
စက်တင်ဘာလအတွက် ယူနိုက်တက်တစ်လတာအကောင်းဆုံးကစားသမားဆုကို ဖာနန်ဒက်စ် ဆွတ်ခူး
မန်ချက်စတာယူနိုက်တက်ရဲ့ စက်တင်ဘာလအတွက် တစ်လတာအကောင်းဆုံးကစားသမားဆုကို အသင်းခေါင်းဆောင်ဘရူနိုဖာနန်ဒက်စ်က ဆွတ်ခူးခဲ့ပြီး တစ်လတာအကောင်းဆုံးသွင်းဂိုးဆုကိုတော့ တိုက်စစ်မှူး ဘင်ဂျမင်ဆက်စ်ကိုက ဆွတ်ခူးခဲ့ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းယူနိုက်တက်ဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၃ ပွဲသာကစားခဲ့ရပြီး မန်ချက်စတာစီးတီးနဲ့ ဘရန့်ဖို့ဒ်တို့ကို ဂိုးပြတ်ရှုံးနိမ့်ခဲ့ကာ ချဲလ်ဆီးကိုတော့ ၂-၁ နဲ့အနိုင်ရရှိခဲ့ပါတယ်။ ဖာနန်ဒက်စ်အနေနဲ့ ချဲလ်ဆီးကိုအနိုင်ရတဲ့ပွဲစဉ်မှာ အသင်းအတွက်အရေးပါတဲ့ဦးဆောင်ဂိုးကိုသွင်းယူပေးခဲ့ပြီး ယူနိုက်တက်ကစားသမားဘဝ သွင်းဂိုး ၁၀၀ ပြည့်မြောက်ခဲ့ပါတယ်။
ပေါ်တူဂီလက်ရွေးစင်ဟာ ဘရန့်ဖို့ဒ်နဲ့ပွဲစဉ်မှာ အရေးပါတဲ့ပင်နယ်တီကို လွဲချော်အောင်ကန်ခဲ့ပေမဲ့ မဲအရေအတွက် ၃၇ ရာခိုင်နှုန်းအထိရရှိခဲ့ပြီး တစ်လတာအကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။ ဖာနန်ဒက်စ်ရဲ့အောက် ဒုတိယနေရာမှာတော့ ပက်ထရစ်ဒေါ်ဂူက ၃၅ ရာခိုင်နှုန်း၊ တတိယနေရာမှာ ဘင်ဂျမင်ဆက်စ်ကိုက ၂၈ ရာခိုင်နှုန်းနဲ့ အသီးသီးရပ်တည်ခဲ့ကြပါတယ်။
တစ်ချိန်တည်းမှာပဲ ဆက်စ်ကိုဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ဘရန့်ဖို့ဒ်နဲ့ပွဲစဉ်မှာ ယူနိုက်တက်ကစားသမားဘဝ ပထမဆုံးပရီးမီးယားလိဂ်သွင်းဂိုးကိုရရှိခဲ့ပြီး အဆိုပါဂိုးနဲ့ပဲ တစ်လတာအကောင်းဆုံးသွင်းဂိုးဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဆက်စ်ကိုအနေနဲ့ အဆိုပါဂိုးကိုသွင်းယူနိုင်ဖို့ အတော်လေးကြိုးစားခဲ့ရပြီး ဂိုးပေါက်ရှေ့မှာ ၃ ကြိမ်ဆက်တိုက် ထပ်ကာထပ်ကာ ပိတ်သွင်းခဲ့ရတာဖြစ်ပါတယ်။
အကောင်းဆုံးသွင်းဂိုးအတွက်မဲအရေအတွက်မှာ ဆက်စ်ကိုရဲ့ဂိုးဟာ ၃၉ ရာခိုင်နှုန်းနဲ့အများဆုံးဖြစ်ခဲ့ပြီး ချဲလ်ဆီးကိုသွင်းယူခဲ့တဲ့ ဖာနန်ဒက်စ်ရဲ့ဂိုးနဲ့ ကတ်စ်မဲရိုးတို့ရဲ့ဂိုးတွေက ၃၈ ရာခိုင်နှုန်းနဲ့ ၂၃ ရာခိုင်နှုန်း မဲပေးခံခဲ့ရပါတယ်။ လာမဲ့တနင်္ဂနွေနေ့မှာတော့ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ပုံစံကောင်းရနေတဲ့ တန်းတက်အသင်း ဆန်းဒါးလန်းကို အိမ်ကွင်းအိုးလ်ထရက်ဖို့ဒ်မှာ ဧည့်ခံကစားသွားရမှာဖြစ်ပြီး နိုင်ပွဲပြန်လည်ရရှိအောင်စွမ်းဆောင်သွားနိုင်မလား စောင့်ကြည့်ရပါမယ်။
Source : https://ca.sports.yahoo.com