မနုစာရီ အပိုင်း ၁၃

မနုစာရီ – အပိုင်း ( ၁၃ )

* * * မနုစာရီ * * * ( ၁၃ )

(သော အက္ခပါတီ ဝိနိစ္ဆယောဟောတိ) …… အစရှိသော ဂါထာဖြင့် မျက်နှာမလိုက် ဖြေဆိုဆုံးဖြတ်မည်ဖြစ်ကြောင်း တိုင်တည်လိုက်၏။ ပရိသတ်သည် ဤမျှလှပ၍ ဤမျှရဲရင့်သော မိန်းမမျိုးအား မတွေ့ဘူးရုံမျှမက ကြားပင် ကြားဖူးခြင်း မရှိရာ မှင်သက်မိ၍ ပါးစပ် အဟောင်းသား ဖြစ်နေကြတော့၏။
မနုစာရီသည် ရွှေအုပ်အားကိုင်၍ မြှောက်ကာ အထဲမှ အသံကို နားထောင်၏။ အသံမကြားရသဖြင့် ရွှေအုပ်ကို ကိုင်လှုပ်ကြည့်ရာ အုပ်တွင်းမှ အရာဝတ္ထုနှင့်အုပ် ဆောင့်မိ၍ “ဂတ် ဂလုံ ဂလုံ” ဟု အသံမြည်သွားသည်ဖြစ်ရာ..

“ရေမြေ့ရှင်နှင့်တကွ တရားသဘင် ပရိသတ်ကြီးရှင်… အခု ပုစ္ဆာဟာ အနက်ကိုသိပြီးပေးသော ဒိဋ္ဌသံသနာ ပုစ္ဆာမျိုး ဖြစ်ပါတယ်။
ဒါပေမဲ့ ကျွန်တော်မ မနုစာရီဟာ ဝိနိစ္ဆယပါလ နတ်သမီးရဲ့ ဂုဏ်သိက္ခာကို စောင့်ရှောက်တဲ့အနေနဲ့ဖြေဆိုပါ့မယ်။
ပရိသတ်များ ပုံကိုမှတ်သားထားမယ်ဆိုရင် ပညာဗဟုသုတ တိုးပွားပါလိမ့်မယ်။

ရွှေအုပ်ကို ခေါက်ကြည့်တဲ့အခါမှာ အားလုံးကြားရတဲ့ အတိုင်း “ဂတ် ဂလုံ ဂလုံ “ဆိုတဲ့ အသံကို ဖြစ်ခဲ့ပါတယ်။ လက်ဖျစ်တစ်တွတ်ကြာသော တစ်မတြာသော “ဂတ်” ဟူသော အသံ လက်နှစ်နှစ်တွတ်ကြာသော နှစ်မတြာသော
“ဂလုံ ́ဟူသော အသံက နှစ်သံဖြစ်ပါတယ်… ဒီတော့ အသံရဲ့ အရှည်အတို ဒီဃရသကို ရေတွက်ရင် ငါးမတြာမျှရှိပါတယ်။ ဒါကြောင့် ငါးမတြာမြည်တဲ့အသံကို ဘုမ္မစိုးနတ်ကစောင့်ရှောက်ပြီး ဇေဋ္ဌနက္ခတ်က စိုးမိုးပါတယ်။ ပြီးတော့ တစ်ခါ အခုအချိန်ဟာ တနင်္ဂနွေ ကြွတ်မွန်းတည့်ချိန်ဖြစ်တဲ့အတွက် ဘုမ္မစိုးနတ်ကြီးစိုးတဲ့ မြေကြီးပထဝီမှသီးတဲ့ အသီးဖြစ်ကြောင်း၊ သိရပါတယ်။
တနင်္ဂနွေနက္ခတ် မွန်းတည့်ချိန် ဖြစ်တဲ့အတွက် တနင်္ဂနွေနံထွန်းရာ အသီးဖြစ်ရပါမယ်။ ဘုရင်မင်းမြတ်ရဲ့ ပုစ္ဆာ
တော်ဖြစ်တဲ့အတွက် အကြီးအမှူးဆိုတဲ့ ပညတ်ကို ကောက်ရပါတယ်။ တော်ဝင်နန်းသုံး ပုစ္ဆာဖြစ်၍ ရွှေရောင်ရှိသောလို့လည်းရပါမယ်။ ဒါကြောင့် ဒီအုပ်ထဲမှာ ရွှေရောင်လွှမ်းသော ဥသျှစ်သီး တစ်လုံးရှိပါတယ်”

မနုစာရီသည် ဘုရင်မင်းမြတ်ကို ရှိခိုး၍ မူလနေရာတွင် ပြန်၍ ထိုင်လိုက်သည်။
ကျိုင်းတော်ကိုင်အရာရှိလေးသည် ရွှေအုပ်ဆီကိုလာ၍ ဘုရင့်ထံတွင် ခွင့်တောင်းလိုက်ပြီးနောက် ရွှေအုပ်ကို ဖွင့်လိုက်ရာ မနုစာရီ ဆိုသကဲ့သို့ ရွှေချထားသော ဥသျှစ်သီးတစ်လုံး ထွက်ပေါ်လာတော့၏။

တရားသဘင် ပရိသတ်သည် အော်ဟစ်၍ ကောင်းချီးပေး၏။ အတိတျာမင်းသားသည် ခေါင်းကိုဆတ်၍ မနုစာရီကို အားပေး၏။ ဘဒ္ဒကလျာဏီမင်းသမီးက နှုတ်ခမ်းစူလျက် အတိတျာကို မျက်စောင်းလက်နက်ဖြင့် အဆက်မပြတ် ပစ်ခတ်၍ ရန်ပြုနေတော့၏။
ထိုနေ့က ထိုပုစ္ဆာနှင့်ပင် တရားသဘင်ကို ရုပ်သိမ်းလိုက်တော့၏။
မနုစာရီ၏ သတင်းကား နတ်တမာန်တို့ သယ်ဆောင်သည့် အလား၊ တစ်တိုင်းပြည်လုံးသာမက အခြားတိုင်းနိုင်ငံများသို့ပင် ပျံ့နှံ့သွားလေတော့၏။

ဒုတိယနေ့၌ တရားသဘင်သည် ပထမနေ့ထက် စည်ကားသိုက်မြိုက်လှ၏။
မနုစာရီသည် ထိုနေ့၌ သစ်လွင်သော ဝတ်စားတန်ဆာများကို ရွေးချယ်၍ ဝတ်ဆင်ထား၏။ လက်ဝတ်ရတနာများဖြစ်သော ဘယက်၊ နားတောင် လက်ကောက် စသည်တို့မှာ ရွှေထည်များ မဟုတ်ဘဲ သံထည်များကို ဝတ်ဆင်ထား၏။
အချိန်ကျရောက်ပြီ ဖြစ်ကြောင်း ကျိုင်းကိုင်မင်းခန်းတော် အရာရှိကလေးက ကြေညာလိုက်လျှင် မင်းတိုင်ပင် အမတ်ကြီး ကပါလံသည် နေရာမှထ၍

“မနုစာရီ၊ ကျောက်မျက်တို့ အဖိုးအားဖြင့် အဘယ်မျှရှိသလဲ၊ ထိုအထဲမှာ အဘယ်ကျောက်မျက်သည် တန်ဖိုးအားဖြင့် အကြီးဆုံးမည်သလဲ”
ဟု မင်မောင်းကောင်းကောင်းဖြင့် မေးခွန်း ထုတ်၏။

မနုစာရီသည် နေရာမှထ၍ ဖြေဆိုမည့်နေရာသို့ လျှောက်သွားကာ ဘုရင်မင်းမြတ်ကို အရိုအသေပြု၍….

“သောအက္ခပါတီ ဝိနိစ္စယော ဟောတိ”အစရှိသော ဂါထာဖြင့် ဝိနိစ္ဆယပါလ နတ်သမီးအား တိုင်တည်ပြီးနောက်…

“ကျောက်မျက်ရတနာ အမေးပုစ္ဆာဟာ ‘အဒိဋ္ဌစောနဒီပုစ္ဆာမျိုး၊ ဖြစ်ပါတယ်။ အနက်မထင်၍ မေးသော ပုစ္ဆာမည်ပါတယ်။ မနုစာရီဟာ ဝိနိစ္ဆယပါလနတ်သမီးရဲ့ ဂုဏ်သိက္ခာကို စောသိသောအားဖြင့် ဖြေဆိုမယ်”

“ကျောက်မျက်ရတနာမျိုး ၂၄ပါး ရှိပါတယ်။ ကျောက်မျက်ရွဲ ဝရဇိန်ကျောက်၊ မဟာနီလာကျောက်၊ ဣန္ဒနီလာကျောက် မသာရဂလ်ကျောက်၊ ပဒုမရာဂကျောက်၊ ဥဿဖရားကျောက်၊ ကရတ္တဝန်ကျောက်၊ သုလာကကျောက်၊ အမြတ်ကျောက်၊ လောတိတော်ကျောက်၊ ဖလ်မှန်ကျောက်၊ သန္တာကျောက်၊ ဇောတရသကျောက်၊ ဂေါ်မုတ်ကျောက်၊ ဂေါ်မိတ်ကျောက်၊ သောဂန္တိကကျောက်၊ ပုလဲကျောက်၊
ခရုသင်းကျောက်၊ မျက်စဉ်းကောက်ရဇဝတ္တကျောက်ကျောက်၊ ပယင်းကျောက်၊ ဗြဟ္မဏိကျောက်ရယ်လို့ ဖြစ်ပါတယ်။

မည်သည့် ကျောက်မျက်ရတနာဟာ အဖိုးအထိုက်ဆုံးလဲ ဆိုတဲ့ မေးခွန်းပုစ္ဆာနဲ့ ပတ်သက်လို့တော့..
(မနုစာရီသည် စကားကို ခေတ္တဆိုင်းငံ့လိုက်၏။ တရားသဘင် ပရိသတ်နဲ့တကွ ဘုရင်မင်းမြတ်ပါ မည်သို့ ဆိုမည်ကို စိတ်ထက်သန်စွာ စောင့်မျှော်နေကြ၏။) –

”မနုစာရီအနေနဲ့ ဘယ်ကျောက်မျက်ရတနာမှ အဖိုးထိုက်တန်ခြင်း မရှိဘူးလို့ ဆိုပါတယ်၊ ဥစ္စာရူးဆိုရင်ဖြင့် ပြောင်ပြောင်လက်လက်ရှိတဲ့ အရာတိုင်းကို အဖိုးထိုက်တယ်လို့ ထင်မှတ်ကြပါတယ်”

ဘုရင်မင်းမြတ်သည် ပြောင်ပြောင်လက်လက်ရှိသော သူ၏ မင်းမြောက်တန်ဆာများကို ငုံ၍ ကြည့်မိ၏။ မကျေမနပ်လည်း ဖြစ်သွားပုံရ၏။

“အဘယ် မနုစာရီ၊ ပြည်တန်ပတ္တမြားလို ကျောက်မျက်ရတနာမျိုးကို အဖိုးမထိုက်ဘူးလို့ သင်ဆိုမလား”

အမတ်ကြီး ကပါလံက စောဒကတက်၏။
“ပစ္စည်းဝတ္ထုတိုင်းမှာ တန်ဖိုးအားဖြင့် ပဒတလံတန်ဖိုးနဲ့ ဟတ္တတလံ တန်ဖိုးရယ်လို့ ရှိပါတယ်။ ဟတ္တတလံ တန်ဖိုး
ဆိုတာက ပြောင်းတတ်ပါတယ်။ လက်ဖမိုးနဲ့ သဏ္ဌာန်တူတဲ့ တန်ဖိုးဖြစ်ပါတယ်။ ပဒတလံ တန်ဖိုးဆိုတာကတော့ အသုံးဝင်မှု အပေါ်မှာ မူတည်တဲ့အတွက် အမြဲတန်း အဖိုးတန်နေပါတယ်။ ခြေဖဝါးနဲ့ သဏ္ဌာန်တူပါတယ်၊ ပြောင်းလွှဲမှု မရှိပါဘူး”

“အမတ်ကြီးဆိုတဲ့ ပြည်တန်ပတ္တမြားဟာ ကြက်တစ်ကောင်အတွက် ပြောင်းဖူးစေ့တစ်စေ့လောက် အဖိုးတန်မှာ မဟုတ်ပါဘူး။အမတ်ကြီးကိုယ်တိုင်အတွက်လည်း ရေတစ်ခွက်လောက်တောင် တန်ဖိုးရှိကြောင်းသိချင်ရင် သဲကန္တာရထဲမှာ ၇-ရက်တာမျှ သွားရောက်ပြီး နေကြည့်ရင် သိနိုင်ပါတယ်”

“တကယ်လို့ အမတ်ကြီးဟာ သဲကန္တရာထဲမှာ ရေမသောက်ရဘဲ ငါးရက်လောက်နေတဲ့အခါမှာ တစ်စုံတစ်ယောက်က
သောက်ရေလေးတစ်ခွက်နဲ့ ပြည်တန်ပတ္တမြားကို ယှဉ်ပြီးပေးမယ်ဆိုရင် သောက်ရေကိုပဲ အမိအရယူမှာ အမှန်ပင် ဖြစ်ပါ တယ်။

ပြည်တန်ပတ္တမြားဟာ ရေတစ်ခွက်လောက်တောင် တန်ဖိုးရှိမှာ မဟုတ်တော့ဘူး။ ဒီတော့ လူတွေအတွက် လိုအပ်တဲ့ ဆန်၊ ဆီ၊ ဆား ရေ၊ အဝတ်အထည်၊ နေအိမ် စတဲ့ အသုံးဝင်ပစ္စည်းတွေသာလျှင် တကယ့်တန်ဖိုးရှိတဲ့ ပစ္စည်းတွေ ဖြစ်ပါတယ်”

“ဒါကြောင့် ကျောက်မျက်ရတနာတွေကို မနုစာရီက တန်ဖိုးမရှိဘူးလို့ ဆိုခဲ့ခြင်း ဖြစ်ပါတယ်။ တန်ဖိုးအမှန်ကို မခွဲခြား
တတ်တဲ့ဥစ္စာဗျဿကခေါ်တဲ့ ဥစ္စာရူးတွေသာလျှင် မြင်မြင်သမျှအရာကို အဖိုးထိုက်တယ်လို့ အယူမှားတတ်ကယ်”

မနုစာရီ၏ အဖြေကို မည်သူမျှ စောဒက ́မတက်နိုင်၊ ထိုနေ့အဖို့ ၎င်းပုစ္ဆာနှင့်ပင် တရားသဘင်ကို ရုပ်သိမ်းလိုက်၏။
တရားသဘင်ပရိတ်သတ်သည် ပထမနေ့ထက် ပိုမို ကျယ်လောင်စွာ ကောင်းချီးပေးခဲ့၏၊

တတိယနေ့၌ တရားသဘင်သည် ဒုတိယေနေ့ထက် စည်ကား သိုက်မြိုက်လှ၏။ မနုစာရီသည် ထိုနေ့၌ အနက်ရောင် ဝတ်စားတန်ဆာတို့အား ရွေးချယ်ဝတ်ဆင်၏၊ ပုတီး၊ နားတောင်း၊ ဘယက်စသော လက်ဝတ် ရတနာတို့ကိုလည်း မဟူရာကျောက်နှင့် အဖြိုက်နက်တို့ကိုသာ ဝတ်ဆင်လာ၏။
တရားသဘင့်၌ လောဟိတအမတ်ကြီးသည် မင်းခန့်တော် ကျိုင်းကိုင်အရာရှိက အချိန်ကျရောက်ကြောင်း ကြေညာလိုက် သည်နှင့် တစ်ပြိုင်နက် အောက်ပါမေးခွန်းပုစ္ဆာကို မေးတော့၏။

“မနုစာရီ၊ သူရဲကောင်း ဘယ်နှစ်မျိုး ရှိသနည်။ အဘယ် သူရဲကောင်းသည် အရဲရင့်ဆုံးဟု သင်ဆိုမည်နည်း”
မနုစာရီသည် (သောအက္ခပါတီ ဝိနိစ္ဆယော ဟောတိ)အစရှိသောဂါထာဖြင့် ဝိနိစ္စယပါလ နတ်သမီးကို တိုင်တည်ပြီးနောက်
“အခု လောဟိတ အမတ်ကြီးမေးတဲ့ ပုစ္ဆာဟာ အယူအဆ သံသယဖြစ်နေ၍ ရှင်းလင်းစေရန် မေးမြန်းသော ဝိမတိစ္ဆေဒန ပုစ္ဆာမျိုး ဖြစ်ပါတယ်၊ ဝိနိစ္စယပါလနတ်သမီးရဲ့ ဂုဏ်သိက္ခာကို စောင့်သိသောအားဖြင့် မနုစာရီ ဆိုပါ့မယ်”

ဟတ္တာရောဟ ဆိုတဲ့ ဆင်စစ်တိုက် သူရဲကောင်း၊

အဿာရောဟ- ဆိုတဲ့ မြင်းစီးစစ်တိုက် သူရဲကောင်း
ရထိက- ဆိုတဲ့ ရထားယာဉ်စီး စစ်တိုက်သူရဲကောင်း

နုဂ္ဂဟ-ဆိုတဲ့ တပ်ရင်းတပ်ခွဲတို့ကို နေရာချ၍ စစ်တိုက်သော သူရဲကောင်း

လက- ဆိုတဲ့ အောင်လံကိုင် ရှေ့သွားသူရဲကောင်း

ပိဏ္ဏဒါယိက- ဆိုတဲ့ ထန်းသီးခိုင် ချိုင်သကဲ့သို့ ရန်သူ၏ ဦးခေါင်းကို ဖြတ်ယူနိုင်စွမ်းသော သူရဲကောင်း

ဥဂ္ဂါရာဇပုတ္တ- ဆိုတဲ့ တိုက်ပွဲအောင်ဖန်များသော မင်းညီ မင်းသားသူရဲကောင်း

ပက္ခိနန- ဆိုတဲ့ ရန်သူတပ်တွင်း တမဟုတ်ချင်း ဝင်ရောက်၍ ပြန်ထွက်နိုင်သော သူရဲကောင်း ၊

မဟာနာဂ -ဆိုတဲ့ အမုန်ယစ် ဆင်ပြောင်ကြီးနှင့် တွေ့စေကာမူ မဆုတ်မနစ် ရင်ဆိုင်နိုင်သော သူရဲကောင်း၊

သူရာ- ဆိုတဲ့ မဟာသမုဒ္ဒရာကြီးကို ဖြတ်၍ကူးရမည်ဟု မိမိအထက်အရာရှိက အမိန့်ပေးလျှင် ဖြတ်ကူးဝံ့သော အမိန့် နာခံတတ်သည့် သူရဲကောင်း

ဓမ္မရောစိန… ဆိုတဲ့ သံချပ်အင်္ကျီဝတ်ဆင်၍ ရန်သူတပ်တွင်း အတင်းဝင်ရောက် တိုက်ခိုက်တတ်သော သူရဲကောင်း

သပုတ္တ- ဆိုတဲ့ ရန်သူ့အတွင်း အရှင်ကခိုင်းလျှင် ဝင်ရောက်တိုက်ခိုက်တတ်သော ကျွန်သူရဲကောင်း ဟူ၍ အမျိုးအားဖြင့် တစ်ဆယ့်သုံးမျိုး ရှိပါတယ်။

သို့ပေမဲ့ သူရဲကောင်းလို့ ဆိုတဲ့သူတွေဟာ ကြောက်တတ် သူတွေဖြစ်တဲ့အတွက် အရဲရင့်ဆုံးလို့ မပြောနိုင်ပါ”

မနုစာရီ၏ အဖြေကြောင့် တရားသဘင်တစ်ခုလုံးသည် ရုတ်ရုတ်သဲသဲ ဖြစ်သွား၏။ တရားသဘင်၌ ရောက်ရှိနေသော ဘုရင့် သူရဲကောင်းများလည်း မကျေမနပ် ဖြစ်နေကြ၏။
မင်းသားအတိတျာကိုယ်တိုင်ပင် ထိုအဖြေကို ဘဝင်မကျ ဖြစ်နေ၏။ လောဟိတ အမတ်ကြီးသည် မကျေနပ်၍ အောက်ပါအတိုင်း စောဒနာပြု၏။

“အဘယ် မနုစာရီ …သူရဲကောင်းကို ကြောက်တတ်သူဟု သင်ဘာကြောင့် ဆိုနိုင်သလဲ”

“လောဟိတအမတ်ကြီး သူရဲကောင်းဆိုတဲ့ သူတွေရဲ့ အတွင်းသဏ္ဌာန်မှာ သူရဲဘောနည်းသူလို့ အများက ထင်မှတ်မှာကို အလွန်ပင် စိုးရိမ်ကြောက်လန့်ကြပါတယ်။ ဘယ်လောက်ကြောက်သလဲဆိုရင် သေရမှာထက်ပင် ကြောက်ပါသေးတယ်၊ ဒါကြောင့် သူတို့ဟာ သူရဲကောင်းဖြစ်နေကြရခြင်း ဖြစ်ပါတယ်”

ဘုရင့်သူရဲကောင်းများသည် မနုစာရီ၏ အဖြေကို စေ့စေ့တွေးကာ အချင်းချင်းကြည့်၍ အားရစွာ ပြုံးပြကြ၏။ မင်းသား အတိတျာသည်လည်း တစ်ကိုယ်တည်း ပြုံးရင်း ခေါင်းဆတ်၍ ဝန်ခံလိုက်၏။

တရားသဘင်သည် ဒုဟိယနေ့ထက်ပို၍ ကျယ်လောင်စွာ ကောင်းချီးပေး၏၊ ထိုနေ့အဖို့ ထိုပုစ္ဆာနှင့်ပင် တရားသဘင်ကို ရုပ်သိမ်းလိုက်တော့၏။

စတုတ္ထနေ့၌ တရားသဘင်သည် တတိယနေ့ထက် စည်ကား သိုက်မြိုက်လှ၏၊ မနုစာရီသည် ညိုသော ဝတ်စားတန်ဆာများကို ရွေးချယ်ဝတ်ဆင်၏။ လက်ဝတ်ရတနာများကို လုံးဝ မဝတ်ဆင်တော့ချေ။ သူ့ကို ကြည့်ရသည်မှာ ဇောဂအကျင့်မြတ်ကို ကျင့်နေသော ဇော် (ယောဂိနီ)နှင့် တူလှတော့၏။
ကျိုင်းကိုင်မင်းခန်းတော် အရာရှိကလေးက ကြေညာလိုက်လျှင် အမတ်ကြီး ဓမ္မိလ္လောသည် အောက်ပါပုစ္ဆာကို မေးမြန်းတော့၏။

“ဤလောက၌ ဝိဇ္ဇာဓရ (ဝိဇ္ဇာထို) သိဒ္ဓိမြောက် ဇော်ဂီ (ဇော်ဂျီ) ကို သာမန်လူသားတို့ ဖမ်းဆီးနိုင်သလော”

မနုစာရီသည် (အက္ခပါတီဝိနိစ္ဆယောဟောတိ) အစ ရှိသော ဂါထာကိုရွတ်၍ အောက်ပါအတိုင်း ဆို၏။

“ဤအမေးပုစ္ဆာဟာ မိမိအလိုသို့လိုက်ရန် မေးမြန်းသော အနမဘိစ္ဆာမျိုး ဖြစ်ပါတယ်။ ဝိနိစ္ဆယပါလ နတ်သမီးရဲ့ ဂုဏ် သိက္ခာကို စောင့်သိခြင်းအားဖြင့် မနုစာရီ ဆိုပါမယ်”

ဝိဇ္ဇာမရနဲ့ ဇော်ဂီကို လူသားတို့ ဖမ်းဆီးလိုက ဖမ်းဆီးနိုင်ပါတယ်။ ၀ယအတတ်နဲ့ ဖမ်းမယ်ဆိုရင် ဥပရမျိုးဖြစ်သော ဗျည်း သေစမနဲ့ ဖမ်းနိုင်ပါတယ်။ ပင်လယ်ခရုသင်းကို ဆေးအဖြစ် စီရင်ပြီး ဖမ်းရင်လည်း မိနိုင်ပါတယ်။ ကြိမ်ပြန်ကို လေးကိုင်ပြုပြီး ဆေးဒွန်းကို လေးကြိုးပြုကာ သံသေပြားနှင့် ပစ်ခတ်ဖမ်းဆီးရင်လည်း ရနိုင်ပါတယ်။

သို့ရာတွင် ကျီးကိုပင်လျှင် ညွတ်ကွင်းထောင်ချောက်မှန်း မသိအောင်ပြုပြီး ဖမ်းမှမိနိုင်ပါတယ်။ ညွတ်ကွင်းထောင်ချောက်မှန်းသိရင်ဖြင့် ကျီးဟာ ရှောင်ကွင်းပျုံသန်းသွားတတ်ပါတယ်။

“ကျီးထက် တန်ခိုးရှိတဲ့ ဝိဇ္ဇာဓရနဲ့ ဇော်ဂီကို ဖမ်းဖို့ရာ၌ နည်းလမ်းသာ ရှိသော်လည်း မလွယ်ကူလှပါ”

မည်သူမျှ စောဒနာမပြုသဖြင့် ထိုနေ့အဖို့ တရားသဘင်ကို ထိုပုစ္ဆာနှင့်ပင် ပြီးဆုံးရုပ်သိမ်းလိုက်ရ၏၊ တရားသဘင် ပရိသတ်သည်လည် တတိယနေ့ထက် ပို၍ ကျယ်လောင်စွာ ကောင်းချီးပေး၏။

ပဉ္စမနေ့၌ တရားသဘင်သည် အစည်ကားဆုံးဖြစ်၏။ မနုစာရီသည် မိုးကောင်းကင် အပြာရောင် အဝတ်တန်ဆာတို့ကို ဝတ်ဆင်ထား၏။ လက်ဝတ်ရတနာတို့မှာ ဘော်နှင့် စိန်များသာ ဖြစ်၏။
မင်ခန်းတော်အရာရှိက အချိန်ကျရောက်ကြောင်း ကြေငြာလိုက်လျှင် အမတ်ကြီး ဥက္ကဋ္ဌသည် အောက်ပါပုစ္ဆာကို မေးမြန်း၏။

“ဤနေပြည်တော်၏ တရားသူကြီးချုပ်အဖြစ် မည်သူ့ကိုခန့်အပ်သင့်ပါသလဲ မနုစာရီ”

မနုစာရီသည် ရွတ်နေကျသော “သော အက္ခပါတီ ဝိနိစ္ဆယောဟောတိ” အစရှိသော ဂါထာကို ရွတ်ဆို၍ အောက်ပါအတိုင်း ဆိုခဲ့၏။

“မေးသူကိုယ်တိုင် ကြားလို၍ ပြုသောပုစ္ဆာမျိုးဖြစ်သည့် ကထေထုတာ ပုစ္ဆာမျိုး ဖြစ်ပါတယ်။ ဝိနစ္ဆယလ နတ်သမီးရဲ့ ဂုဏ်သိက္ခာကို စောင့်သိသောအားဖြင့် မနုစာရီ ဆိုပါ့မယ်”

“အမတ်ကြီးကိုယ်တိုင် စိတ်တွင်းမှ တရားသူကြီးချုပ်အဖြစ်ခန့်အပ်ရန် ရည်မှတ်ထားသူဟာ တရားသူကြီးချုပ်အဖြစ်
ခန့်အပ်ရန် အသင့်တော်ဆုံးသူ ဖြစ်ပါတယ်”

မနုစာရီသည် ဆိုပြီးနောက် နေရာ၌ပြန်၍ ထိုင်လိုက်၏။ အမတ်ကြီး ဥက္ကဋ္ဌသည် နေရာမှထကာ.. .

“ဘုန်းတော် အလွန်ကြီးမြတ်တော်မူသော ဘုရင်မင်းမြတ်နဲ့တကွ တရားသဘင် ပရိသတ်ကြီးကို ရှင်းပြရန်ရှိပါတယ်။
နေပြည်တော်မှာ တရားဆုံးဖြတ်မှုပြုလုပ်နေခြင်းမှာ တရားသူကြီးများက မိမိထင်သလို ဆုံးဖြတ်နေခြင်းဖြစ်ပါတယ်။ ကိုးကားရာ ဥပဒေကျမ်း အခိုင်အခန့်မရှိခဲ့ပါ။
သို့သော်လည်း လွန်ခဲ့သော ငါးရက်ခန့်က ဤတိုင်းပြည်အတွက် အလွန်လိုအပ်လှသော ဥပဒေကျမ်းတစ်စောင်ကို တစ်စုံတစ်ယောက်ဟာပြုစုပြီး မင်းတိုင်ပင်အမတ်များထံတင်သွင်းခဲ့ပါတယ်၊ ထိုဥပဒေကျမ်းဟာ အလွန်ခိုင်ခံ့ တည်ကြည်လှသော ကျမ်းဖြစ်ပါတယ်၊ ထိုကြောင့် ကျမ်းပြုသူကိုပင် တစ်ကြိမ်တစ်ခါမှ ခန့်အပ်ဖူးခြင်း၊ မရှိသေးသော တရားသူကြီးချုပ်ရာထူးကို ခန့်အပ်သင့်ပါတယ်”

“ထိုကျမ်းဟာ အမည်အားဖြင့် “မုကျယ် ဓမ္မသတ်ဖြစ်ပါတယ်၊ ပြုစုသူဟာ ဟောဒီမှာ ရောက်နေတဲ့ ဝိနိစ္ဆယပါလ
နတ်သမီးရဲ့ ကိုယ်ပွား မနုစာရီပင် ဖြစ်ပါတယ်”

အမတ်ကြီး ဥက္ကဌ၏ စကားဆုံးလျှင် တရားသဘင် ပရိသတ်သည် ဟစ်အော်၍ ထောက်ခံလေတော့၏။ ထို့နေ့မှာပင် မနုစာရီသည် နိုင်ငံ၏ တရားသူကြီးချုပ် ဖြစ်မြောက်ခဲ့၏။

ထို့ကြောင့် မနုစာရီကို တရားလွှတ်တော်ရုံးနှင့် မနီးမဝေးတွင် အိမ်တစ်ဆောင် ဆောက်လုပ်ပေး၍ နေထိုင်စေ၏၊ အဆောင်အယောင်ကို မင်းသမီးအဆောင်အယောင် နှင်းအပ်ခဲ့၏။
ထို့ကြောင့်ပင် အချို့က မနုစာရီမင်းသမီးဟု တင်စားခေါ်ဝေါ်ကြ၏။

မနုစာရီသည် တရားခွင်၌သာမဟုတ်၊ အဆောင်တော်သို့ရောက်သော မှုခင်းများကိုလည်း ဆုံးဖြတ်ပေးရ၏။ အချို့က ဉာဏ်စမ်း ပုစ္ဆာများ၊ ခက်ဆစ်များ လာရောက်မေးမြန်းသည်ကိုလည်း ဖြေဆိုပေးတတ်သဖြင့် အတိုင်းတိုင်း အပြည်ပြည်မှ မဖြေရှင်းနိုင်သော မှုခင်းများ၊ ပုစ္ဆာများပင် လာရောက်အကူအညီ တောင်းတတ်ကြ၏။

(မှတ်ချက်။ ။ မသုဓမ္မာစာရီအဖြစ် မှတ်သားထားသော – ပညာရှင်မင်းသမီးမှာ မနုစာရီပင် ဖြစ်၏။ သုဓမ္မစာရီဟူ၍ မရှိပြီ။)

မနုာစာရီ အပိုင်း ၁၃
———{}{}{}{}{}{}{}———–

အပိုင်း ၁၄ ဆက်ပါဦးမည်

Loading

Leave a Reply

Your email address will not be published. Required fields are marked *