
အာဆင်နယ်ကိုပြောင်းဖို့ လမ်းဖွင့်ထားတဲ့ အက်စ်တွန်ဗီလာတိုက်စစ်မှူး ဝက်တ်ကင်းစ်
အက်စ်တွန်ဗီလာတိုက်စစ်မှူး ဝက်တ်ကင်းစ်ကတော့ အခုဆောင်းဈေးကွက်မှာတင် အာဆင်နယ်အသင်းထံပြောင်းရွှေ့ဖို့ လမ်းဖွင့်ထားကြောင်း သိရပါတယ်။ အင်္ဂလန်သားရဲ့အနာဂတ်က လာမဲ့ရက်အနည်းငယ်အတွင်းမှာ ထူးခြားလာဖွယ်ရှိနေပြီး အာဆင်နယ်ကလည်း ကြီးမားတဲ့ကမ်းလှမ်းမှုမျိုး ပြုလုပ်ဖွယ်ရှိနေပါတယ်။
အာဆင်နယ်ဘက်က ကနဦးကမ်းလှမ်းမှုပြုလုပ်ခဲ့ပေမဲ့ ပယ်ချခံထားရပြီး နောက်ထပ်ကမ်းလှမ်းမှုတွေပြုလုပ်ဦးမှာဖြစ်ပါတယ်။ အခုရာသီသစ်မှာ အာဆင်နယ်ဟာ ၂၀၀၄ နောက်ပိုင်း ပထမဆုံးပရီးမီးယားလိဂ်ဖလားကိုရယူနိုင်ဖို့ ပစ်မှတ်ထားနေပြီး ဝက်တ်ကင်းစ် ကို အရခေါ်ယူနိုင်ဖို့ ပြင်ဆင်နေပါတယ်။
သတင်းတွေအရ ဝက်တ်ကင်းစ်ကိုယ်တိုင်ကလည်း ဗီလာအနေနဲ့ အာဆင်နယ်နဲ့သဘောတူညီ မှုရယူနိုင်မယ်ဆိုရင် အမ်းမရိတ်ကိုပြောင်းဖို့ လမ်းဖွင့်ထားတယ်လို့ သိရပါတယ်။
ဝက်တ်ကင်းစ်ဟာ အာဆင်နယ်ပရိသတ်အဖြစ် ကြီးပြင်းလာခဲ့တယ်ဆိုတာကို အစောပိုင်းကာလတုန်းက ထုတ်ဖော်ပြောကြားထားခဲ့တာဖြစ်ပါတယ်။ အသက် ၂၉ နှစ်သားဟာ ဂျီးဆပ်စ်မရှိတော့တဲ့တိုက်စစ်ပိုင်းမှာ အာဆင်နယ်ကို ဦးဆောင်လာနိုင်ချေရှိနေပါတယ်။ ဒါ့အပြင် အာဆင်နယ်ကိုပြောင်းလာခဲ့မယ်ဆိုရင် ကိုင်ဟာဗက်ဇ်နေရာကိုပါ အစားဝင်နိုင်ဖွယ်ရှိနေပါတယ်။ ဗီလာအတွက် ၂ဝ၁ ပွဲမှာ ၈၁ ဂိုးသွင်းယူထားနိုင်ခဲ့တဲ့ အင်္ဂလန်သားဟာ အဲ့ထဲက ၂၇ ဂိုးကို ၂၀၂၃ – ၂၄ ရာသီမှာ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။
ဗီလာဘက်ကတော့ ဒူရှန်ကို ဆော်ဒီလိဂ်ကိုရောင်းချထားခဲ့ပြီးနောက် ဝက်တ်ကင်းစ်ကို ဆက်ထိန်းထားဖို့ ပြင်ဆင်နေပါတယ်။ ဒါပေမဲ့ နောက်ထပ်သတင်းတွေအရ ဗီလာအနေနဲ့ ဝက်တ်ကင်းစ်ကို ပေါင်သန်း ၈၀ လောက်ရမယ်ဆိုရင်တော့ ရောင်းချနိုင်တယ်လို့ သိရပါတယ်။
“ကျွန်တော် သူ့ကိုမရောင်းချချင်ပါဘူး။ အခြားအသင်းတွေက ကမ်းလှမ်းမှုရှိတာက သတင်းကောင်းပါ။ ကစားသမားတိုင်း အခုလိုအပြောင်းအရွှေ့ကာလမှာ သတင်းထွက်တတ်ပါတယ်။
ဒါပေမဲ့ ဒီအပြောင်းအရွှေ့ဖြစ်လာဖို့ဆိုတာက အရမ်းတောင်းဆိုမှု မြင့်မားမဲ့ကိစ္စပါ။ ဝက်တ်ကင်းစ်က ကျွန်တော်တို့ တိုက်စစ်မှူး ပါ”လို့ အမ်မရီက ပြောကြားခဲ့ပါတယ်။
ဗီလာဟာ စနေနေ့မှာ ဝုဗ်နဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး အာဆင်နယ်က မန်စီးတီးနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။
Source : goal.com