အန်ပေါင်း ခေါ် ဟုန်ပေါင်း

သင်မသိသေးတဲ့ အန်ပေါင်း ခေါ် ဟုန်ပေါင်း

အန်ပေါင်း ခေါ် ဟုန်ပေါင်း ရဲ့ အဓိကအချက်ကတော့ အထဲက ငွေသားမဟုတ်ပါဘူး။ စာအိတ်ပဲဖြစ်ပါတယ်။ တရုတ်ရိုးရာမှာ အနီရောင်က ကံကောင်းမှုနဲ့ ကြွယ်ဝချမ်းသာမှုတို့ကို ယူဆောင်လာပေးနိုင်တယ်ဆိုတဲ့ အယူအဆရှိပါတယ်။ အောက်မှာတော့ လူတိုင်း စိတ်ဝင်စားတဲ့ အန်ပေါင်း (ဟုန်ပေါင်း)အကြောင်း ဗဟုသုတလေးတွေ ဝေမျှပေးလိုက်ပါတယ်။

အန်ပေါင်း ခေါ် ဟုန်ပေါင်း စာအိတ်

(၁) ပထမဆုံးတစ်ချက်က အန်ပေါင်းပေးတဲ့ အကြောင်းအရင်းဟာ တရုတ်နှစ်ကူး ဒဏ္ဍာရီတစ်ခုကနေ စတင်တယ်ဆိုတဲ့ အယူလည်း ရှိပါတယ်။

တစ်ခါက တရုတ်နှစ်ကူးညမှာ Sui ဆိုတဲ့ မကောင်းဆိုးဝါးက ကလေးတွေ အိပ်နေတုန်းလိုက်ခြောက်လှန့်တတ်တဲ့အတွက် မိဘတွေက ကလေးတွေကို အိပ်မသွားအောင် နေခိုင်းပြီး တစ်ညလုံး ကာကွယ်ထားကြပါတယ်။

ကလေးတစ်ယောက်ကိုလည်း အကြွေစေ့ (၈) စေ့နဲ့ ကစားစေပြီး မအိပ်အောင် ထိန်းထားခဲ့ပေမဲ့ ကလေးက အိပ်ပျော်သွားခဲ့ပါတယ်။ ထိုအခါမှာ Sui က သူ့ကို ခြောက်လှန့်ဖို့ လာခဲ့ပေမဲ့ အကြွေစေ့တွေက အလွန်တောက်ပတဲ့ အလင်းတွေ ထွက်လာခဲ့ကာ မကောင်းဆိုးဝါးကို နှင်ထုတ်ခဲ့ပါတယ်။ ဒါကြောင့် ယခုခေတ်မှာတော့ ထိုအကြွေစေ့တွေကို ကိုယ်စားပြုတဲ့ စာအိတ်ကို Sui ကို နှိမ်နင်းတဲ့ ပိုက်ဆံလို့လည်း သိကြပါတယ်။

(၂) ရိုးရာအရ အန်ပေါင်းဟာ ကလေးတွေအတွက်သာ ရည်ရွယ်ခဲ့ပေမဲ့ ယခုအခါ သူငယ်ချင်း၊ မိသားစု၊ လုပ်ဖော်ကိုင်ဖက်၊ ဆွေမျိုး စတဲ့ လူကြီးတွေအတွက်ပါ ပေးကြပါတယ်။ ထည့်သွင်းတဲ့ ငွေသားပမာဏကတော့ မိဘ၊ အဘိုးအဘွားတို့အတွက်ဆို ဦးစားပေး ပိုများကြပါတယ်။

(၃) အန်ပေါင်းအိတ်ထဲ ထည့်ပေးရတဲ့ ပိုက်ဆံအတွက် စည်းကမ်းတချို့လည်း ရှိပါတယ်။ ထည့်ပေးမဲ့ ပိုက်ဆံက အသစ်ပဲ ဖြစ်နေရတာပါ။ ဒါကြောင့် တရုတ်ပြည်မှာဆို နှစ်ကူးနီးရင် ဘဏ်တွေမှာ လူတွေ ပိုများတတ်ပါတယ်။ အန်ပေါင်းပေးဖို့ ငွေအသစ်တွေ သွားထုတ်ကြတာမို့ပါတဲ့။

(၄) ယခုခေတ်မှာတော့ တရုတ်နိုင်ငံမှာ အန်ပေါင်းကို စာအိတ်နဲ့ ငွေသားထည့်ပေးတာအပြင် ဒစ်ဂျစ်တယ်အန်ပေါင်းတွေပါ ပြောင်းပေးလာကြပါပြီ။ သူငယ်ချင်းနဲ့ မိသားစုတွေအတွက် အန်ပေါင်းငွေကို ဘဏ်အကောင့်တွေ စမတ်ဖုန်းတွေထဲ တန်းလွှဲပေးလာကြတာပါ။ အချို့တွေဆို သူတို့ ချစ်တဲ့ ဆယ်လီတွေအတွက်တောင် ဒစ်ဂျစ်တယ်အန်ပေါင်းတွေ ပို့ပေးကြပါတယ်။

(၅) စာအိတ်ထဲမှာ ထည့်ပေးတဲ့ ပမာဏက ၄ ဂဏန်းပါတာ မဖြစ်ရပါဘူး။ ဥပမာ – ၄၊ ၄၀၊ ၄၀၀၀ စသဖြင့်ပါ။ အကြောင်းအရင်းကတော့ နံပါတ် ၄ ရဲ့ တရုတ်အသံထွက်က သေဆုံးခြင်းဆိုတာနဲ့ အသံထွက်တူနေလို့ပါ။ ကံကောင်းစေတဲ့ ဂဏန်းကတော့ (၈) ဂဏန်းဖြစ်ပါတယ်တဲ့။

(၆) အန်ပေါင်းလက်ခံရာမှာလည်း လိုက်နာရမဲ့ အချက်လေးတွေ ရှိပါသေးတယ်။ တရုတ်ရဲ့ အချို့ဒေသတွေမှာဆိုရင် ကလေးတွေက လူကြီးတွေဆီက အန်ပေါင်းလက်ခံတဲ့အခါ ဒူးထောက်ပြီး ယူရတဲ့ ဓလေ့ကို ကျင့်သုံးနေကြဆဲပါ။ ပေးတဲ့လူက လက်နှစ်ဖက်နဲ့ ပေးရပြီး ယူတဲ့သူကလည်း လက်နှစ်ဖက်နဲ့ ယူရပါတယ်။ ပြီးတော့ ပေးတဲ့လူရှေ့မှာ အန်ပေါင်းအိတ်ကို ဖွင့်မဖောက်ရပါဘူး။

(၇) ပြီးတော့ အန်ပေါင်းက နှစ်သစ်ကူးကာလမှာပဲ ပေးကြတာမဟုတ်ပါဘူး။ မွေးနေ့တို့၊ မင်္ဂလာပွဲတို့မှာလည်း ပေးတတ်ကြပါတယ်။ အသုဘတွေမှာ ပေးတဲ့ အန်ပေါင်းအိတ်တွေကတော့ အဖြူရောင်တွေ ဖြစ်ပါတယ်။

 

Source : theconversation.com

Loading

Leave a Reply

Your email address will not be published. Required fields are marked *