
ဗီလိန်က ပိုကောင်းနေတဲ့ ရုပ်ရှင် | Jailer (2023)
ဇာတ်လမ်းဇာတ်ကွက်လည်း ကောင်းရမယ်၊ စုံထောက်အက်ရှင်လည်း ဖြစ်ရမယ်၊ ဒရာမာတွေလည်း ပါမှကြည့်ချင်တယ် ဆိုတဲ့သူတွေအတွက် လတ်တလောလေးကမှ အကြည် ထွက်ထားတဲ့ တမီလ်ရုပ်ရှင် ” Jailer ” ကို ညွှန်းလည်းညွှန်း၊ review လည်း ရေးလိုက်ပါတယ်။

ဇာတ်လမ်းအကျဥ်းက Muthuvel Pandian လို့ ခေါ်တဲ့ ဘိုးတော်တစ်ယောက်က ဇနီးဖြစ်သူနဲ့အတူ သား၊ ချွေးမနဲ့ မြေးဖြစ်သူတို့နဲ့အတူ နေ့ရက်တိုင်းကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေပါတယ်။ သားက တာဝန်ကျေတဲ့ ရဲတစ်ယောက်ဖြစ်တာမို့ တစ်ရက်မှာ တာဝန်ထမ်းဆောင်ရင်း ရုတ်တရက် ပျောက်သွားတယ်။ သားပျောက်လိုက်ရှာရင်းနဲ့ ဘိုးတော်ရဲ့ သရုပ်မှန်နဲ့အတူ တုန်လှုပ်ခြောက်ခြားစရာကောင်းတဲ့ အမှန်တရားတွေပါ ပေါ်ပေါက်လာခဲ့ပါတယ်။
ဒီ ‘Jailer’ ရုပ်ရှင်မှာဆိုရင် အိန္ဒိယရုပ်ရှင်လောကထဲက ထိပ်တန်းသရုပ်ဆောင် တော်တော်များများက ပါဝင်အားဖြည့်ထားကြတဲ့အပြင် သူတို့တတွေ အပြိုင်ကြဲကြပုံကို အဝကြည့်ရမှာပါ။ အထင်ကရ သရုပ်ဆောင်တွေရဲ့ စွမ်းရည်တွေကို ဝေဖန်ရရင် ဒီရုပ်ရှင်ကြည့်နေချိန်မှာ ခံစားချက်နှစ်ခုကို အလိုလိုရနေတတ်ပါတယ်။ (Shivaraj Kumar, Mohalal နဲ့ Jackie Shroff လို ဆိုင်ရာ wood ကိုယ်စီက ထိပ်သီးသရုပ်ဆောင်တွေကို cameo အနေနဲ့ နေရာပေးထားပေမယ့် ဇာတ်ကောင်အရပြောရရင် အရေးပါတဲ့ဇာတ်ကောင်တွေပါပဲ)
ပထမတစ်ခုက ဒီလို သရုပ်ဆောင်စွမ်းရည် ပြည့်ဝတဲ့အတွက် သူတို့သရုပ်ဆောင်တာတွေက အားပါတဲ့အပြင် ဇာတ်ကောင်နဲ့ သရုပ်ဆောင်တွေက တကယ်လိုက်ဖက်မှု ရှိနေပါတယ်။ ဒုတိယတစ်ခုက ဒီလို သရုပ်ဆောင်တွေ အားမာန်အပြည့် သရုပ်ဆောင်တဲ့အခါမှာ လိုတာထက် ပိုသွားပြီး ဘိုးတော်က သွေးအေးတဲ့ပုံစံနဲ့ ရယ်ပြတာကို ကြောင်တောင်တောင်တွေ ထလုပ်နေတာပါလားဆိုတဲ့ cringe တဲ့ ခံစားချက်ကို ဖြစ်ပေါ်စေနေပြန်ပါတယ်။ ကျန်တာတစ်ခုက ဘယ်လိုပဲ သရုပ်ဆောင်တွေ ကောင်းပါစေ၊ ဇာတ်လမ်းသဘောအရ ဘိုတော်တစ်ယောက်တည်းကိုပဲ ဦးတည်တာမို့ ဗီလိန်ကလွဲရင် ကျန်တဲ့လူတွေက မှိန်သွားသယောင် ဖြစ်သွားစေပါတယ်။
ဇာတ်လမ်း သဘောက ဖန်တရာလည်းတေ၊ ရိုးလည်း မရိုးဘူးလို့ ပြောရမယ့် ဇာတ်မျိုးပါပဲ။ လူဆိုးတွေက လူတစ်ယောက်ကို အထင်သေးပြီး သွားရန်စတယ်၊ တကယ်တမ်း သူတို့ရန်စမိတဲ့သူက ရေမြွေမဟုတ်ပဲ မြွေဟောက်ဖြစ်နေတယ်ဆိုတဲ့ အကွက်မျိုးပါ။
ဒါပေမယ့် ဇာတ်လမ်းသဘောက ရိုးသယောင်ထင်ရပေမဲ့ ရှေးက ဆင်တူယိုးမှား ဇာတ်လမ်းတွေကနေ ကွဲထွက်နေပြီး အဓိက ဇာတ်ကောင်က ဘယ်လိုလူမျိုးလဲ၊ ဘယ်လိုတောင် ရက်စက်လဲ ဆိုတာကို ပိုင်ပိုင်နိုင်နိုင် ချပြသွားနိုင်ခဲ့ပါတယ်။ မင်းသားကြီး Rajinikanth ဆိုရင် ဘိုးတော် ဇာတ်ကောင် Muthuvel Pandian မှာ သရုပ်ဆောင်တာဆို တကယ် ချီးကျူးစရာပါပဲ။

သို့သော်ငြားလည်း ‘Jailer’ ရုပ်ရှင်မှာ အဓိက ဇာတ်ကောင်ထက်ကို ပိုကြိုက်မိတယ်။ ပိုသဘောကျမိတာက ဗီလိန်ဇာတ်ကောင် Varman ပါ။ Varman နေရာမှာ သရုပ်ဆောင်တဲ့ မင်းသား Vinayakan ဆိုရင် သူ သရုပ်ဆောင်ဖို့အတွက် ဒီဇာတ်ကောင်ကို ဖန်တီးထားတာလားဆိုပြီး ချီးကျူးရတဲ့ အထိပါပဲ။ သူသာ ဒီရုပ်ရှင်မှာ screentime ပိုရခဲ့ရင် သူ သရုပ်ဆောင်နိုင်ခဲ့တာထက် ပိုတဲ့ အရာတွေကို လုပ်ပြနိုင်ဦးမယ်လို့ ယုံကြည်ပါတယ်။ ခက်တာက အိန္ဒိယမှာလည်း ဗီလိန်နဲ့ ဟီးရိုးကို runtime အတူတူပေးတာကခေတ်မစားသေးတဲ့အပြင် Rajinikanth ရဲ့ အရှိန်ကြောင့် Vinayakan ကို နည်းနည်းလေး role ကျသလိုဖြစ်စေခဲ့တယ်။
အိန္ဒိယ ရုပ်ရှင်ပရိသတ်တွေအနေနဲ့ ဇာတ်လမ်းကောင်းကောင်း၊ အက်ရှင်ကြမ်းကြမ်းကိုမှ တမ်းတနေတယ်ဆိုရင် တမီလ်ရုပ်ရှင် ‘Jailer’ ကို မဖြစ်မနေ ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။
‘Jailer’ က ပရိသတ်တွေအတွက် အချိန်ကုန်ရကျိုး၊ ကြည့်ရကျိုးနပ်မယ်ဆိုတာ အသေအချာပါပဲ။ ဒါ့အပြင် Jailer မှာ ဒါရိုက်တာ Nelson တစ်ယောက် Beast တုန်းက အမှားတွေကို ပြန်ပြင်ပြီး ဇာတ်လမ်းကိုသေချာတည်ဆောက်ထားပေးပြီး third act မှာ သေချာအဆုံးသတ်ပေးထားတယ်။
Bollywood က Dhoom မင်းသား Abhishek Bachchan တစ်ခါပြောဖူးတယ်၊ အိန္ဒိယ industry မှာ Rajinikanth ကို မှီအောင်လိုက်နိုင်တဲ့လူမရှိသေးဘူး တဲ့။ အခု Jailer က Abhishek Bachchan ကို တစ်ဝက်သက်သေပြလိုက်တယ်လို့ပြောရမှာပါပဲ။
MVE Score: 7/10
၂၄-နာရီဝန်ဆောင်မှုအပြည့်နဲ့ ကိုယ်တိုင် ငွေသွင်း/ ငွေထုတ်လုပ်ရပြီး အလျော်ကြမ်းနေတဲ့ ဂိမ်းဆိုဒ်မှာ အကောင့် အခမဲ့ ပြုလုပ်ရန် စိတ်ဝင်စားပါက – Link