ရော်နယ်ဒို ဆီ ဘောလုံးပေးရမဲ့ ဖိအားမျိုး ပေါ်တူဂီမှာမရှိ

ခရစ်စတီယာနို ရော်နယ်ဒို ဆီကိုပဲ ဘောလုံးပေးနေရမယ်ဆိုတဲ့ ဖိအားမျိုး ပေါ်တူဂီအသင်းမှာ မရှိဘူးလို့ ကွန်စီကာအို ဖွင့်ဟ

၂၀၂၆ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း ပေါ်တူဂီအသင်းအနေနဲ့ ကွင်းထဲမှာ ခရစ်စတီယာနို ရော်နယ်ဒို တစ်ယောက်တည်းဆီကိုပဲ အမြဲတမ်း ဘောလုံးပေးနိုင်ဖို့ ရှာဖွေနေရမယ်ဆိုတဲ့ အယူအဆတွေကို တိုက်စစ်မှူး ဖရန်စစ္စကို ကွန်စီကာအို က တနင်္ဂနွေနေ့မှာ ငြင်းဆိုလိုက်ပါတယ်။

“ကျွန်တော်တို့ သူ့ဆီ ဘောလုံးပေးရမယ်ဆိုတဲ့ ဘယ်လိုတာဝန်မျိုး၊ လိုအပ်ချက်မျိုးမှ မရှိပါဘူး။ ခရစ်စတီယာနို ဟာ နေ့တိုင်း နေ့တိုင်းမှာ နောက်ဆုံးလေ့ကျင့်ရေးအစီအစဉ်အတိုင်း လုပ်ဆောင်နေသလိုမျိုး ပြသနေတဲ့ သူ့ရဲ့ဆာလောင်မှုတွေကြောင့် အားလုံးအတွက် စံပြပုဂ္ဂိုလ်တစ်ဦးဖြစ်ပါတယ်” လို့ ကွန်စီကာအို က ပြောကြားခဲ့ပါတယ်။

ပေါ်တူဂီအသင်းဟာ အုပ်စုအဖွင့်ပွဲစဉ်မှာ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ (ကွန်ဂို ဒီအာရ်) အသင်းနဲ့ ၁-၁ သရေကျခဲ့ပြီးနောက် ဝေဖန်ရေးသမားတွေရဲ့ ပစ်မှတ်ထားခြင်းကို ပေါ်တူဂီအသင်းနဲ့ ရော်နယ်ဒို တို့ ကြုံတွေ့ခဲ့ရတာပါ။

နည်းပြ ရောဘတ်တို မာတီးနက်ဇ် ရဲ့ ပေါ်တူဂီအသင်းဟာ ပြိုင်ပွဲရဲ့ ပထမဆုံးနိုင်ပွဲကို ရှာဖွေဖို့အတွက် ဟူစတန်မှာ ကစားရမဲ့ ယူဇဘက်ကစ္စတန် အသင်းနဲ့ အင်္ဂါနေ့ အရေးကြီး အုပ်စု (K) ပွဲစဉ်အတွက် ပြင်ဆင်မှုအဖြစ် တနင်္ဂနွေနေ့မှာ လေ့ကျင့်ရေးကွင်းဆီ ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။

ဖလော်ရီဒါပြည်နယ်၊ ပလမ်ဘိချ်မှာ ပြုလုပ်တဲ့ လေ့ကျင့်ရေးမတိုင်မီ သတင်းစာရှင်းလင်းပွဲမှာ ကွန်စီကာအို က ဂိုးသွင်းယူတဲ့နေရာမှာဆိုရင် ရော်နယ်ဒို လို လူမျိုး “ဘယ်သူမှမရှိ” ကြောင်းနဲ့ ဒီဝါရင့်တိုက်စစ်မှူးဟာ အခြားကစားသမားတွေလိုပဲ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ “အသင်းကို ကူညီဖို့” ရောက်ရှိနေတာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

“မဟုတ်ပါဘူး၊ ခရစ်စတီယာနို က ဂိုးသွင်းနိုင်တဲ့ သူ့ရဲ့အရည်အသွေးနဲ့ဆိုရင် ဒီအပိုင်းမှာ သူ့လိုလူမျိုး ဘယ်သူမှရှိမယ်မထင်ပါဘူး။ ပြီးတော့ ကျွန်တော်တို့မှာ သူ့ဆီပဲ ဘောလုံးပေးရမယ်ဆိုတဲ့ တာဝန်မျိုး၊ မဖြစ်မနေလိုအပ်ချက်မျိုး မရှိပါဘူး။ ဥပမာ- ကျွန်တော့်အမြင်နဲ့ ပြောရရင် အဲ့ဒီအချိန်မှာ ဘယ်သူက ပိုပြီးလွတ်လပ်တဲ့နေရာမှာ ရှိနေလဲ၊ သူ့ဆီပဲ ဘောလုံးပေးလိုက်တာပါ။ ဘေးနားက အသင်းဖော်က ဘယ်သူလဲဆိုတာကို လိုက်တွေးနေဖို့ အချိန်မရှိပါဘူး။ ကျွန်တော်တို့အားလုံးဟာ ဗီဇအတိုင်းပဲ လုပ်ဆောင်ကြတာဖြစ်ပြီး အရာအားလုံးက စက္ကန့်ရဲ့ အပုံတစ်ထောင်ပုံ တစ်ပုံလောက်ပဲ ကြာတာမို့ အဲ့ဒီလိုတွေးဖို့ အချိန်မရပါဘူး။ အသင်းမှာရှိတဲ့ အခြားကစားသမားတွေလိုပဲ ခရစ်စတီယာနို ဟာလည်း ကျွန်တော်တို့ကို ကူညီဖို့ ရောက်နေတာပါ” လို့ ကွန်စီကာအို က ဆိုပါတယ်။

အသက် ၂၃ နှစ်အရွယ် ကွန်စီကာအို ဟာ ကွန်ဂို ဒီအာရ် နဲ့ သရေကျတဲ့ပွဲမှာ ကမ္ဘာ့ဖလားပွဲဦးထွက်အဖြစ် ပါဝင်ကစားခွင့်ရခဲ့တာဖြစ်ပြီး ဒါဟာ လွန်ခဲ့တဲ့ ၂၄ နှစ်က တောင်ကိုရီးယားနဲ့ ဂျပန် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပေါ်တူဂီအသင်းအတွက် သူ့ရဲ့ဖခင်ဖြစ်သူ ဆာဂျီယို ကွန်စီကာအို ကစားခဲ့ပြီးနောက်ပိုင်း အခုလို ကစားခွင့်ရခဲ့တာလည်း ဖြစ်ပါတယ်။

ခရစ်စတီယာနို ဟာ သူ့ရဲ့ဖြတ်သန်းခဲ့တဲ့ ကစားသမားဘဝသက်တမ်းကြောင့်ရော၊ အခု အသက် ၄၁ နှစ်အရွယ်အထိ နေ့တိုင်းပြသနေတဲ့ ဆာလောင်မှုတွေကြောင့်ပါ စံပြပုဂ္ဂိုလ်တစ်ဦးဖြစ်ပါတယ်။ နေ့တိုင်း နိုင်ချင်စိတ်ရှိနေတာ၊ နောက်ဆုံးလေ့ကျင့်ရေးပွဲလိုမျိုး သဘောထားပြီး လေ့ကျင့်ဖို့ စိတ်အားထက်သန်မှု အပြည့်ရှိနေတာတွေကြောင့်ပါ။ ဒါဟာ ကျွန်တော့်အတွက်ရော၊ မျိုးဆက်သစ်တွေအတွက်ရော၊ ဒီမှာရှိနေတဲ့ ကျွန်တော်တို့အားလုံးအတွက်ပါ စံနမူနာတစ်ခုလို့ ထင်ပါတယ်။

ဘာလို့လဲဆိုတော့ သူဟာ အောင်မြင်မှုတွေ အများကြီးရထားတာတောင် ဒီလိုဆာလောင်မှုမျိုး ရှိနေသေးရင် သူအောင်မြင်ခဲ့တာရဲ့ တစ်စိတ်တစ်ပိုင်းလောက် ရောက်အောင်သွားမယ့် ကျွန်တော်တို့ရဲ့ ဆာလောင်မှုက ဒါထက်ပိုပြီး ကြီးမားရပါမယ်။ သူဟာ အဲ့ဒီအချက်ကြောင့်ရော၊ သူ့ရဲ့ဦးဆောင်မှု၊ သွင်းဂိုးတွေကြောင့်ပါ စံပြဖြစ်ရတာပါ။ ဒါကြောင့် သူဟာ အသင်းကို ကူညီဖို့ ရောက်နေတဲ့ အသင်းသားတစ်ဦးဖြစ်ပြီး အသင်းလိုက်စွမ်းဆောင်ရည် ကောင်းမွန်ဖို့အတွက် ကစားသမားတစ်ဦးချင်းစီရဲ့ အရည်အသွေးတွေကို လိုအပ်ပါတယ်” လို့ ကွန်စီကာအို က ထပ်လောင်းပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့နွေရာသီက အက်ဖ်စီပေါ်တို အသင်းကနေ စတာလင်ပေါင် ၂၇.၅ သန်း (ဒေါ်လာ ၃၆.၅ သန်း) ဝန်းကျင်နဲ့ စီးရီးအေကလပ် ဂျူဗင်တပ်စ် အသင်းဆီ အပြီးသတ်ပြောင်းရွှေ့ခဲ့ပြီးနောက် ပုံမှန်ပွဲထွက်ခွင့်ရနေတဲ့ တောင်ပံကစားသမား ကွန်စီကာအို က သူဟာ စင်မြင့်ထက်က ဖိအားတွေကို ရင်ဆိုင်ရတာ အသားကျနေပြီလို့ ဆိုပါတယ်။

“ကျွန်တော်တို့အားလုံး ဖိအားတွေကို အသားကျနေကြပြီလို့ ထင်ပါတယ်။ အားလုံးက ကလပ်အသင်းကြီးတွေမှာ ကစားနေကြတာဖြစ်ပြီး ဖိအားကတော့ အမြဲတမ်းရှိနေမှာပါ။ ကျွန်တော်တို့ ဒါကို ကျင့်သားရနေပါပြီ။ အခြေအနေတွေ မကောင်းမွန်တဲ့အခါ ဖိအားတွေ၊ ဝေဖန်မှုတွေ ပိုများလာမယ်ဆိုတာ သိပါတယ်။ နောက်ပွဲမှာ အကောင်းဆုံးတုံ့ပြန်မှုပေးဖို့၊ အရည်အသွေးပြသဖို့၊ အနိုင်ရဖို့နဲ့ ကျွန်တော်တို့ရဲ့လမ်းကြောင်းအတိုင်း ဆက်သွားဖို့က ကျွန်တော်တို့အပေါ်မှာပဲ မူတည်ပါတယ်” လို့ ၎င်းက ပြောပါတယ်။

ဆက်လက်ပြီး ကွန်စီကာအို က “ခင်ဗျားတို့ တွေးကြည့်လို့ရသလိုပဲ၊ အခြေအနေတွေ မကောင်းတဲ့အချိန်မှာ ကျွန်တော်တို့ကိုယ်တိုင်က အဲ့ဒီလိုခံစားချက်ကို အရင်ဆုံး ခံစားရတာပါ။ အခြေအနေတွေ မကောင်းတဲ့အချိန်မှာ ကျွန်တော်တို့ထက် ပိုဆိုးတဲ့သူ မရှိပါဘူး။ ဘာလို့လဲဆိုတော့ အဲ့ဒီအခြေအနေမှာ ကျွန်တော်တို့ရဲ့အလုပ်ကို အကောင်းဆုံးမလုပ်နိုင်ခဲ့ဘူးဆိုတာကို ကိုယ်တိုင်သိနေလို့ပါ။ ဒါပေမဲ့ ကျွန်တော်ပြောခဲ့သလိုပဲ ဖိအားဆိုတာကတော့ အမြဲတမ်းရှိနေမှာပါ” လို့ ဆိုခဲ့ပါတယ်။

Source : https://www.espn.com/

Loading

Leave a Reply

Your email address will not be published. Required fields are marked *