Frankenstein (2025)
Guillermo del Toro ရဲ့ Frankenstein ကတော့ တကယ်ကိုစောင့်ရကျိုးနပ်တဲ့ ရုပ်ရှင်ပါပဲ။ Monster တွေ Creature တွေနဲ့ ပတ်သက်လာရင် စိတ်ချရတဲ့ Guillermo del Toro ကတော့ Frankenstein ကိုလည်း အလှပဆုံးနဲ့ အခမ်းနားဆုံးဖြစ်အောင် ဖန်တီးသွားနိုင်ပါတယ်။
Frankenstein ရုပ်ရှင်ပေါင်းများစွာကြည့်ခဲ့ဖူးပြီဆိုပေမဲ့ Guillermo del Toro ရဲ့ လက်ရာနဲ့မှ ပြည့်စုံသွားတယ်လို့ ခံစားရပါတယ်။ Frankenstein ဇာတ်လမ်းဟာ Guillermo del Toro ရိုက်ဖို့ တည်ရှိပေးနေသလိုပါပဲ။
နှစ်ပေါင်း ၂၀၀ ကျော် သက်တမ်းရှိနေတဲ့ Mary Shelley ရဲ့ မူရင်းဝတ္ထုဇာတ်လမ်း အရသာလည်းမပျက်ပဲ ပိုမိုကောင်းမွန်လှပတဲ့ တင်ဆက်ပုံနဲ့ Frankenstein ကို ကြည့်လိုက်ရတာ တော်တော်ကို အရသာရှိတာပါ။
ဖန်တီးသူ Victor Frankenstein (Oscar Isaac) နဲ့ ဖန်တီးခံ The Creature (Jacob Elordi) တို့ရဲ့ ဇာတ်လမ်းကို နှစ်ပိုင်းခွဲပြီး နှစ်နာရီကျော်ပြသထားပေမဲ့ လုံးဝပျင်းစရာမကောင်းပါဘူး။

Victor ဟာ သူ့ရဲ့ ပညာပါရမီအပေါ်မှာ အရမ်းကို ဂုဏ်မောက်တယ်။ သေခြင်းတရားကိုအောင်နိုင်ပြီး ဘုရားသခင်ဖန်ဆင်းရှင်နေရာကို ဝင်ယူချင်စိတ်က ငယ်ငယ်လေးကတည်းက သူ့ကိုလွှမ်းမိုးထားတယ်။ သူ့မှာ ဖန်တီးလိုစိတ်တစ်ခုပဲရှိပြီး သူဖန်တီးလိုက်လို့ ဖြစ်ပေါ်လာမဲ့ သက်ရှိရဲ့နောက်ဆက်တွဲကိစ္စတွေအတွက် ကြိုတင်စဉ်းစားထားတာမျိုးမရှိပါဘူး။
The Creature ကိုဖန်တီးလိုက်ပြီးတဲ့နောက်မှာတော့ Victor က The Creature ကို မလိုချင်တော့ပါဘူး။ သူလိုချင်တာ ပြီးပြည့်စုံတဲ့ ထာဝရရှင်သန်နိုင်မဲ့ လူသားတစ်ယောက်၊ “Victor” ဆိုတဲ့ နာမည်တစ်လုံးကို ကြက်တူရွေးလို ထပ်တလဲလဲရွတ်နေရုံကလွဲပြီး အခြားဘာစကားတစ်ခွန်းမှ မပြောတတ်တဲ့ အသိဉာဏ်မဲ့ ထုံထိုင်းထိုင်းကောင်ကြီးကို သူလိုချင်တာမဟုတ်ဘူး။
Victor ဟာသူ့ရဲ့ စိတ်တိုင်းမကျမှုတွေ၊ သူမျှော်လင့်ထားသလိုမဖြစ်လာမှုတွေကြောင့် The Creature ကို အတ္တကြီးစွာ ပစ်ပယ်ပါတော့တယ်။ ဒီလိုပစ်ပယ်လိုက်တာကပဲ သူနဲ့ The Creature ရဲ့ ကြားက ဝမ်းနည်းဖွယ်ရာ ဇာတ်လမ်းလေးဖြစ်လာပါတော့တယ်။
The Creature ရဲ့နေရာက ကြည့်ပြန်တော့လည်း သူ့ဘဝက ဘယ်ကလာလဲ သူမသိဘူး။ သူ့နာမည်ကို သူမသိဘူး။ အပူအအေး ရေတွေ မီးတွေ သူမသိသေးဘူး။ သူသိတာ သူပထမဆုံး သူ့နားမှာမြင်ရတဲ့ Victor။ Victor ဆိုတာ သူ့ရဲ့ အရှင်သခင်၊ သူ့ရဲ့ဖန်ဆင်းရှင်ပဲ။ ဒါပေမဲ့ Victor ကိုယ်တိုင်ကိုက သူ့ကိုမလိုချင်တော့ပဲ ပစ်ပယ်သွားတဲ့အခါ သူ့အတွက် နေရလည်းခက် သေရလည်းခက်နေပါတော့တယ်။
သူခံစားနေရတဲ့ နာကျင်မှု၊ အထီးကျန်မှု၊ အကြင်နာတရားတွေနဲ့ လူသားဆန်မှုတွေကို မျှဝေပေးနိုင်မဲ့ အဖော်တစ်ယောက်ကို သူလိုချင်ရုံပါပဲ။ ဒါကြောင့် သူ့ဘဝရဲ့ အဓိပ္ပာယ်ကို နားလည်ဖို့ ကြိုးစားရင်း၊ သူ့ကို ဖန်တီးခဲ့သူ Victor ကို လိုက်လံရှာဖွေပါတော့တယ်။
Oscar Isaac နဲ့ Jacob Elordi တို့ကလည်း Victor နဲ့ The Creature ရဲ့ ကြားက စိတ်ခံစားချက်တွေကို အကောင်းဆုံး ပုံဖော်သွားနိုင်ခဲ့တယ်။ Victor ရဲ့ အတ္တကြီးမှု၊ လူသားမဆန်မှုနဲ့ တာဝန်မဲ့မှု၊ The Creature ရဲ့ မေတ္တာငတ်မွတ်မှု၊ လူသားဆန်မှုနဲ့ အထီးကျန်မှုတို့ အားပြိုင်ကြပုံကို သူတို့နှစ်ယောက် သေချာပြသသွားနိုင်တယ်။
Oscar Isaac ဆိုရင် The Creature ကို မဖန်တီးခင်က အမြဲတမ်းစိတ်အားထက်သန်ပြီး စူးရှတဲ့ အကြည့်ရဲရဲတွေနဲ့ ယုံကြည်မှုအပြည့်နဲ့ သိပ္ပံပညာရှင်တစ်ယောက်၊ The Creature ကိုဖန်တီးပြီးတဲ့နောက်မှာတော့ အလိုမကျမှု၊ နောင်တနဲ့ ကြောက်ရွံ့မှုတွေကြောင့် ပြောင်းလဲလာတဲ့ သူ့ရဲ့ပုံစံကို အကောင်းဆုံးသရုပ်ဆောင်သွားနိုင်တယ်။

Jacob Elordi ကတော့ The Creature နေရာမှာသရုပ်ဆောင်သွားတာ မထင်မှတ်ထားလောက်အောင်ပါပဲ။ လူသားဆန်မှုကို အဓိကပုံဖော်ချင်တဲ့ Elordi ရဲ့ The Creature ဟာ အခြားရုပ်ရှင်တွေထဲကလို စိတ်ရိုင်းဝင်နေတဲ့ Creature တစ်ကောင်မဟုတ်ဘူး။ သူဟာ ကမ္ဘာကြီးကို နားမလည်သေးတဲ့၊ အချစ်နဲ့ ပွေ့ဖက်မှုကို တောင့်တနေတဲ့မွေးကင်းစကလေးတစ်ယောက်လို သရုပ်ဆောင်ထားတယ်။
ဘာမှမသိတဲ့ ကလေးတစ်ယောက်လို မျက်နှာထားလေးနဲ့ နာမည်၊ စကားလုံးနဲ့ စိတ်ခံစားမှုတွေကို လေ့လာနေပုံတွေ၊ သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေအောက်ကနာကျင်မှုတွေ၊ အထီးကျန်မှုတွေ အားလုံးကိုမျက်လုံးတွေကနေပဲ ပုံဖော်သွားတယ်။ Victor က သူ့ကို ပစ်ပယ်လိုက်တဲ့အခါ၊ ပစ်ပယ်ခံရတဲ့ ဝမ်းနည်းမှုကို သူ့မျက်လုံးတွေမှာ ထင်ထင်ရှားရှားမြင်လိုက်ရတယ်။ သူ့ရဲ့ အရပ်ရှည်ရှည်၊ ကိုယ်ခန္ဓာကြီးကြီးနဲ့ ကလေးလေးလို နူးညံ့တဲ့ ခန္ဓာကိုယ်လှုပ်ရှားမှု တွေက The Creature ကို လုံးဝ ကရုဏာဖြစ်စေတယ်။ Prosthetics တွေရဲ့ အောက်ကနေတောင် သူ့ရဲ့ မျက်နှာအမူအရာနဲ့ မျက်လုံးတွေက ခံစားချက်တွေကို အစွမ်းကုန် ထုတ်ဖော်ပြနိုင်ခဲ့တယ်။
ဒါတင်မကသေးပဲ Elordi က “Victor” တစ်လုံးတည်းကို မတူညီတဲ့ အသံနေအသံထားတွေနဲ့ ခံစားချက်မျိုးစုံကို ဖော်ပြသွားနိုင်ခဲ့တယ်။
မျက်မမြင်အဖိုးအိုနဲ့ ဆုံတဲ့အခန်းကတော့ ဇာတ်ကားရဲ့ emotional အဖြစ်ဆုံး အခန်းပဲ။ The Creature ဟာ သူ့ဘဝမှာ ပထမဆုံးအကြိမ်အဖြစ် အခြားလူသားတစ်ဦးရဲ့ လေးစားမှုနဲ့ ဂရုစိုက်မှုတွေကို ခံစားလိုက်ရပုံကို Elordi က မြင်သာအောင် သရုပ်ဆောင်သွားနိုင်တယ်။ အဲ့ဒီအခိုက်အတန့်လေးကပဲ သူ့ဇာတ်ကောင်ရဲ့ လူသားဖြစ်ချင်စိတ်အပြင်းပြဆုံး ဘာလို့ဖြစ်လာလဲဆိုတာကို ပြသသွားတယ်။
Christoph Waltz နဲ့ Mia Goth တို့ရဲ့ သရုပ်ဆောင်ချက်တွေကိုတော့ မပြောတော့ပါဘူး။ အားလုံးက သူ့နေရာနဲ့သူ အံဝင်ခွင်ကြပါပဲ။
Frankenstein ရုပ်ရှင်က Visual တွေ အကုန်လုံးလှပြီး သူ့ရဲ့ စမ်းသပ်ခန်းနေရာတွေ အဆောက်အဦးကြီးရဲ့ ပုံစံတွေ၊ ဇာတ်ကောင်တွေရဲ့ အဝတ်အစားအသွင်အပြင်တွေကလည်း ဘာမှကိုပြောစရာမရှိအောင် ပြည့်စုံလှပါတယ်။
ခြုံပြောရရင်တော့ Frankenstein ရုပ်ရှင်ဟာ ဒါရိုက်တာ Del Toro ရဲ့ထုံးစံအတိုင်း Gothic အငွေ့အသက်တွေပြည့်နေတဲ့ ရုပ်ရှင်၊ ဇာတ်လမ်းနဲ့ ထပ်တူ မလျော့တဲ့ ရင်သပ်ရှုမောဖွယ် visual တွေနဲ့ လှပပြီး မှောင်မိုက်တဲ့ ပန်းချီကား တစ်ချပ်ကို ကြည့်နေရသလိုပါပဲ။
Frankenstein ဟာ Del Toro ပရိသတ်တွေ၊ ရုပ်ရှင်ချစ်သူတွေရော၊ Classic ဇာတ်လမ်းတစ်ပုဒ်ကို လက်ရာကောင်းကောင်းနဲ့ ခံစားချင်သူတွေ ကြည့်ကိုကြည့်သင့်တဲ့ ရုပ်ရှင် တစ်ကားပါပဲ။
ညွှန်းတာလည်း များသွားပြီဆိုတော့ Frankenstein ရုပ်ရှင်ကို မြန်မာစာတန်းထိုးနဲ့ကြည့်ချင်ရင် ဒီနေရာမှာ အခမဲ့ကြည့်လို့ရပါပြီ။
![]()





