
ဂန်းနားတို့နဲ့ ဆက်ပြီးမခမ်းနားနိုင်တော့တဲ့ သောမတ်စ်ပါတေး
အာဆင်နယ်ကွင်းလယ်လူ သောမတ်စ်ပါတေး ကတော့ အသင်းနဲ့ စာချုပ်သစ်ညှိနှိုင်းမှုအဆင်မပြေတာကြောင့် မြောက်လန်ဒန်ကလပ်ကနေ ထွက်ခွာနိုင်ခြေများနေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ ESPN ရဲ့ ဖော်ပြချက်အရ ပါတေးဟာ အာဆင်နယ်အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ ဆွေးနွေးမှုတွေ အဆင်မပြေဖြစ်ခဲ့ပြီးနောက်မှာ ဂန်းနားတို့နဲ့ လမ်းခွဲရဖို့ အခြေအနေဟာ ပိုမိုနီးကပ်လာနေပြီး ယခုလကုန်လောက်မှာပဲ အသင်းကနေထွက်ခွာဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။
အာဆင်နယ်အသင်းဘက်ကို ပါတေးကိုပေးနေတဲ့ လက်ရှိလုပ်ခလစာအတိုင်းပဲ ဆက်လက်ကမ်းလှမ်းခဲ့ပေမဲ့ ဂါနာလက်ရွေးစင်ဟာ တစ်ပတ်ကို ပေါင် ၂ သိန်းဝန်းကျင်ထပ်တိုးလိုချင်နေတယ်လို့ သိရပါတယ်။ ဒီအခြေအနေတွေကြောင့်ပဲ စာချုပ်သစ်ညှိနှိုင်းမှုဟာအဆင်မပြေဖြစ်နေခဲ့ပြီး တစ်ဖက်မှာလည်း အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာဖွယ်ရှိနေတဲ့ ပါတေးကို ဥရောပကလပ်အသင်းတော်တော်များများက ခေါ်ယူဖို့စိတ်ဝင်စားနေပါတယ်။
စပိန်ဘီလူးကြီးတွေဖြစ်တဲ့ ဘာစီလိုနာအသင်းနဲ့ အက်သလက်တီကိုမက်ဒရစ်အသင်းတွေကလည်း ဂါနာလက်ရွေးစင်ရဲ့ စာချုပ်သစ် ညှိနှိုင်းမှုအခြေအနေကို အနီးကပ်စောင့်ကြည့်နေပြီး ခေါ်ယူဖို့ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။ ပါတေး ကတော့ လာလီဂါအသင်းတွေရဲ့ စိတ်ဝင်စားမှုကိုခံနေရပေမဲ့ လက်ရှိမှာ ဖီနာဘာချီအသင်းနဲ့ ဆွေးနွေးမှုတွေ လုပ်နေတယ်လို့ သတင်းတွေ ထွက်နေပါတယ်။
စီးရီးအေကလပ် အေစီမီလန်အသင်းနည်းပြသစ် အယ်လီဂရီ ကလည်း ကွင်းလယ်အင်အား ဖြည့်တင်းဖို့အတွက် ပါတေး မျက်စိကျနေတယ်လို့ ဆိုပါတယ်။ အာဆင်နယ်နည်းပြ အာတီတာကတော့ လာမဲ့ ၂၀၂၅ – ၂၀၂၆ ဘောလုံးရာသီအတွက် အသင်းရဲ့ကွင်းလယ်ပိုင်းအတွက် ကစားသမားအစုအဖွဲ့ကို အကောင်းဆုံး ပြန်လည်တည်ဆောက်နေပြီး ရီးရဲလ်ဆိုစီဒက်ကြယ်ပွင့် မာတင် ဇူဘီမန်ဒီကိုလည်း ခေါ်ယူထားနိုင်ခဲ့ပြီဖြစ်တာကြောင့် ပါတေးကို အသင်းမှာ ဆက်ထိန်းထားဖို့ ရာခိုင်နှုန်းနည်းပါတယ်။
စပိန်ကွင်းလယ်ကစားသမားဟာ ဂန်းနားတို့ရဲ့ ကွင်းလယ်လိုအပ်ချက်ကို ဖြေရှင်းနိုင်မဲ့ ကစားသမားမျိုး ဖြစ်တာကြောင့် အာတီတာရဲ့ နည်းဗျူဟာပိုင်းနဲ့ နည်းစနစ်ပိုင်းတွေမှာ ရေရှည်အံဝင်ခွင်ကျ ဖြစ်နေစေမဲ့ ရွေးချယ်မှုတစ်ခု ဖြစ်နိုင်ပါတယ်။
Source : espn.com