ရောဘတ်ဆင်နဲ့ ဆာလာတို့နေရာမှာ အစားထိုးဖို့ လီဗာပူးရဲ့ အပြောင်းအရွှေ့ စီမံကိန်းကို အာနယ် ဆလော့ ထုတ်ဖော်ပြောကြား
ဒီရာသီကုန်မှာ အသင်းကနေ ထွက်ခွာတော့မဲ့ အန်ဒီ ရောဘတ်ဆင်နဲ့ မိုဟာမက် ဆာလာတို့ရဲ့ နေရာမှာ ဘယ်လိုအစားထိုးသွားမလဲဆိုတာကို လီဗာပူးနည်းပြ အာနယ် ဆလော့က အရိပ်အမြွက် ပြောကြားလိုက်ပါတယ်။ အတွေ့အကြုံရင့် ကစားသမားနှစ်ဦး ထွက်ခွာသွားမှာ ဖြစ်ပေမဲ့ ဒီနွေရာသီမှာ အတွေ့အကြုံရင့်တဲ့ ကစားသမားတွေကို အသစ်ထပ်မံခေါ်ယူဖို့ လီဗာပူးဘက်က မမျှော်လင့်ထားဘူးလို့ ဆလော့က ဆိုပါတယ်။
အသက် ၃၂ နှစ်အရွယ် ရောဘတ်ဆင်ဟာ ၉ နှစ်ကြာ ကျင်လည်ခဲ့တဲ့ အန်ဖီးလ်ကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာတော့မယ်ဆိုတာကို ကြာသပတေးနေ့ညက အတည်ပြုခဲ့ပါတယ်။ သူဟာ ယာဂန် ကလော့ပ်နဲ့ ဆလော့တို့ လက်အောက်မှာ အဓိက ဆုဖလားတွေကို ဆွတ်ခူးနိုင်ခဲ့သူပါ။ အသက် ၃၃ နှစ်အရွယ် ဆာလာကလည်း ပြီးခဲ့တဲ့လကတည်းက ဒီနွေရာသီမှာ ထွက်ခွာတော့မဲ့အကြောင်း ပြောထားပြီးသား ဖြစ်ပါတယ်။ သူတို့နှစ်ဦး ထွက်ခွာသွားတာဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း လီဗာပူးရဲ့ အောင်မြင်မှုတွေကို တည်ဆောက်ပေးခဲ့တဲ့ အဓိက ကျောရိုးနှစ်ခု ဆုံးရှုံးသွားတာလည်း ဖြစ်ပါတယ်။

လီဗာပူးပိုင်ရှင် FSG ဟာ အသက်ကြီးတဲ့ ကစားသမားတွေအတွက် ငွေအမြောက်အမြား အသုံးပြုမယ့်အစား တိုးတက်လာမဲ့ အလားအလာရှိပြီး နောင်တစ်ချိန်မှာ ပြန်လည်ရောင်းချနိုင်ခြေရှိတဲ့ လူငယ်ကစားသမားတွေကို ခေါ်ယူတဲ့ နည်းဗျူဟာကိုပဲ နှစ်သက်တာ ကြာပါပြီ။ ဒါပေမဲ့ ဂျိမ်းစ် မီလ်နာ၊ ဝါတာရု အန်ဒိုနဲ့ သီယာဂို အယ်လ်ကန်တာရာတို့လို အတွေ့အကြုံရင့် ကစားသမားအချို့ကိုတော့ ချွင်းချက်အနေနဲ့ ခေါ်ယူခဲ့ဖူးတာတွေ ရှိပါတယ်။
လာမဲ့ရာသီမှာ အန်ဒို၊ အလစ်ဆန် ဘက်ကာ၊ ဗန်ဒိုက်နဲ့ ဂျိုး ဂိုးမက်ဇ်တို့ဟာ အသက် ၂၈ နှစ်အထက် ကစားသမားတွေအဖြစ် ကျန်ရှိနေမှာ ဖြစ်ပေမဲ့ သူတို့ထဲက တချို့ကလည်း အပြောင်းအရွှေ့စျေးကွက်မှာ အသင်းကနေ ထွက်ခွာဖွယ် ရှိနေပါတယ်။ ဆလော့ကတော့ လီဗာပူးအနေနဲ့ အခုလို ခက်ခဲတဲ့ ရာသီတစ်ခု ကြုံတွေ့နေရလို့ FSG ရဲ့ အပြောင်းအရွှေ့ မူဝါဒကို ပြောင်းလဲပစ်ဖို့ မရှိဘူးလို့ ယုံကြည်နေပါတယ်။
“ကျွန်တော်တို့ရဲ့ စံနမူနာက ရှင်းပါတယ်။ အန်ဒိုတို့၊ ချီဆာတို့လို ချွင်းချက်အနေနဲ့ အသက်ကြီးတဲ့သူ ခေါ်တာမျိုး ရှိနိုင်ပေမဲ့ ရလဒ်တွေ မကောင်းရုံနဲ့တော့ ကျွန်တော်တို့ရဲ့ အပြောင်းအရွှေ့ပုံစံကို အကုန်လုံး ပြောင်းလဲပစ်မှာ မဟုတ်ပါဘူး” လို့ ဆလော့က ပြောကြားခဲ့ပါတယ်။
Source : https://www.express.co.uk/
![]()





