စာပို့ဖို့တောင် အချိန်မရှိကြကြောင်း အရွှန်းဖောက်ပြောကြားလာတဲ့ နစ္စတယ်ရွိုင်း

သူနဲ့ အာမိုရင်တို့ တစ်ယောက်နဲ့တစ်ယောက်စာပို့ဖို့တောင် အချိန်မရှိကြကြောင်း အရွှန်းဖောက်ပြောကြားလာတဲ့ နစ္စတယ်ရွိုင်း

မန်ချက်စတာယူနိုက်တက် ယာယီနည်းပြ ဗန်နစ္စရွိုင်းက မကြာမီမှာပဲ အိုးလ်ထရက်ဖို့ဒ်သို့ စတင်ရောက်ရှိလာတော့မဲ့ နည်းပြသစ် ရူဘင်အာမိုရင်နဲ့ အပြန်အလှန်စာပို့ဖို့ ၂ ယောက်စလုံး အချိန်မရှိကြကြောင်း ပြောကြားလာခဲ့ပါတယ်။ နစ္စတယ်ရွိုင်းဟာ ယနေ့နံနက်က ဂရိကလပ် PAOK နဲ့ယှဉ်ပြိုင်ခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ ၂-၀ နဲ့အနိုင်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာကြောင့် အိုးလ်ထရက်ဖို့ဒ်အသင်းအတွက် ၁ နှစ်ကျော်အတွင်း ပထမဆုံးအကြိမ် ဥရောပနိုင်ပွဲကို ဖော်ဆောင်ပေးနိုင်ခဲ့ပါတယ်။

အရွှန်းဖောက်ပြောကြားလာတဲ့ နစ္စတယ်ရွိုင်း

နယ်သာလန်သားဟာ လာမဲ့ တနင်္ဂနွေနေ့မှာတော့ ယာယီနည်းပြဘဝ နောက်ဆုံးပွဲစဉ်အဖြစ် လက်စတာနဲ့ပွဲစဉ်မှာ ဆက်လက်ဦးဆောင်သွားဦးမှာဖြစ်ပြီး အဆိုပါပွဲစဉ်အပြီးမှာတော့ ယူနိုက်တက်မှာ ဆက်လက်ကျန်ရှိမလား ထွက်ခွာသွားရမလားဆိုတာ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။

နစ္စတယ်ရွိုင်းက “အာမိုရင်က ဘရာဂါနဲ့ပွဲအတွက် အာရုံစိုက်နေပြီး ကျွန်တော်ကတော့ လက်စတာနဲ့ပွဲအတွက် အာရုံစိုက်နေပါတယ်။ ၂ ယောက်စလုံးအနေနဲ့ ကိုယ်လက်ရှိကိုင်တွယ်နေတဲ့အသင်းတွေဆီကနေ အကောင်းဆုံးစွမ်းဆောင်ရည်တွေရရှိဖို့ ကြိုးပမ်းသွားရမှာပါ။ အဲဒီပွဲစဉ် ၂ ပွဲအပြီးမှာတော့ ကျွန်တော်တို့ တွေ့ဆုံသွားမှာပါ။ သူကျွန်တော့်ကို စာပို့ထားသေးလား ဖုန်းကို စစ်ကြည့်ရပါဦးမယ်” လို့ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ယူနိုက်တက်မှာ နည်းပြအဖွဲ့ဝင်အဖြစ် ဆက်လက်နေထိုင်ဖို့ ရှိမရှိမေးမြန်းခဲ့ရာ နစ္စတယ်ရွိုင်းက “အခုချိန်မှာတော့ ကျွန်တော် တစ်နေရာတည်းမှာပဲ အာရုံစိုက်ထားပါတယ်။ ကျွန်တော့်ရဲ့ ယာယီနည်းပြဘဝနောက်ဆုံးပွဲစဉ်မှာ တတ်နိုင်သလောက် အကောင်းဆုံးတွေပေးဆပ်ပြီး ကစားသမားတွေရဲ့ အကောင်းဆုံးစွမ်းဆောင်ရည်တွေကို ညှစ်ထုတ်သွားပါမယ်။ ဒါကြောင့် အခုချိန်မှာတော့ ဒီပွဲအပေါ်မှာပဲ အာရုံစိုက်ထားပြီး အခြားကိစ္စတွေက အရေးမပါသေးပါဘူး” လို့ဖြေကြားခဲ့ပါတယ်။

ဂိုးသမား အိုနာနာကတော့ နစ္စတယ်ရွိုင်းရဲ့ဦးဆောင်မှုအောက်မှာ ယူနိုက်တက် ပိုမိုတိုးတက်လာတယ်လို့ ခံစားရကြောင်း ပြောကြားလာခဲ့ပြီး နယ်သာလန်သားကို အသင်းမှာဆက်လက်ကျန်ရှိစေလိုကြောင်း ပြောကြားလာခဲ့ပါတယ်။ ယူနိုက်တက်ကစားသမားတွေအနေနဲ့ နစ္စတယ်ရွိုင်းကို အိုးလ်ထရက်ဖို့ဒ်မှာ ဆက်လက်နေထိုင်စေဖို့ လိုလားကြသလားလို့မေးမြန်းခဲ့ရာ အိုနာနာက “၁၀၀ ရာခိုင်နှုန်းပါပဲ။ သူက လူကောင်းတစ်ယောက်ပါ။ အရမ်းကောင်းတဲ့နည်းပြတစ်ယောက်လည်းဟုတ်ပါတယ်။

ဒီကိုစရောက်ကတည်းက ကျွန်တော်တို့ကို တောက်လျှောက်အကူအညီပေးထားပါတယ်။ အတွေ့အကြုံအများကြီးရှိတဲ့ လူတစ်ယောက်ဖြစ်ပြီး ကျွန်တော်တို့ကို အကြံဉာဏ်တွေလည်း အများကြီးပေးနိုင်ပါတယ်။ ကျွန်တော်တို့သူ့ကို နည်းပြတစ်ယောက်အနေနဲ့ ရက်အနည်းငယ်ပဲမြင်တွေ့ရသေးပေမဲ့ အကောင်းဆုံးစွမ်းဆောင်ထားနိုင်ပြီး ကစားသမားတွေလည်း ပျော်ရွှင်ကြပါတယ်”

“ဒါပေမဲ့ အဆုံးမှာတော့ သူ့ရဲ့အနာဂတ်ကို ကျွန်တော်တို့က အဆုံးအဖြတ်ပေးနိုင်တာမဟုတ်ပါဘူး။ ကလပ်ကပဲ အဆုံးအဖြတ်ပေးသွားမှာဖြစ်ပြီး သူတို့ရဲ့ဆုံးဖြတ်ချက်ကို လက်ခံရမှာပါပဲ” လို့ပြောကြားခဲ့ပါတယ်။

 

Source: dailymail.co.uk

#မန်ချက်စတာယူနိုက်တက် #ယာယီနည်းပြ #ဗန်နစ္စရွိုင်း #ရူဘင်အာမိုရင် #အိုးလ်ထရက်ဖို့ဒ် #PAOK #ယူရိုပါလိဂ် #နယ်သာလန် #လက်စတာ #ဂိုးသမားအိုနာနာ #နည်းပြအဖွဲ့ဝင် #အကောင်းဆုံးစွမ်းဆောင်ရည် #အနာဂတ်

Loading

Leave a Reply

Your email address will not be published. Required fields are marked *