Celeb focus Xabi Alonso

တန်ဖိုးကြီးလက်ပတ်နာရီတွေကို အမှတ်တရစုဆောင်းလေ့ရှိတဲ့ အလွန်ဆိုရဲ့လူနေမှုဘဝ

ဆယ်စုနှစ်တစ်ခုကျော်ကြာ ဘိုင်ယန်မြူးနစ်ကြီးစိုးထားတဲ့ ဂျာမန်ထိပ်တန်းဘောလုံးလောကကို ပြီးခဲ့တဲ့ဘောလုံးရာသီအတွင်း အလှပဆုံးစံချိန်တစ်ခုနဲ့အတူ ထိုးဖောက်ခဲ့တဲ့ ကလပ်အသင်းတစ်ခု ရှိပါတယ်။

ဒီကလပ်အသင်းကတော့ လေဗာကူဆင်လို့ ခေါ်ဆိုပြီး ဒီကလပ်အသင်းကို ဦးဆောင်ခဲ့သူကတော့ အလွန်ဆိုလို့ အမည်ရတဲ့ တက်သစ်စနည်းပြတစ်ဦးပဲဖြစ်ပါတယ်။ ဒါက နှစ်ပေါင်း ၁၂၀ သက်တမ်းရှိ ကလပ်အသင်းအတွက် ပထမဆုံးဘွန်ဒက်စ်လီဂါချန်ပီယံဆုကို ကိုင်မြှောက်နိုင်ခဲ့ခြင်းဖြစ်သလို တစ်ရာသီလုံးလိဂ်ရှုံးပွဲမရှိစံချိန်ကိုပါ ရယူနိုင်ခဲ့လို့ အချိုပေါ်သကာဆင့်တဲ့အောင်ပွဲလို့ ဆိုရပါလိမ့်မယ်။

အလွန်ဆိုလို့ ပြောလိုက်တာနဲ့ ၂၀၀၅ ခုနှစ်၊ အစ္စတန်ဘူလ်မှော်ဝင်ည ချန်ပီယံလိဂ်ဖိုင်နယ်ပွဲစဉ်အပါအဝင် ကစားသမားဘဝအောင်မြင်မှုများစွာသိမ်းပိုက်နိုင်ခဲ့သူတစ်ဦးလို့ ဘောလုံးပရိသတ်တွေ ချက်ချင်းသိနိုင်ပါလိမ့်မယ်။

အလွန်ဆိုက နည်းပြဘဝမှာလည်း ဆန်းသစ်တီထွင်မှုရှိပြီး ဆွဲဆောင်မှုအပြည့်ရှိတဲ့ ကစားဟန်ကို ဖော်ဆောင်ပြနိုင်ခဲ့လို့ ဂုဏ်သတင်းမွှေးပျံ့နေသူ ဖြစ်ပါတယ်။ အခုလိုဂုဏ်ဒြပ်တွေကြောင့် ကလော့ပ်ထွက်ခွာသွားပြီးနောက် အလွန်ဆိုက ဂျာမန်သားရဲ့နေရာကိုဆက်ခံမဲ့ လီဗာပူးနည်းပြသစ်ဖြစ်လာနိုင်တယ်ဆိုပြီး သတင်းထွက်ခဲ့ဖူးပါတယ်။

ဒါပေမဲ့ ဘောလုံးကွင်းနဲ့ နည်းဗျူဟာပိုင်းဆိုင်ရာဘုတ်ပြားတွေရဲ့အဝေးမှာ ဒီပုဂ္ဂိုလ်ရဲ့ကွင်းပြင်ပလူနေမှုဘ၀ ဘယ်လိုရှိမလဲဆိုတာသိရဖို့ ဆက်လက်ရှုစားကြည့်ကြပါစို့။

 

ရိုမီယိုနဲ့ ဂျူးလီးယက်လို အချစ်မျိုး

———————————–

အလွန်ဆိုက ၂၀၀၉ ခုနှစ်၊ လီဗာပူးမှ ရီးရဲလ်မက်ဒရစ်ဆီ မပြောင်းရွှေ့ခင် တစ်လအလိုမှာ နာဂိုရီအရမ်ဘူရူနဲ့ ထိမ်းမြားလက်ထပ်ခဲ့ပါတယ်။ သူတို့နှစ်ဦးက အလွန်ဆိုရဲ့ဆယ်ကျော်သက်ကာလ၊ ငယ်ဘဝကလပ် ဆိုစီဒက်မှာ ကစားနေချိန် ဆုံတွေ့ခဲ့ကြတာပါ။

အလွန်ဆိုနဲ့ နာဂိုရီအရမ်ဘူရူတို့စုံတွဲက ၂၀၀၈ ခုနှစ်မှာ ဂျွန်တက်စ်၊ ၂၀၁၀ ပြည့်နှစ်မှာ အာနီနဲ့ ၂၀၁၃ ခုနှစ်မှာ အမ်မာဆိုတဲ့ ရင်သွေးသုံးဦးကို မွေးဖွားခဲ့ကြပါတယ်။ နာဂိုရီအရမ်ဘူရူက မော်လ်ဒယ်၊ သရုပ်ဆောင်နဲ့ ဖက်ရှင်ဒီဇိုင်နာတစ်ဦးအဖြစ် လုပ်ကိုင်ပါတယ်။

အလွန်ဆို - နာဂိုရီအရမ်ဘူရူ

ဒါပေမဲ့ ရယ်ရွှင်ဖွယ်ကောင်းတဲ့ဇာတ်လမ်းတစ်ပုဒ်ကတော့ လီဗာပူးမြို့မှာ အရမ်ဘူရူတစ်ယောက် ဟိုတယ်ဧည့်ကြိုအဖြစ် လုပ်ကိုင်နေချိန်အတွင်း ပေါ်ပေါက်ခဲ့ဖူးပါတယ်။ လီဗာပူးကစားသမားဟောင်းနဲ့ အလွန်ဆိုရဲ့အသင်းဖော်ဟောင်းဖြစ်တဲ့ ပီတာခရော့ချ်က အရမ်ဘူရူနဲ့ ပထမဆုံးအကြိမ်တွေ့ဆုံမှုအကြောင်း ပြန်ပြောင်းဖွင့်ဟခဲ့ဖူးပါတယ်။

ခရော့ချ်က အရမ်ဘူရူကို စတွေ့တွေ့ချင်းမှာပဲ ချစ်မိသွားခဲ့တယ်လို့ ဝန်ခံပြောဆိုခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ကာရေဂါအပါအဝင် လီဗာပူးအသင်းဖော်တွေက ခရော့ချ်ကို အရမ်ဘူရူဟာ အလွန်ဆိုရဲ့ချစ်သူဖြစ်တယ်ဆိုတာ ဖောက်သည်ချသွားခဲ့ပါတယ်။

ခရော့ချ်က “လီဗာပူးအသင်းဆီ ပြောင်းလာတော့ ကျွန်တော်က Hope Street Hotel မှာပဲ နေထိုင်ခဲ့ပါတယ်။ အဲ့ဒီဟိုတယ်ရဲ့ဧည့်ကြိုဌာနမှာ အလုပ်လုပ်နေတဲ့ ကလေးမလေးတစ်ယောက်က အတော်လေးကြည့်လို့ကောင်းပါတယ်။ ကျွန်တော်နဲ့တွေ့ဆုံချိန်တိုင်း အဲ့ဒီကလေးမ ပြုံးပြနေတာ ယုံတောင် မယုံနိုင်ပါဘူး။

လေ့ကျင့်ရေးကွင်းကျတော့ ကျွန်တော်လည်း အဲ့ဒီကလေးမလေးအကြောင်း ပြောဖြစ်ခဲ့ပါတယ်။ ‘အရိုးသားဆုံးပြောရရင် ကလေးမက အရမ်းလှတယ်၊ ကျွန်တော်ဖြင့် ကလေးမကို မြင်မြင်ချင်းချစ်မိသွားပြီထင်တယ်’လို့ ပြောပြခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ ကာရေဂါက အခြားစီနီယာကစားသမားတွေကိုလည်း လှမ်းခေါ်ပြီး ပြန်ပြောပြပါဦး ခရော့ချ်ရေလို့ တိုက်တွန်းပါတယ်။

အဲ့ဒီတော့ ကျွန်တော်လည်း ထပ်ပြောပြခဲ့တာပေါ့။ မည်းနက်နေတဲ့ ဆံပင်တွေ၊ စပိန်သူလို ကြည့်ကောင်းနေတဲ့ဟန်ပန်တွေအကြောင်း ပြောပြဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာပဲ သူတို့တွေက အဲ့ဒီကလေးမလေးဟာ အလွန်ဆိုရဲ့ချစ်သူပဲလို့ ဝိုင်းအော်ကြပါတယ်။

Peter Crouch met Xabi Alonso's wife

ကလေးမက ဘာသာစကားစွမ်းရည်တိုးတက်ဖို့ အလုပ်ဝင်နေခဲ့တာပါ။ အလွန်ဆိုကလည်း အခုကိစ္စအပေါ် စိတ်ဆိုးတာမျိုး မရှိခဲ့ပါဘူး။ အရမ်ဘူရူလည်း အတူတူပါပဲ။ တော်သေးတာပေါ့ဗျာ”လို့ ပြောပါတယ်။

အလွန်ဆိုတို့စုံတွဲက အလုပ်များတက်ကြပေမဲ့ နှစ်ယောက်အတူ ကိုယ်ပိုင်အချိန်တွေရရှိအောင် အမြဲလိုလို ဂရုစိုက်လေ့ရှိပါတယ်။

ဘိုင်ယန်မြူးနစ်မှာ အလွန်ဆိုကစားနေချိန်တုန်းကလည်း သူတို့နှစ်ဦးက ပွဲလမ်းသဘင်ကာလတွေမှာ အပြင်ထွက်လည်ပတ်လေ့ရှိပါတယ်။ ၂၀၁၇ ခုနှစ်၊ အလွန်ဆိုရဲ့ကစားသမားဘ၀ ဆုံးခန်းတိုင်ပြီးနောက် သူတို့စုံတွဲက မိသားစုအားလပ်ရက်အတွင်း ကယ်လီဖိုးနီးယားကမ်းခြေတစ်ခုမှာ လမ်းလျှောက်ထွက်နေတာကိုလည်း မြင်တွေ့ခဲ့ဖူးပါတယ်။

အလွန်ဆိုကိုယ်တိုင်ကလည်း သူတို့စုံတွဲဟာ မိသားစုနဲ့အတူ တောင်ပေါ်ခရီးတစ်ခုသွားရတာနဲ့ ပြတိုက်တွေဆီ သွားရောက်လည်ပတ်ရတာကို ကြိုက်နှစ်သက်တယ်လို့ ဖွင့်ပြောခဲ့ဖူးပါတယ်။

မော်တော်ကားဖြင့် စတိုင်ကျကျ ခရီးထွက်လေ့ရှိသူ

—————————————————-

ဒါက အလွန်ဆိုရဲ့ပြောင်မြောက်လှတဲ့ကစားဟန်ကို ပဲ့တင်ထပ်နေတာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ သူ့ကို မော်တော်ကားတစ်စီးနဲ့အတူ မြင်တွေ့လိုက်ရချိန်တိုင်း စွဲဆောင်မှုအပြည့်ရှိနေတတ်ပါတယ်။

ပြီးတော့ အလွန်ဆိုရဲ့ဖက်ရှင်ဆိုင်ရာအမြင်တွေက တသမတ်တည်း ရှိနေပါတယ်။

အလွန်ဆိုက ဂန္တဝင်မြောက် BMW မော်တော်ကားတွေကို ကြိုက်နှစ်သက်လေ့ရှိပြီး သူ့ရဲ့ Instagram စာမျက်နှာမှာလည်း ဂန္တဝင်မြောက် မော်တော်ကားမျိုးစုံကို မောင်းနှင်နေတဲ့ပုံရိပ်တွေ မြင်တွေ့ရနိုင်ပါတယ်။

ဘိုင်ယန်မြူးနစ်အတွက် ကစားပေးနေချိန်ကာလမှာလည်း အလွန်ဆိုက Porsche နဲ့ Adidas အတွက် မော်ဒယ်လ်အဖြစ် ဆောင်ရွက်ပေးခဲ့ဖူးပါတယ်။ Porsche Design Sport SS17 မော်တော်ကားသစ် ဈေးကွက်တင်ပို့ချိန်နဲ့ Adidas ရဲ့ အားကစားပစ္စည်းတွေအတွက် အလွန်ဆိုက မော်ဒယ်လ်အဖြစ် ကြော်ငြာပေးခဲ့တာပါ။

ဒါပေမဲ့ လေ့ကျင့်ကွင်းဆီသွားရောက်ချိန်တိုင်းမှာတော့ အလွန်ဆိုက ဂန္တဝင်မြောက် Mercedes 190 SL ထက် မထင်မရှား Audi အမှတ်တံဆိပ်မော်တော်ကားတစ်စီးကိုသာ မောင်းနှင်လာလေ့ရှိပါတယ်။

ဒီမော်တော်ကားအတွက် ယနေ့ခေတ်ခန့်မှန်းတန်ဖိုးအရ ပေါင် ၇၀,၀၀၀ မှ ပေါင် ၁၂၀,၀၀၀ အကြား ရှိနိုင်ပါတယ်။ Mr.Potter ရဲ့ ရုပ်သံအစီအစဉ်အင်တာဗျူးတစ်ခုမှာ Porsche 356 မော်တော်ကားကို ဂျိမ်းစ်ဘွန်းမင်းသားသစ် အဖြစ် ချိတ်ဆက်ဖော်ပြခံရဖူးတဲ့ အလွန်ဆိုက တည်တည်ငြိမ်ငြိမ်မောင်းနှင်နေတာကို မြင်တွေ့ခဲ့ရပါတယ်။

အလွန်ဆိုလုံးဝလက်မခံတဲ့ကိစ္စတစ်ခုကတော့ သူ့ရဲ့ခန္ဓာကိုယ်မှာ တက်တူးထိုးမဲ့အကြံအစည်ပဲ ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်၊ အင်တာဗျူးအစီအစဉ်တစ်ခုမှာ အလွန်ဆိုက “ကျွန်တော့်ကို တက်တူးထိုးပေးဖို့ အခွင့်အရေးမရှိဘူးဆိုတာ သူငယ်ချင်းအပေါင်းအသင်းတွေအကုန်လုံး သိကြပါတယ်။

စကားမစပ် ကျွန်တော်က မူအရတော့ တက်တူးထိုးမှုကို မဆန့်ကျင်ပါဘူး။ ဒါက တခြားသူတွေအတွက် စွဲမက်စရာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

ဒါပေမဲ့ ကျွန်တော့်အတွက်တော့ မဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ခန္ဓာကိုယ်ပေါ်မှာ ချိန်းကြိုးတွေ သို့မဟုတ် အခြားအရာတစ်ခုခုရဲ့ပုံတွေ တူးဆွရေးဆွဲတာကို စိတ်ကူးကြည့်လို့တောင် မရပါဘူး။ ရှင်းရှင်းပြောရရင် ကျွန်တော်က အလွန်အကျွံခေတ်ဟောင်းဖက်ရှင်သမားတစ်ဦး ဖြစ်ပါတယ်”လို့ ရှင်းပြခဲ့ပါတယ်။

ဒါ့အပြင် အလွန်ဆိုက ဘောလုံးသမားတစ်ဦးအဖြစ် ဂီတပွဲနဲ့ တီဗီရှိုးတွေကို ကြိုက်နှစ်သက်သူလည်း ဖြစ်ပါတယ်။

 

လက်ပတ်နာရီတွေမှပြောပြတဲ့ စပါယ်ရှယ်အခိုက်အတန့်များ

——————————————————

ယဉ်ကျေးပြူငှာစွာဆက်ဆံလေ့ရှိပေမဲ့ အလွန်ဆိုကို အထင်ကြီးလောက်စရာ ဝတ်စားဆင်ယင်မှုမျိုးနဲ့ မကြာခဏမြင်တွေ့ရလေ့ မရှိပါဘူး။ ဒါပေမဲ့ သူသာ ထုတ်ပြမယ်ဆိုရင်တော့ သူ့ရဲ့အဝတ်အစားဗီရိုထဲမှ အကောင်းစားလက်ပတ်နာရီတွေ ထွက်ကျလာပါလိမ့်မယ်။ အလွန်ဆိုက သူ့ဘဝရဲ့စပါယ်ရှယ်အခိုက်အတန့်တွေကို လက်ပတ်နာရီတွေနဲ့ ချိတ်ဆက်မှတ်သားထားလေ့ရှိပါတယ်။

The Journal သတင်းဌာနဆီ အလွန်ဆိုက “ကျွန်တော့်အတွက် စပါယ်ရှယ်အခိုက်အတန့်တိုင်းကို နာရီတစ်လုံးချင်းစီနဲ့ ချိတ်ဆက်ထားခဲ့ပါတယ်။ ဒါကြောင့် ဒီနာရီကိုဝတ်ဆင်လိုက်တဲ့အချိန်တိုင်း အဲ့ဒီစပါယ်ရှယ်အခိုက်အတန့်ဆီ ကျွန်တော့်ကို ပြန်လည်ပို့ဆောင်ပေးပါတယ်။ လီဗာပူးနဲ့အတူ ချန်ပီယံလိဂ်ဖလား ဆွတ်ခူးနိုင်တဲ့အချိန်မျိုး (သို့မဟုတ်) စပိန်နဲ့အတူ ကမ္ဘာ့ဖလားချန်ပီယံဖြစ်လာချိန်မျိုးပေါ့”လို့ ပြောပြခဲ့ဖူးပါတယ်။

အလွန်ဆိုစုဆောင်းထားတဲ့ လက်ပတ်နာရီတွေထဲမှာ Rolex၊ Patek Philippe၊ Franck Muller၊ Audemars Piguet နဲ့ Panerai တို့လို အမှတ်တံဆိပ်တွေ ပါဝင်ပါတယ်။ သူက ဒီလက်ပတ်နာရီတွေရဲ့အမှတ်တရတန်ဖိုးကို ယုတ်လျော့သွားတာမျိုး မရှိရလေအောင် ဒီပစ္စည်းတွေကို မကြာခဏဆိုသလို မထုတ်ပြခဲ့ပါဘူး။

ဒါပေမဲ့ သူ့အကြိုက်ဆုံးနဲ့ သူ့ရဲ့စုဆောင်းမှုမှာ အထူးစပါယ်ရှယ်အဖွဲ့ဝင်ဖြစ်လာတဲ့အရာကတော့ မင်္ဂလာပွဲနေ့မှာ အရမ်ဘူရူကိုယ်တိုင် အလွန်ဆိုကို လက်ဆောင်ပေးခဲ့တဲ့ IWC Ingenieur အမျိုးအစား လက်ပတ်နာရီပဲဖြစ်ပါတယ်။ ဒီလက်ပတ်နာရီက တန်ဖိုးအားဖြင့် ပေါင် ၁၀,၅၀၀ ရှိတယ်လို့ Watches of Switzerland ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

နာရီများနှင့် အလွန်ဆိုရဲ့ လူနေမှုဘဝ

သူ့အတွက် ရင်သပ်ရှုမောစရာကောင်းတဲ့ လက်ပတ်နာရီနဲ့ပတ်သက်လို့ အလွန်ဆိုက “ဒီနာရီဟာ ကျွန်တော့်ကိုယ်ရည်ကိုယ်သွေးနဲ့ ကျွန်တော့်ကြိုက်တက်တဲ့အရာတွေ၊ ကျွန်တော့်အကြောင်းတွေ တွေးနေတတ်တဲ့ အမျိုးသမီးတစ်ဦးကို ရှာဖွေတွေ့ရှိတဲ့အခိုက်အတန့်တစ်ခုအပေါ် ကိုယ်စားပြုပါတယ်။ ကျွန်တော်က ဒီလက်ပတ်နာရီကို ခဏခဏတော့ မဝတ်ဖြစ်ပါဘူး။ တကယ့်ထူးခြားတဲ့အခါသမယတွေမှာသာ ဝတ်ဆင်လေ့ရှိပါတယ်”လို့ ပြောပါတယ်။

ဒါ့အပြင် အလွန်ဆိုက IWC အမှတ်တံဆိပ်နာရီတွေဟာ သိပ်မပေါ်လွင်ပေမဲ့ ဆွဲဆောင်မှုရှိခြင်းနဲ့အတူ မျက်စိမနောက်စေဘဲ ဆန်းပြားနေမှုတွေကြောင့် ယေဘုယျအားဖြင့် ကြိုက်နှစ်သက်ပါတယ်လို့ ပြောပါတယ်။

ရှေးဆိုရိုးစကားတစ်ခုမှာ “လက်ပတ်နာရီနဲ့ ရှုးဖိနပ်ကိုကြည့်ပြီး လူတစ်ယောက်ရဲ့အကြောင်း အများကြီးပြောနိုင်တယ်”လို့ ဖော်ပြထားပါတယ်။ ဒါက အလွန်ဆိုကို ရည်ညွှန်းနေသလိုပါပဲ။ အလွန်ဆိုလုပ်ခဲ့သမျှအရာတွေက ရိုးရှင်းပေမဲ့ လှပတဲ့စွမ်းဆောင်ရည်တွေနဲ့ ပြည့်နှက်နေပါတယ်။

 

#ဘိုင်ယန်မြူးနစ် #ဂျာမန်ဘောလုံး #လေဗာကူဆင် #အလွန်ဆို #ဘွန်ဒက်စ်လီဂါ #ဘောလုံးအောင်မြင်မှု #နည်းပြ #အချစ်ဇာတ်လမ်း #မော်တော်ကား #လက်ပတ်နာရီ #ဖက်ရှင် #ဂီတပွဲ #အချိန်အခိုက်အတန့်

Loading

2 comments

Leave a Reply

Your email address will not be published. Required fields are marked *