မင်းသားကြီး ဂျွန်ထရာဗိုလ်တာ ရဲ့သမီး အယ်လာဘလူး ပဲရစ်ဖက်ရှင်သီတင်းပတ် ပွဲဦးထွက် လျှောက်လှမ်း
အယ်လာဘလူး မလုပ်နိုင်တဲ့အရာများ ရှိပါ့မလား။
မင်းသားကြီး ဂျွန်ထရာဗိုလ်တာ နဲ့ ကွယ်လွန်သူ မင်းသမီး ကယ်လီပရက်စတန် တို့ရဲ့ ပါရမီရှင်သမီးဖြစ်သူဟာ သူ့ရဲ့မှတ်တမ်းစာအုပ်ထဲကို စွဲမက်ဖွယ်ရာ အောင်မြင်မှုတစ်ခု ထပ်ပေါင်းထည့်လိုက်ပါတယ်။ အဲဒါကတော့ ပဲရစ်ဖက်ရှင်သီတင်းပတ် မှာ ပထမဆုံးအကြိမ် ပွဲဦးထွက်လျှောက်လှမ်းနိုင်ခဲ့တာပါပဲ။

အသက် ၂၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ သူမဟာ အောက်တိုဘာ ၄ ရက်နေ့က ကျင်းပခဲ့တဲ့ မီယူးမီယူး (Miu Miu) ရဲ့ Ready to Wear Spring/Summer 2027 ရှိုးပွဲမှာ ရန်းဝေးစင်မြင့်ထက် လျှောက်လှမ်းခဲ့ပါတယ်။ ဒီရှိုးပွဲမှာ အစိမ်းရောင် အိုဗာဆိုက်ဇ် ဘလေဇာအင်္ကျီ၊ ဘေးဘက်မှာ အနီရောင်အစင်းကြောင်းပါတဲ့ အပြာရင့်ရောင် ဘောင်းဘီရှည်နဲ့ ဒီဇိုင်းဆန်း ရှပ်အင်္ကျီတို့ကို ဆင်မြန်းပြသခဲ့ပါတယ်။
Old Dogs ဇာတ်ကားမှာ ပါဝင်ခဲ့ဖူးတဲ့ မင်းသမီးလေးဟာ ပရာဒါ (Prada) ရဲ့ ညီအစ်မအမှတ်တံဆိပ်ရှိုးပွဲမှာ လျှောက်လှမ်းခဲ့တဲ့ တစ်ဦးတည်းသော လူသိများသူတော့ မဟုတ်ပါဘူး။ Hamnet ဇာတ်ကားသရုပ်ဆောင် နိုအာဂျူးပ်၊ အိုလီဗီယာကိုးလ်မန်း အပြင် မေရယ်လ်စထရိပ် ရဲ့သမီး လူအီဆာ ဂျေကော့ဘ်ဆန် တို့လည်း ပါဝင်လျှောက်လှမ်းခဲ့ကြပါတယ်။
တစ်ဖက်မှာလည်း ပွဲကြည့်ပရိသတ်ထဲမှာ ထင်ရှားတဲ့ နာမည်ကျော်တွေ အများအပြား ရောက်ရှိနေခဲ့ပါတယ်။ The Summer I Turned Pretty ဇာတ်ကားသရုပ်ဆောင် ရိန်းစပင်ဆာ၊ လီလီရိန်းဟတ် နဲ့ မက်ကန်နာဂရေ့စ် တို့ကို တွေ့မြင်ခဲ့ရပါတယ်။
အယ်လာဘလူး အတွက်ကတော့ ပြီးခဲ့တဲ့နှစ်တွေအတွင်း ဖက်ရှင်လောကနဲ့ သရုပ်ဆောင်အလုပ်ကြားမှာ ဟန်ချက်ညီညီ လျှောက်လှမ်းနေခဲ့တာပါ။ The Poison Rose ဇာတ်ကားမှာ ပါဝင်ခဲ့တဲ့ မင်းသမီးဟာ ၂၀၂၂ ခုနှစ်က နယူးယောက် ဖက်ရှင်သီတင်းပတ်မှာ ပွဲဦးထွက်ခဲ့ဖူးပြီး ပြီးခဲ့တဲ့ ဧပြီလတုန်းကလည်း ဖက်ရှင်ထရပ်စ် ယူအက်စ် (Fashion Trust US) ဆုပေးပွဲရဲ့ ကော်ဇောနီထက် လျှောက်လှမ်းမှုအတွက် ဖခင်ဖြစ်သူရဲ့ ချီးကျူးမှုကို ရရှိခဲ့ပါတယ်။
“၂၀၂၆ Fashion US Awards ပန်းရောင်ကော်ဇောနီထက်က သမီးလေး @ella.bleu အတွက် အရမ်းဂုဏ်ယူမိပါတယ်။ ကျွန်တော် ပထမဆုံး ဒါရိုက်တာအဖြစ် ရိုက်ကူးထားတဲ့ Propeller One-Way Night Coach ဇာတ်ကားထဲက အယ်လာ ကိုလည်း စောင့်မျှော်ကြည့်ရှုပေးကြပါဦး” လို့ ၂၀၀၉ ခုနှစ်မှာ ကွယ်လွန်သွားခဲ့တဲ့ သားဖြစ်သူ ဂျက်ထရာဗိုလ်တာ နဲ့ အသက် ၁၅ နှစ်အရွယ် ဘန်ဂျမင်ထရာဗိုလ်တာ တို့ရဲ့ ဖခင်ဖြစ်သူ ဂျွန်ထရာဗိုလ်တာ က ဧပြီလတုန်းက အင်စတာဂရမ်မှာ ရေးသားခဲ့ပါတယ်။
တကယ်လည်း အယ်လာဘလူး ဟာ သူ့အတွက် သီးသန့်ရည်ရွယ်ပြီး ဖခင်ဖြစ်သူ ကိုယ်တိုင်ရိုက်ကူးတဲ့ ပရောဂျက်မှာ ပထမဆုံး ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်ထားတာပါ။
“အယ်လာ ကို လူကြီးတစ်ယောက်အဖြစ် ကမ္ဘာကသိအောင် ဩဒရီဟက်ပ်ဘန်း၊ ဂရေ့စ်ကယ်လီ တို့လို စတိုင်မျိုးနဲ့ မိတ်ဆက်ပေးဖို့ အစီအစဉ်ရှိခဲ့တာပါ။ ဒီလိုပုံစံမျိုး ဖြစ်လာစေဖို့ ကျွန်တော် အစွမ်းကုန် ကြိုးစားပြင်ဆင်ခဲ့ပြီး အခုချိန်အထိလည်း အများကြီး အကျိုးသက်ရောက်မှု ရှိခဲ့ပါတယ်။ သမီးအတွက် အရမ်းဂုဏ်ယူပါတယ်” လို့ မေလအတွင်းက Today အစီအစဉ်မှာ ဂျွန်ထရာဗိုလ်တာ က ရှင်းပြခဲ့ပါတယ်။
အယ်လာဘလူး ကလည်း အခုလို အောင်မြင်မှုတွေ ရရှိခဲ့တာဟာ ဖခင်ဖြစ်သူရဲ့ ပံ့ပိုးကူညီမှုတွေမပါဘဲ မဖြစ်နိုင်ဘူးလို့ အလေးထား ပြောကြားခဲ့ဖူးပါတယ်။
“ဖေဖေက သမီးရဲ့ အမာခံပရိသတ်ဖြစ်သလို သမီးကလည်း ဖေဖေ့ရဲ့ အမာခံပရိသတ်ပါပဲ။ ကျွန်မတို့အချင်းချင်း အမြဲတမ်း ပံ့ပိုးပေးနေတာက တကယ်ကို အံ့ဩဖို့ကောင်းပါတယ်။ ဖေဖေ့ဆီကနေ အချိန်တိုင်း အများကြီးသင်ယူနေရပါတယ်” လို့ သူမက ၂၀၂၃ ခုနှစ်တုန်းက Parade မဂ္ဂဇင်းကို ဖြေကြားခဲ့ပါတယ်။
Source : https://www.msn.com/
![]()