
အော်စကာဆုရ ပြည့်တန်ဆာမလေး
“ပြည့်တန်ဆာ” ဆိုတဲ့အသုံးအနှုန်းကိုကြားလိုက်တာနဲ့ တစ်ဖက်မှာ ဒီအလုပ်နဲ့ အသက်မွေးဝမ်းကြောင်းတဲ့လူတွေအပေါ် သနားတဲ့စိတ်၊ “ကယ်တင်ချင်တဲ့စိတ်” ဝင်လာတတ်သလို တစ်ဖက်မှာလည်း နှာခေါင်းရှုံ့ချင်တဲ့စိတ်၊ ကိုယ့်ထက်တစ်ဆင့်နိမ့်တဲ့သူလို သဘောထားချင်တဲ့စိတ် ဝင်လာတတ်တာ လူ့သဘာဝတစ်ခုလိုတောင် ဖြစ်နေပါပြီ။
ဒါက အထူးအဆန်းတော့မဟုတ်။ ပြည့်တန်ဆာလို့ ပြောလိုက်တာနဲ့ တန်ဖိုးထားရမဲ့ ခန္ဓာကိုယ်ကို ပေးဆပ်ပြီး ပိုက်ဆံရှာရတဲ့သူလို့ မြင်ကြတာကိုး။ ဒီတော့ ကယ်တင်ရှင်ဝါဒီတွေက သူတို့ “နွံ” လို့မြင်တဲ့နေရာကနေ ဒီပြည့်တန်ဆာတွေကို ကယ်ထုတ်ချင်ကြတယ်။
လူ့မလိုင်တွေနဲ့ နှစ်လွှာစံပုဂ္ဂိုလ်တွေက လူမဟုတ်သလိုဆက်ဆံကြတယ်။ ငွေမျက်နှာတစ်ခုတည်းကြည့်သူတွေ၊ ခံစားချက်မရှိသူတွေလို့ သတ်မှတ်ကြတယ်။ Anora ရုပ်ရှင်မှာ အဓိကဇာတ်ကောင် Ani ဟာလည်း ဒီလိုပုံသွင်းသတ်မှတ်ချက်တွေနဲ့ လွန်ဆွဲရပါတယ်။
ဒီရုပ်ရှင်ကို ၃ ပိုင်းခွဲပြောကြရအောင်။ ပထမပိုင်းမှာ ဘီလျံနာမိုးကျရွေကိုယ် Vanya နဲ့ Ani ကြားက နတ်သမီးပုံပြင်ဆန်တဲ့ ဆက်ဆံရေးကိုတွေ့ရတယ်။ အစပိုင်းမိနစ်တွေမှာ Ani နဲ့ Vanya ကြားက ဆက်ဆံရေးဟာ ချစ်ခြင်းသီးသန့်ဖြစ်တယ်လို့ ထင်ရပေမဲ့ အချိန်ကြာလာတာနဲ့အမျှ ဒီဆက်ဆံရေးမှာ ငွေကြေးတွေ၊ စျေးသတ်မှတ်ချက်တွေ ပါဝင်စွတ်ဖက်နေတာ ပိုထင်ရှားလာတယ်။
Vanya က Ani အတွက် ပိုက်ဆံတွေ လိုသလောက်ပေးနိုင်တယ်။ သူ့ကို အလှဆုံးဆင်မြန်းပေးနိုင်တယ်။ ဒါပေမဲ့ အလကားလုပ်ပေးနေတာတော့မဟုတ်ဘူး။ အပြန်အလှန်အနေနဲ့ Ani က သူ့ခန္ဓာကိုယ်ကို ပြန်ပေးရတယ်။ သူ့အပေါ် ထိန်းချုပ်ခွင့်အပြည့်အဝပေးရတယ်။
ဒါကို လွန်ဆန်နိုင်ဖို့ဆိုတာကလည်း အပြောသာလွယ်ပေမဲ့ Ani ရဲ့ လူမှုစီးပွားအခြေအနေအရ ခက်တယ်။ ပိုက်ဆံကအရာရာဖြစ်နေတဲ့ကမ္ဘာကြီးမှာ Ani ပိုက်ဆံဘယ်လောက်ပဲရှာနိုင်ဦးတော့၊ Vanya ကမ်းလှမ်းတဲ့ အပူအပင်ကင်းကင်း ဘဝအခြေအနေလိုမျိုး ရောက်နိုင်ဖို့ဆိုတာ ရာခိုင်နှုန်းသိပ်နည်းတာကိုး။
ဖြတ်လမ်းတစ်ခုတွေ့နေရက်နဲ့ ဖြတ်လမ်းကနေမသွားဘဲ လမ်းရှည်ကြီးအတိုင်း ဆက်လျှောက်မယ်လို့ ပြောနိုင်ဖို့ဆိုတာ ရုပ်ရှင်သိပ်ဆန်နေမှဖြစ်တာမဟုတ်လား။ Anora ရုပ်ရှင်ရဲ့ဒါရိုက်တာ Sean Baker က ဒီလိုရုပ်ရှင်ဆန်လွန်းတဲ့ဆုံးဖြတ်ချက်တွေကို အားပေးတဲ့သူမဟုတ်။ သူက လူတွေကို ပိုကောင်းတဲ့အခြေအနေဖြစ်စေ၊ ပိုဆိုးတဲ့အခြေအနေဖြစ်စေ တွန်းပို့တဲ့အခါ ဒီလူတွေ ဘယ်လိုတုံ့ပြန်ကြမလဲဆိုတာကို အရှိအတိုင်းရိုက်ပြချင်တဲ့ဒါရိုက်တာမျိုးကိုး။
ဒုတိယအပိုင်းမှာ Ani နဲ့ Vanya တို့လက်ထပ်ကြပြီး Ani အတွက်တော့ လူတန်းစားလှေကားရဲ့ အပေါ်ဆုံးအဆင့်ကို စတက်လှမ်းခွင့်ရလာခဲ့တယ်။ ဒါပေမဲ့ ဒီလှေကားကိုတက်ရတာ Ani ထင်သလောက်မလွယ်ပါဘူး။ လူ့မလိုင်အလွှာက Vanya မိဘတွေနဲ့ ခေါင်းကိုင်ဖခင် Toros တို့က Ani ကို တန်ဖိုးမဲ့ပစ္စည်းတစ်ခုလိုမြင်ပြီး Vanya နဲ့သဘောမတူကြဘူး။
လက်ထပ်စာချုပ်ကို တစ်ရှုးတစ်ရွက် လွှင့်ပစ်သလို သဘောထားတယ်။ Ani ကိုလည်း စစ်တုရင်ခုံပေါ်က နယ်ရုပ်လေးတစ်ရုပ်လို လိုရာခိုင်းလို့ရတယ်လို့ မြင်ကြတယ်။ ခေါင်းကိုင်ဖခင် Toros နဲ့ တပည့်ကျော် ၂ ယောက်က Ani ဘယ်လိုခံစားနေရမယ်စိတ်မဝင်စား။ သူတို့ကို လူ့မလိုင်သူဌေးလင်မယား ဘယ်လောက်အထိ ဆူပူထုထောင်းမလဲဆိုတာကိုသာ စိတ်ပူကြတယ်။
ဒီသူဌေးတွေဆီမှာ အလုပ်မြဲမို့သာ ရှေးရှုထားပြီး Ani ကို အရာဝတ္ထုတစ်ခုလို ချည်တုပ်နှောင်ကြတယ်။ ထွက်ပြေးသွားတဲ့ Vanya ကို ပြန်ရှာတွေ့တဲ့အခါမှာလည်း Vanya ကိုသာ ဖူးဖူးမှုတ်ကြပြီး အရာအားလုံးက Ani ကြောင့် ဖြစ်လာရသလို စွပ်စွဲပုံဖျက်ဖို့ ကြိုးစားကြပြန်တယ်။
Sean Baker ရုပ်ရှင်တွေရဲ့ထုံးစံအတိုင်း Anora ဟာလည်း လက်တွေ့ကမ္ဘာကြီးကနေ မကင်းကွာသွားခဲ့ဘူး။ Vanya ဟာ လွန်ခဲ့တဲ့ ၁ ပတ်အတွင်းမှာ Ani ကို ဘယ်လောက်ပဲချစ်ကြောင်း၊ ကြိုက်ကြောင်းတွေပြောနေခဲ့ပါစေ၊ တကယ်တမ်း Ani နဲ့အတူရှိရဖို့အတွက် အတားအဆီးတွေကို ကျော်ဖြတ်ဖို့ကြုံလာရတဲ့အခါ၊ မိဘစကားနားထောင်မလား ဒါမှမဟုတ် အာခံမလား ရွေးလာရတဲ့အခါမှာတော့ Ani အပေါ် လက်လျှော့သွားခဲ့တယ်။
ပစ္စည်းဥစ္စာသာမက လူတစ်ယောက်ကိုပါ ချွေးတစ်စက်မကျဘဲ အလွယ်တကူပိုင်ဆိုင်ခွင့်၊ ထိန်းချုပ်ခွင့်ရှိနေတဲ့ လူချမ်းသာအလွှာက Vanya အဖို့ Ani မရှိလည်း နောက်တစ်ယောက်ရှာဖို့ သိပ်ခက်တာမှမဟုတ်ဘဲ။ နောက်ပြီး Ani လို သူပိုက်ဆံပေးရင် အရာရာဖြစ်တယ်လို့ သတ်မှတ်ထားတဲ့လူတစ်ယောက်အတွက် ဘယ်အပင်ပန်းခံပါ့မလဲ။ ဒီရုပ်ရှင်က ကျွန်တော် ထပ်ခါထပ်ခါ ပြောနေသလိုပဲ ဘယ်လိုအခက်အခဲတွေကြုံရပါစေ အတူတူကျော်ဖြတ်ကြမယ်ဆိုတဲ့ နတ်သမီးပုံပြင်စစ်စစ်မှ မဟုတ်တာကိုး။
Anora ရုပ်ရှင်ဟာ နတ်သမီးပုံပြင်တစ်ပုဒ်ဆိုရင်တောင် ဒီပုံပြင်ဟာ စျေးကပ်ထားတဲ့ နတ်သမီးပုံပြင်တစ်ပုဒ်ပဲ။ Vanya လို လူချမ်းသာတစ်ယောက်အတွက် ဒီစျေးကပ်ထားတဲ့ပုံပြင်ကို ဘာနောက်ဆက်တွဲအကျိုးမှ မရင်ဆိုင်ရဘဲ နေ့တိုင်းဝယ်ယူခံစားနိုင်နေပေမဲ့ စည်းစိမ်ဥစ္စာ၊ ချမ်းသာကြွယ်ဝမှုတွေနဲ့ တည်ဆောက်ထားတာမဟုတ်တဲ့ Ani လိုလူအတွက်တော့ ဒါဟာ ရိုက်ချက်ပြင်းလွန်းခဲ့တယ်။
ရုပ်ရှင်ရဲ့ နောက်ဆုံး တတိယအပိုင်းက လူတန်းစားကွာဟမှုတွေနဲ့အတူ တွဲပါလာတဲ့ ခွဲခြားဆက်ဆံမှုတွေ၊ ကြီးနိုင်ငယ်ညှင်းလုပ်ရပ်တွေနဲ့ အရာအားလုံးကို ပိုက်ဆံပေး၊ အာဏာပြဖြေရှင်းနည်းတွေကို ရင်ဆိုင်ရတဲ့ Ani ကိုမြင်ရတယ်။ အိပ်မက်ဆန်ဆန် အရောင်တွေ၊ မှုန်ရီဝိုးတဝါးမြင်ကွင်းတွေနဲ့အတူ Ani ရဲ့ ပုံရိပ်ယောင်နတ်သမီးအိပ်မက်ကို ပြနေတဲ့ ရုပ်ရှင်ဟာလည်း ဇာတ်သိမ်းခန်းနီးလာတာနဲ့အမျှ လက်တွေ့ပိုဆန်လာတယ်။
တဖက်မှာလည်း handheld ကင်မရာနဲ့ Ani နတ်သမီးပုံပြင်ရဲ့ မငြိမ်သက်မှုသဘောကိုပြတဲ့ ရိုက်ချက်တွေဟာ Ani နဲ့ Vanya ကွာရှင်းပြတ်စဲပြီးကြချိန်မှာ စတင်ငြိမ်သက်လာတယ်။ Ani ဟာ သူ့ဘဝကိုသူ ပြန်ထိန်းချုပ်ခွင့်ရလာတဲ့အဓိပ္ပါယ်ပဲ။
သူ့လိုမျိုးပဲ လူ့မလိုင်ရုရှားသူဌေးမိသားစုရဲ့ ခြံစောင့်ခွေးတစ်ကောင်သာသာ ဆက်ဆံခံရတဲ့ Igor ဟာလည်း ဇာတ်လမ်းရဲ့ မီးရောင်အောက်ကို စရောက်လာတယ်။ Ani ကို စျေးသတ်မှတ် တန်ဖိုးဖြတ်လို့ရတဲ့ ပစ္စည်းတစ်ခုလို မဆက်ဆံတဲ့ တစ်ယောက်တည်းသောဇာတ်ကောင်ဆိုရင်လည်း မမှားဘူး။ Igor ဟာ Ani ကို ဂရုစိုက်တယ်။ ကာကွယ်တယ်။ ဒီအတွက် ဘာအပေးအယူမှ မမျှော်မှန်းဘူး။
ဒါပေမဲ့ Ani က အစပိုင်းမှာ သူ့ကိုမယုံနိုင်ခဲ့ဘူး။ ပြည့်တန်ဆာအဖြစ် အလုပ်လုပ်နေသူတစ်ယောက်၊ Vanya လို ငွေပေးပြီး သူလိုရာပြန်ယူတဲ့သူနဲ့ တွေ့ကြုံခဲ့ရသူတစ်ယောက်အနေနဲ့ Igor အပေါ် သံသယရှိတာလည်း ဆန်းတော့မဆန်း။ ဒါကြောင့်လည်း “တခြားလူတွေသာမရှိရင် နင်က ငါ့ကို မုဒိန်းကျင့်မှာမလား” လို့ ပြောထွက်တာပဲ။
တကယ်တမ်းတော့ သူ့မှာ ဒီစွပ်စွဲချက်အတွက် ခိုင်လုံတဲ့အကြောင်းအရင်းမရှိသလို Igor က မလုပ်ပါဘူးပြောတဲ့အခါလည်း ဘာကြောင့်မလုပ်သလဲဆိုတာ သူနားလည်နိုင်ဖို့ခက်နေတယ်။ ဒါက Ani လို အပေးအယူဘဝနဲ့ အသက်ရှင်လာရသူတစ်ယောက်ရဲ့ စိတ်ဒဏ်ရာကိုပြတာပါပဲ။ သူ့ဆီမှာ ဘာမှယူစရာပစ္စည်းဥစ္စာမရှိရင်တောင် သူ့ခန္ဓာကိုယ်ကိုတော့ ယူမှာပဲဆိုတဲ့ စိတ်က ကြီးစိုးနေခဲ့တယ်။
ပြည့်တန်ဆာတစ်ယောက်အတွက် ကိုယ့်ရဲ့လိင်ဆက်ဆံဖော်အပေါ် သံယောဇဥ်မဖြစ်သွားမိစေဖို့က အရေးအကြီးဆုံးပဲလို့ ဆိုကြတယ်။ Ani ဟာ Vanya ဘဝထဲကို ပိုက်ဆံရရုံသက်သက်နဲ့ ဝင်လာခဲ့တာမဟုတ်ခဲ့ဘူး။ Vanya ရည်းစားအဖြစ် တစ်ပတ်တိတိ ဟန်ဆောင်ပေးရုံနဲ့တင် ဒေါ်လာ ၁ သောင်းခွဲရတဲ့သူဟာ ခေါင်းမော့ရင်ကော့ပြီး ကိုယ့်အလုပ်ကိုယ်ပြန်သွားလို့ရခဲ့တယ်။
ဒါပေမဲ့ Ani ဟာ ပြည့်တန်ဆာတစ်ယောက်အတွက် အထိရှလွယ်ဆုံးအားနည်းချက်ဖြစ်တဲ့ ကိုယ့်လိင်ဆက်ဆံဖော် (Vanya) အပေါ် သံယောဇဥ်ဖြစ်မိသွားခဲ့တယ်။ ဒါ့ပြင် Vanya မိသားစုဟာ လူ့မလိုင်တွေက ပြည့်တန်ဆာတွေ (တနည်းအားဖြင့် အခြေခံလူတန်းစားအလွှာတွေ) ကို လူတစ်ယောက်လို သဘောမထားကြောင်း အထင်းသားပြပြီး Ani ကို သူ့ရဲ့လူတန်းစားအဆင့်ကို ပြန်သတိရမိအောင် တွန်းပို့သွားခဲ့တယ်။
Ani ဟာ လူတန်းစားလှေကားထစ်မှာ အပေါ်ဆုံးအဆင့်ကို ငေးကြည့်ရုံသာ ကြည့်ခွင့်ရခဲ့တာပါ။ ဒါပေမဲ့ ဒီလိုငေးကြည့်မိတာတောင်မှ သူ့ဖက်က ဂုဏ်သိက္ခာတွေ၊ မာနတွေ၊ လူ့အခွင့်အရေးတွေ၊ ရပိုင်ခွင့်တွေအားလုံးကို ပေးဆပ်လိုက်ရတယ်။
ဒီဖြစ်ရပ်ကြောင့် Ani မှာ တစ်ခုယူမိတာနဲ့ တစ်ခုပြန်ပေးရတော့မယ်ဆိုတဲ့ စိတ်အစိုင်အခဲက အတော်ကြီးမားသွားခဲ့ပြီ။ Igor နဲ့ နောက်ဆုံးဇာတ်သိမ်းခန်းမှာတော့ Igor က သူ့အတွက် ဖွက်ထားတဲ့ Vanya ဆီက လက်ထပ်လက်စွပ်ကို ထုတ်ပေးတယ်။ အထုပ်အပိုးတွေ သယ်ပို့ပေးတယ်။ သူ့ဖက်က တစ်ခုခုပြန်ပေးရမယ်လို့ ထင်မှတ်နေဆဲ Ani ဟာ Igor လက်စွပ်ထုတ်ပေးချိန်မှာ သူ့မျက်နှာက နားလည်ရခက်နေတာကို ပြနေတယ်။
သူဟာ ဇာတ်ကားတလျှောက်လုံးမှာ ဒီအချိန်ရောက်မှ စျေးမကပ်ထားတဲ့၊ လူသားဆန်တဲ့၊ အကျိုးမမျှော်တဲ့ အပြုအမူတစ်ခုကို စမြင်ရတာမဟုတ်လား။ ဒါကိုပိုသေချာသွားစေတာက Igor တစ်ယောက် Ani ကို နမ်းဖို့ကြိုးစားချိန်ပဲ။ အရှေ့မှာ ကိုယ့်လိင်ဆက်ဆံဖော်ကို သံယောဇဥ်တွယ်မိခဲ့တဲ့အမှားရှိခဲ့တဲ့ ပြည့်တန်ဆာမလေး Ani တဖြစ်လဲ Anora ဟာ စစ်မှန်ပြီး စျေးမကပ်ထားတဲ့ ချစ်တင်းနှီးနှောမှုနဲ့ လက်တစ်ကမ်းအလိုကို ရောက်လာခဲ့တယ်။
ဒီအချိန်မှာ သူဇာတ်ကားတလျှောက် မြိုသိပ်ထားခဲ့သမျှ စိတ်ဒဏ်ရာတွေ ပြိုကျလာခဲ့တယ်။ ငိုချမိတယ်။ နှင်းဖွဲတွေကြားမှာ Igor အဖွားရဲ့ ဆီဒင်ကားအဟောင်းလေးထဲ Anora နဲ့ Igor တို့ ပွေ့ဖက်ထားကြတဲ့အခိုက်အတန့်ဟာ ရုပ်ရှင်ရဲ့ လူသားအဆန်ဆုံးအစိတ်အပိုင်းအဖြစ်၊ စျေးကပ်ခံထားခဲ့ရတဲ့ နတ်သမီးပုံပြင်တစ်ပုဒ်ရဲ့ ယုတ္တိကျတဲ့နိဂုံးတစ်ခုအဖြစ် အဆုံးသတ်သွားခဲ့ပါတယ်။
Igor ဟာ ကယ်တင်ရှင်ဝါဒီတစ်ယောက်အနေနဲ့ Ani ကို ဂရုစိုက်ပေးခဲ့တာလား၊ ကယ်တင်ပေးချင်ခဲ့တာလား။ သူကိုယ်တိုင်က Ani ကို ပြည့်တန်ဆာတစ်ယောက်အနေနဲ့မဟုတ်ဘဲ လူတစ်ယောက်အနေနဲ့ပဲ မြင်တာကြောင့်လား။ ဒါကိုတော့ ရုပ်ရှင်က အဖြေပေးဖို့ ငြင်းဆိုသွားခဲ့ပါတယ်။
ဒီရုပ်ရှင်ဟာ Florida Project, Tangerine တို့လို ပြည့်တန်ဆာတွေရဲ့ ဘဝအကြောင်း လက်တွေ့ကျကျ ချဥ်းကပ်လေ့ရှိတဲ့ ဒါရိုက်တာ Sean Baker ရဲ့လက်ရာဖြစ်ပါတယ်။
သူဟာ ဆုတံဆိပ်အသိအမှတ်ပြုမှုတွေနဲ့ ဝေးကွာနေခဲ့ပေမဲ့ Anora မှာတော့ ကံစပ်လာခဲ့ပါပြီ။ Ani/Anora အဖြစ် ပါဝင်တဲ့ မင်းသမီး Mikey Madison ရဲ့ သရုပ်ဆောင်စွမ်းဆောင်ရည်ကို မလွဲမသေ ချီးကျူးရမှာဖြစ်သလို Sean Baker တစ်ယောက် ဒီရုပ်ရှင်နဲ့အတူ သူ့အနုပညာသက်တမ်းတလျှောက် အအောင်မြင်ဆုံးကာလကို ရောက်လာတာလည်း ထိုက်တန်လှပါတယ်။
Anora ရုပ်ရှင်ဟာ ယမန်နေ့ကကျင်းပပြီးစီးခဲ့တဲ့ အော်စကာဆုပေးပွဲမှာ အကောင်းဆုံးရုပ်ရှင်ဆု၊ ဒါရိုက်တာဆု၊ မူရင်းဇာတ်ညွှန်းဆု၊ တည်းဖြတ်ဆုတို့ကို ဆွတ်ခူးနိုင်ခဲ့ပြီး Mikey Madison ဟာလည်း အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့ပါတယ်။
Source : Cinema Boulevard
Anora (2024) ကို Download လုပ်စရာမလိုဘဲ ဒီမှာ ကြည့်နိုင်ပါတယ်။
“Well explained, made the topic much easier to understand!”
What i dont understood is in reality how youre now not really a lot more smartlyfavored than you might be now Youre very intelligent You understand therefore significantly in terms of this topic produced me personally believe it from a lot of numerous angles Its like women and men are not interested except it is one thing to accomplish with Woman gaga Your own stuffs outstanding Always care for it up