အင်္ဂလန်အသင်းနှင့် ကမ္ဘာ့ဖလား

ကမ္ဘာ့ဖလားဆုဖလားကြီးကို ရယူနိုင်ဖို့ အင်္ဂလန်အသင်း အနီးစပ်ဆုံးအခြေအနေကို ရောက်နေပြီလို့ ဟာရီ ကိန်း ပြောကြား

အင်္ဂလန် အမျိုးသားအသင်းအနေနဲ့ ကမ္ဘာ့ဖလားချန်ပီယံဆုကို ဆွတ်ခူးနိုင်ဖို့အတွက် လိုအပ်နေတဲ့ “နောက်ဆုံးပဟေဠိအပိုင်းအစ” ကို ရှာဖွေပြီး အဆုံးသတ်မျဉ်းကို ဖြတ်ကျော်နိုင်ဖို့ ဟာရီ ကိန်း က တိုက်တွန်းလိုက်ပါတယ်။ ဒါပေမဲ့ နည်းပြ သောမတ်စ် တူချယ် ရဲ့ အသင်းအပေါ် ပိုမိုတိုးတက်လာစေချင်တဲ့ တောင်းဆိုမှုကိုလည်း သူက လက်ခံထားပါတယ်။

စနေနေ့က ကစားခဲ့တဲ့ ကွာတားဖိုင်နယ်ပွဲစဉ်မှာ အင်္ဂလန် အသင်းဟာ မိုင်ယာမီရဲ့ ပြင်းထန်တဲ့ အပူဒဏ်အောက်မှာ နော်ဝေ အသင်းကို အချိန်ပိုအထိ ခက်ခက်ခဲခဲကစားပြီး အနိုင်ရခဲ့တာကြောင့် လာမဲ့ဗုဒ္ဓဟူးနေ့မှာ အာဂျင်တီးနား အသင်းနဲ့ ဆီမီးဖိုင်နယ် ပွဲစဉ်ကစားဖို့ ရွေးချယ်ခံခဲ့ရပါတယ်။

လီယွန်နယ် မက်ဆီ တို့အဖွဲ့နဲ့ ရင်ဆိုင်ရမဲ့ပွဲဟာ ၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလားမှာ ဆီမီးဖိုင်နယ်တက်ခဲ့ပြီးနောက်ပိုင်း ၃ ကြိမ်မြောက် ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း အင်္ဂလန် အသင်းအတွက် ဒုတိယအကြိမ်မြောက် ဆီမီးဖိုင်နယ်ဖြစ်သလို ဥရောပချန်ပီယံရှစ်ပြိုင်ပွဲတွေမှာလည်း ဆက်တိုက် ဗိုလ်လုပွဲအထိ တက်လှမ်းနိုင်ခဲ့တဲ့ သမိုင်းမှတ်တမ်းလည်း ရှိထားပါတယ်။

ဒါဟာ နိုင်ငံအသင်းသမိုင်းတစ်လျှောက် ရွှေရောင်မျိုးဆက် အချိန်အခါဖြစ်မှန်း ဟာရီ ကိန်း က ကောင်းကောင်းသိထားပြီး အလုပ်ကို အပြတ်ဖြတ်ပြီး ဆုဖလားကြီးကို အိမ်အရောက် သယ်ဆောင်လာချင်နေပါတယ်။

“ဒါဟာ ကျွန်တော်တို့ အမျိုးသားအသင်းရဲ့ အောင်မြင်မှုအရှိဆုံး ခေတ်ကာလတစ်ခုပါ” လို့ ဘာယန်မြူးနစ် တိုက်စစ်မှူး ဟာရီ ကိန်း က ပြောပါတယ်။ “ဒါပေမဲ့ ကျွန်တော်တို့ အဆုံးသတ်မျဉ်းကို အောင်အောင်မြင်မြင် ဖြတ်ကျော်ချင်တာပေါ့။ အဲ့ဒါက အခုအချိန်မှာ လိုအပ်နေတဲ့ ပဟေဠိအပိုင်းအစပဲ ဖြစ်ပါတယ်။”

“ကျွန်တော်တို့ အောင်ပွဲတံခါးကို ခေါက်နေကြပါပြီ။ ဆီမီးဖိုင်နယ်တွေ၊ ဗိုလ်လုပွဲတွေအထိ တက်လှမ်းနိုင်ခဲ့ပြီ။ ဒါက တကယ့်ကို ကြီးမားတဲ့ ရက်သတ္တပတ်တစ်ခုပါပဲ။ ပြိုင်ပွဲပြီးဖို့ ၈ ရက်ပဲ လိုတော့တယ်။ ကျွန်တော်တို့တွေ အတူတူရှိနေတာ ၆ ပတ်လောက်ရှိပြီဖြစ်ပြီး အသင်းတံဆိပ်အတွက် အစွမ်းကုန် ကြိုးစားချင်စိတ်ရှိတာကို ပြသခဲ့ပြီးပါပြီ။ အခု နောက်ဆုံးပတ်မှာ ဒီထက်ပိုပြီး အစွမ်းကုန်ရုန်းကန်ဖို့ လိုအပ်ပါတယ်။”

“အဓိကကတော့ ကျွန်တော်တို့ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ကို ရောက်နေပြီ။ ဒါက အမျိုးသားအသင်းသမိုင်းမှာ အမြဲတမ်းဖြစ်လေ့ဖြစ်ထရှိတဲ့ အရာမျိုးမဟုတ်တာကြောင့် ကျွန်တော်တို့တွေ ဒီအချိန်ကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းရမှာပါ” လို့ သူက ဆိုပါတယ်။

အင်္ဂလန် အသင်းဟာ နော်ဝေ အသင်းကို ကျော်ဖြတ်နိုင်ဖို့ ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ ဂျုဒ် ဘယ်လင်ဟမ် ရဲ့ အစွမ်းပြမှုတွေကို အားကိုးခဲ့ရပြီး သူက ဒီပြိုင်ပွဲမှာ ၆ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါတယ်။

အပူချိန် ၄၄ ဒီဂရီဆဲလ်စီးယပ်စ်အထိ ခံစားခဲ့ရတဲ့ ပြင်းထန်လှတဲ့ အပူဒဏ်နဲ့ စိုထိုင်းဆတွေရှိနေခဲ့ပေမဲ့ နည်းပြ သောမတ်စ် တူချယ် ကတော့ စကင်ဒီနေးဗီးယန်းအသင်းအပေါ် ကစားခဲ့တဲ့ သူ့အသင်းရဲ့ ခြေစွမ်းကို သဘောမကျခဲ့ပါဘူး။ လာမဲ့အပတ်မှာ ကမ္ဘာ့ချန်ပီယံဆုကို ဆွတ်ခူးနိုင်ဖို့ဆိုရင် အာဂျင်တီးနား ကို ကျော်ဖြတ်ရမှာဖြစ်ပြီး အဲ့ဒီနောက် ဖိုင်နယ်မှာ ပြင်သစ် ဒါမှမဟုတ် စပိန် အသင်းနဲ့ ရင်ဆိုင်ရနိုင်တာကြောင့် အင်္ဂလန် အသင်းအနေနဲ့ ဒီထက်ပိုပြီး ခြေစွမ်းပြဖို့ လိုအပ်နေတာကို ဟာရီ ကိန်း ကလည်း လက်ခံထားပါတယ်။

“နည်းပြက ကျွန်တော်တို့ လေ့ကျင့်တာ၊ ရင်းနှီးမှုရှိတာနဲ့ ကျွန်တော်တို့ ဘာတွေလုပ်နိုင်လဲဆိုတာကို မြင်တဲ့အခါ၊ အထူးသဖြင့် ကျွန်တော်တို့ဆီမှာရှိတဲ့ ကစားသမားတွေ၊ တိုက်စစ်ဆင်ပုံတွေ၊ တစ်ဦးချင်းအကြိတ်အနယ် ကစားနိုင်စွမ်းနဲ့ အရည်အချင်းတွေကို ကြည့်ပြီး ကျွန်တော်တို့ရဲ့ အကောင်းဆုံးပုံစံကိုပဲ မြင်ချင်နေတာပါ” လို့ အသင်းခေါင်းဆောင် ဟာရီ ကိန်း က ထပ်လောင်းပြောကြားခဲ့ပါတယ်။

“ဒါက ထင်သလောက် မလွယ်ကူဘူးဆိုတာကို သူက အသိဆုံးပါ။ ကျွန်တော်တို့က ကောင်းမွန်တဲ့ ပြိုင်ဘက်တွေ၊ အသင်းကောင်းတွေနဲ့ ကစားနေရတာလေ။ သူက ကျွန်တော်တို့ဆီကနေ အကောင်းဆုံးပုံစံ ထွက်လာအောင် ဆွဲထုတ်နေတာဖြစ်ပြီး ကျွန်တော်တို့ကိုယ်တိုင်လည်း ဒီထက်မက အဆင့်အတန်းတစ်ခုကို ထပ်ပြီးတက်လှမ်းနိုင်သေးတယ်ဆိုတာ သိပါတယ်။”

“ဒီပုံစံကို အပြည့်အဝ မမြင်ရသေးပေမဲ့ ပြကွက်တချို့တော့ ပြသနိုင်ခဲ့ပါတယ်။ နော်ဝေ နဲ့ ပွဲမှာ တချို့အပိုင်းတွေပဲ မြင်ခဲ့ရတာပါ။ ကျွန်တော်တို့ ဖြစ်ချင်တဲ့၊ ဖြစ်နိုင်တယ်လို့ ခံစားရတဲ့ပွဲကို အပြည့်အဝထိန်းချုပ်နိုင်တဲ့ ပုံစံမျိုးတော့ မရသေးပါဘူး။ ဒါပေမဲ့ ပြိုင်ပွဲရဲ့ ဒီလိုအဆင့်မှာ ကမ္ဘာ့အကောင်းဆုံးအသင်းတွေနဲ့ ကစားနေရတာ ဖြစ်ပါတယ်။”

“ဆီမီးဖိုင်နယ်မှာ ကမ္ဘာ့အကောင်းဆုံးအသင်းတွေထဲက တစ်သင်းနဲ့ ကစားရမှာဖြစ်လို့ အားရစရာအကောင်းဆုံးအချက်က ကျွန်တော်တို့ ဆီမီးဖိုင်နယ်ကို ရောက်နေပြီဖြစ်သလို တိုးတက်ဖို့ လိုအပ်နေသေးတယ်လို့ ခံစားနေရတာပါပဲ။ ဒါပေမဲ့ ဒါက အရမ်းကြီး စိတ်ပူပန်နေရမဲ့အရာလို့တော့ မထင်ပါဘူး။ ကျွန်တော်တို့ ကောင်းမွန်တဲ့အရာအများကြီးကို ပြသနိုင်နေပြီပဲဥစ္စာ” လို့ သူက ဆိုပါတယ်။

Source : https://www.skysports.com/

Loading

Leave a Reply

Your email address will not be published. Required fields are marked *