အမှတ်တွေ ထပ်လျော့နိုင်သေးတယ်လို့ ပက်ဂွါဒီယိုလာသတိပေး

ပရီးမီးယားလိဂ်ချန်ပီယံလုပွဲမှာ အမှတ်တွေ ထပ်လျော့နိုင်သေးတယ်လို့ ပက်ဂွါဒီယိုလာ သတိပေး

မန်စီးတီးအသင်းရဲ့ နည်းပြဖြစ်သူ ပက်ဂွါဒီယိုလာက ပြီးခဲ့တဲ့ညပိုင်းကကစားခဲ့တဲ့ နယူးကာဆယ်နဲ့ပွဲစဉ်မှာ ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပေမဲ့လည်း အာဆင်နယ်အသင်းနဲ့ အပြိုင်ဖြစ်နေတဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆု ဖလားလုပွဲမှာ သူ့အသင်းရဲ့ရမှတ်တွေ ထပ်မံလျော့ပါးသွားနိုင်ချေရှိသေးတယ်လို့ ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

အဆိုပါ နယူးကာဆယ်ကို အနိုင်ရရှိခဲ့တဲ့ရလဒ်ကြောင့် လက်ရှိမှာ မန်စီးတီးအသင်းဟာ ဇယားထိပ်ဆုံးက အာဆင်နယ်အသင်းနဲ့ နှစ်မှတ်အကွာကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းကတော့ ဒီနေ့ တနင်္ဂနွေနေ့မှာ တော့တင်ဟမ်အသင်းနဲ့ အကြိတ်အနယ်ရှိလှတဲ့ မြောက်လန်ဒန်ဒါဘီပွဲစဉ်ကို ရင်ဆိုင်ယှဉ်ပြိုင်သွားရမှာပါ။

လက်ရှိခြေစွမ်းအရ ဂွါဒီယိုလာရဲ့ မန်စီးတီးဟာ ပရီးမီးယားလိဂ် နောက်ဆုံးသုံးပွဲဆက်တိုက် အနိုင်ရလဒ်ကို ဖော်ဆောင်ထားနိုင်ပြီး အာဆင်နယ်ကတော့ နောက်ဆုံးကစားခဲ့တဲ့ ခုနစ်ပွဲမှာ နှစ်ပွဲသာအနိုင်ရရှိထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ကျန်ရှိနေသေးတဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၁ ပွဲစလုံးကို အနိုင်ရဖို့ဆိုတာ မန်စီးတီးအတွက် မလွယ်ကူလှဘူးလို့ ပက်ဂွါဒီယိုလာက ရှုမြင်နေပါတယ်။

“ဒီနေ့အခြေအနေအရ မနက်ဖြန် ဘာဆက်ဖြစ်မယ်ဆိုတာ ကျွန်တော်အတိအကျ မသိနိုင်ပါဘူး။ ဒါပေမဲ့ အခုနိုင်ပွဲကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အက်စတွန်ဗီလာချဲလ်ဆီးတို့ထက် နှစ်မှတ်ပိုသာသွားသလို ဇယားထိပ်ပိုင်းနဲ့လည်း ပိုနီးစပ်လာတာက တကယ်ကို ကောင်းမွန်တဲ့ လက္ခဏာပါပဲ” လို့ ပွဲအပြီးမှာ သူက ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ဂွါဒီယိုလာက ရှေ့ဆက်လာမဲ့အပြောင်းအလဲတွေနဲ့ ပတ်သက်ပြီး “အပြောင်းအလဲတွေ အများကြီး ထပ်ဖြစ်လာဦးမယ်ဆိုတာ ကျွန်တော် အာမခံနိုင်ပါတယ်။ ကျွန်တော်တို့လည်း ပွဲတိုင်းကို အနိုင်ရဖို့ဆိုတာ မလွယ်ကူဘူးလို့ ခံစားရပါတယ်။ အက်ဖ်အေဖလားပွဲစဉ်တွေ၊ ချန်ပီယံလိဂ်ပွဲစဉ်တွေလည်း ရှိနေသေးသလို ခရီးဝေးသွားရောက် ကစားရတာတွေ၊ ကစားသမား ဒဏ်ရာပြဿနာတွေလည်း ကြုံလာရနိုင်ပါတယ်။ ဒါကြောင့် အများကြီး ဖြစ်လာဦးမှာပါ” လို့ ထပ်လောင်း သတိပေးခဲ့ပါတယ်။

ဂွါဒီယိုလာက အသင်းအနေနဲ့ လောလောဆယ်မှာ အနားယူပြီး လိဒ်စ်အသင်းနဲ့ ကစားရမဲ့ပွဲစဉ်ကိုသာ အာရုံစိုက်ထားဖို့ တိုက်တွန်းထားပါတယ်။ နယူးကာဆယ်နဲ့ ပွဲစဉ်ဟာ ပြီးပြည့်စုံတဲ့ ပွဲတစ်ပွဲမဟုတ်ခဲ့ပေမဲ့လည်း အသင်းလိုက် စုစည်းမှုရှိရှိ ကစားနိုင်ခဲ့တာကိုတော့ သူက ကျေနပ်အားရနေပါတယ်။ ရှေ့လျှောက် အမှတ်ပေးဇယား ထိပ်ဆုံးကို တက်လှမ်းနိုင်ဖို့အတွက် အသင်းလိုက် စည်းလုံးမှုဟာ အဓိကကျတယ်လို့ သူက ကောက်ချက်ချသွားခဲ့ပါတယ်။

Source : https://www.skysports.com/

Loading

Leave a Reply

Your email address will not be published. Required fields are marked *