ဖေးလ် ပါကင်န်ဆန်နှင့် ရက်စ်ဟမ်း အိမ်ကွင်းမှတ်တမ်း

ချယ်လ်ဆီးကို ဒုက္ခပေးဖူးတဲ့ ရက်စ်ဟမ်းနည်းပြ ပါကင်န်ဆန်ရဲ့ အက်ဖ်အေဖလား အမှတ်တရသစ်များ

အက်ဖ်အေဖလား (FA Cup) ပြိုင်ပွဲမှာ ချယ်လ်ဆီးကို ဘယ်လိုဒုက္ခပေးရမလဲဆိုတာ ကောင်းကောင်းသိတဲ့ နည်းပြတစ်ဦးပါ။ အက်ဖ်အေဖလားမှာ ထင်မှတ်မထားတဲ့ ရလဒ်တွေ ဖန်တီးတာက ရက်စ်ဟမ်း (Wrexham) အသင်းရဲ့ သမိုင်းကြောင်းမှာ အမြဲရှိနေခဲ့တာပါ။

အခုလာမဲ့ ပဉ္စမအဆင့် ပွဲစဉ်တွေမှာ ချယ်လ်ဆီးအတွက် စိုးရိမ်စရာဖြစ်လာနိုင်တာကတော့ နည်းပြ ဖေးလ် ပါကင်န်ဆန် (Phil Parkinson) ရဲ့ အရင်က အောင်မြင်ခဲ့တဲ့ မှတ်တမ်းကောင်းတွေပါပဲ။ သူဟာ အဆင့်နိမ့်လိဂ်အသင်းကို ကိုင်တွယ်ပြီး ငွေကြေးအမြောက်အမြား အသုံးချထားတဲ့ အနောက်လန်ဒန်ကလပ် ချယ်လ်ဆီးကို ပြိုင်ပွဲကနေ နောက်ဆုံးအကြိမ် ထွက်ခွာအောင် လုပ်ခဲ့ဖူးတဲ့ နည်းပြလည်း ဖြစ်ပါတယ်။

၂၀၁၅ ခုနှစ်တုန်းက ချယ်လ်ဆီးဟာ ဟိုဆေး မော်ရင်ညို (Jose Mourinho) ရဲ့ ဒုတိယအကြိမ် စိုးမိုးမှုအောက်မှာ ပရီးမီးယားလိဂ် ချန်ပီယံဆုရဖို့ ဇယားထိပ်မှာ ပြတ်ပြတ်သားသား ဦးဆောင်နေခဲ့တာပါ။ ဒရော့ဂ်ဘာ (Drogba)၊ ဟာဇက် (Hazard)၊ ဖာဘရီဂတ်စ် (Fabregas) တို့လို အရည်အချင်းရှိတဲ့ ကစားသမားတွေနဲ့ အသင်းဟာ စတမ်းဖို့ဒ် ဘရစ်ချ် (Stamford Bridge) ကွင်းမှာ ၂ ဂိုး ပြတ်နဲ့ ဦးဆောင်နေခဲ့ပြီးနောက် တတိယတန်းက ဘရက်ဖို့ဒ် စီးတီး (Bradford City) ကို အေးအေးဆေးဆေး အနိုင်ယူနိုင်ဖို့ပဲ ရှိခဲ့ပါတယ်။

“ဒုတိယပိုင်း အစမှာ မော်ရင်ညိုကို ကြည့်နေခဲ့တာ မှတ်မိပါသေးတယ်” လို့ အသက် ၅၈ နှစ်အရွယ် ပါကင်န်ဆန်က ပြောပါတယ်။ “ခင်ဗျား သူ့မျက်လုံးထဲမှာ မြင်နိုင်ပါတယ်။ သူ့အသင်းက ကစားအားကျသွားပြီး သူပြန်နှိုးဆော်လို့ မရတော့ဘူးဆိုတာကို ‘ဝါး’ ဆိုပြီး အံ့သြသွားတဲ့ ပုံစံမျိုးပါ” လို့ ဆိုပါတယ်။

ပွဲပြီးဖို့ ၃ မိနစ်အလိုမှာ ဘရက်ဖို့ဒ်က ၃-၂ နဲ့ ဦးဆောင်နေချိန် မော်ရင်ညိုက ပါကင်န်ဆန်ဆီကို လာပြီး ပွဲမပြီးခင် လက်ဆွဲနှုတ်ဆက်ဖို့ ကြိုးစားခဲ့ပါသေးတယ်။ ပါကင်န်ဆန်ကတော့ အဲ့ဒါကို လျစ်လျူရှုခဲ့ပြီး သူ့အသင်း စတုတ္ထဂိုး ထပ်သွင်းတာကိုပဲ ကြည့်နေခဲ့ပါတယ်။ အဲ့ဒီရာသီမှာ သူတို့ဟာ စတမ်းဖို့ဒ် ဘရစ်ချ်မှာ ချယ်လ်ဆီးကို အနိုင်ရခဲ့တဲ့ တစ်သင်းတည်းသော အသင်း ဖြစ်ခဲ့ပါတယ်။ “ဒီတစ်ပတ်မှာ ဒီပွဲအကြောင်း၊ အဲ့ဒီတုန်းက ဘယ်လိုပြင်ဆင်ခဲ့တယ်ဆိုတာတွေကို ပြန်တွေးနေခဲ့တာပါ” လို့ ပါကင်န်ဆန်က ပြောခဲ့ပြီး ဘရက်ဖို့ဒ်အတွက် ဂိုးသွင်းပေးခဲ့တဲ့ ဂျွန် စတက်ဒ် (Jon Stead) နဲ့လည်း မက်ဆေ့ခ်ျတွေ အပြန်အလှန် ပို့နေဖြစ်တယ်လို့ ဆိုပါတယ်။

“အဲ့ဒီအချိန်ကစပြီး ကျွန်တော်ဟာ နည်းပြတစ်ယောက်အနေနဲ့ အများကြီး ပြောင်းလဲသွားတယ်လို့ မထင်ပါဘူး။ ကျွန်တော်တို့ အသင်းကို အရင်က မူဝါဒတွေအတိုင်းပဲ ကစားစေချင်သလို ဘရက်ဖို့ဒ်တုန်းကလိုပဲ အသင်းရဲ့ ပုံရိပ်ကို ဒီမှာလည်း ထင်ဟပ်စေချင်ပါတယ်။ ကျွန်တော်တို့အပေါ် ဘယ်သူကမှ မျှော်လင့်ထားတာ မရှိဘူး။ ဒါပေမဲ့ ပြိုင်ဘက်ရဲ့ အရည်အချင်းတွေကြောင့် ကျွန်တော်တို့မှာ အားမတန်ပေမဲ့ မာန်လျှော့မှာမဟုတ်တဲ့ စိတ်ဓာတ်မျိုး ရှိနေရပါမယ်” လို့ သူက ပြောပါတယ်။

လွန်ခဲ့တဲ့ ၁၁ နှစ်အတွင်းမှာ ချယ်လ်ဆီးဟာ အဆင့်နိမ့်လိဂ်အသင်းပေါင်း ၂၄ သင်းနဲ့ အက်ဖ်အေဖလားမှာ ရင်ဆိုင်ခဲ့ရပေမဲ့ အခုလို အရှက်ရစရာမျိုး မကြုံခဲ့ဖူးပါဘူး။ မော်ရင်ညိုကတော့ အဲ့ဒီတုန်းက ရှုံးနိမ့်မှုကို အရှက်ရစရာလို့ ပြောခဲ့ပေမဲ့ ဘရက်ဖို့ဒ်ရဲ့ အဝတ်လဲခန်းထဲအထိ လာပြီး ဒီရလဒ်ရဲ့ အရေးပါမှုကို အသိအမှတ်ပြုကာ ပါကင်န်ဆန်ကို ချီးကျူးစကား ပြောခဲ့ပါသေးတယ်။

ချယ်လ်ဆီးပရိသတ်တွေရဲ့ လက်ခုပ်တီးပြီး နှုတ်ဆက်တာကို ခံခဲ့ရတဲ့ “မယုံနိုင်စရာ” ခံစားချက်ကိုလည်း သူက ပြန်ပြောင်းပြောပြခဲ့ပါတယ်။ ဒါဟာ မမေ့နိုင်စရာ အက်ဖ်အေဖလား အတွေ့အကြုံတစ်ခုဖြစ်ပေမဲ့ ပါကင်န်ဆန်အတွက်တော့ ဒါဟာ တစ်ခုတည်းသော မှတ်တိုင်မဟုတ်ပါဘူး။

ရက်စ်ဟမ်းမှာ သူရှိနေတဲ့ အချိန်အတွင်း ဟောလိဝုဒ်ဆန်ဆန် တိုးတက်လာမှုတွေနဲ့အတူ တန်းတက်စံချိန်တွေကို ချိုးဖျက်နိုင်ခဲ့ပါတယ်။ အခုလည်း ချန်ပီယံရှစ် ပလေးအော့ဖ်အဆင့်ကို ရောက်ဖို့ မျှော်လင့်ချက် ရှိနေတာပါ။ ဒါပေမဲ့ ဖလားပြိုင်ပွဲတွေရဲ့ အဓိပ္ပာယ်က ဘာလဲဆိုတာကို သူ ကောင်းကောင်းသိပါတယ်။

ရက်စ်ဟမ်းဟာ အပျော်တမ်းလိဂ်ကနေ ၁၅ နှစ်ကြာအောင် ရုန်းထွက်ဖို့ ကြိုးစားနေရချိန် ၂၀၂၃ ခုနှစ်မှာ ချန်ပီယံရှစ်က ကိုဗင်ထရီ (Coventry) ကို အနိုင်ယူခဲ့သလို၊ ဒီနှစ် တတိယအဆင့်မှာလည်း နော့တင်ဟမ် ဖောရက်စ် (Nottingham Forest) ကို ပင်နယ်တီနဲ့ အနိုင်ယူခဲ့ပါတယ်။ ရိုင်ယန် ရေးနိုးလ် (Ryan Reynolds) နဲ့ ရော့ဘ် မက်အယ်လ်ဟန်နီ (Rob McElhenney) တို့ရဲ့ ပရောဂျက်မှာ မပါဝင်ခင်တုန်းကလည်း ပါကင်န်ဆန်ဟာ စတုတ္ထတန်းက ဘရက်ဖို့ဒ်အသင်းကို ဝီဂန် (Wigan)၊ အာဆင်နယ် (Arsenal) နဲ့ အက်စတွန် ဗီလာ (Aston Villa) တို့ကို ကျော်ဖြတ်ပြီး ၂၀၁၃ လိဂ်ဖလား ဗိုလ်လုပွဲအထိ ပို့ဆောင်ပေးခဲ့ဖူးပါတယ်။

ရက်စ်ဟမ်း အသင်းက ပရီးမီးယားလိဂ်ကလပ် နော့တင်ဟမ် ဖောရက်စ် ကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရရှိခဲ့စဉ်က ဂိုးသမား Arthur Okonkwo ဟာ အသင်းအတွက် သူရဲကောင်း ဖြစ်ခဲ့ပါတယ်။

“လူအများစုလိုပဲ ကျွန်တော်ဟာ အက်ဖ်အေဖလားကို ကြည့်ပြီး ကြီးပြင်းလာခဲ့တာပါ။ ဒါကြောင့် ကိုယ်ကိုင်တွယ်နေတဲ့ ကလပ်အသင်းနဲ့ သူတို့ရဲ့ သမိုင်းကြောင်းကို တကယ်လေးစားဖို့ တာဝန်ရှိတယ်လို့ ခံစားရပါတယ်။ ရက်စ်ဟမ်းဒေသကို သွားကြည့်ရင် ပရိသတ်အများစု ပြောနေကြဆဲပွဲက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက မစ်ကီ သောမတ်စ် (Mickey Thomas) တို့ ကစားခဲ့တဲ့ အာဆင်နယ်နဲ့ ပွဲအကြောင်းပါပဲ။ အက်ဖ်အေဖလားပွဲစဉ်တွေ ပြန်ရောက်လာတိုင်း အဲ့ဒီပွဲရဲ့ Highlight တွေက တီဗွီမှာ အမြဲပါလာလေ့ရှိပါတယ်။ ဖောရက်စ်နဲ့ ပွဲမတိုင်ခင် ကစားသမားတွေကို ပြောခဲ့တာက ဒါဟာ ကျွန်တော်တို့အတွက် အမှတ်တရသစ်တွေ ဖန်တီးဖို့ အခွင့်အရေးပဲလို့ ဆိုခဲ့ပါတယ်။ အဲ့ဒီအတိုင်း ကျွန်တော်တို့ လုပ်နိုင်ခဲ့ပြီး အခုအခွင့်အရေး ရလာပါပြီ။ ဒါကြောင့် စနေနေ့ညမှာ အမှတ်တရသစ်တွေ ထပ်ဖန်တီးနိုင်မလားဆိုတာ ကြည့်ရမှာပါ” လို့ ပါကင်န်ဆန်က ဆိုပါတယ်။

တကယ်တော့ ရက်စ်ဟမ်းဟာ ၁၉၉၂ တုန်းက ချန်ပီယံ အာဆင်နယ်ကို အနိုင်ယူခဲ့တဲ့ အောက်ခြေအဆင့်အသင်းမျိုး မဟုတ်တော့ပါဘူး။

ရက်စ်ဟမ်းဟာ ပရီးမီးယားလိဂ်ကို တက်လှမ်းဖို့ ကြိုးစားနေတာကြောင့် အသင်းနှစ်သင်းကြားမှာ အဆင့် ၂၀ သာ ကွာဟပါတော့တယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ ၃ နှစ်တုန်းက သူတို့ဟာ အပျော်တမ်းလိဂ်အသင်း ဖြစ်နေခဲ့ပါသေးတယ်။ ကြားရက်တုန်းက လီယမ် ရိုဆီနီယာ (Liam Rosenior) ရဲ့ အသင်းက အက်စတွန် ဗီလာကို အနိုင်ယူခဲ့တဲ့ပွဲကို ကြည့်ပြီး ပါကင်န်ဆန်က အသင်းနှစ်သင်းကြား ကွာဟချက်ကို အသိအမှတ်ပြုခဲ့ပါတယ်။

ဘောလုံး လက်ဝယ်မရှိတဲ့ အချိန်တွေမှာ စည်းကမ်းရှိရှိ ကစားဖို့ လိုသလို ကောင်းမွန်တဲ့ စုစည်းမှုလည်း ရှိရမယ်လို့ သူက ဆိုပါတယ်။ ဒါပေမဲ့ အရေးကြီးဆုံးက ယုံကြည်မှုပါပဲ။

“ယုံကြည်မှုမရှိရင် ကျွန်တော်တို့ လာကစားနေစရာတောင် မလိုပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ လာမှာပါ။ ချယ်လ်ဆီးအတွက် ခက်ခဲတဲ့ပွဲဖြစ်အောင် ဘာတွေလုပ်ရမလဲဆိုတာ ကျွန်တော်တို့ နားလည်ထားပါတယ်။ စနေနေ့ညဟာ ကျွန်တော်တို့ ကစားသမားတွေအတွက် သမိုင်းသစ် ရေးထိုးနိုင်မဲ့ အခွင့်အရေးလို့ မြင်ပါတယ်။ မစ်ကီ သောမတ်စ်တို့ လုပ်ခဲ့သလို၊ ဘရက်ဖို့ဒ်က ကောင်လေးတွေ အဲ့ဒီနေ့က လုပ်ခဲ့သလိုမျိုးပေါ့” လို့ သူက ထပ်လောင်းပြောကြားခဲ့ပါတယ်။

Source : https://www.bbc.com/

Loading

Leave a Reply

Your email address will not be published. Required fields are marked *