
မနုစာရီ – အပိုင်း ( ၁၂ )
* * * မနုစာရီ * * * ( ၁၂ )
စစ်သူရဲကောင်းဖြစ်သော မင်းသားအတိတျာသည် မည်သို့ဖြစ်သည်ကို မသိနားမလည်ငြားသော်လည်း ကြောက်ရွံ့ခြင်းကတော့ မရှိချေ။
“မနုစာရီ… ဒီရသေ့ဟာ ရန်သူလား မိတ်ဆွေလား။ သဲသဲကွဲကွဲ သိပါရစေ၊ ရန်သူဖြစ်လျှင်တော့ ဘယ်လို တန်ခိုးရှင်ပဲ ဖြစ်ပါစေ၊ မောင်အရှင် တိုက်ခိုက်ပါ့မယ်”
“သူလွှတ်တဲ့ အခိုးအငွေ့တွေကို ရှူရှိုက်မိရင် တစ်ခါတည်းသေသွားနိုင်တယ် မောင်အရှင်၊ ဒီရသေ့ဟာ မိတ်ဆွေ မဟုတ် တာတော့ သေချာပါတယ်”
အတိတျာသည် မည်သို့ပြောဆိုခြင်းမပြုဘဲ ကျောင်းရှေ့မှရေအိုးကိုယူကာ ရသေ့၏ ဦးခေါင်းပေါ်မှ လောင်းချလိုက်တော့၏။ အခိုးများလည်း လုံးဝချုပ်ငြိမ်း ပျောက်ကွယ်သွားတော့၏။ ရသေ့လည်း ရေနစ်သောကြွက်စုတ်အလား ရွှဲရွှဲစိုလျက် ဟိုကြည့်ဒီကြည့် လုပ်နေ၏။ အတိတျာသည် အူကြောင်ကြောင်ဖြစ်နေသောရသေ့ကို ဆံကျစ်မှ ဆွဲကိုင်ကာ ကျောင်းသင်ခန်းအပြင်သို့ တွန်းထုက်လိုက်၏။
ရသေ့လည်း ဦးခေါင်းကို ငိုက်စိုက်ချလျက် စိတ်ပျက်စွာ ထွက်ခွာသွားလေတော့၏။ မနုစာရီသည် အတိတျာ၏ လက်မောင်းကို ညင်သာစွာလှုပ်ယမ်း၍..
“မောင်အရှင် မနုစာရီ မေးပါရစေ၊ အခိုးအလျှံတွေထုတ်လွှတ်ပြီး တန်ခိုးပြနေတဲ့ရသေ့ကို ရေနဲ့လောင်းလျှင် နိုင်,နိုင် တယ်ဆိုတာ နဂိုကသိပါသလား”
“တန်ခိုးတွေ ဘာတွေ မောင်အရှင်မသိပါ။ အခိုးထွက်တာဟာ မီးရှို့လို့ပါပဲ။ မီးဆိုရင် ရေနဲ့ငြိမ်းရတယ်လို့တော့သိတယ်၊ မောင်အရှင်တို့ စစ်တိုက်တဲ့အခါမှာ စစ်ချီရာ လမ်းတစ်လျှောက်ကို တစ်ခါတရံ ရန်သူဟာ မီးရှို့ထားတတ်တယ်၊ အဲဒီအခါမျိုးမှာ မောင်အရှင်တို့ဟာ တခြားဘာကိုမှ စဉ်းစားခြင်းမပြုဘဲ ရေနဲ့ငြိမ်းသတ်ခဲ့ရတာပဲ၊
အခုလည်း ဒီလိုပဲ… ရန်သူဖြစ်တဲ့ ရသေ့ဆီမှာ မီးခိုးတွေ့လို့ ရေနဲ့လောင်းငြိမ်းလိုက်တာပါပဲ”
“မှန်ပါတယ် မောင်အရှင်…ဒီလို အခိုးလွှတ်ပြီး တန်ခိုးပြတယ်ဆိုတာဟာ ကိုယ်ခန္ဓာတွင်းမှာရှိတဲ့ အာပေါဆိုတဲ့ ရေဓာတ်နဲ့ လေ့ကျင်ထားတဲ့ တေဇောကသိုဏ်းကို သမဘာဂဖြစ်အောင်လုပ်ပြီး အခိုးထုတ်လွတ်ရတာပါ။
တစ်စုံတစ်ယောက်က တန်ခိုးနဲ့ပဲဖြစ်ဖြစ် မောင်အရှင်လို ရေလောင်းတဲ့နည်းနဲ့ပဲ ဖြစ်ဖြစ်၊ အာပေါဓာတ်ကို တမဟုတ်ချင်း လွန်ကဲအောင်ပြုလုပ်ခဲ့လို့ရှိရင် တေဇောကသိုဏ်းဟာ အပြီးတိုင်ကျဆုံးသွားပါတယ် မောင်အရှင်၊
ရသေ့ဟာ တစ်သက်မှာတော့ တေဇောကသိုဏ်းကို ပေါက်မြောက်အောင် ပြန်လုပ်နိုင်ဖို့ ခဲယဉ်းသွားပါပြီ၊ ဒါကြောင့်သူဟာ စိတ်အပျက်ကြီး ပျက်သွားရှာပါတယ်”
“မနုစာရီ မောင်အရှင် မေးပါရစေဦး။ တေဇောကသိုဏ်းကို လေ့ကျင့်တဲ့ရသေ့များဟာ တောတောင်ထဲမှာ ကျင့်ကြတယ် မဟုတ်လား။ မိုးဥတုအခါတွေမှာ သူတို့ကို မိုးစိုမှာအမှန်ပဲ ဖြစ်ပါတယ်၊ ဒီတော့ သူတို့ကျင့်တဲ့ တေဇောကသိုဏ်း ဆိုတာ အချည်းနှီး ဖြစ်ကုန်ကြရော့လားကွယ်”
“ဒီလိုတော့ မဟုတ်ပါဘူး၊ ကသိုဏ်းဆိုတာဟာ စိတ်ဝိညာဉ်ရဲ့ အလုပ်ပါ။ တစ်စုံတစ်ယောက်ကို မိမိလေ့ကျင့်ထားတဲ့ ကသိုဏ်းရဲ့ တန်ခိုးပြမယ်ဆိုရင် စိတ်တွင်းကနေ ကသိုဏ်းကို ရှုမှတ်ဝင်စားနေရပါတယ်။
ဥပမာ- ဆိုရမယ်ဆိုရင် စောစောက ရသေ့ဟာ အဆိပ်အတောက် ဖြစ်စေနိုင်တဲ့ အခိုးတွေလွှတ်ပြီး အဆိပ်ခိုး အဆိပ်ငွေ့လို့ မပြတ်ရှုမှတ်နေရပါတယ်။ အဲဒီအခါမှာ သူမမျှော်လင့်ဘဲ ရန်သူက သူ့တစ်ကိုယ်လုံးကို ရေနဲ့ ဝုန်းခနဲလောင်းချလိုက်တဲ့အခါမှာ ရှုမှတ်နေတဲ့ သူ့ရဲ့ စိတ်ဝိညာဉ်ဟာ ဖျတ်ခနဲလန့်သွားပါတယ်။ ငါရှုံးပြီလို့လည်း စိတ်၌ အောက်မေ့ ဖြစ်ပေါ်ခဲ့ပါတယ်။
အလွန်လျင်မြန်တဲ့နှုန်းနဲ့ ဖြစ်ပေါ်ပါတယ်။ အဲဒီစိတ်ဟာ နောက်ဆက်တိုက် ရှုံးပြီ ရှုံးပြီဟု ရှုမှတ်သွားပါတော့တယ်။ နောက်နောင်ကိုလည်း တေဇောကသိုဏ်းကို ကျင့်တိုင်း၊ ကျင့်ကိုင်း ရှုံးပြီဆိုတဲ့
စိတ်ဟာ ဖြစ်ပေါ်စေပါတော့တယ်။ ဒါကြောင့် ဒီရသေ့တာ တေဇောကသိုဏ်းမှာ ကျဆုံးသွားပါပြီ မောင်အရှင်”
“ရှင်းပါပြီ မနုစာရီ၊ တစ်ခုတော့ မေးချင်ပါသေးတယ်။ ဒီရသေ့ဟာ ဒီမှာ ဘာကြောင့်လာပြီး ဒီလို တန်ခိုးပြရတာလဲ”
“သူက ဟိုးအနားမှာရှိတဲ့ အလမ္မာယ်ဆိုတဲ့ တောအုပ်အတွင်းမှာနေတဲ့ အလမ္ပာယ်ရ ရသေ့ပါ။ ဦးချိုရှိတဲ့ သတ္တဝါဟာ ဦးချိုကို အားကိုသကဲ့သို့ တန်ခိုးရှိပြီး စိတ်ကောင်းမရှိတဲ့ သူများဟာလည်း တန်ခိုးကို အသုံးပြုပြီး တစ်ပါးသူကို ချုပ်ချယ်လိုပါတယ်”
အတိတျာသည် မနုစာရီ ရှင်းပြသည်ကို သဘောပေါက်သွားသည့်အတွက် နောက်ထပ်မေးမြန်းခြင်း မပြုဘဲ ဝါးကွပ်ပျစ်ပေါ်၌ အေးချမ်းစွာထိုင်ချလိုက်၏။
မနုစာရီကမူ သူ၏ဘေးတွင် ကျုံ့ကျုံ့ ကလေးထိုင်၍ အတိတျာကို နှစ်လိုဖွယ်ရာပြုံး၍ ပြလိုက်၏။
ရေခပ်သွားသော မိန်းကလေးများအနက် အချို့တစ်ဝက် ပြန်ရောက်လာကြပြီဖြစ်၍ သူတို့နှစ်ဦးအနီး၌ လာရောက်၍ အမောဖြေကြ၏။
အတိတျာသည် မနုစာရီတို့၏ ကျောင်းသင်္ခမ်း၌ ရောက်ရှိနေသည်မှာ သုံးရက်ပင် တိုင်ခဲ့လေပြီ။ မနုစာရီကိုသာမက ကျန်မိန်းကလေးများနှင့်လည်း ရင်းနှီးစပြုပြီးဖြစ်၏။ မနုစာရီ၏ ဘိုးဘိုးနှင့်မူ စကားရှည်ကြာစွာ ပြောဘူးသေးပေ။ ဘိုးဘိုးသည် အချိန်ရှိသရွေ့ သစ်နက်ရေပေါ်၌သာ ထိုင်၍ တရားကျင့်နေတတ်၏။
မနုစာရီသည် ဘိုးဘိုး၏ ဝေယျာဝစ္စများကို ဆောင်ရွက်ပေးရ၏။ ဘိုးဘိုးသည် မနုစာရီအား အမျိုးမျိုးသော ပညာရပ်များကို အခွင့်သင့်သလို သင်ကြားပေး၏ သင်ကြားပေးသော ပညာရပ်များအနက် အတိတျာကိုယ်တိုင် စိတ်ဝင်စားသည့် ပညာမှာ “ပဒသာမုန္ဒြိက ပေါဋ္ဌက”ဟု ခေါ်သော လူတို့၏ ခြေဖဝါသားရေများဖြင့် ချုပ်ထား
သော ပုရပိုဒ်ကြီးဖြန့်၍ ထိုခြေဖဝါးပိုင်ရှင်တို့၏ အကြောင်းအတ္ထုပ္ပတ္တိကို ဟောပြောသော ပညာဖြစ်၏။
သူတို့ သင်ကြားနေသည်ကို အတိတျာသည် နံဘေးမှကြည့်၍ ထိုပညာအပေါ်၌ နားလည်သဘောပေါက်မိသည်မှာ “ပဒသာမုန္ဒြိက ပေါဋ္ဌက”ပညာသည် စကြဝတေးမင်း၏ ခြေဖဝါးတွင်ပါသော အမှတ်လက္ခဏာတို့ကိုစံထား၍ ထိုစကြဝတေးမင်း၏ ခြေဖဝါး၌ပါသော အမှတ်လက္ခဏာ မည်မျှပါရှိသည်၊ မည်မျှလျော့နည်းသည်အပေါ်တွင် အခြေခံ၍ ခြေဖဝါးပိုင်ရှင်၏ အရည်အသွေး၊ အကောင်းအညံ့ကို ဆုံးဖြတ်ဟောပြောခြင်းဖြစ်သည်ဟူ၏။
သူတို့အဆိုအရ စကြာဝတေးမင်း၏ ခြေဖဝါးတော်၌ သတ္တိမည်သော လှံမပုံ ၊ သီရိဝစ္ဆမည်သော ကျက်သရေတိုက်ပုံ၊ အင်္ဂုသမည်သော ရွှေချွန်းတောင်းပုံ စသည်ဖြင့် ပုံပေါင်းတစ်ရာခုနှစ်ပုံပါသည်ဟု ဆို၏။
ထိုသင်ခန်းစာသင်ရာ၌ မိန်းကလေးများသည် အတိတျာ၏ ခြေဖဝါးကိုလည်းလာ၍ လှန်ကြည့်တတ်ကြ၏။
သုဝဏ္ဏ မစ္ဆယုဂ ရွှေငါးကြင်း၏ ပုံပါသည်ဟူ၍လည်းကောင်း၊ ဒက္ခိဏာဝဋ္ဌသင်္ခလက်ျာရစ်ဟု ခရုသင်းပါသည်ဟု လည်းကောင်း ဆိုကြ၏။
နောက်တစ်ခု အတိတျာစိတ်ဝင်စားသည့် ဘာသာရပ်မှာ အာဂါရဝိနယမည်သော လူတိုင်းလိုက်နာ ကျင့်သုံးအပ်သည့် စည်းကမ်းဆိုင်ရာ ပညာရပ်ပင် ဖြစ်၏။
အတိတျာ၏စိတ်၌ သူ၏နိုင်ငံတော်တွင် လိုအပ်သောပညာဖြစ်သည်ဟူ၍ သဘောပေါက်မိ၏။ နိုင်ငံတော်တွင် လိုအပ်လျက်ရှိသော တရားသူကြီးချုပ်၏ ရာထူးနေရာအတွက်လည်း မနုစာရီသာလျှင် အထိုက်တန်ဆုံး ဖြစ်သည်ဟုလည်း ထင်မှတ်မိတော့၏။
သို့သော်…… သူက နိုင်ငံတော်၏ မကိုဋ်သရဖူ မဟုတ်ချေ။ သူ၏နောင်တော် သက္ကရာဇ်ဘုရင် ရှိနေသေး၏။ ထို့ကြောင့် နေပြည်တော်သို့ ပြန်ရောက်လျှင် နောင်တော် သက္ကရာဇ်ဘုရင်မင်းမြတ်အား မနုစာရီနှင့် ပတ်သက်၍လျှောက်
ထားမည်ဟု အားခဲထား၏။ ဘုရင်မင်းမြတ် ရွှေမျက်နှာတော်ချိုသော အခါအခွင့်ကိုရွေးချယ်၍ လျှောက်တင်ရပေမည်ဟုလည်း စိတ်တွင်း၌ပြင်ဆင်၍ ထား၏။
လဆုတ်ပက္ခ ငါးရက်မြောက်သောနေ့တွင် မနုစာရီတို့ ညီအစ်မတစ်စုသည် ဘိုးဘိုး၏ကျောင်းမှ မိမိတို့၏ ကျေးရွာသို့ ပြန်မြဲဖြစ်သည့်အတိုင်း ခရီးလမ်းကြုံသည်ဖြစ်၍ အတိတျာသည် တစ်ပါတည်းလိုက်ခဲ့ပြီးနောက် ထိုမနစာရီတို့၏ ဖလံရုံမည်သော ကျေးရွာမှတစ်ဆင့် နေပြည်တော်သို့ ပြန်ခဲ့၏။
ဣန္ဒြေရှင် ပညာရှင်မနုစာရီသည် အခြားတစ်ပါးသော မိန်းမများကဲ့သို့ အလွမ်းကိုမျက်ရည်နှင့် သက်သေမထူခဲ့သော်လည်း အတိတျာမင်းသား ပြန်သွားသည်ကို မျက်စိတစ်ဆုံကြည့်ရင်း ဝေဒနာတစ်ခုကို ကြိတ်၍ ခံစားလိုက်၏။
ရာဇသွေးလည်းဖြစ်၍ သူရဲကောင်းလည်းဖြစ်သော မင်းသားအတိတျာသည်လည်း အခြားသာမန်ယောက်ျားတို့ကဲ့သို့ လွမ်းဟန် မပြ၊ ပူရုပ်မပေါ်သော်လည်း မနုစာရီနှင့် ခွဲခွာချိန်၌မူ ဝေဒနာတစ်ခုကို မနုစာရီနည်းတူ ကြိတ်၍ ခံစားလိုက်ရ၏။
ထိုသူတို့နှစ်ဦး ကြိတ်၍ ခံစားလိုက်ရသော ဝေဒနာကား “ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခော” ဟူသော ချစ်သူတို့နှင့် ကွေကွင်းရသော ဆင်းရဲခြင်း ဖြစ်၏၊
________________
အတိတျာသည် နေပြည်တော်သို့ ပြန်ရောက်ခဲ့ပြီဖြစ်၏။ ပြောသမျှသော စကားတို့တွင် မနုစာရီမပါက မပြီးသလောက် ဖြစ်နေ၏။
နန်းတွင်းသူ နန်းတွင်းသားတို့သည် မင်းသား အတိတျာကို မျက်ကွယ်၌ လှောင်ပြောင်သူတို့က လှောင်ပြောင် ပျက်ရယ်ပြု၍ အချို့ကမူ တောကစားရာတွင် မိစ္ဆာနတ်ဆိုးတို့ ဖမ်းစားနှောင့်ယှက်လိုက်ပြီဟုထင်မှတ်ကာ နန်းတွင်းရှိ ဟူးရားအကျော်သမား တော်တို့ကို တိုင်ပင်ကြကုန်၏။ ကုသရန် အကြံပေးကြကုန်၏။
အဆိုးဆုံးမှာ မြောက်သားတော် (နှမဝမ်းကွဲ) ဘဒ္ဒကလျာ ဖြစ်၏။ သူသည် ဆောက်တည်ရာမရ ဖြစ်နေ၏။ ဤသို့ ဖြစ်ရခြင်းမှာလည်းအကြောင်းရှိ၏၊ သူသည် အတိတျာနှင့် ထိမ်းမြား စုံဖက်ရမည့် အိမ်ရှေ့မိဖုရားလောင်းဖြစ်၏။
သူ၏ ယောက်ယက်ခတ်မှုကြောင့် နောင်တော်သက္ကရာဇ်မင်း၏ နားသို့ အဖြစ်အပျက်အလုံးစုံသည် ကြားပေါက်ရောက်ရှိ သွားလေတော့၏။
ထို့ကြောင့် နောင်တော် သက္ကရာဇ်မင်းက ညီတော် အတိတျာ မင်းသားကို ခေါ်ယူစစ်ဆေး မေးမြန်းတော့၏။
“ညီတော် နန်းတော်တစ်ခုလုံး မနုစာရီဆိုတဲ့ အသံတွေနဲ့ ပြည့်နှက်နေပြီ၊ ဖြစ်ပျက်ခဲ့ပုံကို လျှောက်တင်လော့”
“ဖရင်းကိုယ်ပွား နောင်ဘုရားအား လျှောက်တင်ပါတယ်။ မနုစာရီဆိုတာ နိတိဆရာတို့ ဆိုတတ်ကြတဲ့ ပုံစံထားကောင်း ခြင်းများဖြစ်တဲ့ သာမာဆိုတဲ့ဝါရွှေသော အသားအရေ၊ မိဂက္ခိ ဆိုတဲ့သမင်မျက်စိသို့သော မျက်လုံး၊ တနုမဈ္စဂတ္တာ ခါးသေး ရင်ချီပြီး သူရုမည်တဲ့ ဆင်နှာမောင်းကဲ့သို့သော ပေါင်တံလက်တံ၊
သုကေသီခေါ်တဲ့ ကောင်းသောဆံပင်း မျက်ခုံးမျက်တောင်၊ သမပန္တိဒန္တီ – သွားဖြူညီညာ ချွှန်ပေါ်သော အစွယ်၊ ဂမ္ဘီရနာဘိ ဆိုတဲ့ ချက်တွင်းနက်ပြီး ကားသောတင် သုသီလီလို့ဆိုထိုက်တဲ့ လေ့ကျင့်ထားသကဲ့သို့ ကြည့်ကောင်းသော ဟန်အမူအရာ ရှစ်ဖြာပါ နောင်တော်ဘုရား၊ ဒီအပြင်လည်း ခြောက်ဆယ့်လေးရပ်သော ကောင်းခြင်းများ တစ်ရာ့နှစ်ဆယ်ရှစ်ရပ်သော
ကောင်းခြင်းများလည်း ရှိပါသေးတယ်ဘုရား”
“တော်တော်လောက်ပါပြီ-ညီတော်၊ မိန်းမတို့ရဲ့ ကောင်းခြင်းဆိုတာ ချစ်နှစ်သက်မှုအပေါ်မှာ တည်ပါတယ်။ ချစ်နှစ်သက် မှုနဲ့ ကြည့်ရင် တင်လိပ်ခေါင်းရှူး နှုတ်ခမ်းထော်တဲ့ စားဖိုဆောင်က မိဝင်္ကာလို မိန်းမမျိုးကိုပင် ဆင်ချေးကျုံး ကာနာရိ အမောင်အဖို့ မိုးနတ်မယ်လို့ ထင်မိယောင်မှားခဲ့တဲ့အတွက် သားသမီးတစ်ကျိပ်လောက်ရခဲ့ပြီး မဟုတ်ပါလား ညီတော်”
အတိတျာသည် အောင့်သက်သက် ဖြစ်သွား၏။ သူက လှပါသည်ဟု ချီးမွမ်းနေသော မနုစာရီ၏အလှကို တင်ပိန်၍ ခေါင်းကြီးပြီး နှုတ်ခမ်းထော်သော ဆင်ချေးကျုံးကာနာရိ၏ မယား မိဝင်္ကာနှင့် နှိုင်းလိုက်သဖြင့် စပ်ဖျင်းဖျင်း ခံစားလိုက်ရ၏။
“နောင်ဘုရား… လျှောက်တင်ရမယ်ဆိုရင်ဖြင့် မနုစာရီဟာ ရုပ်ရည်ရူပကာယ တစ်ခုတည်းသာ လှပသူမဟုတ်ပါဘူးနောင်ဘုရား၊ ပညာဉာဏ်အရာ၌လည်း ပြည့်စုံလှတဲ့ ပညာရှင်မိန်းမမျိုး ဖြစ်ပါတယ်”
“ညီတော် အတိတျာ… မောင်မင်းဟာ စစ်တိုက်ခြင်း၌သာ ကျွမ်းကျင်တဲ့ စစ်သူရဲကောင်း ဖြစ်ပါတယ်။ ညီတော်ဟာ ပညာရှိတစ်ယောက် မဟုတ်ပေဘူး၊ ညာရှိမဟုတ်သူများဟာ မိမိထက် နည်းနည်းပါးပါးပိုပြီး တတ်သိလိမ္မာတဲ့သူဆိုရင် ပညာရှိကြီး ဖြစ်တယ်လို့ ထင်မှတ်တတ်ကြတယ်။
ရုပ်ရည်လှသည် မလှသည်မှာ ညီတော်တစ်ဦးတည်း၏ ခံစားမှုဝေဒနာနှင့် ၊ ဆုံးဖြတ်နိုင်သော်လည်း မနုစာရီဟာ ပညာရှိဟုတ်သည် မဟုတ်သည်ကိုမူ ညီတော်ဆုံးဖြတ်၍ မှန်လိမ့်မည် မဟုတ်ပေဘူး။ ပညာရှိများကသာလျှင် ပညာရှိဟုတ်သည် မဟုတ်သည်ကို ဆုံးဖြတ်ပိုင်ခွင့်ရှိပေတယ် ညီတော်”
“လျှောက်တင်ပါရစေဦး နောင်ဘုရား နောင်တော်မိန့်သလို မနုစာရီ ပညာရှိဟုတ်သည် မဟုတ်သည်ကို နောင်ဘုရား ရှေ့ တော်မှောက်ခေါ်ယူပြီး ပညာရှိများနှင့် စစ်ဆေးလိုစေလှပါတယ်”
အတိတျာ၏ လျှောက်တင်ချက်ကို နော်တော်ဖြစ်သော သက္ကရာဇ်မင်းသည် လက်ခံလိုက်ပြီးနောက် ဖလံရုံကျေးရွာမှ မနုစာရီအား တရားသူကြီးချုပ်ကိုအပ်နှင်းသော အဆောင်အယောင်ဖြင့် နေပြည်တော်သို့ ခေါ်ယူစေခဲ့၏။
သက္ကရာဇ်ဘုရင်၏ အစီအစဉ်မှာ နေပြည်တော်ရှိ အမတ်ပညာရှိ ကြီးလေးဦးက ခက်ရာခက်ဆစ် အမေးပုစ္ဆာတစ်ခုစီ စစ်ပေးရန်ဖြစ်ပြီး ၎င်းကိုယ်တိုင်က ပုစ္ဆာတစ်ခု စစ်ဆေးမည် ဖြစ်၏။ ထိုပုစ္ဆာ စုစုပေါင်း ငါးခုကို
နန်းတော်ဝင် ပုစ္ဆာတော်များအဖြစ် သတ်မှတ်မည်ဖြစ်ပြီး အကယ်၍ မနုစာရီသည်ဆိုနိုင်ခဲ့ပါပူ နိုင်ငံတော်၏ တရားသူကြီး ချုပ်အရာကိုပါ တစ်ပါတည်း အပ်နှင်းရန် ဖြစ်၏။
ထိုအစီအစဉ်ကြောင့် မနုစာရီသည် နေပြည်တော်သို့ ဆိုက်ရောက်ခဲ့ရပြီ ဖြစ်၏၊ ဘုရင်ကိုယ်တိုင်က နန်းရင်ပြင်ကို တရား သဘင်၏ ယာယီသဘောအဖြစ် သတ်မှတ်ပေးလိုက်၏။
မနုစာရီနန်းတော်ဝင်ပုစ္ဆာများ ဖြေဆိုမည့်နေ့၌ နန်းရင်ပြင်တစ်ခုလုံး တရားပရိသတ်နှင့် ပြည့်နှက်လျက်ရှိ၏၊
မနုစာရီသည် ဖြူလွသော ဝတ်စားတန်ဆာတို့ကို ရွေးချယ်ဝတ်ဆင်ကာ တရားသဘင်၏ သတ်မှတ်ထားသော နေရာသို့ ရောက်လာပြီး မြတ်သောမိန်းမတို့ ထိုင်ခြင်းဖြင့် တင့်လျှောက် စွာထိုင်နေ၏။ မင်းသား အတိတျာသည် မနုစာရီနှင့် မလှမ်းမကမ်းနေရာ၌ ပရိသတ်ကို လည်းကောင်း၊ ပုစ္ဆာရှင် အမတ်ကြီးများကို လည်းကောင်း၊ အကဲခတ်ရင်း ရပ်နေ၏။
အချိန်ကျရောက်ပြီဖြစ်၍ ပုစ္ဆာရှင်က အမေးပုစ္ဆာများပြု၍ ယာယီတရားသူကြီးချုပ် မနုစာရီက ကြားရန်ကို မင်းခန်းတော် ကျိုင်းကိုင်အရာရှိလေးက ဟန်ပါပါ ကြေညာလိုက်လျှင် လှုပ်လှုပ်ရွရွ ဖြစ်နေသာ ပရိသတ်လည် ငြိမ်ကျသွား၏။
ဘုရင်သက္ကရာဇ်သည် ချောင်းဟန့်၍အသံမြင့်လိုက်ပြီး နောက် ရွှေအုပ်တစ်လုံးကို မြှောက်ပြကာ…
“မနုစာရီ ဒီရွှေအုပ်ထဲမှာ အဘယ်ပစ္စည်းရှိသည်ကို မှန်အောင်ဖြေလော့”
ပရိသတ်သည် ဘုရင့်စကားအဆုံး၌
“ဟင်.. ဟယ်”ဟူ သော အာမေဋိတ်ကို ပြုကြလေတော့၏။ အလုံဖုံးအုပ်ထားသော ရွှေအုပ်ထဲက မမြင်ရသောအရာကို ဖြေဆိုခိုင်းသည်မှာ နည်းလမ်းမကျဟု ပရိသတ်က ယူဆ၏။ သို့သော် ဘုရင်ဖြစ်၍ မပြောရဲရှာကြ။
မနုစာရီ ရောက်လာလျှင် ဆီး၍ညစ်လိုက်မည်ဟု ကြံထားသော မင်းတိုင်ပင်အမတ်ကြီးများပင်လျှင် ဘုရင့်ပုစ္ဆာတော်ကို အံ့ဩမိကြ၏။ သူတို့ထက်ပင် ညစ်ပါပေသည်ဟု စိတ်တွင်းမှ ကြိတ်၍ ဝမ်းမြောက်နေကြတော့၏။
မနုစာရီသည် နေရာမှထကာ ရွှေအုပ်ရှိရာသို့ ခြင်္သေ့မ၏ ရဲရင့်ခြင်းဖြင့်လျှောက်သွားကာ ပရိသတ်ဘက်သို့လှည့်၍…………
{}{}{}{}{}{}{}{}{}{}{}{}{}{}{}
အပိုင်း ၁၃ ဆက်ပါဦးမည်……