
မနုစာရီ – အပိုင်း (၁)
* * * မနုစာရီ * * * ( တစ် )
မင်းသိင်္ခ
( စာရေးသူအမှာ )
အစ်မတော်မနုစာရီနှင့်ပတ်သက်၍ ကျွန်ုပ်သည် အသက်သုံးဆယ်အရွယ် မတိုင်မီကပင် မနုစာရီကို သိကျွမ်းခဲ့ရ၏။
မနုစာရီ၏ ဉာဏ်ပညာကို မြတ်နိုးခဲ့ရ၏။ မနုစာရီ၏ ထက်မြက်မှုကို လေးစားခဲ့ရ၏။
သို့ရာတွင် မနုစာရီသည် ကျွန်ုပ်အား နှိပ်စက်လှဘိ၏။ သူ့ကြောင့် ကျွန်ုပ်သည် များစွာဒုက္ခရောက်ခဲ့ရ၏။ နောက်ဆုံးတွင် အိမ်၌ပင်မနေနိုင်တော့ဘဲ လမ်းဘေးသို့ ရောက်ခဲ့ရတော့၏၊
နှစ်အတန်ကြာသောအခါ၌ ကျွန်ုပ်သည် မနုစာရီအား မေ့လျော့ခဲ့၏။ လျစ်လျူရှုခဲ့၏။ ထိုအခါ၌ မနုစာရီသည် ကျွန်ုပ်အား လက်ယပ်ခေါ်ပြန်၏။ ထိုအခါ၌လည်း ကျွန်ုပ်သည် အမှတ်မရှိ၊ မနုစာရီအား တစ်ဖန် လေးစားပြန်၏။ မြတ်နိုးပြီး မြတ်နိုးမိပြန်၏။ ထိုအချိန်၌လည်း ကျွန်ုပ်အား ဒုတိယအကြိမ် နှိပ်စက်ပြန်၏။ ကျွန်ုပ်အား ဝမ်းနင်မပေးဘဲ တန်းဖြုတ်၍ ထွက်သွား၏။ ကျွန်ုပ်သည် ရင်ကွဲပက်လက်နှင့် ကျန်ခဲ့ရ၏။
ယခုတစ်ဖန် မနုစာရီသည် ကျွန်ုပ်အား အလွန်လှပသော မျက်လုံးများဖြင့် ကြည့်နေပြန်၏။ သွယ်လျသော လက်ချောင်းများဖြင့် လက်ယပ်ပြန်၏။ မနုစာရီသည် ကျွန်ုပ်လေးစားသော ကျွန်ုပ်၏ အစ်မတော်ဖြစ်၏။ ကျွန်ုပ် မည်သို့ပြုရမည် မသိ။ ကျွန်ုပ်သည် မနုစာရီနှင့်ပတ်သက်၍ ဆောင်ရွက်ချင်စိတ် မရှိတော့ပါ .. ။
သို့လင့်ကစား သူသည် လေးစားအပ်၏၊ မြတ်နိုးအပ်၏။
ထို့ကြောင့် မဝေခွဲနိုင်အောင် ဖြစ်နေသည့်ကြားမှပင်ဤအမှာစာကို စရေးပေးလိုက်ရပေတော့သတည်း။
သဗ္ဗသေတ္တာ ကမ္မသကာ
မင်းသိင်္ခ
လာဘ်မိုးစွေစာပေ
________________
(ကြီးစွာသော နာကျည်းမှုအား အဖိုးအခမူ၍ ဤလက်ဖြင့် လက်ယပ်ခေါ်၏ ၊ မောင်တော် အတိတျာနှင့် နီးရပါစေသား)
{ မနုစာရီ }
ရတနာဂီရီရောက် ပန်းတဉ်းဝန်၏လက်ဆောင်
(သို့မဟုတ် ) လိုရမည်ရ မှာရသော စာရေးသူ၏အမှာ..
ကျွန်ုပ်အဖို့ ဝင်ငွေအားဖြင့်လည်း အတော်အသင့် ဟန်ကျ၍ ကျွန်ုပ်ကိုယ်တိုင်လည်း များစွာဝါသနာရှိသော စပါးအဝယ်တော်အလုပ်ကို မလွဲမရှောင်သာ စွန့်လွှတ်ခဲ့ရပြီးနောက် ကျွန်ုပ်အပေါ်၌ လွန်စွာသစွာရှိသော ကျွန်ုပ်၏ လက်စွဲတော် တပည့်ကလေး “ဂျပု ဝိုင်းမောင်”နှင့်အတူ ရန်ကုန်မြို့ အူကုန်းရပ်တွင် တိုက်ခန်း တစ်ခန်းငှားရမ်း၍ အေးချမ်းစွာ နေထိုင်ခဲ့၏။
တစ်နှစ်ခန့်ကြာသည်အထိ မည်သည့် အလုပ်အကိုင်မျှမလုပ်ဘဲ နေထိုင်ခဲ့ပြီးနောက် အလုပ်မရှိသဖြင့် ပျင်းရိ ငြီးငွေ့သော ဒုက္ခဆင်းရဲကို ဆက်လက်သည်းခံခြင်း မပြုနိုင်သည့်အဆုံး၌ မိတ်ဆွေတစ်ဦး၏ အကြံပေးချက်အရ ပစ္စည်းအထူးအဆန်းကလေးများနှင့် ပန်းချီ၊ ပန်းပုရုပ် စသည်တို့ ရောင်းချသည့် ကျူရီယိုဆိုင်ကလေးတစ်ဆိုင် ဖွင့်လှစ်ရောင်းချခဲ့လေသည်။
ရောင်းဝယ်ရေးအတတ်ဟု ခပ်လွယ်လွယ် ပူးတွဲ၍ ခေါ်တတ်ကြသော်လည်း အမှန်စင်စစ်အားဖြင့် ဈေးရောင်းခြင်း၊ ဈေးဝယ်ခြင်း အတတ်သည် တစ်မျိုးဖြစ်၏။ ကျွန်ုပ်ကိုယ်တိုင် အတူတူပင် ဖြစ်သည်ဟု သဘောပိုက်ခဲ့သော်လည်း ဆိုင်ဖွင့်ပြီး များမကြာမီ ရောင်းခြင်းနှင့်ဝယ်ခြင်းသည် တူမလိုလိုနှင့် များစွာကွဲပြားခြားနားကြောင်းကို နားလည် သဘောပေါက်မိခဲ့ပါတော့သည်။
ကျွန်ုပ်၏ နားနှင့်ပါးစပ်တို့သည် ကျွန်ုပ်ကိုယ်တိုင် ဝယ်သူအဖြစ်ရှိစဉ်က အလွန်သွက်၊ အလွန်လျင်လှသော်လည်း အရောင်းသမား အဖြစ်၌မူ လုံးဝလောက်နီးနီး အသုံးဝင်ခြင်း မရှိလှပါ။ ကျွန်ုပ်၏ မျက်စိသည်လည်း အနယ်နယ်အရပ်ရပ်မှ အလွန် လည်ပါပေသည်ဆိုသည့် စပါးပွဲစားများအား ချောင်းမြောင်းရာ၌ များစွာအသုံးဝင်ခဲ့သော်လည်း ကျွန်ုပ်အရောင်းသမား ဖြစ်ရသည့်အခါ၌မူ ဝယ်သူဟုတ်မဟုတ်ပင် ခွဲခြား၍ မကြည့်တတ်လောက်အောင် ညံ့ဖျင်း၍လာတော့၏။
ထို့ကြောင့် ဆိုင်ဖွင့်စလအနည်းငယ်အထိ ကျန်ုပ်၏ကျူရီယိုဆိုင်သည် ခပ်ထိုင်းထိုင်း၊ ခပ်အအ ဖြစ်ခဲ့၏။ သို့ရာ၌ ကျွန်ုပ်ကို ခင်မင်သောဂျူးလူမျိုးပွဲစားကြီး မစ္စတာယွန်၏ ကူညီပြသကြောင့် နောင်တွင် ကျွန်ုပ်မျက်စိ၊ နားနှင့် ပါးစပ်တို့သည် ဈေးလယ်သူကို ကွီခနဲ နေအောင် အရအမိ ဖမ်းနိုင်လာခဲ့ပေသည်။
ကျွန်ုပ်၏ တပည့်ကျော် ဂျပုဝိုင်းမောင်သည် စပါးအဝယ်တော်အဖြစ်နှင့် ကျွန်ုပ် အနယ်နယ်အရပ်ရပ် လှည့်လည်ခဲ့စဉ်က အတော်အတန် အသုံးဝင်ခဲ့သော်လည်း ကျူရီယိုဆိုင်လုပ်ငန်း၌မူ ဘာတစ်ခုမှ အသုံးပြု၍ မရခဲ့ပါ။ . . . ။
တံမြက်လှည်းခြင်း၊ လက်ဖက်ရည် မှာပေးခြင်း၊ လခပေးသော ထမင်းဆိုင်မှ ထမင်းချိုင်ယူခြင်း စသည့် တောက်တိုမယ်ရ အလုပ်များနှင့် ကျွန်ုပ်မွေးမြူထားသည့် “ကိုးလိုက်” နှင့် “တိုးဟောင်’ ဆိုသော ခွေးဝဲစားနှစ်ကောင်အား အစာကျွေးခြင်း ၊ အခြားခွေးများနှင့် ကိုက်သည့်အခါ ကျွန်ုပ်၏ ခွေးများဘက်မှကူ၍ အခြားခွေးကိုဝင်ရိုက်ခြင်းစသည့် ဟန်မကျသော အလုပ်များမှလွဲ၍ ဆိုင်အတွက် မည်သို့မျှအသုံးမဝင်ပါ။
အနိမ့်ဆုံးအားဖြင့် စာတိုက်တွင် ကျွန်ုပ်အမည်နှင့် ရောက်ရှိလာသာ ပါဆယ်ထုပ်များကို သွားရောက် ရွေးယူရသော အလုပ်ပင်ခိုင်း၍မဖြစ်အောင် လူရည်လူသွေးညံ့လှပါတော့၏။
ဆိုင်ဖွင့်စလများတွင် ကျွန်ုပ်ဆိုခဲ့သည့်အတိုင်း အရောင်းထိုင်းသည်ကလည်း တစ်ကြောင်း ၊ ဆိုင်လုပ်ငန်းအား ကိုယ်ခွဲမရှိ လုပ်နေရသဖြင့် ထင်တိုင်းမပေါက်သည်လည်း တစ်ကြောင်း ၊ ကျွန်ုပ်ကိုယ်တိုင်ကလည်း ဝါသနာပါသည့်အလုပ် မဟုတ်သည်ကလည်း တစ်ကြောင်းကြောင့် ကျူရီယိုဆိုင်အလုပ်ကို များစွာစိတ်ပျက်ခဲ့သော်လည်း နောက်ပိုင်းတွင် ကျွန်ုပ်ကိုယ်တိုင် ထိုလုပ်ငန်းကို လွန်စွာ စိတ်ဝင်စားလာမိတော့၏။
ကျူရီယိုဆိုင်လုပ်ငန်းကို ကျွန်ုပ် စိတ်ဝင်စားလာရသည့်အကြောင်းအား စာဖတ်သူတို့ ရိပ်စားမိစေရန် ကျူရီယိုဆိုင်၏ သဘာဝကို ရှင်းပြပါမည်။
ကမ္ဘာပေါ်၌ ကျူရီယိုဆိုင်ဟူ၍ စတင်တည်ခင်းရောင်းချသူများမှာ ဂျူးလူမျိုးများပင်ဖြစ်၏။ ဂျူးဆိုသည့် လူမျိုးများမှာ သူ့တွင်ရှိသော မည်သည့်ပစ္စည်းကိုမဆို အမြတ်တင်၍ ရောင်းပစ်ရန် အစဉ်သဖြင့် စိတ်ကူးနေသော လူမျိုးဖြစ်၏။
မည်သို့မျှအသုံးမဝင်သည့်ပစ္စည်းဖြစ်ပါစေ ဂျူးလက်ရောက်သွားလျှင် ဝယ်သူကြိုက်၍ ဈေးကြီးပေးရသောအဖြစ်သို့ ရောက်သွားတော့၏။ ဈေးရောင်းပညာတတ်ကျွမ်းသော ဈေးသည်လူမျိုးဖြစ်၏။
ထို့ကြောင့် ဂျူးလူမျိုးတို့သည် သူတို့ထံ၌ရှိသော အိုးစုတ်၊ ခွက်စုတ် ၊ ပန်းကန်ဟောင်း ၊ စားပွဲခုံဟောင်း စသည်တို့ကိုထုတ်ပြီး ဆိုင်ခင်းရောင်းချရာမှအစပြု၍ ကျူရီယိုဆိုင်ဟူ၍ ကမ္ဘာပေါ်တွင် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်၏။
ကျူရီယိုဆိုင်တစ်ဆိုင် မယ်မယ်ရရဖြစ်နိုင်ရန် ပစ္စည်းရှာဖွေရသောအလုပ်မှာလည်း လွယ်ကူလှသောလုပ်ငန်းမဟုတ်၊ သတင်းအစန ၊ သဲလွန်စ အသေးအဖွဲ့ကလေးများပေါ်တွင် အခြေပြု၍ လိုက်လံရှာဖွေဝယ်ယူရခြင်းဖြစ်ရာ အမဲလိုက်ရသော မုဆိုးလုပ်ငန်း ၊ ဝရမ်းပြေးလူဆိုးကို လိုက်ရသော စုံထောက်လုပ်ငန်း စသည်တို့နှင့် ခပ်ဆင်ဆင်တူလှသဖြင့် ကျွန်ုပ်အဖို့ ရသေ့စိတ်ပြေသဘောရှိခြင်းကြောင့် ပျော်သလိုလို ဖြစ်လာမိ၏။
ကျွန်ုပ်ကိုယ်တိုင် ရှာဖွေခဲ့ရသောပစ္စည်း အထူးအဆန်း အမြောက်အမြားအနက်မှ စာဖတ်သူတို့ ကျူရီယိုဆိုင်၏ စိတ်ဝင်စားဖွယ်ရာ သဘာဝကို ပို၍ရိပ်စားမိစေရန် ပစ္စည်းကလေးတစ်ခုအကြောင်းအား တင်ပြပါအံ့။
သီပေါမင်းပါတော်မူစဉ်က သီပေါမင်းနှင့်အတူ ဟေမန် ၊ ဝဿန်၊ ဂိမာန် ၊ နွေဦးဟုခေါ်သော အပျိုတော်ကလေးများ လိုက်ပါခဲ့ရရှာ၏။ ရတာဂိရိတွင်နေစဉ် ယင်းအပျိုတော်ကလေးများနှင့် သီပေါမင်း၏မိဖုရား ထိပ်စုဖုရားလေးတို့သည် အဆင်မပြေဖြစ်ကြ၏။
အပျိုတော်ကလေးများကလည်း မိဖုရားသည် နန်းကျဘုရင်၏ မိဖုရားဘဝရောက်နေသည့်တိုင်အောင် အမိန့်အာဏာ သုံးလွန်းသည်ဟု မကျေမနပ်ဖြစ်ကြ၏၊ မိဖုရားကလည်း အရှင်သခင်နိမ့်ပါးသည့်အခါ၌ ကျေးကျွန်တို့က မရိုမသေမခန့်မညား ပြုရမည်လားဟု ရာဇမာန်ရှိတော်မူ၏။
ယင်းမကျေနပ်မှုအား ပို၍အခြေအနေ ဆိုးသွားအောင် ဖြစ်ရသည့် အကြောင်းတစ်ခုက ပေါ်လာ၏။
ထိုအကြောင်းကား သီပေါဘုရင်နှင့်အတူ လိုက်ပါသွားသော ပန်းတဉ်းဝန်က အရှင်သခင်ကို မခန့်မညား ပြရပါမည်လားဟု အပျိုတော်ကလေးများကို တစ်ယောက်စီခေါ်၍ ဆံကိုဆွဲကာ တံတောင်ဖြင့်ထောင်း ဆုံးမလိုက်ခြင်း ဖြစ်၏။
အပျိုတော်များသည် အဆုံးမရက်စက်သော ပန်းတဉ်းဝန်ကို ဆန္ဒပြသည့်အနေနှင့် အလုပ်မလုပ်ကြဘဲ တစ်ပတ်ကြာ ထိုင်သပိတ်မှောက်ကြတော့၏။ ထိုကိစ္စနှင့် ပတ်သက်၍ သီပေါမင်းက ပန်းတဉ်းဝန်ကို အပျိုတော်ကလေးများ ကျေနပ်သည်အထိ ပြန်လည်ချော့မော့ရန် အမိန့်တော် မှတ်လိုက်တော့၏။ ထို့ကြောင့် ပန်းတဉ်းဝန်သည် မိုးကြိုးဖြင့် မြေအိုးသဏ္ဌာန် အိုးကလေးလေးလုံးခတ်၍ အပျိုတော်ကလေးများအား လက်ဆောင်ပေးကာ ချော့မော့၏။ ထိုအိုးကလေးသည် ဥသျှစ်သီး အရွယ်ခန့်ရှိပြီး ပန်းပျောက်ပန်းခက်များဖြင့် ဝေ၍လွန်စွာလှပသည်ဟု ဆို၏။
အိုးကလေးတစ်လုံးစီရကြသော အပျိုတော်များသည် ဆံပင်ဆွဲ၍ တံတောင်ဖြင့်ထောင်းထားသည့် ပန်းတဉ်းဝန်ကို ချက်ချင်း စိတ်ကောက်ပြေသွားကြသည်ကိုထောက်လျှင် ပန်းတဉ်းဝန်၏ အိုးကလေးများ မည်မျှလက်ရာမြောက်သည်ကို ခန့်မှန်းနိုင်၏။
“မြေအိုးမှာလည်း သည်လို ပန်းပျောက်ပန်းခက်တွေပါရင် – အိုးဟာ အလွန်လှသပေါ့။ သည်လို အိုးလှဖို့ကလည်း အိုးထိန်းသည်ဟာ လက်ခတ်နဲ့ ရိုက်ရတယ်ကွယ့်၊ အရိုက်ကောင်းလေ အိုးဟာလှလေပေါ့ကွယ်” ။
“အိုးနာအောင် အိုးအက်အောင်း အိုးကွဲအောင်ဆိုတဲ့ စိတ်စေတနာနဲ့တော့ ဘယ်အိုးထိန်သည်မှ သူတို့အိုးတွေကို မရိုက် မပုတ်ကြပါဘူးလေ။ သူတို့ အိုးကလေးတွေ လှသွားအောင် တင့်တယ်သွားအောင် ရိုက်ကြတာချည်းပဲပေါ့မယ်မင်းကလေး
တို့ရယ်” ။
ပန်းတဉ်းဝန်ကလည်း သူ၏ လက်ဆောင်နှင့် ပတ်သက်၍ ရှင်းရှင်းနှင့်တိုတိုပင် ကွမ်းဝါးရင်း တစ်လုံးချင်း မိန့်လိုက်ပြန်ရာ အပျိုတော်ကလေး လေးဦးမှာ ပို၍ကျေနပ်သွားကြပြီး အရှင်နှစ်ပါးနှင့်တကွ ပန်းတဉ်းဝန်ကို ရိုသေခန့်ညားလာကြသည်ဟု ကျွန်ုပ်ကြား ခဲ့မှတ်ခဲ့ဖူး၏။
စာဖတ်သူတို့လည်း ထိုအဖြစ်အပျက်ကို ကျွန်ုပ်တို့ကဲ့သို့ ပင်ကြားဖူးကောင်း ကြားဖူးပေလိမ့်မည်။ သို့ရာ၌ ပန်းတဉ်းဝန်၏ အမျက်ပြေလက်ဆောင် မိုးကြိုးအိုးကလေးများကို မြင်ဖူးသူ ရှားပေလိမ့်မည်။ ကျွန်ုပ်အနေနှင့်မူ စာဖတ်သူတို့ထဲ၌ ထိုအိုးလေးများကို မြင်ဖူးသူသည် ပါကောင်းမှ ပါပေမည်ဟု ယူဆပါသည်။
ရှာမှရှားသော ထိုမိုးကြိုးအိုးကလေးတစ်လုံးသည် ကျွန်ုပ်၏ ကျူရီယိုဆိုင်တွင် ရောင်းချရန်အတွက် ကျွန်ုပ်ကိုယ်တိုင် လိုက်လံ ရှာဖွေခဲ့ရဖူး၏။ ဆိုင်ရှိ မှန်ဗီရိုထဲ၌လည်း ရောင်းချရန် တင်ပြခဲ့ဖူး၏။ ကင်းဘရိတ်တက္ကသိုလ်မှ အရှေ့တိုင်း ရာဇဝင် ပါမောက္ခတစ်ဦး မြန်မာပြည်သို့ အလည်အပတ် ရောက်ခဲ့စဉ်က ထိုအိုးကလေးကို အကြောင်းပြု၍ ကျွန်ုပ်၏ ကျူရီယိုဆိုင်ကလေးသို့ လေးခေါက်တိတိ ရောက်ခဲ့ဖူး၏။
ထိုစဉ်က ကျွန်ုပ်ခဲယဉ်းစွာရှာဖွေခဲ့ရသော မိုးကြိုးအိုးကလေးကို ပါမောက္ခကြီးက သုံးထောင်အထိပေး၍ ဝယ်ရှာသည်။ ကျွန်ုပ်က ငါးထောင်ဈေးခေါ်၍ တင်းခံထားလိုက်သဖြင့်သာ အရောင်းအဝယ် မတည့်ဘဲ ရှိခဲ့ကြ၏။ (ထိုအချိန်လောက်က မောရစ်မိုင်းနား ကားတစ်စီးမှ သုံးထောင်ထက် များစွာမပိုသေးသောအခါဖြစ်ရာ ပါမောက္ခကြီးပေးသောဈေးနှုန်းကို ချိန်ဆ ကြည့်စေလို၏။)
ကျွန်ုပ်သည် ထိုအိုးကလေး ရရန်အတွက် သုံးနှစ်ခန့် ကြိုစားပမ်းစား ရှာဖွေခဲ့ရသဖြင့်သာ ဤမျှဈေးတင်ထားခြင်း ဖြစ်၏။
ကျွန်ုပ်သည် မိုးကြိုးအိုးကလေးတစ်လုံး မြန်မာပြည်၌ရှိသည်ဆိုသည့် သတင်းကို ကြားမိကတည်းက လိုက်ခဲ့ရ၏။
အပျိုတော် ဝဿန်သည် မြန်မာပြည်သို့ပြန်လာပြီး မော်လမြိုင်၌ ခေါင်းချသွားရှာသည်။ ကျန်သုံးဦးသာလျှင် အိန္ဒိယပြည်၌ အသက်ထက်ဆုံး နေထိုင်သွားကြသည်ဟု သိရ၏။ ထို့ကြောင့် အပျိုတော် ဝဿန်၏ မြစ်တော်သူ ပြဆိုသည့် သူနာပြု ဆရာမလေးထံတွင် ရှိသည်ဟု ကြားရလျှင်ကြားရခြင်း ကျွန်ုပ်သည် မြမြကို မော်လမြိုင်ဆေးရုံတွင် သွားရောက် ရှာဖွေတွေ့ဆုံရ၏။
မြမြနှင့် တွေ့ပြန်တော့လည်း သင်တန်းတက်ရောက်စဉ်က သူ၏သူငယ်ချင်းမကို အပ်နှံထားခဲ့သော ပစ္စည်းများတွင် ထိုအိုးကလေးပါ ပါရှိကြောင်း၊ သူ၏ သူငယ်ချင်းမ ဂျင်နီဆိုသည့် မိန်းကလေးသည် သင်တန်းမှ သူမပြန်မီ၌ပင် အင်္ဂလိပ်အရာရှိတစ်ဦးနှင့် အကြောင်းပါပြီးနောက် အိန္ဒိယသို့ လိုက်ပါသွား၏။ သူ၏ အခြားပစ္စည်းများပင် ပြန်၍မရကြောင်း စသည့် မရေမရာသတင်းများကြောင့် မိုးကြိုးအိုးကလေး၏ သဲလွန်စများသည် ရဲတိုက်ကို မိုးကြိုးပစ်ချလိုက်သကဲ့သို့ ပြိုပျက်ခဲ့ရ၏။
သို့သော် အဆက်မပြတ် နားစွင့်နေသော ကျွန်ုပ်၏နားသို့ ထိုအိုးကလေးသတင်းများသည် ထပ်မံ ရိုက်ခတ်လာပြန်သည်။ သတင်းရတိုင်းလည်း ကျွန်ုပ်သည် အလျှော့မပေးဘဲ ဒဏ်ရာရထားပြီး ထွက်ပြေးသွားသော သားကောင်နောက်သို့ တောလိုက်ကောင်းသော မုဆိုးလိုက်သကဲ့သို့ ကျွန်ုပ်လည်း ထိုသတင်းများကို အခြေပြု၍ တရစပ်လိုက်ခဲ့ရာ နောက်ဆုံး၌ ပန်းတဉ်းဝန်၏ မိုးကြိုးအိုးကလေးသည် ကျွန်ုပ်၏ ဇွဲလုံ့လကို လက်မြှောက်ရပါတော့သည်။
“ကျွန်ုပ်သည် သူနာပြုဆရာမ ဂျင်နီ မြန်မာပြည်၌ ရှိ မရှိ သေချာရန်အတွက် ကျန်းမာရေးဌာနသို့ ချဉ်းကပ်ရတော့သည်။ ထိုအချိန်က ကျန်းမာရေးဌာနတွင် မြန်မာတစ်ပြည်လုံး ခန့်ထားသော သူနာပြုဆရာမများ၏ စာရင်းကို မဆိုထားဘိ၊ အလွန်အရောက်နည်းသော ဆရာဝန်များ၏ စာရင်းကိုပင် တစ်နေရာတည်း၌ ကြည့်ရှု၍ရနိုင်သော (Shee Roll) ခေါ် စာရင်းချုပ်ကို ကျွန်ုပ် မတွေ့မြင်ခဲ့ရဘူးပါ။ မြို့အလိုက်ပြုစုထားသော စာရင်းများ၊ ဆေးရုံအလိုက် ပြုစုထားသောစာရင်းများမှာလည်း ထိုဌာနရှိအရာရှိများသည် လည်းကောင်း၊ စာရေးစာချီများသည်လည်းကောင်း သေချာဂဏပြုလုပ်ထားသည်ကို ကျွန်ုပ် မတွေ့ခဲ့ရပါ။
ဟိုစာရေးထံတွင် တချို့တစ်ဝက်၊ သည်စာရေးသံတွင် တချို့တစ်ဝက် စသည်ဖြင့် မပြည့်မစုံတွေ့ရပါသည်။ ကျွန်ုပ် ထင်သည်။ မိမိ၏ဌာနတွင် ဆရာဝန်မည်မျှ ခန့်ထားကြောင်းကိုပင် ထိုဌာန၏မင်းစေပြာတာမှ ဝန်ကြီးတိုင်အောင် ဖြေဆိုနိုင်မည့်သူ တစ်ယောက်မှ ရှိလိမ့်မည်ဟု မထင်ပါ။
ကျွန်ုပ်သည် ထိုဂျင်နီဆိုသော သူနာပြုဆရာမတစ်ဦးကို တွေ့ရှိရေးအတွက် စာကူးရန် ယာယီအဖြစ် ကျွန်ုပ်ငှားရမ်းထားသူနှစ်ဦးနှင့် ကျွန်ုပ် တစ်လတိုင်တိုင် ကျန်းမာရေးဌာနရုံး အသီးသီးမှ သူနာပြုဆရာမများ၏ အမည်နှင့် တာဝန်ထမ်းဆောင်နေသော ဆေးရုံစာရင်းကို ကူးယူစုဆောင်းခဲ့ရာ နောက်ဆုံး၌ မြန်မာပြည် အရပ်ရပ်ရှိ ဆေးရုံများနှင့် ယင်းဆေးရုံများတွင် တာဝန်ထမ်းဆောင်နေကြသော သူနာပြုဆရာမတို့၏ စာရင်းချုပ်တစ်စောင်အဖြစ် ရရှိခဲ့ပါသည်။
ကျွန်ုပ်သည် ထိုစာရင်း၌ ဂျင်နီဆိုသော သူနာပြု ဆရာမလေးသုံးယောက်ကိုတွေ့ရှိရာ တစ်ဦးမှာ ဗန်းမော်ဆေးရုံ၌ ဖြစ်ပြီး တစ်ဦးမှာ မအူပင်ဆေးရုံ၌ ဖြစ်၏။ အခြားတစ်ဦးမှာ အင်းစိန် ဆေးရုံမှဖြစ်၏။
ကျွန်ုပ်သည် အနီးဆုံး အင်းစိန်ဆေးရုံမှအစ အဝေးဆုံ၊ ဗန်းမော်ဆေးရုံအထိ ကိုယ်တိုင်သွားရောက်၍နိများကို တွေ့ဆုံခဲ့
သော်လည်း ထိုသုံးစလုံးမှာ အပျိုတော် ဒေါ်ဝဿန်၏မြေး ၊ သူနာပြု ဆရာမ မြမြ၏ သူငယ်ချင်း ဂျင်နီများမဟုတ်ကြောင်း သိရသည်။
ဇွဲညံ့သောသူသာ ဖြစ်ပါက ထိုအချိန်၌ မိုးကြိုးအိုကလေးကို လက်လွှတ်ရလေမည်။ ကျွန်ုပ်သည်လည်း အစပထမတွင် လက်လျှော့တော့မည်ဟု စိတ်၌ဖြစ်ပေါ်ခဲ့သော်လည်း “ငုပ်မိသဲတိုင်’ဆိုသောစကားအရ အလျှော့မပေးဘဲ ဆက်၍ ကြံပြန်၏။
ကျွန်ုပ်တို့ ကျန်းမာရေးဌာနတွင် စာရင်းများကူးခဲ့စဉ်က သိကျွမ်းခဲ့ရသော ပြာတာမင်းစေကလေးနှင့် ကျွန်ုပ်သည် စိန်ပေါလ်ကျောင်းအနီး ဘတ်စ်ကားမှတ်တိုင်၌တွေ့ရာ သူကပင် စ၍ “ဦးလေး သူနာပြုဆရာမတွေ စာရင်းကူးယူတာဟာ စစ်ဆေးရုံက စာရင်းတွေပါသလား” ဟု ကျွန်ုပ်ကို ပေးပါသည်။ ကျွန်ုပ်က မပါရှိကြောင်းပြောရာ သူက စစ်တပ်မှ သူနာပြု ဆရာမစာရင်းသည် ကျန်းမာရေးဌာနတွင် ပါရှိခြင်းမရှိဘဲ စစ်တပ်၏အရာရှိများ စာရင်း၌ရှိကြောင်း ပြောကြားလိုက်၏။
ကျွန်ုပ်သည် ထိုပြာတာလေး၏ နှံ့စပ်မှုကို များစွာလေးစားသွား၏။ ကျွန်ုပ်၌သာ ခန့်အပ်နိုင်သော အာဏာရှိပါမူ ထို အချိန်၌ ယင်းပြာတာကလေးအား ထိုဌာန၏ ညွှန်ကြားရေးဝန်နေရာလောက်ကို ခန့်ထားလိုက်ချင်မိ၏။
ကျွန်ုပ်သည် ထိုပြာတာကလေး၏ အမည်ကို မမေ့ပါ။ သူ့ကိုလည်း များစွာရင်းနှီးသွားမိတော့၏။ ထိုသူငယ်၏ အမည်ကား “မောင်မြတ်ကြွယ်” ဖြစ်၏။ သူ၏အမည်ကို ကျွန်ုပ်သည် မည်သည့်အခါမှ မေ့ပျောက်လိမ့်မည် မဟုတ်ချေ။
ကျွန်ုပ်သည် မောင်မြတ်ကြွယ် ဆိုခဲ့သည့်အတိုင်း မင်္ဂလာဒုံ စစ်ဆေးရုံသို့ သွားရောက်၍ စစ်တပ် သူနာပြုဆရာမများ၏ စာရင်းကို ကူးရပြန်၏။
စစ်တပ်သည် စာရင်းအင်းထားသိုရာ၌ အခြားဌာနများထက် သေချာမှုရှိသည်ဟု ကျွန်ုပ်ထင်၏။ မင်္ဂလာဒုံ စစ်ဆေးရုံ တစ်ခုတည်း၌ပင် မြန်မာပြည် စစ်တပ်တစ်ခုလုံး၌ရှိသော စစ်ဆေးရုံများ၏ စာရင်းကို လည်းကောင်း ၊ သူနာပြုစခန်းများ စာရင်းကို လည်းကောင်း ၊ ခန့်အပ်ထားသော ဆရာဝန်နှင့် သူနာပြု ဆရာမများစာရင်းကိုလည်းကောင်၊ ကြည့်ရှု၍ ရရှိသော (War Establish Prade State) ခေါ် စာရင်းကြီးတစ်စောင် ပြုလုပ်ထား၏။
သူတို့၏ အဆိုအရ သူတို့ထံ၌ မြန်မာပြည်အရပ်ရပ်ရှိ စစ်တပ်များသို့ ထုတ်ပေးခဲ့သော ‘အမ်ပီ” ခေါ် ကိုးဆယ့်ခြောက်ပါးပျောက်ဆေးပြားကလေးများကိုပင် အတိအကျ မည်သူဘယ်နှစ်ပြားသောက်သုံးခဲ့သည်ကို စာရင်းပြုထားလျက်ရှိသည်ဟုဆို၏။ ကျွန်ုပ်ယုံကြည်ပါသည်။
အဘယ်ကြောင့်မူ ကျွန်ုပ်ကို လွန်စွာအလုပ်ပေးခဲ့သော ဂျင်နီကို သူတို့၏ စာရင်း၌တွေ့ပြီ ဖြစ်သောကြောင့်တည်း။
ဒု-ဗိုလ်ဂျင်နီ (သူနာပြု)
မေမြို့စစ်ဆေးရုံ
(မှတ်ချက်- ယခုဖော်ပြသော ဇာတ်လမ်းမှာ လွန်ခဲ့သော နှစ်ပေါင်းများစွာက ဇာတ်လမ်းဖြစ်သဖြင့် ယခင်ကာလများက အဝေါ်များဖြင့် ဖော်ပြလိုက်ရခြင်းဖြစ်သည်။ ယခုအတွင် မေမြို့သည် ပြင်ဦးလွင်မြို့ဟု ပြောင်းလဲ ခေါ်ဝေါ်လျက် ရှိသည်။)
ကျွန်ုပ်ရှာဖွေလျက်ရှိသော ဂျင်နီ ဟုတ် မဟုတ်ကိုလည်း စစ်တပ်သုံး ဝိုင်ယာလက်ဖြင့်ပင် ထိုစစ်ဆေးရုံက ကူညီ၍ ပေးပေးခဲ့၏။ ထိုနေ့ ညနေပိုင်းတွင် ကျွန်ုပ်တွေ့လိုသော မြမြ၏ သူငယ်ချင်း သူနာပြုဆရာမလေး ဂျင်နီမှာ ဒု-ဗိုလ်ဂျင်နီပင် ဖြစ်ကြောင်းကို သေချာစွာ သိရတော့၏။ ထိုကြောင့် ကျွန်ုပ်သည် နောက်တစ်နေ့၌ မေမြို့ (ယခု ပြင်ဦးလွင်) သို့လိုက်၍ သွား၏။ ဂျင်နီနှင့် ပက်ပင်းတွေ့ကာမှပင် ကျွန်ုပ်၏ ရင်ဝအား ခြေနှင့်တအားဆောင့်၍ ကန်လိုက်သကဲ့သို့ ရှိတော့၏။
“အန်ကယ်ပြောတဲ့ အိုးကလေးတော့ မြမြအပ်ခဲ့တဲ့ ပစ္စည်းတွေထဲမှာ ပါတာအမှန်ပဲ။ ဒါပေမဲ့ အဲဒီ အိုးကလေးကို ဂျင်နီတို့ အနေနဲ့ အရေးကြီးတဲ့ပစ္စည်းလို့လည်း မထင်မှတ်ခဲ့ပါဘူး။ သူအပ်ထားခဲ့ကတည်းက ဒီလိုပဲ ပေါ့ပေါ့တန်တန် ထားခဲ့ပါတယ်။ တစ်ခါတလေတော့ ဂျင်နိ့ယောက်ျားဟာ အဲဒီ အိုးကလေးကို ဆေးလိပ်ပြာခွက်အဖြစ် အသုံးပြုတတ်တာကလွဲပြီး ဂျင်နီတို့အဖို့ အဲဒီဟာလေးကို မှတ်မှတ်သားသား လေးလေးစားစား မရှိခဲ့ပါဘူး။ ဂျင်နီအထင်တော့ အဲဒီအိုးလေးဟာ မော်လမြိုင် နေစဉ်ကတည်းကပဲ ပျောက်သွားပြီလို့ ထင်ပါတယ် အန်ကယ်”
ကျွန်ုပ်သည် အရှာကြီးရှာခဲ့ရသော ဂျင်နီကို တွေ့ပြန်တော့လည်း ကျွန်ုပ်၏မျှော်လင့်ချက် အစို့အညှောက်များသည် ကျိုက်ကျိုက်ဆူသော ရေနွေးပူနှင့် လောင်းသတ်ခံရသကဲ့သို့ လုံးဝမျှော်လင့်ဖွယ်မရှိသော အခြေအနေသို့ ဆိုက်ခဲ့ရတော့၏။
ဂျင်နီကို ကျွန်ုပ် မည်သို့မည်ပုံ ရှာဖွေခဲ့ရသည်ကို ပြောမပြခဲ့ပါ။ ကျွန်ုပ်သည် ထိုအခါက မြန်မာတစ်ပြည်လုံးရှိ သူနာပြု ဆရာမများ၏ အမည်ကို အလွတ်လောက်နီးနီးပင် ရရှိနိုင်လောက်အောင် သူနာပြု ဆရာမများ၏ စာရင်းကို မွှေနှောက်၍ ဂျင်နီကို ရှာခဲ့ရခြင်းဖြစ်၏။ ထိုသို့ ခက်ရာခက်ဆစ် ရှာဖွေပြီး တွေ့ရသော ဂျင်နီကလည်း ကျွန်ုပ်လိုချင်လှသော မိုးကြိုးအိုးကလေးကို မဆိုထားဘိ ၊ တွေ့နိုင်သော သဲလွန်စကိုပင် ပေးနိုင်သူတစ်ယောက် မဟုတ်ရုံမျှမက ကျွန်ုပ်ကိုပင် စိတ်ဓာတ် အကျကြီးကျအောင် ပြုလုပ်သကဲ့သို့လည်း ရှိ၏။
ကန္တာရအတွင်း ရေပြတ်သောသူသည် အဝေးမှမြင်ရသော ရေကန်သို့ ရှိစုမဲ့စုခွန်အားဖြင့် အရောက်သွားခဲ့ရာ ရေကန် ရောက်ကာမှ ရေမဟုတ်ဘဲ သဲကျင်းကြီး ဖြစ်နေသည်ကို တွေ့ရသဖြင့် ရူးသွပ်သွားကြသော သဲကန္တာရအရူးများအကြောင်းကို စာထဲ၌ကျွန်ုပ် မကြာခဏ ဖတ်ခဲ့ဖူး၏။ ကျွန်ုပ်လည်း ယခုကဲ့သို့ ဖြစ်နေချေပြီ။
ကျွန်ုပ်သည် ဂျင်နီထံမှ စိတ်ပျက်စွာ ပြန်ခဲ့ရတော့၏။ လူတို့၏ ကံကြမ္မာသည် ထူးဆန်းလှဘိ၏။ ကျွန်ုပ် အရှာကြီးရှာခဲ့သောမိုးကြိုးအိုးကလေးသည် မရှာတော့ပါဘူးဟု လက်လျှော့လိုက်တော့မှပင် ကျွန်ုပ်၏ လက်ဝယ်သို့ ရောက်ရှိလာတော့၏။
ကျွန်ုပ်သည် ရထားပေါ်၌ အိုးကလေးကို ရှာဖွေခဲ့သော အချိန် ၊ စရိတ်စက လူပင်ပန်းမှု၊ စိတ်ပင်ပန်းမှုများကို ပြန်လည်၍ စဉ်းစားပြီးနောက် “ကိုယ်နှင့်မထိုက်လို့ နေမှာပါပဲလေ”ဟု သဘောပိုက်ကာ ထိုအိုးကလေးကို နောက်နောင်၌ မရှာဖွေတော့ဘူးဟု စိတ်ကို ဆုံးဖြတ်လိုက်၏။
ဆုံးဖြတ်လိုက်သော စိတ်သည် ကျွန်ုပ်ကို များစွာစိတ်ချမ်းသာမှုကို ပေး၏။ အလုပ်တာဝန်ကြီးတစ်ခုပြီး သွားသကဲ့သို့လည်း ရှိ၏။ ထို့ကြောင့် ထိုအိုးကလေးနှင့် ပတ်သက်၍ ကြားခဲ့သမျှ သဲလွန်စများကို အပြီးတိုင် မေ့ပစ်ရန်၊ ကြိုးစားရန်မှတစ်ပါး ကျွန်ုပ်၌ အခြားပြုဖွယ်ရာ မရှိတော့ပါ . . .
ကျွန်ုပ်သည် ပေါ့ပါးရွှင်လန်းစွာပင် ထိုရထားကို စီးနင်းလိုက်ပါခဲ့ရာ ရန်ကုန်မြို့သို့ဝင်ခါနီး လေးထောင့်ကန်ဘူတာ၌ ရထားသည် ရပ်ရိုးထုံးစံမရှိဘဲလျက် ရပ်လိုက်သဖြင့် ကျွန်ုပ်သည် ပြတင်းပေါက်မှ အပြင်သို့လေ့လာကြည့်ရာ ရန်ကုန်အဝင် ငမိုးရိပ်တံတားအနီး၌ ရထားတစ်စီး လမ်းချော်နေသဖြင့် ခေတ္တရပ်စောရမည်ဖြစ်ကြောင်း ပြောဆိုနေကြသည်ကို တွေ့ရတော့၏။
လေးထောင့်ကန် ဘူတာရုံကလေးအတွင်း၌မူ အဒေါ်ကြီး သုံးလေးယောက်ခန့်သည် ခရီးသွားမည့်ဟန် တောင်းများ ၊ပလုံးများဖြင့် ရထားစောင့်နေသည်ကို တွေ့ရ၏။ ကျွန်ုပ်သည် ထိုခရီးသွားမည့် အဒေါ်ကြီးများထံသို့ ဒုတိယအကြိမ် မျက်စိရောက်သွားပြန်၍ကြည့် လိုက်မိရာ အဒေါ်ကြီးတစ်ဦးသည် ပြောင်းဖူးဖက် ဆေးပေါ့လိပ်ကြီးကို မီးပွားးမကျစေရန် စွက်ငယ်တစ်ခုဖြင့်ခံ၍ မြိန်ရှက်စွာ သောက်နေသည်ကို တွေ့ရတော့၏။ ထိုထွက်ငယ်ကို ထပ်၍ သေသေချာချာ ကြည့်လိုက်မိရာ အိုကလေးတစ်လုံး သဏ္ဌာန်ဗြစ်နေသဖြင့် ကျွန်ုပ်သည် သားရေလက်ဆွဲအိတ်ကိုဆွဲကာ ရထားပေါ်မှ ဆင်းလိုက်တော့၏။ စင်ပေါ်တွင် တင်ထားသော ကျွန်ုပ်၏ အိပ်ရာလိပ်ကိုမူ အနီးရှိ အမျိုးသမီးခရီးသည် တစ်ဦးအား ကြည့်ထားပေးရန် မှာကြားခဲ့၏။
အဒေါ်ကြီးထံသို့ ရောက်လျှင် အဒေါ်ကြီးကိုခွင့်တောင်း၍ ထိုအိုးကလေးအား တောင်းကြည့်ရာ ကျွန်ုပ် ရှာဖွေလျက်ရှိသော မိုးကြိုးအိုးကလေးဟု အတပ်မပြောနိုင်သော်လည်း ထိုအိုးကလေးး ဖြစ်နိုင်လောက်သော လက်ရာနှင့် သဲလွန်စများကို တွေ့ရတော့၏။
ကျွန်ုပ် မည်မျှအထိ ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားသည်ကိုမူ မဖော်ပြနိုင်တော့ပါ။
“အဒေါ် ဒီဆေးလိပ်ပြာခွက်ကလေး ကျွန်တော့်ကို ရောင်းပါခင်ဗျာ”
အဒေါ်ကြီးက ထူးဆန်းသလို ကျွန်ုပ်အားမော့ကြည့်ပြီးနောက်
“ကျုပ်ဟာ မဟုတ်ပါဘူး။ လမ်းမှာ မီးပွားလွင့်မှာစိုးလို့ ကုလားအိမ်က ခဏယူလာတာပါတော်”
“အဲဒီကုလားကို ကျွန်တော့်ပြပါ။ ကျွန်တော် ဝယ်ပါ့မယ်”
ဘူတာရုံတွင်းရှိ လူများသည် ကျွန်ုပ်ကို အထူးအဆန်းသဖွယ် ဝိုင်း၍ကြည့်နေကြ၏။ ထိုအချိန်၌ပင် ကျွန်ုပ် စီးလာခဲ့သော ရထားသည် ထွက်ရန် ဥဩဆွဲလိုက်တော့၏။
ကျွန်ုပ်သည် ထိုဥဩသံကိုမကြားတော့ပေ။ ကျွန်ုပ်၏ အိပ်ရာလိပ်အား ကြည့်ပေးရန် မှာကြားခဲ့သော ရထားပေါ်မှ အမျိုးသမီးက ကျွန်ုပ်ကို ရထားထွက်တော့မည်ဖြစ်ကြောင်း အော်၍ခေါ်၏။ ကျွန်ုပ်က မကြားချေ။ သို့သော် ဘူတာ အတွင်းက လူများက ကျွန်ုပ်ကို ဝိုင်း၍ ပြောကြသည်။ ရထားမှာစ၍ ထွက်နေပြီဖြစ်၏။ ကျွန်ုပ်သည် ထိုရထားနှင့် မလိုက်နိုင်တော့ပေ။ ထို့ကြောင့် ကျွန်ုပ်၏ အိပ်ရာလိပ်အား ပစ်ချပေးခဲ့ရန် ရထားပေါ်မှ အမျိုးသမီးကို အော်၍ပြောလိုက်ရာ ထိုအမျိုးသမီးက ကျွန်ုပ်၏အိပ်ရာလိပ်ကို မနိုင့်တနိုင်နှင့်မကာ ပစ်ချထားခဲ့၏။ ကျွန်ုပ်သည် အနီး၌ရှိသော ကုလားမလေးတစ်ယောက်ကို ပိုက်ဆံတစ်မူးပေး၍ ကျွန်ုပ်၏ အိပ်ရာလိပ်ကို သွား၍ ကောက်ခိုင်း၏။
ကျွန်ုပ်ကိုယ်တိုင်ကမူ အိုးပိုင်ရှင်အဒေါ်ကြီးနှင့်သာ အချိအချ ပြောနေ၏။
“ခက်လိုက်တာတော်၊ ကြံကြံဖန်ဖန် ကျပ် ဆေးလိပ်ခွက်ကိုမှ
မရမက ဝယ်ချင်လို့တဲ့။ ရထားပေါ်ကတောင် ဆင်းခဲ့သတဲ့တော်၊ ကြုံကြုံဖူးပါတော်”
အဒေါ်ကြီးသည် ပြောလည်း ပြော၏၊ ခွက်ထိုးခွက်လန်လည်။ ရယ်လိုက်သေးတော့၏။
“ဒေါ်ရှင်ရယ်၊ ဒါဖြင့်လည်း ရောင်းလိုက်ရောပေါ့တော်”
“ရောင်းလိုက်လို့ ဖြစ်ပါမလားတဲ့ ငါ့ဟာမှ မဟုတ်ဘဲ၊ လမ်းမှာ ဆေးလိပ်သောက်ဖို့ ကုလားအိမ်က ဝင်ဆွဲလာတာပါဆိုမှ”
ကျွန်ုပ်ဘက်မှ ဝင်ရောက်ပြောဆိုပေးသော အဒေါ်ကြီးတစ်ဦးနှင့် လက်ရှိအိုးပိုင်ရှင် ဒေါ်ရှင်ဟု အခံရသော အဒေါ်ကြီး။ နှစ်ဦးသည် အချီအချ ပြောဆိုနေကြ၏။
“အဒေါ်ကြီးမ…ရှင်ကလည်း ဒီလိုဆိုရင် ဥစ္စာရှင်ကိုတွေ့ ပေးလိုက်ပါလား၊ သူ့ခမျာ ရထားပေါ်ကတောင် ဆင်းခဲ့ရပြီ ဥစ္စာ”
ထိုတောရွာကလေးနှင့် မလိုက်အောင် ဝင်းဝါသန့်ပြန့်သော မိန်းမလှလှကလေးတစ်ဦးက ကျွန်ုပ်ဘက်မှဝင်၍ ပြောပေပြန်၏။
“ဒီက ရထားလာတော့မှာမို့ သွားခေါ်ပေးနိုင်ဘူး။ အတင် စေတနာရှိရင် တူမပဲ သွားခေါ်ပေးပေတော့”
“ဘယ်ကုလားလဲ အဒေါ်ကြီး”
“ညည်းတို့အနားက အန်းတားဆာမိဆိုတဲ့ ကုလားဟာအေ”
” ထိုမိန်းကလေးသည် ရုပ်ရည်သာမဟုတ်၊ စေတနာလည်းလှပါဘိ၏။
“ကျွန်မ ခေါ်ပေးပါ့မယ်ရှင်”
ထိုသို့ပြောကာ ယုန်ကလေး တစ်ကောင်အလား ကျွန်ုပ်တို့၏အနီးမှ ပျောက်ကွယ်သွား၏။ များမကြာမီ၌ ထို တင်တင်ဆိုသော မိန်းကလေးနှင့်အတူ ပိန်ပိန်ရှည်ရှည် ချစ်တီးကုလားတစ်ယောက် အပြင် မြန်မာတစ်ယောက်လည်း ပါလာ၏။
ချစ်တီးကုလားကို ကျွန်ုပ်က ပြုံး၍ နှုတ်ဆက်လိုက်ပြီး နောက်. .
“ဒီအိုးကလေးက ခင်ဗျားပစ္စည်းလား၊ ကျွန်တော် လိုချင်ပါတယ်။ ကျွန်တော့်ကို ရောင်းပါ”
“ဟာ.. ဆရာရယ် ကျွန်တော့်တဲမှာ ဒီတိုင်းပစ်ထားတဲ့ ပစ္စည်းပါ၊ အဖိုးလည်း မတန်ပါဘူး။ ဝယ်မနေပါနဲ့၊ ယူသွားပါ”
ကျွန်ုပ်၏စိတ်ထဲ၌ ချစ်တီးကုလားဆိုသည်မှာ အလွန်တရာ လောဘကြီးသူများ ဖြစ်ကြသည်ဟုသိထားရာ ကျွန်ုပ်က ငမ်းငမ်းတက် လိုချင်ကြောင်းပြောလျှင် မတန်တဆ ဈေးဆိုလိမ့်မည်ဟု ထင်မှတ်ခဲ့သော်လည်း ကျွန်ုပ်၏ အထင်နှင့်အမြင်မှာ များစွာလွဲမှား သွားခဲ့လေ၏။
၎င်းချစ်တီးကုလားသည် ရိုးရိုးသားသားပင် သူ့အတွက် အသုံးဝင်ခြင်းမရှိသော ပစ္စည်းဖြစ်သည့် အားလျော်စွာ ကျွန်ုပ်ကို ရက်ရောစွာပင် အလကားပေးနေ၏၊
သူနှင့်အတူ ပါလာသော မျက်စိမှေးမှေးနှင့်သူ၏ မျက်နှာတွင် ကြက်ဖင်ဟုသော ရွံရှာဖွယ်ရာ အနာများဖြင့် ပြည့်နှက်နေသော မြန်မာတစ်ဦးကမူ
“အို ဘယ်ဖြစ်မလဲ၊ တန်ရာတန်ဖိုးတော့ ပေးရမှာပေါ့”
“ဟ.. စံထူးရ၊ တန်ရာတန်ဖိုး ယူရအောင် ငါ့ဟာကတစ်ပြားမှ မတန်တာ”
“လိုချင်တဲ့လူရှိရင် ပစ္စည်းဆိုတာ တန်ဖိုးရှိတာပဲပေါ့ အန်းတား ဆာမိရဲ့”
ကျွန်တော်သည် ချစ်တီးကုလားကို အထင်သေးမိသော်လည်း အမှန်တကယ်၌မူ ချစ်တီးမြန်မာက ပို၍ ဆိုးနေ၏။ မတတ်သည့်အဆုံး၌ ကျွန်ုပ်က ပြောရတော့၏။
“ကဲ.. ဒီမှာမိတ်ဆွေ၊ အဲဒီပစ္စည်းကို ဘယ်လောက်တန်တယ်ဆိုတာ ခင်ဗျားပဲ ဈေးပြောပါ”
ထိုမြန်မာတောသား လူယုတ်မာသည် အဒေါ်ကြီးထံမှ အိုးလေးကို ယူ၍ကြည့်ကာ..
“ငါးကျပ်ဗျာ”
“ဒီမှာ မိတ်ဆွေ၊ ခင်ဗျားကို ကျုပ်က ငါးကျပ်သပ်သပ်ပေးပါတယ်။ ဟောဒီ ပိုင်ရှင်ဖြစ်တဲ့ ကိုဆာမိကိုတော့ တစ်ဆယ်ပေးပါတယ်။ ဟောဒီက ဆေးလိပ်ခွက် လက်ငင်းလိုသွားတဲ့ အဒေါ်ကြီးကိုလည်း ငါးကျပ်ပေးပါတယ်။ တကူးတက သွားခေါ်ပေးတဲ့ မိန်းကလေးကိုတော့ တစ်ဆယ်ပေးပါတယ်”
ကျွန်ုပ်သည် ပိုက်ဆံအိတ်ကိုဖွင့်၍ တစ်ရွက်ချင်းထုတ်၍ ဝေလိုက်၏၊ ကိုစံထူးခေါ်သော မြန်မာချစ်တီးမှအပ ကျန်လူများသည် ကျွန်ုပ်ပေးသော ငွေကိုချက်ချင်းမယူဘဲ အားနာနေကြ၏။ ထိုသူသာလျှင် ကျွန်ုပ်ပေးသော ငွေငါးကျပ်ကို အငမ်းမရ လှမ်းယူပြီးနောက် ကျွန်ုပ်ကို ကျေးဇူးရှင်ကြီးပမာ မျက်စိမှေးကလေးဖြင့် ကြည့်နေ၏။
ဤသို့အားဖြင့် ကျွန်ုပ်သည် လုံးဝအားလျှော့ရမည်ဖြစ်သော အိုးကလေးကို ရရှိခဲ့ပေသည်။ သို့သော်လည်း ထိုအိုးကလေးမှာ ကျွန်ုပ်ရှာဖွေလျက်ရှိသော ပန်းတဉ်းဝန်၏လက်ဆောင် အိုးကလေး ဟုတ်၊ မဟုတ် သေချာစေရန်အတွက် အပျိုတော် ဒေါ်ဝဿန်၏ သူနာပြုဆရာမလေး မြမြထံသို့ သွားရပြန်၏။ မြမြသည် ကျွန်ုပ်ယူသွားသော အိုးကလေးကို မြင်ရကာမျှနှင့် သူ၏ အိုကလေးဖြစ်ကြောင်း ချက်ချင်းသိ၏။ ကျွန်ုပ်သည် ဆရာမ ကလေး မြမြကို ငွေတစ်ဆယ်ပေးသော်လည်း မယူဘဲ အတင်းငြင်းဆန်နေသဖြင့် ၎င်းတန်ဖိုးနှင့် ညီမျှသောပစ္စည်းများ ဝယ်ယူကာ လက်ဆောင်အဖြစ် အတင်းပေးခဲ့ရ၏။
ကျွန်ုပ် သဲသဲမဲမဲ ရှာဖွေခဲ့သော ပန်းတဉ်းဝန်၏လက်ဆောင် မိုးကြိုးအိုးကလေးကား ကျွန်ုပ်လက်ဝယ် ရောက်ရှိခဲ့ပေ၏။
ရတနာဂီရိတွင် အပျိုတော်ကလေးများအား အမျက်ပြေလက်ဆောင်အဖြစ် မြန်မာပန်းတဉ်းဝန်အနုပညာသည်ကြီး တစ်ဦး၏ လက်ရာ မိုးကြိုးအိုးကလေး၏ ဇာတ်လမ်းကား ဤမှုနှင့် နိဋ္ဌိတံ၍ နိဂုံးကမ္ပတ် အဆုံးသတ်ခြင်း မပြုခဲ့ပါ။
ထိုအိုးကလေးသည် “မနုစာရီ” မည်သော ပညာရှင် မင်းသမီး နှင့် ဆက်နွယ်၍နေ၏။ ထို “မနုစာရီ” ကား ကျွန်ုပ်တို့ မြန်မာလူမျိုး အတော်များများ ဒဏ္ဍာရီအဖြစ် ပြောဆိုနေကြသော သုဓမ္မစာရီကဲ့သို့ လူသိများသော်လည်း သူ၏ အကြောင်းက အခိုင်အခန့် ရှိ၏။
ရွှေဖျဉ်း ဓမ္မသတ်၊ မနုကျယ် ဓမ္မသတ်တို့သည် မနုစာရီ၏ လက်ရာခြေရာများ ဖြစ်၏။ ဣန္ဒာစရိယမည်သော ဓာတ်ကျမ်းသည်လည်းကောင်း၊ ဓာတာ သသံယော ဂါ ကြိယာမည်သော ဓာတ် ကျမ်းသည်လည်းကောင်း၊ (ပေမူ) ပါသာဏာဓာတွာ ဒီဝိတ ကရဏာ ဘင်္သကရဏ မည်သော သတ္တုအမျိုးမျိုးတို့၏ကြောင်း ကျမ်း (ပေ) သည်လည်းကောင်း၊ မနုစာရီမည်သော ပညာရှင်မင်းသမီး၏ ပစ္စည်းများ ဖြစ်တော့၏။
ဖြတ်ထုံးများ စီရင်ခဲ့သောသူကား အမှန်အားဖြင့် သုဓမ္မစာရီ မဟုတ်၊ မနုစာရီသာဖြစ်ကြောင်း အာဂါရဝိနယမည်သော မနုစာရီ ၏ ကျမ်းကိုထောက်၍ ပညာရှိအချို့က ဆုံးဖြတ်ကြ၏။
ထိုပညာရှင် မင်းသမီး မနုစာရီ၏အကြောင်းကို လည်းကောင်း၊ ထိုမင်းသမီးနှင့် ကျွန်ုပ်လက်ဝယ် ရောက်ရှိနေသော မိုးကြိုးအိုးကလေး မည်သို့မည်ပုံ ဆက်စပ်နေသည်ကို လည်းကောင်း စာအုပ်တစ်အုပ်အဖြစ် ရေးသားရန်မှာ အလွန်ဆူးပေါသောတောကို တိုးရသကဲ့သို့ရှိပေလိမ့်မည်။ ကျွန်ုပ် တစ်ခုစိုးရိမ်ပြန်သည်မှာလည်း မနုစာရီအား တကယ်ရှိ
ခဲ့သော်မင်းသမီးအဖြစ် ယခုခေတ် လူသားတော်တော်များများ လက်ခံနိုင်ရန် ခက်ခဲပေလိမ့်မည်။ ထိုအခက်အခဲများကို လျစ်လျူရှု၍ မရေးမဖြစ်ရေးသားရန် အကြောင်းတစ်ခုကပေါ်လာသော ထိုအကြောင်းသည်ပင် မနုစာရီဝတ္ထုမည်ပေတော့၏။
အကယ်၍ စာဖတ်သူသည် “မနုစာရီ” အား တကယ်မှ ဟုတ်ပါရဲ့လား၊ စိတ်ထင်ရာတွေများ လုပ်ကြံရေးသားထားခြင်းများ ဖြစ်နေရော့သလားဟု သံသယဖြစ်ခဲ့ပါမူ ကျွန်ုပ်၌ ဤမှုရှုပ်ထွေးလှသော အကြောင်းအရာတစ်ခုကို ရေးသားရန်ပင် မဆိုထားဘဲ သူတစ်ပါးရေးသားထားခြင်းကိုပင် ဖတ်နိုင်လောက်သော စိတ်ရှည်မှုမျိုး ကျွန်ုပ်၌ လုံးဝမရှိကြောင်း ဝန်ခံရပေမည်။
ထို့ထက် အခိုင်အခံ့ဆိုရပါမူ ကျွန်ုပ်၌ရှိသော
(တစ်) ပန်းတဉ်းဝန်၏ လက်ရာ မိုးကြိုးအိုးကလေး။
(နှစ်) မနုစာရီနှင့် ကျွန်ုပ် ပူးပေါင်းရေးသားထားသည်ဟုဆိုရမည့် ကျွန်ုပ်ကိုယ်တိုင် မတတ်ကျွမ်းသော မာဂဓသုဒ္ဓိစာ၊ သရေခေတ္တရာထက်စောသော မြန်မာစာ ဗျည်းသရ ရေးဟန်များပါသော စာထုပ်ကြီးတစ်ထုပ်။
(သုံး) တာမွေ သုသာန်အတွင်းရှိ မနုစာရီဟု ကမ္ပည်းထိုးထားသော အုတ်ဂူကလေး (မှတ်ချက်-တာမွေသုသာန် ယအတွင်းမရှိတော့ပါ)။
(လေး) တက္ကသိုလ်ကျောင်းသား မောင်ကျော်ခိုင်၏ စိတ္တဇဆေးရုံက ကိုယ်ရေးရာဇဝင် (မှတ်ချက်- ယခုအခါ စိတ္တဇဆေးရုံကို စိတ်ကျန်းမာရေးဆေးရုံဟု ခေါ်သည်။)
(ငါး) ဘားလမ်းစတီးဝပ် အချုပ်ခန်းမှ ဖောက်ထွင်းရာ မတွေ့ဘဲ ထူးဆန်းစွာ ပျောက်ဆုံးသွားသော ဗိုလ်နန်းဝေနှင့် ပတ်သက်သည့် ရဲအမှုတွဲဟောင်း ၎င်းတို့နှင့် ပတ်သက်သော သတင်းစာဖြတ်ပိုင်း ကလေးသာလျှင် (မှတ်ချက် – ယခုအခါ ဘာလမ်းကို မဟာဗန္ဓုလ ပန်းခြံလမ်းဟု ခေါ်သည်။
ကျွန်ုပ်ဘက်က သက်သေများအဖြစ် ရပ်တည်နိုင်မည် ဖြစ်ပေသတည်း။
စာရေးသူ
ရသလွင်ပြင်မှကူးယူ၍ ပြင်ဆင်တည်းဖြတ်ထားပါသည်။