ပင်နယ်တီလွဲချော်ခဲ့တဲ့ ဂါဘရီရယ်

ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ပင်နယ်တီလွဲချော်ခဲ့ပြီး စိတ်ပျက်ဝမ်းနည်းခဲ့ရတဲ့ အာဆင်နယ်နောက်ခံလူ ဂါဘရီရယ်

အာဆင်နယ် အသင်း ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ရှုံးနိမ့်ခဲ့ရတဲ့ စိတ်မကောင်းစရာအကောင်းဆုံး ပုံရိပ်ကတော့ နောက်ခံလူ ဂါဘရီရယ် တစ်ယောက် ခေါင်းကိုလက်နဲ့အုပ်ပြီး စိတ်ပျက်နေချိန်မှာ ပီအက်စ်ဂျီ အသင်းခေါင်းဆောင်လည်းဖြစ်၊ ဘရာဇီး အသင်းဖော်လည်းဖြစ်တဲ့ မာကွင်ဟိုစ့် က လာရောက်နှစ်သိမ့်ပေးနေတဲ့ ပုံရိပ်ပဲ ဖြစ်ပါတယ်။

ဒါဟာ ဒီနောက်ခံလူရဲ့ ပထမဆုံးသော ဥရောပဗိုလ်လုပွဲအတွက်တော့ တကယ့်ကို ရက်စက်လွန်းတဲ့ အဆုံးသတ်တစ်ခုပါပဲ။ ဂိုးဘားပေါ်ကျော်တက်သွားခဲ့တဲ့ သူ့ရဲ့ ပင်နယ်တီကန်ချက်ဟာ အဆုံးအဖြတ် ဖြစ်သွားခဲ့ပြီး အာဆင်နယ် အသင်း ပင်နယ်တီအဆုံးအဖြတ်မှာ ရင်ကွဲခဲ့ရကာ ပီအက်စ်ဂျီ ကတော့ သူတို့ရဲ့ ချန်ပီယံဆုကို အောင်မြင်စွာ ကာကွယ်သွားနိုင်ခဲ့ပါတယ်။

ဒီရာသီမှာ အာဆင်နယ် အသင်းအတွက် ခြေစွမ်းပြပြီး ပွဲအဖြေကို ပြောင်းလဲပေးလေ့ရှိတဲ့ ကစားသမားတစ်ဦးအတွက်တော့ ၂၀၀၆ ခုနှစ်နောက်ပိုင်း အသင်းရဲ့ ပထမဆုံး ချန်ပီယံလိဂ်ဗိုလ်လုပွဲ မတိုင်ခင်က မျှော်မှန်းထားခဲ့တဲ့ ပံ့ပိုးကူညီမှုမျိုး လုံးဝမဟုတ်ခဲ့ပါဘူး။

ဒါဟာ ဂါဘရီရယ် အနေနဲ့ အာဆင်နယ် အသင်းအတွက် ပထမဆုံးအကြိမ် ကန်သွင်းဖူးတဲ့ ပင်နယ်တီလည်းဖြစ်ပြီး နည်းပြ မီခေးလ် အာတီတာ ကတော့ ဒီနောက်ခံလူဟာ “ဒီအခိုက်အတန့်အတွက် ကြိုတင်ပြင်ဆင် လေ့ကျင့်ထားခဲ့တာ” လို့ ဖွင့်ဟခဲ့ပါတယ်။

“သူကိုယ်တိုင်က ကန်ချင်တယ်လို့ ပြောခဲ့တာပါ” လို့ အာတီတာ က ဆိုပါတယ်။ “ပုံမှန်ဆိုရင်တော့ ပင်နယ်တီကန်မဲ့သူတွေက ဆာကာအိုဒီဂတ် နဲ့ ကိုင် ဟာဗက်ဇ် တို့ ဖြစ်ပါတယ်။ ဒါပေမဲ့ ပွဲကအချိန်ပိုနဲ့ ပင်နယ်တီအထိ ရောက်သွားရင် တခြားကစားသမားတွေလည်း တာဝန်ယူရမယ်ဆိုတာ ကျွန်တော်တို့ သိထားပါတယ်”။

ဒီရာသီမှာ အာဆင်နယ် အသင်းအတွက် အကောင်းဆုံး ခြေစွမ်းပြခဲ့သူတစ်ဦးအတွက်တော့ သူ့ရဲ့ ရာသီပိတ်ပွဲစဉ်ကို နာကျင်စရာကောင်းတဲ့ ပုံစံနဲ့ အဆုံးသတ်လိုက်ရတာ ဖြစ်ပါတယ်။

အာဆင်နယ် နောက်ခံလူဟောင်း မတ် အပ်ပဆန် က ဘီဘီစီ ရေဒီယို ၅ လိုက်ဗ်မှာ ပြောကြားရာမှာတော့ ဒါဟာ ၂၀၀၈ ချန်ပီယံလိဂ်ဗိုလ်လုပွဲတုန်းက ချယ်လ်ဆီး အသင်းခေါင်းဆောင် ဂျွန်တယ်ရီ ပင်နယ်တီကန်ရာမှာ ချော်လဲပြီး တိုင်ထိခဲ့လို့ မန်ချက်စတာယူနိုက်တက် ချန်ပီယံဖြစ်သွားခဲ့တဲ့ အခိုက်အတန့်မျိုးလိုပဲ “ဂျွန်တယ်ရီလို အခိုက်အတန့်မျိုး” လို့ တင်စားပြောဆိုသွားခဲ့ပါတယ်။ တကယ်တော့ ဒီညဟာ အာဆင်နယ် အတွက် အစပြုမှု ကောင်းခဲ့တာပါ။

ပွဲစလို့ ၆ မိနစ်အတွင်းမှာတင် ကိုင် ဟာဗက်ဇ် က ဂိုးသမား မတ်ဗီ ဆာဖိုနော့ဗ် ရဲ့ အပေါ်ကနေ ဂိုးပိုက်အမိုးထဲကို ပြင်းပြင်းထန်ထန် ကန်သွင်းယူခဲ့ချိန်တုန်းက ဘူဒါပက်စ်က ပွတ်စ်ကပ်စ် အာရီနာ ကွင်းကြီးထဲက အာဆင်နယ် ပရိသတ်တွေဟာ အိပ်မက်ကမ္ဘာကို ရောက်ရှိနေခဲ့ကြတာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီ အသင်းဟာ ဘောလုံးပိုင်ဆိုင်မှု အသာစီးရခဲ့ပေမဲ့လည်း သူတို့ရဲ့ ကြောက်စရာကောင်းတဲ့ တိုက်စစ်သုံးယောက်ဖြစ်တဲ့ ဟာဗစ်ချာ ကွာရတ်စခီလီယာအူစမန် ဒမ်ဘီလီ နဲ့ ဒေဇီရေး ဒူအေး တို့အတွက် သိသာထင်ရှားတဲ့ ဂိုးသွင်းခွင့်တွေကို အများကြီး မဖန်တီးနိုင်ခဲ့ဘဲ အာဆင်နယ် ခံစစ်က သူတို့ကို ကောင်းကောင်း ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။

အဲဒီခံစစ်ရဲ့ အဓိကဗဟိုချက်ကတော့ ဂါဘရီရယ် ပါပဲ။ ၁၉၉၂ ခုနှစ်နောက်ပိုင်း မန်ချက်စတာယူနိုက်တက် (၁၉၉၉ နဲ့ ၂၀၀၈)၊ မန်ချက်စတာစီးတီး (၂၀၂၃) တို့သာ ရရှိဖူးတဲ့ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ် ဖလားနှစ်လုံးပြင်မှုကို အာဆင်နယ် တို့ အမီလိုက်ဖို့ ကြိုးစားနေချိန်မှာ ဒီနောက်ခံလူဟာ ကွင်းအတွင်း ဘောလုံးဖျက်ထုတ်မှု အများဆုံး (၁၃ ကြိမ်) အထိ ပြုလုပ်ပေးခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဒမ်ဘီလီ က ပင်နယ်တီကနေ ချေပဂိုး သွင်းယူခဲ့ပြီးတဲ့နောက်မှာတော့ ဟန်ဂေရီမြေမှာ တင်းမာမှုတွေ မြင့်တက်လာခဲ့ပြီး နှစ်သင်းစလုံး မရှုံးနိမ့်စေဖို့ အဓိကထား ကစားခဲ့ကြသလို ဂိုးသမားတွေကိုလည်း အပြင်းအထန် စမ်းသပ်နိုင်ခြင်း မရှိတော့ဘဲ ပွဲက ပင်နယ်တီအဆုံးအဖြတ်ဆီကို ဦးတည်သွားခဲ့ပါတယ်။

ပီအက်စ်ဂျီ အသင်းအတွက် အစောပိုင်းမှာ အခွင့်အရေးသာခဲ့တာက အီဘီရီချီ အီဇီ တစ်ယောက် အနှေးပြေးပြီး ကန်သွင်းခဲ့တဲ့ ပင်နယ်တီကန်ချက် ဘေးကို ချော်ထွက်သွားခဲ့လို့ဖြစ်ပြီး ဒါကို အာဆင်နယ် ဂိုးသမား ဒေးဗစ် ရာယာ က နူနို မန်ဒက်စ် ရဲ့ ကန်ချက်ကို ပြန်လည်ကာကွယ်ပြီး အခြေအနေကို ထိန်းပေးခဲ့ပါတယ်။

ဒါပေမဲ့ နှစ်ဖက်စလုံးက ၄ ဂိုးစီ အောင်မြင်အောင် ကန်သွင်းပြီးတဲ့နောက်မှာတော့ ဂါဘရီရယ် အတွက် သက်ညှာခွင့် မရှိခဲ့ဘဲ သူ့ရဲ့ ပင်နယ်တီကန်ချက်ဟာ ဂိုးဘားပေါ်ကျော်ပြီး ပျော်ရွှင်ရူးသွပ်နေတဲ့ ပီအက်စ်ဂျီ ပရိသတ်တွေဆီကို ရောက်ရှိသွားခဲ့ပါတယ်။

“ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ပင်နယ်တီလွဲချော်ရတာက တကယ့်ကို မကောင်းတဲ့ ခံစားချက်ပါပဲ” လို့ အာဆင်နယ် ကွင်းလယ်လူ ဒက်ကလန် ရိုက်စ် က တီအန်တီ စပေါ့မှာ ပြောခဲ့ပါတယ်။

“ဒါပေမဲ့ ကျွန်တော်တို့ သူတို့ကို ချစ်ခင်ပြီး သူတို့နဲ့အတူ အမြဲရှိနေမှာပါ။ ဒါက ဘောလုံးလောကမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အရာတစ်ခုပါပဲ။ သူတို့ဟာ ဗိုလ်လုပွဲတွေမှာ ပင်နယ်တီလွဲချော်တဲ့ နောက်ဆုံးကစားသမားတွေ ဖြစ်လာမှာ မဟုတ်ပါဘူး”။

“လူတိုင်း ပင်နယ်တီလွဲဖူးကြတာပဲ။ ဒီရာသီမှာ ဒီနှစ်ယောက်သာမရှိရင် ကျွန်တော်တို့ ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်လာမှာမဟုတ်တာကတော့ သေချာပါတယ်။”

ဂါဘရီရယ် ရဲ့ လူပုဂ္ဂိုလ်အရရော၊ ကစားသမားဘဝအရပါ သူ့အပေါ် ချီးကျူးဖို့ ကျွန်တော့်မှာ စကားလုံးတွေတောင် ကုန်ဆုံးနေပါပြီ။ အီဇီ ကလည်း ဒီရာသီမှာ ကျွန်တော်တို့အတွက် အရေးကြီးတဲ့ ဂိုးအချို့ သွင်းပေးခဲ့ပါတယ်။”

“ဒါက ဖြစ်တတ်ပါတယ်။ ဒါက ဘောလုံးပဲလေ၊ တကယ့်ကို ရက်စက်တတ်ပါတယ်။ ကျွန်တော်တို့ အကောင်းမြင်စိတ်တွေကိုပဲ ယူပြီး ရှေ့ဆက်သွားရမှာပါ”။

Source : https://www.bbc.com/

Loading

Leave a Reply

Your email address will not be published. Required fields are marked *