ယာမယ်လ်ကို မက်ဆီနဲ့နှိုင်းယှဉ်ခြင်း

ယာမယ်လ်ကို မက်ဆီနဲ့နှိုင်းယှဉ်ခြင်းက ရူးကြောင်ကြောင်နိုင်တယ်လို့ ဆိုလိုက်တဲ့ အိုလ်မို

ဘာစီလိုနာကွင်းလယ်လူ ဒန်နီအိုလ်မိုက အသင်းရဲ့လူငယ်ကြယ်ပွင့်ကစားသမား လာမိုင်းယာမယ်လ်ကို လီယွန်နယ်မက်ဆီလို ဘောလုံးလောကဂန္ထဝင်နဲ့ နှိုင်းယှဉ်နေခြင်းက ရူးကြောင်ကြောင်နိုင်လွန်းတယ်လို့ ပြောကြားလိုက်ပါတယ်။

ဘာစီလိုနာရဲ့ သမိုင်းတစ်လျှောက်ဂိုးသွင်းအများဆုံးကစားသမား မက်ဆီလိုပဲ ယာမယ်လ်ဟာ ကလပ်ရဲ့လူငယ်အကယ်ဒမီ လာမာစီယာမှ ထွက်ပေါ်လာခဲ့သူဖြစ်ပြီး မကြာခဏဆိုသလို အာဂျင်တီးနားဂန္ထဝင်နဲ့ နှိုင်းယှဉ်ခံနေရတာဖြစ်ပါတယ်။ သို့သော် ယာမယ်လ်ကိုယ်တိုင်ကလည်း သူ့ကိုမက်ဆီနဲ့နှိုင်းယှဉ်ဖို့မဖြစ်နိုင်သေးကြောင်း ပြောကြားထားခဲ့တာဖြစ်ပါတယ်။

အသက်-၁၈ နှစ်အရွယ်ကစားသမားဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ရီးရဲလ်အိုဗီဒိုကို ၃-၀ နဲ့ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ အသင်းအတွက် အံ့မခန်းသွင်းဂိုးတစ်ဂိုးကို နောက်ပြန်ကန်ချက်နဲ့ သွင်းယူပေးနိုင်ခဲ့ပါတယ်။ ယခုအခါမှာ အိုလ်မိုက “ယာမယ်လ်မှာ သူလျှောက်ရမဲ့လမ်းကြောင်းရှိနေတယ်ဆိုတာ သူကိုယ်တိုင်သိပါတယ်။ အခုကစားနေတဲ့ ဘယ်ကစားသမားကိုမဆို မက်ဆီနဲ့နှိုင်းယှဉ်တာကတော့ အတော်လေးရူးကြောင်ကြောင်နိုင်ပါတယ်”

ယာမယ်လ်က အံ့မခန်းကစားသမားပါ။ အသက်အရမ်းငယ်ပါသေးတယ်။ အခုသူပေးဆပ်နေတဲ့အရာတွေက မယုံနိုင်စရာကောင်းသလို အနာဂတ်မှာလည်း ဒီထက်မက အသင်းအတွက်ပေးဆပ်နိုင်မယ်လို့ထင်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။

ယာမယ်လ်ဟာ အသက်-၁၅ နှစ်အရွယ်မှာတင် ဘာစီလိုနာအသင်းကြီးအတွက် စတင်ပွဲထွက်ကစားခဲ့သူဖြစ်ပြီး လာလီဂါရဲ့အသက်အငယ်ဆုံးဂိုးသွင်းရှင်စံချိန်အပါအဝင် ဘောလုံးလောကရဲ့စံချိန်အများအပြားကို ချိုးဖျက်ထားသူဖြစ်ပါတယ်။ ကစားသမားဟာ စပိန်လက်ရွေးစင်အသင်းနဲ့အတူ ၂၀၂၄ ယူရိုချန်ပီယံရှစ်ဖလားကိုကိုင်မြှောက်နိုင်ခဲ့သလို၊ ပြီးခဲ့တဲ့ရာသီကလည်း ဘာစီလိုနာနဲ့အတူပြည်တွင်းဖလားအားလုံးကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ဆက်လက်ပြီး အိုလ်မိုက “သူက တည်ငြိမ်တဲ့ကစားသမားပါ။ သူ့မှာ သူ့လမ်းကြောင်းနဲ့ ကိုယ်ပိုင်အတွေးအခေါ်ရှိပါတယ်။ ကျွန်တော်တို့ကတော့ သူ့ကို ကူညီပေးနိုင်ဖို့ကြိုးစားရပါမယ်။ ဒါက ကျွန်တော်တို့ရဲ့အလုပ်ပါ” လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။

Source : https://www.goal.com

Loading

Leave a Reply

Your email address will not be published. Required fields are marked *