဲထင်ကျန်ရစ်နေဆဲ ဖြစ်ပါတယ်။

ကြုံတိုင်းရွာ၊ မြိုင်သာရွာ၊ ကုန်းဘောင်ရွာနဲ့ ရိုးမတောကြီးစတဲ့ နေရာဒေသတွေကို အခြေခံပြီး တောလိုက်မုဆိုးကြီး ဦးတွတ်ပီနဲ့ တပည့်ကျော် ဗိုက်ကလေး၊ ဦးတွတ်ပီရဲ့ ဇနီး မသေးမျှင်၊ သူကြီးဘစီ၊ ကာလသားခေါင်း အာနိုးလှမိုး၊ လူပျိုကြီး စောတင်မောင်၊ ကျောင်းဆရာလေး ကိုကြည်နိုင်၊ ကုန်စုံဆိုင်ပိုင်ရှင် တရုတ်ကလေး အတီး စတဲ့ ပီပြင်ပြောင်မြောက်တဲ့ ဇာတ်ကောင်စရိုက်များစွာနဲ့ ပုံဖော်ရေးဖွဲ့ထားတဲ့ မြိုင်ရာဇာတွတ်ပီ ရုပ်ပြစီးရီးဟာ ရိုးရိုးကာတွန်းတစ်ခုထက် အများကြီးပိုပါတယ်။

ဟာသရသ မြောက်လှသလို ဦးနှောက်အတွက်ပါ အတွေးသစ် အမြင်သစ်တွေကို ပေးစွမ်းနိုင်တဲ့ အဖိုးတန် ကာတွန်းဇာတ်လမ်းတစ်ခု ဖြစ်ခဲ့ပါတယ်။ ဒီဇာတ်လမ်းထဲက ဇာတ်ကောင်တွေကို စာဖတ်ပရိသတ်တွေက မိမိတို့ရဲ့ မိတ်ဆွေအရင်းအချာတွေလို၊ မိသားစုဝင်တွေလို ရင်းရင်းနှီးနှီး ခံစားမိလာအောင် ဖန်တီးနိုင်ခဲ့တဲ့ ဆရာဆွေမင်းရဲ့ စိတ်ကူးဉာဏ်ကွန့်မြူးနိုင်စွမ်းကလည်း အင်မတန် အံ့ဩချီးကျူးစရာ ကောင်းလှပါတယ်။

ဆရာဆွေမင်း (ဓနုဖြူ) ကို ၁၉၅၇ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်နေ့မှာ ဓနုဖြူမြို့၌ အဖ ဦးတင်ရွှေ၊ အမိ ဒေါ်သန်းခင်တို့က မွေးဖွားခဲ့ပြီး သူ့ရဲ့ အမည်ရင်းကတော့ ဦးခင်မောင်မြင့် ဖြစ်ပါတယ်။ ငယ်စဉ်ကလေးဘဝကတည်းက စာရေးစာဖတ်ခြင်းနဲ့အတူ ကာတွန်းရုပ်ပုံတွေကို ရေးခြစ်ရတာကို ဝါသနာထုံခဲ့တဲ့ ဆရာဆွေမင်းဟာ မူလတန်းပညာကို ရွှေကူမူလတန်းကျောင်းနဲ့ ရေတွင်းကုန်းမူလတန်းကျောင်းတို့မှာ စတင်ဆည်းပူးခဲ့ပြီး အလယ်တန်းကိုတော့ ရွှေကူအလယ်တန်းကျောင်းမှာ ပြောင်းရွှေ့သင်ယူခဲ့ပါတယ်။

အထက်တန်းကျောင်းသားဘဝကို ရောက်ရှိလာတဲ့အခါ ဓနုဖြူမြို့ အထက်တန်းကျောင်းကို တက်ရောက်ခဲ့ပြီး နဝမတန်းကျောင်းသားဘဝမှာတင် သောကြာစာစောင်နဲ့ အခြားသော မဂ္ဂဇင်းကြီးတွေမှာ မောင်မောင်ဆွေမင်း (ဓနုဖြူ) ဆိုတဲ့ ကလောင်နာမည်နဲ့ စာပေလက်ရာတွေကို စတင်ရေးသားဖော်ပြနိုင်ခဲ့ပါတယ်။

ပန်းချီပညာကို ပါရမီပါပြီး ပုံဆွဲရတာကို အလွန်မြတ်နိုးတဲ့ ဆရာဆွေမင်းဟာ ပန်းချီပညာရပ်ကို ၁၉၇၇ ခုနှစ်ကနေ ၁၉၈၀ ပြည့်နှစ်အထိ ရန်ကုန်မြို့ ပန်းချီပန်းပုကျောင်းမှာ စနစ်တကျ သင်ယူဆည်းပူးခဲ့ပါတယ်။ ပန်းချီပန်းပုကျောင်းဆင်းပြီးတဲ့နောက်မှာတော့ စာပေလောကထဲကို ခြေစုံပစ်ဝင်ရောက်ခဲ့ပြီး နောင်တစ်ချိန်မှာ စာဖတ်ပရိသတ်တွေရဲ့ ရင်ထဲ စွဲမြဲသွားစေမဲ့ မြိုင်ရာဇာတွတ်ပီ ဇာတ်ကောင်ကို ၁၉၈၆ ခုနှစ်မှာ ရွှေသွေးဂျာနယ်ကနေတစ်ဆင့် စတင်မိတ်ဆက်ရေးဆွဲခဲ့ပါတယ်။

အဲဒီနောက် ၁၉၈၈ ခုနှစ်ကို ရောက်တဲ့အခါ မြိုင်ရာဇာတွတ်ပီ ဇာတ်ကောင်နဲ့ လုံးချင်းကာတွန်းရုပ်ပြစာအုပ်တွေကို အောင်မြင်စွာ ရေးဆွဲထုတ်ဝေခဲ့ပြီး အဆိုပါ ကာတွန်းဇာတ်လမ်းဟာဆိုရင် မြန်မာ့ကာတွန်းရုပ်ပြလောက သမိုင်းတစ်လျှောက် အအောင်မြင်ဆုံးနဲ့ ပရိသတ်အကြိုက်ဆုံး ရုပ်ပြစီးရီးတစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ မြိုင်ရာဇာတွတ်ပီ နာမည်နဲ့ တစ်ပြည်လုံးမှာ အထူးထင်ရှားပေါက်ရောက်သွားခဲ့တဲ့ လုံးချင်းစာအုပ်ကတော့ “မြို့ပြခရီး” ဖြစ်ပါတယ်။

မြန်မာ့ရုပ်ပြကာတွန်းလောကမှာ ထင်ရှားတဲ့ ဇာတ်ကောင်တွေ၊ ဇာတ်လမ်းကောင်းတွေ အများအပြား ရှိခဲ့ပေမဲ့လည်း ဆရာဆွေမင်းရဲ့ မြိုင်ရာဇာတွတ်ပီဇာတ်လမ်းကို လူကြီးလူငယ်မရွေး အားပေးနှစ်ခြိုက်ကြရတဲ့ အကြောင်းရင်းကတော့ ဇာတ်လမ်းဇာတ်အိမ် ခိုင်မာတောင့်တင်းမှု၊ စာအရေးအသား သွက်လက်ပြေပြစ်မှုနဲ့ ပန်းချီလက်ရာ သေသပ်ပိရိမှုတို့ကြောင့် ဖြစ်တယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။

ဆရာဆွေမင်း (ဓနုဖြူ) ဟာ မြိုင်ရာဇာတွတ်ပီကို လုံးချင်းရုပ်ပြအဖြစ် စတင်ဖန်တီးစဉ်ကတည်းက ဇာတ်ကောင်စရိုက်တွေကို အပြောင်းအလဲမလုပ်ဘဲ အတည်တကျ ပုံသေထားဖို့ ရည်ရွယ်ခဲ့ပုံရပါတယ်။ အဲဒီလို ပုံစံတူ သတ်မှတ်ထားရှိခြင်းက ပရိသတ်တွေအနေနဲ့ ဇာတ်ကောင်တွေအပေါ် ပိုပြီး သံယောဇဉ်တွယ်သွားစေသလို ပြင်ပလောကမှာ အမှန်တကယ် ရှိနေတဲ့ လူတွေလို ခံစားသက်ဝင်စေခဲ့တာကြောင့်လည်း ဖြစ်ပါတယ်။

မြိုင်ရာဇာတွတ်ပီနဲ့ နာမည်ကျော်ကြားလာခဲ့တဲ့ ဆရာဆွေမင်းဟာ ၁၉၉၇ ခုနှစ်ကစတင်ပြီး တတိုင်းမွှေးဂျာနယ်မှာ အယ်ဒီတာချုပ်အဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သလို သောကြာစာစောင်မှာလည်း အမှုဆောင်အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီကာလအတွင်းမှာ “ဘဝတစ်ခုအမှတ်တရ” လို့ အမည်ရတဲ့ ဆောင်းပါးစာစုတွေကို လစဉ်မပြတ် ရေးသားခဲ့ပြီး အခြားမဂ္ဂဇင်းနဲ့ ဂျာနယ်တွေမှာလည်း ဆောင်းပါးကောင်းများစွာကို ရေးသားတင်ဆက်ခဲ့ပါတယ်။ ၂၀၀၃ ခုနှစ်မှာတော့ သူလစဉ်ရေးသားခဲ့တဲ့ ဘဝတစ်ခုအမှတ်တရ ဆောင်းပါးတွေကို စုစည်းပြီး လုံးချင်းစာအုပ်အဖြစ် ထုတ်ဝေနိုင်ခဲ့ပါတယ်။

မြိုင်ရာဇာတွတ်ပီ ဇာတ်လမ်းဟာ ဆရာဆွေမင်းရဲ့ စိတ်ကူးဉာဏ်ကွန့်မြူးမှုကနေ မွေးဖွားလာတာ မှန်ပေမဲ့ ဇာတ်ကောင်တွေကို ပုံဖော်ဖန်တီးတဲ့အခါမှာတော့ ပြင်ပလက်တွေ့လောကမှာ တကယ်ရှိတဲ့သူတွေရဲ့ အသွင်အပြင်နဲ့ စရိုက်လက္ခဏာတွေကို အခြေခံခဲ့တာ တွေ့ရပါတယ်။

ဆရာ့ရဲ့ ဇနီးဖြစ်သူ ဒေါ်မို့မို့ဆန်းရဲ့ ပြောပြချက်အရ ဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်တွေဖြစ်တဲ့ မြိုင်ရာဇာတွတ်ပီနဲ့ ဇနီး မသေးမျှင်တို့ဟာ ဆရာဆွေမင်းရဲ့ စိတ်ကူးသီးသန့်နဲ့ ဖန်တီးထားတာဖြစ်ပြီး ဗိုက်ကလေးကိုတော့ ပန်းချီခိုင်မြင့်မောင်၊ လူပျိုကြီး စောတင်မောင်ကိုတော့ ပန်းချီစောတင်မောင်တို့ရဲ့ ပုံစံကို အမှီပြုပုံဖော်ခဲ့တာ ဖြစ်ပါတယ်။ ဒီပုဂ္ဂိုလ်တွေဟာလည်း ဆရာဆွေမင်းနဲ့ အလွန်ရင်းနှီးကျွမ်းဝင်ခဲ့တဲ့ မိတ်ဆွေတွေပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ကျောင်းဆရာလေး ကိုကြည်နိုင်ဆိုတာကလည်း ပြင်ပမှာ အမှန်တကယ်ရှိတဲ့ ကျောင်းဆရာတစ်ဦးဖြစ်သလို သူကြီးဘစီ ဆိုတာကတော့ ဆရာဆွေမင်းရဲ့ အဘိုးအရင်းကို ဇာတ်ကောင်အဖြစ် အသက်သွင်းတည်ဆောက်ခဲ့ခြင်း ဖြစ်ပါတယ်။

ရွာအမည်တွေ ဖန်တီးရာမှာလည်း ကြုံတိုင်းရွာ၊ မြိုင်သာရွာနဲ့ ကုန်းဘောင်ရွာ တို့ကို ပြင်ပမှာ တကယ်ရှိတဲ့ အမည်တွေကို အခြေခံခဲ့တာပါ။ ကြုံတိုင်းရွာဆိုတာက ဓနုဖြူကိုသွားတဲ့လမ်းမှာ တကယ်ရှိတဲ့ “ကြုံပိုင်းရွာ” အမည်ကို အနည်းငယ် ပြောင်းလဲသုံးစွဲထားတာဖြစ်ပြီး မြိုင်သာရွာကလည်း ပြင်ပမှာ တကယ်တည်ရှိတဲ့ ရွာတစ်ရွာ ဖြစ်ပါတယ်။ ကုန်းဘောင်ရွာဆိုတာကတော့ ရန်ကုန်မှာ ဆရာနေထိုင်ခဲ့စဉ်က လမ်းအမည်ကို ထည့်သွင်းပုံဖော်ထားတာလို့ သိရပါတယ်။

ဆရာဆွေမင်းဟာ မကွယ်လွန်မီ အချိန်အတွင်းမှာ သူ့ရဲ့ အမှတ်တရလက်ရာကြီးဖြစ်တဲ့ မြိုင်ရာဇာတွတ်ပီ ကာတွန်းဇာတ်လမ်းကို ကာတွန်းဗီစီဒီ (VCD) အဖြစ်လည်း ဆန်းသစ်ဖန်တီးထုတ်လုပ်ခဲ့ပါသေးတယ်။

ဆရာ ကွယ်လွန်သွားပြီးနောက်ပိုင်းမှာ ရုပ်ရှင်ဖန်တီးသူတွေက ရုပ်ရှင်ဇာတ်ကားကြီးအဖြစ် ဝယ်ယူအသက်သွင်းဖို့ ကြိုးစားခဲ့ကြပေမဲ့ မူလကာတွန်းရဲ့ သဘာဝအရသာ ပျက်ယွင်းသွားမှာ စိုးရိမ်တဲ့အတွက် ရုပ်ရှင်အဖြစ် ဖန်တီးခွင့်မပြုတော့ကြောင်း ဆရာ့ရဲ့ ကျန်ရစ်သူဇနီးက ရှင်းပြထားပါတယ်။ ဆရာဆွေမင်း (ဓနုဖြူ) ဟာ အသက် ၄၈ နှစ်အရွယ် ၂၀၀၅ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့မှာ ကွယ်လွန်အနိစ္စရောက်ခဲ့ပြီး ကွယ်လွန်ချိန်မှာ ဇနီးဖြစ်သူ ဒေါ်မို့မို့ဆန်းနဲ့အတူ သမီး ၂ ဦး၊ သား ၁ ဦး ကျန်ရစ်ခဲ့ပါတယ်။

Source : Myaing Yar Zar Tut Pi Facebook Page

Loading

Leave a Reply

Your email address will not be published. Required fields are marked *