လီဗာပူး မှာ အာနေး စလော့ ရဲ့ အနာဂတ် လှုပ်ခတ်နေပြီလား? FSG ရင်ဆိုင်နေရတဲ့ အကျပ်အတည်း
လီဗာပူး အသင်းပိုင်ရှင် Fenway Sports Group (FSG) ဟာ ရင်းနှီးပြီးသား အကျပ်အတည်းတစ်ခုနဲ့ ပြန်လည်ရင်ဆိုင်နေရပါတယ်။ ပရီးမီးယားလိဂ် ချန်ပီယံဟောင်း လီဗာပူး အသင်းရဲ့ ခြေစွမ်းက သိသိသာသာ ကျဆင်းလာပြီး ပရိသတ်တွေရဲ့ မကျေနပ်မှုတွေ မြင့်တက်လာတာကြောင့် FSG အနေနဲ့ နည်းပြချုပ် အာနေး စလော့ ကို ဘယ်လိုဆက်လုပ်မလဲဆိုတာ ဆုံးဖြတ်ရတော့မှာပါ။
လီဗာပူး နဲ့ အင်္ဂလန် ကွင်းလယ်လူဟောင်း ဒန်နီ မာဖီ ကတော့ BBC Sport ကို ပြောကြားရာမှာ အာနေး စလော့ အပေါ် ပရိသတ်အများအပြားက ယုံကြည်မှုပျောက်ဆုံးနေပြီဖြစ်ပြီး လပိုင်းအတွင်းမှာပဲ ဒီဒတ်ခ်ျလူမျိုးနည်းပြ အသင်းကနေ ထွက်ခွာရလိမ့်မယ်လို့ သူ ခံစားနေရကြောင်း ပြောခဲ့ပါတယ်။
အသင်းပိုင်ရှင်တွေဟာ ဒီလိုအခြေအနေမျိုးကို အရင်ကလည်း ကြုံဖူးပါတယ်။ ၂၀၁၅ ခုနှစ်တုန်းက ဘရန်ဒန် ရော့ဂျာ ဟာ အခု အာနေး စလော့ လိုမျိုး ပြီးခဲ့တဲ့ရာသီက ချန်ပီယံဆု ရယူပေးထားနိုင်တဲ့ အကြွေးမျိုးမရှိဘဲ ပရိသတ်တွေရဲ့ ငြိုငြင်မှုကိုခံခဲ့ရပါတယ်။ အဲ့ဒီတုန်းက ရာသီအပိတ်ပွဲမှာ စတုတ်စီးတီး ကို ၆-၁ နဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့ပြီး ချန်ပီယံ ချဲလ်ဆီး ရဲ့ နောက် ၂၅ မှတ်အကွာ အဆင့် ၆ နဲ့သာ ဇယားကို အဆုံးသတ်ခဲ့ရပါတယ်။

အဓိကအသင်းပိုင်ရှင် ဂျွန် ဒဗလျူ ဟင်နရီ နဲ့ ဥက္ကဋ္ဌ တွမ် ဝါနာ တို့ ဦးဆောင်တဲ့ FSG အနေနဲ့ ၂၀၁၄ ခုနှစ်မှာ အန်ဖီးလ် ဆီကို ချန်ပီယံဆု သယ်ဆောင်လာပေးလုနီးပါးဖြစ်ခဲ့တဲ့ နည်းပြကို ဆက်ထားမလား၊ အပြောင်းအလဲ လုပ်မလားဆိုတာ ဆုံးဖြတ်ခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ ဘရန်ဒန် ရော့ဂျာ ကို ဆက်လက်ယုံကြည်ခဲ့ပေမဲ့ နောက်ကွယ်က နည်းပြအဖွဲ့ဝင်တွေကိုတော့ အသစ်ပြန်ဖွဲ့ခဲ့ပါတယ်။
ဘရန်ဒန် ရော့ဂျာ ကို ကစားသမားသစ်တွေ ခေါ်ယူဖို့ ငွေကြေးအမြောက်အမြား ထောက်ပံ့ပေးခဲ့ပြီး အက်စတွန်ဗီလာ က ခရစ်စတီယန် ဘန်တီကေး ကို ပေါင် ၃၂.၅ သန်း၊ ဟော့ဖန်ဟင်မ် ကနေ ရော်ဘတ်တို ဖာမီနို ကို ပေါင် ၂၉ သန်းနဲ့ ခေါ်ယူပေးခဲ့ပါတယ်။ တစ်ဖက်မှာလည်း ရာဟင်း စတာလင် ကို မန်ချက်စတာစီးတီး ဆီ ပေါင် ၄၉ သန်းနဲ့ ရောင်းချခဲ့ပါတယ်။
ဒါပေမဲ့ ဒီအစီအစဉ်က မအောင်မြင်ခဲ့ဘဲ အောက်တိုဘာလအစောပိုင်းမှာပဲ ဘရန်ဒန် ရော့ဂျာ ရာထူးက ထုတ်ပယ်ခံခဲ့ရပြီး ယော်ဂန် ကလော့ပ် နဲ့ အစားထိုးခဲ့ပါတယ်။ အဲ့ဒါဟာ အောင်မြင်မှု ခေတ်သစ်တစ်ခုရဲ့ အစဖြစ်ခဲ့ပြီး လီဗာပူး ဟာ ၂၀၁၉ မှာ ချန်ပီယံလိဂ် နဲ့ နောက်တစ်နှစ်မှာ ဆယ်စုနှစ် သုံးခုအတွင်း ပထမဆုံး အမှတ်ပေးဖလားကို ရရှိခဲ့ပါတယ်။
ဒါဆို အခုအချိန်မှာ FSG ဘာဆက်လုပ်မလဲ? ပြီးခဲ့တဲ့ နွေရာသီက ကစားသမားခေါ်ယူမှုအတွက် ပေါင် ၄၅၀ သန်း အသုံးပြုခဲ့တဲ့ နည်းပြကို ဆက်ပြီး ယုံကြည်မလား၊ ဒါမှမဟုတ် အရှုံးဖြတ်ပြီး အသစ်ကနေ ပြန်စမလား?။
ဇာဘီ အလွန်ဆို ရဲ့ အခြေအနေက ရွေးချယ်စရာ ဖြစ်လာမလား?။
လက်ရှိမှာတော့ FSG အနေနဲ့ အာနေး စလော့ ကို ထုတ်ပယ်ဖို့ အစီအစဉ်ရှိတယ်ဆိုတဲ့ အရိပ်အယောင် မရှိသေးပါဘူး။ ဒါပေမဲ့ လီဗာပူး ပရိသတ်တွေရဲ့ ကန့်ကွက်သံတွေကတော့ ပိုကျယ်လောင်လာနေပါတယ်။ ပြီးခဲ့တဲ့ စနေနေ့က ချဲလ်ဆီး နဲ့ ၁-၁ သရေကျခဲ့တဲ့ပွဲမှာ အန်ဖီးလ် ကွင်းအတွင်းက အခြေအနေတွေဟာ တော်တော်လေး ဆိုးရွားခဲ့ပါတယ်။
အခုဆိုရင် ကော့ပ် ပရိသတ်တွေရဲ့ ပါးစပ်ဖျားမှာ လီဗာပူး ကွင်းလယ်လူဟောင်း ဇာဘီ အလွန်ဆို ရဲ့ နာမည်က ရေပန်းစားနေပါပြီ။
ဇာဘီ အလွန်ဆို ဟာ အန်ဖီးလ် မှာ ကစားသမားဘဝနဲ့ အောင်မြင်ခဲ့လို့ ပရိသတ်တွေကြားမှာ အရမ်းလူကြိုက်များသူဖြစ်ပြီး ဘေယာ လေဗာကူဆင် နဲ့ ဘွန်ဒက်လီဂါ ချန်ပီယံဆုကို ရယူပေးထားနိုင်သူပါ။
ဒန်နီ မာဖီ ကတော့ ပရိသတ်တွေရဲ့ ကန့်ကွက်မှုတွေကြောင့် အာနေး စလော့ ထွက်ခွာရမှာက အချိန်ပြဿနာပဲလို့ ယုံကြည်နေပါတယ်။
ဒန်နီ မာဖီ က ဘရန်ဒန် ရော့ဂျာ မထုတ်ပယ်ခံရခင် နည်းပြအဖွဲ့သစ်မှာ ပါဝင်ဖို့ လူတွေ့စစ်ဆေးခံခဲ့ဖူးကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ သူက BBC Sport ကို “စလော့ က ချန်ပီယံဆု ရဖူးတယ်၊ ဒါပေမဲ့ ကလပ်အသင်းကြီးတစ်ခုမှာ ပရိသတ်တွေက ကိုယ့်ဘက်မှာ မရှိတော့ဘူးဆိုရင် ပြန်ထိန်းဖို့ တော်တော်ခက်သွားပြီ။ နိုင်ရုံတင်မကဘဲ ပရိသတ်တွေ မျှော်လင့်တဲ့ ပုံစံမျိုးနဲ့ပါ ကစားပြနိုင်မှ ရမှာပါ” လို့ ပြောခဲ့ပါတယ်။
အခုအခြေအနေဟာ ၂၀၁၀-၁၁ တုန်းက ရွိုင်း ဟော့ပ်ဆန် ရဲ့ ခြောက်လတာကာလ ဒါမှမဟုတ် ဘရန်ဒန် ရော့ဂျာ ရဲ့ နောက်ဆုံးလတွေက အခြေအနေမျိုးနဲ့ ဆင်တူနေပါတယ်။
ဒန်နီ မာဖီ က “အခုအချိန်မှာ အသင်းကို တာဝန်ယူနိုင်မဲ့သူ ရှိနေဖို့ လိုပါတယ်။ အထင်ရှားဆုံးကတော့ အားလုံးသိတဲ့ ဇာဘီ အလွန်ဆို ပါပဲ။ သူက ပရိသတ်တွေရဲ့ ထောက်ခံမှုကို ရထားပြီးသားပါ” လို့ ဆက်ပြောပါတယ်။
ဇာဘီ အလွန်ဆို ကို ချဲလ်ဆီး ကလည်း စိတ်ဝင်စားနေပေမဲ့ မာဖီ ကတော့ လီဗာပူး အနေနဲ့ ပိုပြီး ရည်မှန်းချက်ကြီးကြီးထားကာ လက်ရှိ ပဲရစ်စိန့်ဂျာမိန်း နည်းပြ လူးဝစ် အင်းနရစ်ကေး ကို ပစ်မှတ်ထားသင့်တယ်လို့ ယူဆနေပါတယ်။
အာနေး စလော့ အတွက် စာနာစရာ အချက်တွေလည်း ရှိပါတယ်။ နွေရာသီမှာ ကစားသမား အပြောင်းအလဲတွေ အများကြီး လုပ်ခဲ့ရသလို ထရန့် အလက်ဇန္ဒား အာနိုး နဲ့ လူးဝစ် ဒီယက်ဇ် တို့လို ကစားသမားကောင်းတွေကို အစားထိုးခဲ့ရပါတယ်။ နောက်ပြီး ဘယ်သူမှ မထင်မှတ်ထားတဲ့ ဆာလာ ရဲ့ ခြေစွမ်းကျဆင်းမှုကလည်း ပြဿနာတစ်ခုပါ။
ဒါ့အပြင် ဒီယိုဂို ဂျိုတာ ကွယ်လွန်ခဲ့တဲ့ ဝမ်းနည်းစရာ ဖြစ်ရပ်လည်း ရှိခဲ့သလို ကွင်းထဲမှာလည်း အစကတည်းက အဆင်မပြေခဲ့ပါဘူး။ ကစားသမားသစ်တွေဖြစ်တဲ့ ဟူဂို အီကီတီကေး ကလွဲလို့ ကျန်တဲ့သူတွေဟာ လီဗာပူး မှာ ကစားရတဲ့ဖိအားကို မကျော်လွှားနိုင်ကြပါဘူး။ အလက်ဇန္ဒား အိုက်ဆက် က ဒဏ်ရာရနေပြီး ဖလော်ရီယန် ဝါ့တ်ဇ် ကလည်း ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရပါတယ်။
ဒန်နီ မာဖီ က “စလော့ ရဲ့ အချိန်ကုန်ဆုံးသွားပြီလို့ ကျွန်တော် ထင်ပါတယ်။ သူက လူကောင်းတစ်ယောက်ဖြစ်သလို တော်တဲ့နည်းပြလည်း ဖြစ်ပေမဲ့ လီဗာပူး ပရိသတ်တွေရဲ့ အားက တော်တော်ပြင်းပါတယ်။ ပရိသတ်တွေက နည်းပြတစ်ယောက်ကို ကျောခိုင်းသွားပြီးမှ ပြန်လက်ခံတာမျိုး ကျွန်တော် မကြုံဖူးသေးဘူး” လို့ သုံးသပ်ခဲ့ပါတယ်။
Source : https://www.bbc.com/
![]()





