မနုစာရီ - အပိုင်း ၁၁

မနုစာရီ – အပိုင်း ( ၁၁ )

* * * မနုစာရီ * * * (အပိုင်း ၁၁ )

မင်းသား အတိတျာသည် ဒဏ်ရာဒဏ်ချက်များ သက်သာသွားသည်ကလည်း တစ်ကြောင်း၊ အာဟာရနှင့် အိပ်ရေးဝလင်သွားသည်ကလည်းတစ်ကြောင်းကြောင့် လန်းလန်းဆန်းဆန်းရှိလာ၏၊ ထို့ကြောင့် ဆက်လက်အိပ်စက်ခြင်း မပြုတော့ဘဲမန်းချောင်းဆီသို့ လျှောက်လာ၏။

လမင်းသည် ပဝင်း၍ ထိန်ထိန်သာနေ၏၊ မန်းချောင်းရေအလျင်သည် လရောင်အောက်၌ သာခွာဘော်သားအလား ဝင်းလက်လျက်ရှိ၏။ ချောင်းကမ်းစပ်သောင်ပြင်မှာမူ ညီညာပြန့်ပြု၍ ငွေသင်ဖြူးခင်းထားသည့်အလား မျက်စိတဆုံး ဖွေးဖွေးဖြူလျက်ရှိ၏။

အတိတျာသည် ညောင်းညာမှုကို ဖြေဖျောက်ရန်အတွက်သောင်ပြင်တွင် လမ်းလျှောက်မည်ဟု စိတ်တွင်း၌ ကြံရွယ်၍ခင်တန်းကလေးတစ်ခုကို ကျော်ဖြတ်လိုက်လျှင် သူသည် သူ၏မျက်စိအား မယုံနိုင်သကဲ့သို့ ရှိတော့၏။

ဣတ္ထိယ သဏ္ဌာန်တစ်ခုသည် အလွန်ပါးလွှာလှသော အဝတ်အစားများကို ဝတ်ဆင်ထား၏။ သူ၏ အဝတ်များသည်လည်းကောင်း၊ သူ၏ ရှည်လျားသော ဆံပင်သည်လည်းကောင်း လေထဲတွင် တဖြတ်ဖြတ်လွင့်မြောနေ၏။

မည်သူမည်ဝါ ဖြစ်သည်၊ မည်သည့် အကြောင်းကြောင့် တစ်ကိုယ်တည်းလာရောက်လျက်ရှိသည်ကိုသိလိုသော အတိတျာသည် အကိုင်းချင်းယှက်နွယ်၍ အစီအရီပေါက်နေသော ပေါက်ပန်းဖြူပင်တန်းကလေး၏အရိပ်ကို အကာအကွယ်ယူကာ စစ်မြေပြင်၌ ရန်သူအနီးသို့ တိတ်တဆိတ် ချဉ်းကပ်သော အတတ်ဖြစ်သည့် “ပဘင်္ကရဗျူဟာ” ပညာဖြင့် ထို ဣတ္ထိယသဏ္ဌာန်နှင့် အနီးဆုံးအပင်တစ်ပင်သို့ အရောက်ချဉ်းကပ်ခဲ့၏။

မနုစာရီ လရောင်ခြည်လှုံ - မင်းသိင်္ခ

အတိတျာပို၍ အံ့ဩပြန်၏၊ ထိုသဏ္ဌာန်ကား မနုစာရီ ဖြစ်ပေသည်။ မနုစာရီသည် ဝိုင်းစက်ပြည့်ဝန်းသော လမင်းကြီးကို ကြည့်ကာ လက်နှစ်ဖက်ကိုဆန့်တန်း၍ တစ်စုံတစ်ခု ရွတ်ဆိုလိုက်၏။ ထို့နောက် အလွန်ပါးလွှာသော အဝတ်တို့ကို တစ်ခုချင်း ချွတ်ချလျက်ရှိတော့၏။ စစ်သူရဲကောင်း မင်းသား၏ရင်ထဲဝယ် နတ်ဆိုးအကောင်တစ်ရာ ဝင်ရောက်၍ သောင်းကျန်းနေသည်ထက်ပင်ပို၍ ဗလောင်ဆူနေ၏။

ရမက်သည်ပိုပြီး တောက်လောင်နေ၏၊ ထို့ကြောင့် တံတွေးကို မကြာခဏ မျိုချနေရ၏။ ရမ္မက်၏ အပူရှိန်ကြောင့် အတိတျာ၏ လည်ချောင်းများလည်း ခြောက်သွေ့လျက် ရှိတော့၏။
ပါးလွှာသောအဝတ်တို့သည် မနုစာရီ၏ ခြေရင်းတွင် စုပုံလျက်ရှိ၏။ မစုစာရီ၏ကိုယ်ပေါ်၌ကား အဝတ်အထည်ဟူ၍ လုံးဝ မရှိတော့ချေ။ ပကတိ မိမွေးတိုင်း ဖမွေးတိုင်း ဖြစ်နေ၏။

အသားရောင်သည် လရောင်အောက်၌ ပို၍ဝင်းပနေသည်ဟု အတိတျာကထင်မိ၏။ ရှည်သွယ်နက်မှောင်သော ဆံကေသာသည်လည်း လေထဲတွင် တံခွန်လွှင့်သည့်အလား လွင့်နေ၏။
မတွဲမခို၊ မချပ်မပြားသော ရင်အစုံ၊ ဟိုက်သိမ်သောခါး ၊ ကားစွင့်သောတင် ၊ ဆင်စွယ်ညွတ်မျှကြော့ကြော့ရှင်းသော ပေါင်တံစသည့် ယူငင်ပေါင်းစပ်၍ ဖွဲ့စည်းထားသကဲ့သို့ ရှိတော့၏။

အလှကြွယ်စု၊ သိကြားထုသို့ဟုဆိုရမတတ် သိကြားမင်းထုသော ကညာရုပ်သွင်ကဲ့သို့ လှချင်တိုင်းလှနေသော မနုစာရီကို အတိတျာမင်းသားသည် သတိလက်လွတ် ငှက်တောင်ကျွတ်ဖြစ်ပြီး ပြေး၍မဖက်မိစေရန် အနီးရှိ ပေါက်ပန်းဖြူပင်ကိုင်းကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားရတော့၏။

အတိတျာ ညှစ်ကိုင်ထားသော ပေါက်ပန်းဖြူကိုင်သည် လူ့စကားပြောတတ်ပါမူ နည်းနည်းလျှော့ပေးပါဦး၊ သိပ်မညှစ်ပါနဲ့၊ ကျပ်သေရပါတော့မည်ဟု ပြောကောင်းပြောပေလိမ့်မည်။

မနုစာရီသည် လရောင်ကို မျက်နှာမူနေရာမှ ကျောပေး၍ ရပ်လိုက်ပြန်၏၊ ပုရိသယောက်ျားများကို များစွာညှို့ငင်နိုင်သော နေရာသည် မိန်းမတို့၏ မို့မောက်ဖောင်းကြွသော တင်သားများ၏ နေရာဖြစ်ရာ မနုစာရီ၏ ပွင့်သစ်စ ခရုညှင်းအလား ဖြူဝင်းမောက်ကြွသော တင်သားအစုံဖြင့် ကျက်သရေရှိလှသော မနုစာရီ၏ ကျောစိုင်အလှသည် အတိတျာအဖို့ ရှေ့ပိုင်းအလှထက်ပင် ပို၍ဆွဲအား ရှိနေ၏။

အတိတျာ၏စိတ်၌ ယောက်ျားကောင်း ယောက်ျားမြတ်တို့ထားအပ်သော စည်းကမ်းကို ချိုးဖောက်ချင်လာ၏၊
အချိန်၏ အားပေးမှု၊ နေရာ၏ အားပေးမှုတို့ကြောင့် ဤကဲ့သို့သော အခွင့်အရေးမျိုးကို လက်လွှတ်လိုက်ပါက ငါးကြော်တွေ့၍မှ မနှိုက်လျှင် ကြောင်မိုက် ဟု ဆိုရိုးရှိ၏။ ထို့ကြောင့် အရကြံလိုက်မည်ဟု စိတ်တွင် ဖြစ်ပေါ် ခဲ့သေး၏။

သို့သော် စိတ်ဓာတ်ကြံ့ခိုင်သော ယောက်ျားဖြစ်သည့် အားလျော်စွာ ကယ်ဆယ်ခဲ့သော ကျေးဇူးကိုလည်းကောင်း၊ မြတ်နိုးဖွယ်ရာသော မနုစာရီ၏အလှနှင့် ပညာဉာဏ်ကိုလည်းကောင်းလေးစားသောအားဖြင့် တဒင်္ဂပဟန် တောက်လောက်လျက်ရှိသော တဏှာရာဂမီးကို အလျှော့ပေးနိုင်ခဲ့ခြင်း ဖြစ်၏။

အတိတျာသည် မိမိ၏ စိတ်ဆင်ရိုင်းကို ထူးခတ်၍ ထားလိုက်၏။ ထို့ကြောင့် အတိတျာသည် ဖြည်းညှင်းစွာ အပါးမှ ဆုတ်ခွာလာခဲ့ပြီးနောက် ကျောင်းသင်ခန်းရှေ့ရှိ ကွပ်ပျစ်ပေါ်တွင်ထိုင်လျက် မနုစာရီနှင့် ပတ်သက်သည့် အကြောင်းအရာများကို အထပ်ထပ် စဉ်းစားလျက် ရှိ၏။

ကျောင်းသင်ခန်းအတွင်းမှ မိန်းမငယ်တို့၏ ဟောက်သံသည် ယခင်ကအတိုင်း ကြားနေရ၏။
တစ်အောင့်မျှထိုင်ပြီးနောက် မနုစာရီရောက်လာ၏။ အချိုးကျ၍ လှပလုံလဲသော အဝတ်အစားများကို ဝတ်ဆင်ကာ အတိတျာအနီးတွင် လာရောက်၍ ကျုံ့ကျုံ့ကလေး ထိုင်၏။

“မောင်အရှင် ဆာလောင်မွတ်သိပ်မှု ရှိပါသလော”
အတိတျာက ပါးစပ်ဖြင့်မဖြေ၊ ခေါင်းကို အသာယမ်း၍ ပြ၏။ မနုစာရီသည် အတိတျာကို အနည်းငယ် အကဲခတ်လိုက်ပြီး နောက်…

“မောင်အရှင် မနုစာရီ လရောင်ခြည်လှုံတာကို တစ်နေရာရာက မြင်ခဲ့ပြီ မဟုတ်လား”

“ဟုတ်ပါပေတယ် မနုစာရီ နှမငယ်…မောင်အရှင်မြင်ခဲ့ကြောင်းကို နှမ ဘယ်လိုသိနိုင်ခဲ့သလဲ”

“သိပါတယ် မောင်အရှင်၊ ဝိသမပရိဟာရဇာခေါ်တဲ့ ချုပ်တီးခြင်းကြောင့်ဖြစ်ပေါ်တဲ့ ရောဂါရိပ်ရယ်၊ ရာဂုမ္မတ္တက ခေါ်တဲ့ တဏှာ ရာဂကြောင့် ရူးသွပ်တဲ့သူရဲ့ အနုစားရောဂါရိပ်ရယ်ကို မောင်အရှင့်မှာ တွေ့ရပါတယ်။ ဒါကြောင့် မနုစာရီ လရောင်ခြည်လှုံတာကို မောင်အရှင် တစ်နေရာရာက တွေ့ခဲ့ပြီလို့ သိရပါတယ်”

“ဘာကြောင့် လရောင်ခြည်လှုံရတာလဲ နှမငယ် မနုစာရီ”

“ဒီလောကမှာ နေလနှစ်ပါးရဲ့ စွမ်းအင်သတ္တိနဲ့ကင်းပြီး ဘယ်အရာမှ မရှိပါဘူး၊ နေဟာ အဖိုဓာတ်ကို ဖြစ်စေပြီး၊ လဟာ အမဓာတ်ကို ဖြစ်စေပါတယ်။ ဒါကြောင့် နေကိုပုံပြုပြီးရေးတဲ့စာကို “စာဖို”လို့ ခေါ်ပါတယ်။ လကို ပုံပြုပြီး ရေးတဲ့စာကို “စာမ”လို့ ခေါ်ပါတယ်”
(မှတ်ချက်။ ။ စ ဓ ဗ ဝ ကို ဆိုလိုဟန် ရှိပါသည်။ စာရေးသူ)

“လရောင်ခြည်လှုံတဲ့ အကျိုးကျေးဇူးကို သိပါရစေ နှမငယ်”

“လရောင်ခြည်ဟာ ဆွဲဓာတ်ကို ဖြစ်ပေါ်စေပါတယ်။ မဟာသမုဒ္ဒရာတွင်းမှ ရေများကိုပင် ဆွဲငင်နိုင်စွမ်း ရှိပါတယ်။ မိန်းမများရဲ့ ကျောရိုးအတွင်းမှရှိတဲ့ ချဉ်ဆီနဲ့ သားအိမ်ပိုင်းမှာရှိတဲ့ ဥတုပန်းရည်တို့ဟာ လရဲ့ဆွဲအားကြောင့် ကြွတက်တတ်ပါတယ်။ ဒီအခါမျိုးမှာ လရောင်ခြည်လှုံပေးရင် ဆွဲဓာတ်များ ရရှိပြီး အလှတိုးစေပါတယ်။ အသက်ရှည်ပါတယ် မောင် အရှင်”

အတိတျာသည် အံ့ဩစွာဖြင့် မနုစာရီကို ကြည့်နေမိ၏။

“လရောင်ခြည် လှုံသလိုပဲ နေရောင်ခြည်ကိုလည်း လှုံသင့်ပါတယ်။ နေရောင်ခြည်မှာ အတွန်းဓာတ်တစ်မျိုး ပါရှိပါတယ်။ အဖိုဓာတ်ကို ဖြစ်စေပါတယ်။ သတ္တိကို ဖြစ်စေပါတယ်။ စိတ်ဓာတ်ကို ခိုင်ကြည်စေပါတယ်။ အရိုးတို့ကို ခိုင်ခံ့စေပါတယ်”

အတိတျာအဖို့ မနုစာရီ၏ အသံသည်လည်းကောင်း ၊ ပြောပြနေသော အကြောင်းအရာတို့သည် လည်းကောင်း၊ မငြီးနိုင်အောင် ရှိတော့၏။

မနုစာရီသည် ကျောင်းသင်ခန်းအတွင်းသို့ ဝင်သွားပြီးလျှင် ရေတစ်ခွက်နှင့် အမှုန့်အနည်းငယ်ကို ယူလာပြီးနောက် အတိတျာသို့ ပေး၏။

“ကိဏ္ဏပက္ခိတခေါ်တဲ့ တဆေးမှုန့်ပါ။ လှုပ်ရှားနေတဲ့ စိတ်ကို တည်ကြည်သွားစေပါတယ်။ အဲဒါကို ရေနဲ့သောက်လိုက်ပြီး အိပ်လိုက်ပါ”

အတိတျာသည် မနုစာရီပြောသည့်အတိုင်း ဆေးမှုန့်ကို ပါးစပ်အတွင်းသို့ပက်သွင်း၍ ရေကိုသောက်လိုက်ပြီးနောက် ဝါးကွပ်ပျစ်ပေါ်တွင်လှဲချလိုက်ရာ မနုစာရီ မိမိအနားမှ မခွာမီမှာပင် အိပ်ပျော်ခြင်းသို့ ရောက်လေတော့၏။

မနုစာရီသည် အတိတျာကို ဖျင်ငယ်တစ်ခုနှင့် လွှမ်းခြုံပေးပြီးနောက် ကျောင်းသင်ခန်းအတွင်းသို့ ဝင်သွားတော့၏။
အတိတျာသာမဟုတ် မနုစာရီသည်လည်း အိပ်ပျော်ခဲ့လေပြီ။ လရောင်အောက်၌ သက်ရှိသက်မဲ့ မှန်သမျှသည် ထိုအချိန်၌ နှစ်ခြိုက်စွာ အိပ်ပျော်လျက်ရှိတော့၏။
လသည် သာမြဲသာနေ၏၊ မန်းချောင်း၏ ရေစီးသံသည် ဗေလုဝ နတ်စောင်းသံအလား ထိုည၏အလှကို ဖော်ကျူးနေ၏။

နောက်တစ်နေ့ နံနက်တွင် အတိတျာအား မနုစာရီသည် ဝိဟိမည်သော ကောက်စပါးမျိုးဖြင့် ကျိုချက်ထားသော ယာဂု (ဆန် ပြုတ်)ကို လာ၍ပေး၏။ အတိတျာသည် မနုစာရီပေးသော ယာဂုကို မြိန်ရှက်စွာ သောက်နေစဉ် မနုစာရီက အနီးတွင် ထိုင်၍…

“မောင်အရှင်…ယာဂုဟာ ဥန္ဒံပတိဟနုတိ- ဆာလောင်ခြင်းကို ပယ်၏။ ဝိပါသံ ပတိဝိနေဟိ -မွတ်သိပ်ခြင်းကို ပယ်၏။ ဝါတံ အနုလောပေဟိ- လေကိုအောက်သို့ သက်စေ၏။ ဝတ္တိံသော စေတိ -ဆီးအိမ်စည်ပေါင်းကို ရှင်းလင်း၍ ဆီးရွှင်စေ၏။ အာဝ သေသံ ပါစေတိ – မကြေမကျက်သေးသော အစာသစ် အကြွင်းအကျန်ကို ကြေကျက်စေ၏လို့ ဓာတုတိကိစ္ဆဒေါ်တဲ့ ဓာတ်စာကျွေးခြင်း ပညာဟု ဆိုထားပါသည်။

ဒါကြောင့် ဒီနေ့သာမဟုတ်ဘဲ နောက်နောင်ကိုလည်း မောင်အရှင် နေ့တိုင်းစားသုံး စေချင်ပါတယ်”

အတိတျာသည် ကလေးငယ်ကဲ့သို့ ခေါင်းကိုသာ ညိတ်၍ဖြေ၏။ စိတ်တွင်း၌လည်း မနုစာရီ၏ စွယ်စုံတတ်သိ လိမ္မာမှုကို ချီးကျူးနေမိ၏။ မနုစာရီ၏ ဘိုးဘိုးသည် အတိတျာ၏ အနီးသို့ ရောက် လာပြီးနောက်……

မဟူ မနုဿာသင်္ဂါမေ ယုဇ္ဇန္တာမရန္တိ၊ အမှာကံ သေနာပတိကုမာရံ စိရံ တိဇိဝ။
“များစွာကုန်သော လူတို့သည် စစ်မြေပြင်၌ တိုက်ရင်း ခိုက်ရင်း သေကြကုန်ပြီ။ ကျွန်ုပ်၏ စစ်သူရဲကောင်း မင်းသား၊ အသက်ရှည်ပါ စေသတည်း”ဟု ဆုတောင်းမေတ္တာပို့သပြီးနောက် ထိုင်နေကျ သစ်နက်ရေပေါ်တွင်ထိုင်၍ ဇောဂအကျင့်ဖြင့် ငြိမ်းချမ်းစွာ နေလေတော့၏။

ကျန်ရှိသော မိန်းကလေးခြောက်ဦးတို့သည်လည်း ယမန်နေ့ညဉ့်က မနုစာရီသင်ကြားပေးထားသော မန္တာန်များကို တစ်ဦးစီ မနုစာရီထံ၌ အလွတ်ပြန်ဆိုကြပြီးနောက် ထင်းခွေခြင်း၊ ရေခပ်ခြင်းများ ပြုရန်အတွက် ကျောင်းသင်ခန်းအပြင်သို့ ထွက်ခွာသွားကြတော့၏။

မနုစာရီနှင့် အတိတျာတို့သာလျှင် ကျောင်းသင်ခန်းရှေ့ရှိ ဝါးကွပ်ပျစ်ကလေးပေါ်၌ ထိုင်ရင်း စကားပြောနေကြ၏။ မနုစာရီ၏ ဝင်းဝါ၍သွယ်ညွတ်သော လက်ချောင်းကလေးများကို အတိတျာက စိတ်ဝင်စားစွာ ကြည့်ရင်း ဤလက်ချောင်းကလေးများသည် စောင်းကြိုးများပေါ်၌ ပြေးလွှားလှုပ်ခတ်ကစားပါမူ သာယာသော အသံကို ဖြစ်ပေါ်စေလိမ့်မည်ဟု ထင်မှတ်မိရာကား …

“မနုစာရီ စောင်းတီးတတ်ပါလော”ဟု မေးမြန်းမိ၏။ မနုစာရီက ချွန်းပေါ်သောသွားများကို ပေါ်ရုံပြု၍ ပြုံးလိုက်၏။

“မနုစာရီ စောင်းကိုသာ မဟုတ်ပါဘူး၊ တူရိယာမျိုးထဲတွင် မိန်းမသားတို့အနေနဲ့ တီးမှုတ်ရန် မလွယ်ကူတဲ့ မြှောက်စည် သံလွတ် စည်းပြော၊ စည်ကြီး၊ ဒုံမင်း၊ စည်ဝန်း၊ စည်သေး စည်ပုတ် စည်ပန်းတောင်း ပတ်သာ ပုံသာ တစ်ဖက်ပိတ် စည်နဲ့ စည်အိုး စတဲ့ စည်မျိုးတစ်ဆယ့်နှစ်ရပ်ကိုပင် ကျွမ်းကျင်စွာ တီးခတ်နိုင်ပါတယ် မောင်အရှင်”

အတိတျာသည် မနုစာရီကဲ့သို့ ဤမည်သော တစ်ဆယ့်နှစ်ရပ်သော စည်များကို တီးခတ်နိုင်ဖို့ဝေးစွ ထိုတစ်ဆယ့်နှစ်ရပ်သောစည်တို့၏ အမျိုးအမည်ကိုပင် အလွတ်ရွတ်ဆိုပြနိုင်ခြင်း မရှိပါပေ။

“မောင့်အရှင်ရဲ့ လက်ဝါးကို ဖြန့်လိုက်ပါ”

အတိတျာသည် မနုစာရီပြောသည့်အတိုင်း လက်နှစ်ဖက်ကို ဖြန့်၍ ပြလိုက်၏။ မနုစာရီသည် အတိတျာ၏ လက်ဝါးပေါ်တွင်ရှိသော အရေးအကြောင်း အမြောက်အမြားအနက်မှ တစ်ခုသော အရေးအကြောင်းကို သူ၏သွယ်ချွန်းသော လက်ညှိုးကလေးနှင့် ထောက်ကာ…

“မောင်အရှင်ဟာ ဒီလက်ညှိုးနဲ့ လက်မကြားမှအစပြုပြီး မောင်အရှင်ရဲ့ လက်ဖဝါးအစွန်းဘက်ကို ဖြတ်သန်းတဲ့အကြောင်းကလေးကို သုသမ္မဏလေခါလို့ ခေါ်တယ်။ မှောင်မိုက်ခြင်းကို အားပေးတယ်။ တစ်နည်းအားဖြင့် ပညာဉာဏ်ကိုလည်း အားပေးတယ်၊

ဒီအကြောင်းလေးဟာ မောင်အရှင့်လက်မှာ အာရီလို့ခေါ်တဲ့ အင်္ဂါကြယ်ထွန်းပရာ နေရာဘက်ကိုသွားလေတော့ မောင် အရှင်ဟာ အတီးအမှုတ် အကအခုန် ပန်းချီပန်းပု၊ အနုလင်္ကာ ကဗျား သီချင်းစတဲ့ ငြိမ့်ညောင်းခြင်း အတတ်တွေကို စိတ်ဝင်စားခြင်းမရှိဘဲ အလဗျူဟာခေါ်တဲ့ မီးတောက် မီးလျှံများ ဝါးမျိုဖျက်ဆီးသကဲ့သို့ ဖျက်ဆီးမှု စစ်အတတ်ဘက်တွင် ကျွမ်းကျင်လိမ္မာခဲ့ပါတယ်။

မနုစာရီရဲ့လက်မှာရှိတဲ့ အဲဒီလမ်းကြောင်းကတော့ စန်းဂြိုတ်ထွန်းပရာသို့ သွယ်ညွတ်သွားတဲ့အတွက် အတီးအမှုတ်၊ အလင်္ကာ၊ ကဗျာသီချင်း စတဲ့ အတတ်တွေမှာ ကျွမ်းကျင်တတ်မြောက်ခဲ့ပါတယ်”

မနုစာရီသည် သူ၏ လက်ဖဝါးကိုပါဖြန့်၍ ထိုသုသမ္မဏလေခဟူသော လမ်းကြောင်းငယ်၏ တည်ရှိမှုနှင့် အတတ်ပညာ ဆက်နွယ်မှုကို ရှင်းပြပြန်၏။ အတိတျာသည် မနုစာရီ၏ လက်ဝါးရှင်ကို စိတ်ဝင်စားစွာ ကြည့်သော်လည်း မနုစာရီကဲ့သို့ အရေးအကြောင်းများကို နားမလည်နိုင်ခဲ့ပါ။ သို့ရာတွင် မနုစာရီ၏ လက်ဝါးပေါ်တွင် ဆေးမင်နက်ဖြင့် ထိုးထားသော ရှစ်ထောင့်ကြယ်ပုံ တစ်မျိုးကို တွေ့မြင်ရသဖြင့် မနုစာရီကို ထိုအမှတ်တံဆိပ်နှင့် ပတ်သက်၍ မေးမြန်းတော့၏။

”နှမငယ် မနုစာရီ၊ ဒီအမှတ်တံဆိပ်ဟာ ဘာလဲကွယ်”

“ဂျေရာလို ခေါ်တဲ့ ဓာတ်စမတစ်မျိုးပါ ဘိုးဘိုး ထိုးပေးထားတာလေ၊ ဒီဓာတ်စမ ဂျေရာဟာ ရန်ပြုသူတွေနဲ့ တွေ့ရင်
သူက အစွမ်းသတ္တိပြပါတယ်။ ကျား၊ ဆင်မြွေစတဲ့ တောတိရစ္ဆာန်တွေဟာ မြင်ရုံနဲ့ ထွက်ပြေးကြပါဘယ်”

အတိတျာနင့် မစုစာရီတို့ ထို့သို့ စကားလက်ဆုံကျနေစဉ်၌ ကျောင်းဝင်းအတွင်းသို့ တစ်စုံတစ်ယောက်ဝင်လာ၏။ အတိတျာသည် ဝင်လာသူကို လှမ်း၍ကြည့်လိုက်ရာ ဦးခေါင်း၌ ဆံကျမ်းကြီးကြီး မုတ်ဆိတ်ဖားဖားနှင့် တောမှီရသေ့တစ်ဦးဖြစ်ကြောင်း တွေ့လိုက်ရ၏။

ထိုရသေ့သည် အတိတျာတို့ ထိုင်နေသော ဝါးကွပ်ပျစ်တွင် ဝင်ရောက် ထိုင်လိုက်၏။ အတိတျာသည် အဓိပ္ပာယ် နားမလည်ဘဲ ထိုရသေ့ကို ကြည့်နေစဉ် ရသေ့၏ နားနှစ်ဖက်မှ မီးခိုးများ အူ၍ထွက်လာ၏။

“မောင်…..”
မနုစာရီသည် အလန့်တကြားအော်လိုက်ပြီးနောက် အတိတျာကို ရသေ့အနီးမှ ဇတ်ခနဲဆွဲလိုက်၏။ မနုစာရီသည် အတိတျာ၏ လက်ကိုကိုင်ကာ ရသေ့အနီးမှ နောက်ဆုတ် နောက်ဆုတ်နှင့် အတော်လှမ်းလှမ်း နေရာအထိ ရောက်သွားရန် ရှောင်ကွင်းလိုက်၏။

ရသေ့မှာ နားနှစ်ဖက်မှသာ မဟုတ်။ နှာခေါင်းများ၊ မျက်လုံးများ ပါးစပ်မှပါမကျန် မီးခိုးများ ထုတ်လွှတ်နေသဖြင့် နောက်ဆုံးတွင် ရသေ့ကိုပင် မမြင်ရတော့ဘဲ မီးခိုးလုံးကြီးကိုသာ မြင်ရတော့၏။

<><><><><><><><><><><><><>
အပိုင်း ၁၂ ဆက်ပါဦးမည်

Loading

Leave a Reply

Your email address will not be published. Required fields are marked *