ရိုဒရီ ကို ယူရို ၇၆.၅ သန်းနဲ့ ခေါ်ယူဖို့ ဘာစီလိုနာ နဲ့ မန်စီးတီး သဘောတူညီမှု ရရှိ
မန်ချက်စတာစီးတီး ကွင်းလယ်လူ ရိုဒရီ ကို ခေါ်ယူဖို့အတွက် ဘာစီလိုနာ အသင်းဘက်က မူအားဖြင့် သဘောတူညီမှု ရရှိသွားပြီလို့ သတင်းရင်းမြစ်ပေါင်းစုံကနေ ESPN ကို အတည်ပြု ပြောကြားလာပါတယ်။

ဘာစီလိုနာ ဟာ ရိုဒရီ အတွက် အရင်ကမ်းလှမ်းမှု နှစ်ကြိမ်ပယ်ချခံခဲ့ရပေမဲ့ စပိန်ချန်ပီယံအသင်းဟာ ပြီးခဲ့တဲ့ အပတ်ကုန်မှာတော့ ပြောင်းရွှေ့ကြေး စုစုပေါင်း ယူရို ၇၆.၅ သန်း (ပေါင် ၆၅.၃ သန်း) တန်ဖိုးရှိတဲ့ တတိယအကြိမ် ကမ်းလှမ်းမှုနဲ့အတူ ပြန်လာခဲ့တာပါ။
တနင်္ဂနွေနေ့မှာတော့ မန်စီးတီး နဲ့ သဘောတူညီမှု အပြည့်အဝရရှိခဲ့ပြီး ကလပ်အသင်း နှစ်ခုစလုံး စာရွက်စာတမ်းတွေ အပြန်အလှန် လဲလှယ်ကာ အပြီးသတ် သဘောတူညီမှု ရယူခဲ့ကြတယ်လို့ ရင်းမြစ်တွေက ESPN ကို အတည်ပြုခဲ့ပါတယ်။
အသက် ၃၀ အရွယ် ကွင်းလယ်လူ ရိုဒရီ ဟာ လာမဲ့ရက်ပိုင်းအတွင်း ဘာစီလိုနာ မြို့ကို ရောက်ရှိလာမှာဖြစ်ပြီး ဗုဒ္ဓဟူးနေ့မှာ စပေါတီဖိုင်း ကမ့်နူး ကွင်းထဲ အယ်လ်အာလီ နဲ့ ကစားမဲ့ ဂျိုအန်ဂမ်ပါ ဖလားပွဲမတိုင်ခင် ပရိသတ်နဲ့ မိတ်ဆက်ပေးဖွယ် ရှိနေပါတယ်။
ဘာလွန်းဒီအိုဆုရှင်ကို ခေါ်ယူနိုင်ခဲ့တဲ့ ဒီသဘောတူညီမှုဟာ နောက်ခံလူ ဂျာအို ကန်ဆယ်လို လည်း အလွတ်ပြောင်းရွှေ့ကြေးနဲ့ ဘာစီလိုနာ ကို ပြန်လာဖို့ ရှိနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးမကြာခင်မှာပဲ ဖြစ်ပေါ်လာခဲ့တာပါ။
ကန်ဆယ်လို နဲ့ ရိုဒရီ တို့ဟာ ဒီနွေရာသီမှာ အန်သိုနီ ဂေါ်ဒွန်၊ ကာရင် အဒီယီမီ နဲ့ ဂျက်ဆီ ဘီစီဝူး တို့ ပြီးနောက် ဘာစီလိုနာ ရဲ့ စတုတ္ထမြောက်နဲ့ ပဉ္စမမြောက် ခေါ်ယူမှုတွေ ဖြစ်လာတော့မှာပါ။
ဒါ့အပြင် အသင်းကနေ ရောဘတ် လီဝန်ဒေါစကီး နဲ့ ဖာရန် တောရက်စ် တို့ ထွက်ခွာသွားပြီးနောက်မှာ အက်သလက်တီကို မက်ဒရစ် တိုက်စစ်မှူး ဂျူလီယန် အယ်လ်ဗာရက်စ် ကို အဓိက ပစ်မှတ်ထားကာ တိုက်စစ်ကစားသမား တစ်ဦးကိုခေါ်ယူဖို့ ဈေးကွက်ထဲ ဆက်လက် လှုပ်ရှားနေဆဲ ဖြစ်ပါတယ်။
နွေရာသီ အစပိုင်းတုန်းကတော့ ရိုဒရီ ဟာ ဦးစားပေးပစ်မှတ်မဟုတ်ခဲ့ပေမဲ့ စပိန် အသင်းနဲ့အတူ ကမ္ဘာ့ဖလား ရရှိခဲ့ပြီးနောက် ကစားသမားကို ခေါ်ယူခွင့်ရလာတာနဲ့ အခွင့်အရေးကို အမိအရ ဆုပ်ကိုင်ခဲ့တာပါ။
ဖရန်ကီ ဒီဂျောင် ရဲ့ ရေရှည်ဒဏ်ရာပြဿနာကလည်း ဘာစီလိုနာ အနေနဲ့ ကွင်းလယ်ကစားသမားသစ် ရှာဖွေဖို့ တွန်းအားတစ်ခု ဖြစ်စေခဲ့ပါတယ်။
အက်သလက်တီကို မက်ဒရစ် ကစားသမားဟောင်း ရိုဒရီ ကို ရီးရဲလ် မက်ဒရစ် ကလည်း ခေါ်ယူဖို့ကြိုးစားခဲ့ပေမဲ့ သူကတော့ ဘာစီလိုနာ ဆီ ပြောင်းရွှေ့ဖို့ကို ပိုသဘောကျခဲ့တယ်လို့ သတင်းရင်းမြစ်တွေက ESPN ကို ပြောပြခဲ့ပါတယ်။
ရိုဒရီ နဲ့ ဘာစီလိုနာ တို့ကြား သဘောတူညီမှု ရရှိသွားပြီးတဲ့နောက် ကာတာလန်ကလပ်ဟာ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်တော့တဲ့ ကစားသမားအတွက် သင့်တော်တဲ့ တန်ကြေးတစ်ခုရရင် လက်လွှတ်ဖို့ အသင့်ရှိနေတဲ့ မန်စီးတီး နဲ့ ဆွေးနွေးမှုတွေကို အရှိန်မြှင့် ဆောင်ရွက်ခဲ့တာပါ။
ဘာစီလိုနာ ရဲ့ တာဝန်ရှိသူတွေကတော့ ရိုဒရီ ကို ခေါ်ယူနိုင်မှုဟာ လာမဲ့ဘောလုံးရာသီတွေမှာ စပိန်ချန်ပီယံဆုကို ဆက်တိုက်ရယူထားတဲ့ နည်းပြ ဟန်စီ ဖလစ်ခ် ရဲ့ အသင်းကို နောက်တစ်ဆင့်ကို ပို့ဆောင်ပေးနိုင်မဲ့ ကြီးမားတဲ့အားဖြည့်မှုတစ်ခုအဖြစ် ရှုမြင်ထားကြပါတယ်။
ဗီလာရီးရဲလ် နဲ့ အက်သလက်တီကို မက်ဒရစ် တို့မှာ ကစားခဲ့ပြီးနောက် ရိုဒရီ ဟာ ၂၀၁၉ မှာ မန်စီးတီး ကို ရောက်ရှိလာခဲ့ပြီး အသင်းလိုက်ရော တစ်ဦးချင်း ဆုတံဆိပ်တွေပါ အကုန်နီးပါး ရယူဆွတ်ခူးနိုင်ခဲ့တာပါ။
မန်စီးတီး နဲ့အတူ ပရီးမီးယားလိဂ်ဖလား လေးကြိမ်၊ ချန်ပီယံလိဂ်ဖလား တစ်ကြိမ် ရယူနိုင်ခဲ့တဲ့အပြင် စပိန် လက်ရွေးစင်အသင်းနဲ့လည်း ဥရောပဖလားနဲ့ ကမ္ဘာ့ဖလား ချန်ပီယံဆုတွေကို ရရှိခဲ့ပြီး ပြိုင်ပွဲနှစ်ခုစလုံးရဲ့ အကောင်းဆုံး ကစားသမားဆုကိုပါ ဆွတ်ခူးနိုင်ခဲ့ပါတယ်။
အထူးသဖြင့် ယူရိုပြိုင်ပွဲမှာ အောင်မြင်မှုရရှိခဲ့တာကြောင့် သူဟာ ၂၀၂၄ ခုနှစ်အတွက် ဂုဏ်သိက္ခာကြီးမားတဲ့ ဘာလွန်းဒီအို (Ballon d’Or) ဆုကိုပါ ရရှိခဲ့တာ ဖြစ်ပါတယ်။
Source : https://www.espn.com.sg/
![]()