
အော်စကာဆုကိုငြင်းခဲ့တဲ့ ဂန္ထဝင်မင်းသားကြီး Marlon Brando
ဂန္တဝင်မင်းသားကြီး Marlon Brando ဟာ ၁၉၇၃ ခုနှစ် အော်စကာဆုပေးပွဲမှာ The Godfather ရုပ်ရှင်နဲ့ ဒုတိယအကြိမ်မြောက် အော်စကာဆုကို ရရှိခဲ့တယ်။
Marlon ရဲ့ Vito Corleone ဇာတ်ကောင်ဟာ အော်စကာ သေချာပေါက်ရမယ်မှန်း ရုပ်ရှင်လောကတစ်ခုလုံးက ခန့်မှန်းထားပြီးသားဖြစ်သလို Marlon ကိုယ်တိုင်ကလည်း သိခဲ့ပုံပဲ။ သူ ဆုဆွတ်ခူးကြောင်း ကြေညာချိန်မှာ ရွှေပွဲလာပရိသတ်တွေက ဂန္ထဝင်မင်းသားကြီးကို လိုက်ရှာနေကြရော။
ဒါပေမဲ့ Marlon ဟာ ပွဲခင်းထဲမှာ ရှိမနေခဲ့ဘူး။ သူ့အစား ရိုးရာဝတ်စုံဝတ်ထားတဲ့ သက်လတ်ပိုင်းအရွယ် ဌာနေမျိုးရင်းအမေရိကန် (Native American) အမျိုးသမီးတစ်ယောက်က စင်ပေါ်ကို တက်လာတယ်။ စင်အောက်က ရုပ်ရှင်လောကသားတွေဟာ အဲ့ဒီအမျိုးသမီး စင်ပေါ်တက်လာတာကို ထူးဆန်းအံ့သြနေကြတယ်။
ဒီအမျိုးသမီးနာမည်က Ms. Sacheen Littlefeather တဲ့။ သူဟာ အပါချီလူမျိုးဝင်တစ်ယောက်ဖြစ်ပြီး ဌာနေမျိုးရင်းအမေရိကန်ပုံရိပ် ဖိနှိပ်ခွဲခြားမှုတွန်းလှန်ရေးအသင်းရဲ့ ဥက္ကဋ္ဌဖြစ်တယ်။ Littlefeather တစ်ယောက် စင်ပေါ်ရောက်လာပြီး ဆုကိုလက်မခံဘဲ လက်တားပြလိုက်ချိန်မှာ ပရိသတ်လက်ခုပ်သံဟာ တိတ်ဆိတ်သွားတယ်။

အော်စကာဆုပေးပွဲမှာတွေ့ရတဲ့ Ms. Sacheen Littlefeather
ဒီနောက် Littlefeather ဟာ ယဥ်ကျေးသိမ်မွေ့စွာနဲ့ပဲ သူ့ကိုယ်သူ မိတ်ဆက်ရင်း “Marlon Brando ဟာ ရုပ်ရှင်လောကအတွင်း ဌာနေမျိုးရင်းအမေရိကန်တွေကို ဆက်ဆံပုံတွေကြောင့် ဒီဆုကိုလက်မခံနိုင်ပါကြောင်း ကျွန်မကို ကိုယ်စားပြောခိုင်းလိုက်ပါတယ်” လို့ ပွင့်ပွင့်လင်းလင်း အသိပေးလိုက်ပါရော။

အော်စကာဆုလက်ခံရန် ငြင်းခဲ့တဲ့ Ms. Sacheen Littlefeather
စကားပြောအပြီး ချက်ချင်းဆိုသလို ဆုပေးပွဲခန်းမကြီးရဲ့ ပရိသတ်တွေဆီက အသံ ၂ သံတစ်ပြိုင်နက် ထွက်လာကြတယ်။ တစ်သံက ဒီအသိပေးစကားအပေါ် ကြိုဆိုတဲ့လက်ခုပ်သံ။ နောက်တစ်သံကတော့ ဟောလိဝုဒ်ရုပ်ရှင်လောကကြီးကို ဒီနေ့အထိ အရှက်ရစေတဲ့ အကျည်းတန်အသံဖြစ်ခဲ့တယ်။ ဘာအသံလဲဆိုရင် Ma. Sacheen ကို “Boooo” လို့အော်ပြီး မောင်းထုတ်ကြတဲ့အသံတွေပါ။
ဆိုးဝါးလှတဲ့ တုံ့ပြန်မှုဟာ အသံနဲ့တင် မရပ်သွားခဲ့ဘူး။ Ms. Sacheen စကားပြောနေချိန် စင်နောက်ကွယ်မှာရှိနေခဲ့တဲ့ နာမည်ကျော် လူဖြူမျိုးချစ်သရုပ်ဆောင်နဲ့ ဒါရိုက်တာကြီး John Wayne ဟာ ဒီအမျိုးသမီးကို စင်ပေါ်ကနေ ဆွဲချဖို့ ကြိုးစားခဲ့တယ်။
သူ့ကို လုံခြုံရေးဝန်ထမ်း ၆ ယောက်အထိ ဆွဲထားခဲ့ရပြီး Ms. Sacheen ဟာ စကားပြောနေတဲ့တလျှောက်မှာ စင်နောက်က ဒေါသတကြီးအော်သံတွေကို ကြားနေခဲ့ရတယ်။ တကယ်လို့သာ John Wayne ကို ဆွဲထားမဲ့သူမရှိခဲ့ရင် ဘာဖြစ်သွားနိုင်မလဲဆိုတာ မြင်ယောင်ကြည့်လိုက်ပါ။
Ms. Sacheen ဟာ ဒီတုံ့ပြန်မှုတွေကို ကြံ့ကြံ့ခံရင်း ဌာနေမျိုးရင်းတွေအနေနဲ့ တီဗီအစီအစဥ်တွေ၊ ရုပ်ရှင်တွေနဲ့ Wounded Knee မြို့က ဖြစ်စဥ်တွေမှာ ဖိနှိပ်ခံနေရပုံအကြောင်း ဆက်လက်ပြောဆိုခဲ့ပြီး “အနာဂတ်မှာ ကျွန်မတို့ရဲ့ နှလုံးသားတွေ၊ နားလည်မှုတွေဟာ ချစ်ခြင်းမေတ္တာ၊ စေတနာတွေနဲ့ ပေါင်းစည်းနိုင်ဖို့ တောင်းဆိုကြောင်း” ပြောရင်း နိဂုံးချုပ်သွားခဲ့တယ်။
၁၉၇၃ ခုနှစ်အတွင်းမှာပဲ Wounded Knee လို့ခေါ်တဲ့ မြို့လေးတစ်မြို့မှာ ဌာနေမျိုးရင်း အမေရိကန်တွေဟာ အစိုးရရဲ့ ဖိနှိပ်ခွဲခြားမှုတွေကို သည်းမခံနိုင်တော့လို့ အဲ့ဒီမြို့ကို ပြန်သိမ်းလိုက်ကြတယ်။ ဒီလုပ်ရပ်ဟာ ဌာနေမျိုးရင်းအမေရိကန်တွေရဲ့ သမိုင်းမှာ အရေးပါတဲ့ အလှည့်အပြောင်းတစ်ခုဖြစ်လာသလို သူတို့တွေ ဘယ်လောက်အထိ ဖိနှိပ်ခံနေရသလဲဆိုတာကို တစ်နိုင်ငံလုံးသိသွားစေတဲ့ အဖြစ်အပျက်လည်း ဖြစ်လာခဲ့တယ်။
ဌာနေမျိုးရင်းအမေရိကန်တွေဟာ ပုံမှန်အားဖြင့် အေးဆေးနေတတ်ကြပြီး ရန်လိုတတ်တဲ့လူမျိုးတွေ မဟုတ်ကြဘူး။ ဖိနှိပ်ခံရလွန်းလို့ သည်းမခံနိုင်တော့ဘဲ အစိုးရလက်ထဲက Wounded Knee မြို့ကို ပြန်သိမ်းလိုက်တဲ့အခါ အမေရိကန်လူငယ်တွေ၊ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေက ဒီလုပ်ရပ်ဟာ အမေရိကန်အစိုးရနဲ့ လူဖြူတွေရဲ့ နှစ်ပေါင်းများစွာ ဖိနှိပ်မှုကတဆင့် ပေါက်ကွဲထွက်လာတဲ့ ရလဒ်ဆိုတာလက်ခံကြပြီး မျိုးချစ်အမေရိကန်လူဖြူတွေကတော့ ဒီလုပ်ရပ်ကို တိုင်းရင်းသားတွေဟာ တရားဥပဒေကို ဆန့်ကျင်ပြီး အကြမ်းဖက်နေတာဖြစ်တယ်လို့ ယုံကြည်ကြတယ်။
Marlon Brando က ဟောလိဝုဒ်ရုပ်ရှင်လောကတွင်းနဲ့ Wounded Knee က ဌာနေမျိုးရင်းတွေအပေါ် ဖိနှိပ်မှုတွေကို သိခဲ့လို့ သူ့ရဲ့ အော်စကာဆုလက်ခံစကားပြောချိန် မိနစ်အနည်းငယ်ကို ဌာနေမျိုးရင်းတစ်ယောက်ဖြစ်တဲ့ Ms. Sacheen ကို လွှဲပြောင်းပေးခဲ့တာဖြစ်တယ်။
သူလက်လွှဲပေးခဲ့တဲ့ ၂ မိနစ်တာအချိန်လေးဟာ ဟောလိဝုဒ်အတွက်တော့ ဖုံးကွယ်မရတဲ့ အမဲစက်ကြီးတစ်ခုပဲ။ ရုပ်ရှင်လောကသားတွေရဲ့ Ms. Sacheen ကို မောင်းထုတ်သံတွေဟာ ပြင်ပကမ္ဘာကြီးမှာ ဌာနေမျိုးရင်းတွေကို ဘယ်လိုဆက်ဆံနေသလဲဆိုတာ ထင်ဟပ်ပြီးသားဖြစ်ခဲ့တယ်။
အဲဒီအချိန်ကစလို့ Marlon ကလည်း အကယ်ဒမီနဲ့ မပတ်သက်တော့သလို အော်စကာဆုပေးပွဲကိုလည်း လုံးဝမတက်ရောက်တော့ဘူး။ အကယ်ဒမီက ဒီအဖြစ်အပျက်အပြီး နောက်နှစ်မှာပဲ Marlon Brando ကို Last Tango in Paris ရုပ်ရှင်နဲ့ အော်စကာဆန်ခါတင်စာရင်းမှာ ထပ်မံထည့်သွင်းခဲ့သေးတယ်။ Marlon ကတော့ အဖတ်တောင်မလုပ်ခဲ့ဘူး။
အကယ်ဒမီအဖွဲ့အစည်းဟာ ဒီအဖြစ်အပျက်အတွက် နှစ်ပေါင်း ၅၀ နီးပါးအကြာ ၂၀၂၂ ခုနှစ်မှ Ms. Sacheen ကို လူသိရှင်ကြားတောင်းပန်ခဲ့တယ်။ Ms. Sacheen ကတော့ အဲ့ဒီဆုပေးပွဲစင်မြင့်ပေါ်မှာ စကားပြောခဲ့တဲ့အခိုက်အတန့်ဟာ သူ့ဘဝမှာ ကြောက်စရာအကောင်းဆုံးနဲ့ အခက်ထန်ဆုံးအချိန်ကာလ ဖြစ်ခဲ့တယ်လို့ ရင်ဖွင့်ခဲ့တယ်။
“စင်အောက်ကနေ သူ့ကိုဝိုင်းကြည့်နေတဲ့မျက်နှာတွေကို အခုထိမှတ်မိနေတုန်းပဲ” တဲ့။ Marlon Brando နဲ့ Ms. Sacheen တို့ ဦးဆောင်ခဲ့တဲ့သပိတ်မှောက်မှုကနေ အပြောင်းအလဲတစ်ခု၊ အရွေ့တစ်ခု ချက်ချင်းမဖြစ်လာခဲ့ပေမဲ့ တစ်နှစ်ပြီးတစ်နှစ် ဖိနှိပ်မှုတွေ လျော့ပါးလာခဲ့တယ်။
ဌာနေမျိုးရင်းတွေဟာ အခုဆိုရင် ရုပ်ရှင်လောကမှာ တန်းတူညီမျှ ပါဝင်ခွင့်ရလာကြပြီဖြစ်သလို Ms. Sacheen ကို လူသိရှင်ကြားတောင်းပန်အပြီး ၂ နှစ်အကြာမှာပဲ တက်သစ်စမင်းသမီး Lily Gladstone ဟာ အော်စကာဆုဆန်ခါတင်ဝင်တဲ့ ပထမဆုံးဌာနေမျိုးရင်း အမျိုးသမီးသရုပ်ဆောင် ဖြစ်လာခဲ့တယ်။
Marlon Brando တစ်ယောက် အော်စကာဆုကို စွန့်လွှတ်ပြီး အမှန်တရားဖက်က ရပ်တည်ဖို့ ဆုံးဖြတ်ခဲ့တာဟာ သူ့ရဲ့ဖြစ်တည်မှုကို သရုပ်ဆောင်တစ်ယောက်ဆိုတာထက် ပိုစေခဲ့တယ်။
ဌာနေမျိုးရင်းအမေရိကန်တွေ ဖိနှိပ်ခံနေရတဲ့အကြောင်း တစ်နိုင်ငံလုံးသိစေဖို့ သူဟာ အနုပညာရှင်တစ်ယောက်ရဲ့ အမက်မောဆုံးအခိုက်အတန့်ကို စွန့်လွှတ်ခဲ့တယ်။ အနုပညာရှင်တစ်ယောက်က အနုပညာပဲလုပ်ဖို့လိုတယ်ဆိုတဲ့စကားဟာ Marlon အတွက် မမှန်ခဲ့ဘူး။
အဲဒီညခင်းမှာ Marlon Brando ဟာ သူ့အိမ်က တီဗီကနေ Ms. Sacheen ရဲ့မိန့်ခွန်းကို ကျေကျေနပ်နပ် နားထောင်ကောင်း နားထောင်နေလိမ့်မယ်။ လက်ခုပ်သံတွေကို ဝမ်းသာကောင်း ဝမ်းသာနေလိမ့်မယ်။ မောင်းထုတ်သံတွေကို လှောင်ရယ်ကောင်း လှောင်ရယ်နေပါလိမ့်မယ်။
Marlon Brando ကို ရုပ်ရှင်ပရိသတ်အများစုက သူမတူတဲ့ သရုပ်ဆောင်စွမ်းရည်၊ အသက်ဝင်လှတဲ့ ဒိုင်ယာလော့ဂ်ပြောပုံ၊ တစ်သက်မမေ့နိုင်တဲ့ ဇာတ်ကောင်ပုံဖော်ဟန်တွေကြောင့် မှတ်မိကောင်းမှတ်မိကြလိမ့်မယ်။ ဌာနေမျိုးရင်း အမေရိကန်တွေကတော့ Marlon ကို ဒီဂုဏ်ပုဒ်တွေအပြင် သူတို့ရဲ့ တရားမျှမှုရရှိရေးနဲ့ တန်းတူညီမျှရေးအတွက် အတူရပ်တည်ပေးခဲ့သူအနေနဲ့ပါ မှတ်မိနေကြမှာပါ။

ဂန္တဝင်မင်းသားကြီး Marlon Brando – The Godfather
Source : Cinema Boulevard : bbc.com
Your blog is a treasure trove of valuable insights and thought-provoking commentary. Your dedication to your craft is evident in every word you write. Keep up the fantastic work!