အင်္ဂလန်နည်းပြ သောမတ်စ်တူချယ် စာချုပ်သစ်

အင်္ဂလန်နည်းပြ သောမတ်စ်တူချယ် ၂၀၂၈ အထိ စာချုပ်သက်တမ်းတိုး

အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ နည်းပြဖြစ်သူ သောမတ်စ်တူချယ်ဟာ အသင်းနဲ့အတူ ၂၀၂၈ ခုနှစ်အထိ ဆက်ရှိနေဖို့အတွက် စာချုပ်သစ်ကို တရားဝင်ချုပ်ဆိုလိုက်ပြီဖြစ်ကြောင်း အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်က ကြေညာလိုက်ပါတယ်။ အထူးသဖြင့် ၂၀၂၈ ခုနှစ်မှာ အင်္ဂလန်နိုင်ငံဟာ အိုင်ယာလန်၊ စကော့တလန်၊ ဝေးလ်နဲ့ မြောက်အိုင်ယာလန်တို့နဲ့ ပူးတွဲပြီး ယူရိုပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမှာဖြစ်လို့ အဆိုပါပြိုင်ပွဲအထိ တူချယ်က အသင်းကို ဆက်လက်တာဝန်ယူသွားမှာ ဖြစ်ပါတယ်။

သောမတ်စ်တူချယ်ဟာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလကတည်းက အင်္ဂလန်နည်းပြတာဝန်ကို စတင်ထမ်းဆောင်ခဲ့တာဖြစ်ပြီး၊ ယခုနှစ်မှာ ကျင်းပမဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက်လည်း အင်္ဂလန်အသင်းကို ခြေစစ်ပွဲ အောင်မြင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ခြေစစ်ပွဲ အုပ်စု (K) မှာ ၈ ပွဲကစား ၈ ပွဲလုံး အနိုင်ရရှိခဲ့သလို၊ သွင်းဂိုး ၂၂ ဂိုးအထိ သွင်းယူကာ ပေးဂိုးလုံးဝမရှိတဲ့ အံ့မခန်းစံချိန်ကောင်းနဲ့ အုပ်စုပထမနေရာကို ရယူပေးနိုင်ခဲ့တာပါ။ ဒါကြောင့်လည်း လာမဲ့ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်အသင်းဟာ ချန်ပီယံဆုအတွက် ရေပန်းအစားဆုံး အသင်းတစ်သင်းအဖြစ် သတ်မှတ်ခြင်း ခံထားရပါတယ်။

တူချယ်က သူရဲ့စာချုပ်သစ်နဲ့ ပတ်သက်ပြီး “အင်္ဂလန်အသင်းနဲ့အတူ သက်တမ်းတိုးပြီး ဆက်ရှိနေရမှာဖြစ်လို့ တကယ်ကို ဝမ်းသာဂုဏ်ယူမိပါတယ်။ အခုအချိန်အထိ ကျွန်တော့်ရဲ့ ကစားသမားတွေ၊ နည်းပြတွေနဲ့အတူ လက်တွဲလုပ်ကိုင်ရတဲ့ မိနစ်တိုင်းကို ကျွန်တော် တကယ်ကို မြတ်နိုးခဲ့ပါတယ်။ သူတို့ကို ဦးဆောင်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲဆီ သွားဖို့အတွက်လည်း တကယ်ကို စိတ်အားထက်သန်နေပါတယ်။ ဒါဟာ အခွင့်အရေးကောင်းတစ်ခုဖြစ်ပြီး နိုင်ငံသားတွေ ဂုဏ်ယူရအောင် အတတ်နိုင်ဆုံး ကြိုးစားသွားမှာပါ” လို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် သူက ဆက်လက်ပြီး “စီအီးအို မာ့ခ်ဘူလင်ဂမ်၊ အက်ဖ်အေက လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပရိသတ်တွေဆီကနေ အားပေးမှုတွေ အများကြီးရခဲ့လို့ ဒီလိုအိပ်မက်ဆန်တဲ့ အလုပ်ကို ဆက်လုပ်ဖို့ ကမ်းလှမ်းခံရတဲ့အခါ ချက်ချင်းပဲ သဘောတူခဲ့တာပါ။ ၂၀၂၈ ယူရိုပြိုင်ပွဲက တကယ့်ကို ထူးခြားတဲ့ ပြိုင်ပွဲတစ်ခု ဖြစ်လာမှာဖြစ်ပြီး အခုလို အကြီးမားဆုံးစင်မြင့်ပေါ်မှာ အကောင်းဆုံးအသင်းတွေနဲ့ ယှဉ်ပြိုင်ရတာဟာ နည်းပြတစ်ယောက်အတွက် အကောင်းဆုံးအတွေ့အကြုံပါပဲ” လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

တူချယ်နဲ့အတူ သူရဲ့ လက်ထောက်နည်းပြအဖွဲ့ဝင်တွေဖြစ်တဲ့ အန်တိုနီဘယ်ရီ၊ ဟင်းနရစ်ဟီလာရီယို၊ နီကိုမေယာနဲ့ ဂျိမ်းစ်မယ်လ်ဘုန်းတို့ကလည်း အသင်းမှာ နောက်ထပ် ၂ နှစ် ဆက်ရှိနေဖို့ စာချုပ်သစ် ချုပ်ဆိုခဲ့ကြပါတယ်။

Source : https://www.skysports.com/

Loading

Leave a Reply

Your email address will not be published. Required fields are marked *