
မနုစာရီ – အပိုင်း (၁၄)
* * * မနုစာရီ * * * ( ၁၄ )
မြောက်သားတော် ဘဒ္ဒကလျာနီ မင်းသမီးသည် မနုစာရီ၏ ကျော်ကြားမှုကို အကြီးအကျယ်မနာလိုဖြစ်နေ၏။ အချိန်ရှိသ၍ မနုစာရီ၏ အကျိုးယုတ်ရာ ယုတ်ကြောင်းများကိုသာ ကြံစည်စိတ်ကူးလျက်ရှိ၏။
တစ်ခါကဆိုလျှင် တမဟုတ်ချင်း သေစေနိုင်သော အဆိပ်များခပ်ထားသောစားဖွယ်များကို မနုစာရီအား လက်ဆောင်အဖြစ်ပို့ခဲ့၏။ မနုစာရီသည်ပို့လာသော အပျိုတော်ရှေ့မှာပင် အစာတစ်ဝက်ကိုခွဲ၍ ခွေးကိုကျွေးလိုက်ရာ ခွေးသည် ချက်ချင်းပင် သေဆုံးသွား၏။ သို့သော် ကျန်သောအစားအစာများကို စားပြလိုက်သေး၏။
ပြီးလျှင် အဝဇရာမည်သော အမြိုက်ကျောက်သံမျိုးကို လေ့ကျင့်၍စားသောကြောင့် အဆိပ်ပြီးစီးကြောင်းကိုပင် ပြော လွှတ်လိုက်၏။
တစ်ခါကလည်း ဘဒ္ဒကလျာနီသည် သရဲသဘက်မျှကြောက်စရာကောင်းသော အကျဉ်းသားလေးယောက်ကို အကျဉ်းမှ တိတ်တဆိတ်ထုတ်ကာ မနုစာရီ၏ အိပ်ခန်းသို့ လျှို့ ဝှက်ဝင်စေ၍ အရှက်ရော အသက်ပါ လုပ်ကြံစေခဲ့၏။
ထိုစဉ်ကလည်း မနုစာရီသည် လူရမ်းကား အကျဉ်းသားလေးဦးကို ဘဒ္ဒကလျာမင်းသမီးထံသို့ပင် ပြန်၍ လွှတ်လိုက်၏။ အကျဉ်းသားများကို ဘဒ္ဒကလျာက မေးမြန်းကြည့်ရာ မနုစာရီကို လုပ်ကြံရန် အိပ်ခန်းဆောင်အတွင်းသို့ ဝင်ရောက်သည်နှင့်တပြိုင်နက် အလွန်ကြီးမားသော လူနီကြီးလေးယောက်သည် ဘယ်ကဘယ်လို ပေါ်လာမှန်းမသိဘဲ သူတို့ကို ဖမ်းဆီး ရိုက်နှက်ကြပါသည်ဟု ဆို၏။
အနည်းနည်း အဖုံဖုံကြိုးစားပြီးနောက် ဘဒ္ဒကလျာသည် မနုစာရီကို လုပ်ကြံရန် လက်လျှော့လိုက်ပြီးလျှင် မနုစာရီထံတွင်ပင် တပည့်ခံ၍ ပညာသင်ကြားလေတော့၏။
မနုစာရီသည် ဘဒ္ဒကလျာမင်းသမီးကို “ကာလာ အတတ်ဟု ခေါ်အပ်သော ခြောက်ဆယ့်လေးရပ်သော အတတ်ပညာဖြစ်သည့် နစ္စဟူသော ကခုန်ခြင်းအတတ်၊ ဝါဒနဟူသော တီးမှုတ်မျိုးစုံအတတ်၊ ဝိတ္တာလင်္ကာရ သစ္စာဟူသော လူနှင့် သင့်လျော်အောင် အဝတ်တန်ဆာ ဆင်ယင်ပေးမှုအတတ်၊ အနတရူပဝိဘာဝကရဏဟူသော အဆင်းသဏ္ဌာန် ရုပ်ပုံအမျိုးမျိုးတို့ကို ကောင်းစွာ ပြုပြင်ပေးသော အတတ်၊
သေယျတ္တရဏာဒိ သံယောဂ ပုပ္ပါဒန္တနဟူသော အိပ်ရာ ခုတင် စသည်တို့ကို တင့်တယ်ဖွယ်ရာစွာ ပြင်ဆင်ခင်းကျင်းခြင်း ပန်းစသည်တို့ သီကုံးပြင်ဆင်ခြင်း အတတ်၊ အနေကကီဠရဉ္စန ဟူသော ကစားမျိုးစုံတို့ဖြင့် လူအပေါင်းကို နှစ်သစ်စေနိုင်ခြင်း အတတ်၊
အနေကာ သနသန္ဓာနရတိ ဇာနနဟူသော နေရာအမျိုးမျိုး၊ နည်းအမျိုးမျိုးဖြင့် ကာမမွေ့လျော်ပြုပုံနည်းကို သိသော အတတ်၊
မဇ္ဇာသဝါဒီ ကရဏဟူသော သေရည်အရက် အမျိုးမျိုး စိမ်တတ် ချက်တတ်သော အတတ်၊ သလ္လဟာရီ ဝကာဝိဇ္ဈန- စူးဝင်းသောမြှား ၊ကျည်ဆန်နှင့် အနာဟူသမျှကို ခွဲစိတ်ကုသတတ်သော ပြုတတ်သောအတတ်၊
အန္နာဒိပဝနဟူသော ချက်ပြုတ်ကြော်လှော်တတ်သော အတတ်၊ ဗီဇရောပနာဒိဟူသော သစ်ပင်စိုက်ပျိုးခြင်းအတတ်။
ပါသာဏဓာတွာဒိ ဝိဓာကရတသ္မီသရဏဟူသော ရွှေ စသော သတ္တုများကို ပြာချခြင်းအတတ်၊ ဥစ္ဆိုဝိကာရကရဏာ ဟူသော ထန်းလျက်ကြံသကာ စသည်များ ချက်လုပ်ရခြင်းအတတ်၊
မာတော သဓိသံယောဂါဂါဒိ တြိယာဟူသော ရွှေစသည်တို့နှင့် ဆေးတို့ယှဉ်စေတတ်သောအတတ်၊ ဓာတွာဒိ သံယောဂ ပုဗ္ဗဝိညာနဟူသော ဓာတ်မျိုးစုံ စတင်အသစ် ဖော်စပ်ခြင်းအတတ်။
ခါရ နိက္ကာသနဟူသော ယမ်း၊ ဆား၊ ဆပ်ပြာ စသည့် ချက်လုပ်မှု အတတ်တို့ကို လည်းကောင်း၊ တစ်ဆယ့်ရှစ်ရပ်သော အတတ်ပညာကြီးငယ်တို့ကို လည်းကောင်း၊ ဝိဇ္ဇာဓိုရ်ဖြစ်ကြောင်း၊ အင်းအတတ်၊ မန္တာန်အတတ်၊ အဂ္ဂိရတ်အတတ်”တို့ကို လည်းကောင်း နည်းပြ သင်ပေးခဲ့၏။
ဘဒ္ဒကလျာမင်းသမီးသည် အတတ်အမျိုးမျိုးကို သင်ကြားလျက် မနုစာရီကို မကောင်းကျိုး မည်ကဲ့သို့ပြုရမည်ကိုပင် အလစ်ချောင်း၍နေခဲ့၏၊ ဘဒ္ဒကလျာက မနုစာရီကို အလစ်ချောင်းသကဲ့သို့ အပရန္တတိုင်းကိုလည်း ဂစ္ဆန်တိုင်းက လုပ်ကြံရန် ချောင်းမြောင်းနေပြီဖြစ်၏။
နောက်ဆုံး မနုစာရီတို့ အပရန္တတိုင်းပြည်ကို အခဲမကျေသော ဂစ္ဆပနီ တိုင်းပြည်သည် လက်နက်ရိက္ခာ စုရုံးပြီးနောက် စစ်ကြေငြာလေတော့၏။ ထို့ကြောင့် အိမ်ရှေ့ ဥပရာဇာမင်သားအတိတျာသည် စစ်တပ်ကို နေ့ညမပြတ် ကျင့်ညွှန်ကြားရသော တာဝန်များကြောင့် နေ့စဉ်နေ့တိုင်း မနစာရီ၏ တပင်တိုင်အဆောင်သို့ပင် မရောက်နိုင်ရှာတော့ပေ။
ထိုညက လသည်သာချင်လျက် တိမ်ညိုမဲကြာင့် မသာနိုင်ရှာချေ။
အတိတျာသည် မနုစာရီ၏ မျက်နှာကို စေ့စေ့ကြည့်၍ ဘာမှမပြောဘဲ ငြိမ်နေ၏။ မှုန်ဝါးဝါး လရောင်အောက် လှမြဲလှနေသောမနုစာရီသည် အတိတျာကို ညင်ညင်သာသာအသံကလေးဖြင့် စစ်မည်သော သဘောကိုပြောနေ၏။
“နှမ မနုစာရီ မောင်ဟာ စစ်မြေပြင်မှာကြီးပြင်းခဲ့ရသူပါ။ စစ်ထွက်ရမှ အရင်ကဆိုရင် ပျော်သလိုပင် ရှိခဲ့ပါတယ်။
အခုတော့ ဘာကြောင့်မှန်း မသိပါဘူး။ စစ်ထွက်ရမှာကို ရွံ့သလိုလိုပဲကွယ်”
“မောင်အရှင် ပုဂ္ဂလိက ဘဝတဏှာတွေထဲမှာ ဖိုမချစ်ခြင်းဆိုတဲ့အရာဟာ သူရဲကောင်းကိုပင် သတ္တိကြောင်သွားစေနိုင်ပါတယ်၊ နှမဟာ မောင်အရှင်ကို သူရဲကောင်းအဖြစ်ပဲ မြင်ချင်ပါတယ်၊ တကယ်လို့များ မောင်အရှင်ဟာ နှမကို စွဲလမ်းတပ်မက် နေတယ်ဆိုရင် စစ်ကိုနိုင်အောင်တိုက်ခဲ့ပါ။
နှမဟာသူရဲကောင်းကိုပဲ မြတ်နိုးနိုင်ပါတယ်၊ သူရဲဘောကြောင်သူကို အဆင်းကြောင့်ပဲဖြစ်ဖြစ်၊ စည်းစိမ်ဥစ္စာကြောင့်ပဲ ဖြစ်ဖြစ် မမြတ်နိုးတတ်ပါဘူး၊ နှမ မနုစာရီဟာ သူရဲကောင်းကိုမှ ချစ်တတ်သူပါ
မောင်အရှင်”
အတိတျာသည် ပြုံးပြလိုက်သည်။ သူ့အပြုံးတွင် အဓိပ္ပာယ်များစွာ နစ်မြုပ်နေ၏။
“ကောင်းကင်က ဗြဟ္မာကြီး မိန်းမလိုချင်တယ်ဆိုရင် ဖြစ်နိုင်ပါတယ် မနုစာရီ၊ မောင်အရှင်ကတော့ သူရဲကောင်းအဖြစ်က တစ်ရွေးသားမှု မလျော့ကျစေရပါဘူး ယုံပါ။ စစ်မြေပြင်က ပြန်လာရင် နှမဆီကို အရင်လာခဲ့မယ်လာပါရစေ နှမရယ်”
“လာပြီးတော့ကော”
“လာပြီးရင် နှမ မနုစာရီရဲ့ လက်ကလေးနှစ်ဖက်ကို ကိုင်မယ်”
“ကိုင်ပြီးရင်ကော”
“ကိုင်ပြီးရင် သူရဲကောင်းမင်းသားနဲ့ ပညာရှင်မင်းသမီးတို့ရဲ့ အချစ်ဇာတ်လမ်းကို စမယ်”
“စပြီးရင်ကော”
“စပြီးရင် နောင်တော်ကို လျှောက်ထားပြီး လက်ထပ် မင်္ဂလာပြုမယ်”
“လက်ထပ်မင်္ဂလာပြုပြီးရင်ကော”
“လက်ထပ်မင်္ဂလာပြုပြီးရင် နှမလိုပညာရှိပြီး ကလေးတွေ၊ သမီးကလေးတွေ မွေးခိုင်းမယ်”
“မွေးခိုင်းပြီးရင်ကော”
“မွေးခိုင်းပြီးရင် မောင်အရှင်တို့ ပျော်ပျော်ကြီး နေထိုင်သွားကြမယ်”
“ပျော်ပျော်ကြီး နေထိုင်သွားပြီးရင်ကော”
“ပျော်ပျော်ကြီးနေပြီးရင် အသက်တွေကြီးလာပြီး မောင်အရှင်ရော နှမ မနုစာရီရော သေကြမှာပေါ့”
“သေပြီးရင်ကော မောင်အရှင်”
“သေပြီးရင် ပြီးပြီပေါ့ မနုစာရီရယ်”
“ဒီလို မဟုတ်ဘူး”
“ဘယ်လိုလဲ လုပ်စမ်းပါဦး”
“မသေအောင် လုပ်မယ်”
“မသေအောင် လုပ်လို့ ဘယ်ရမလဲ”
“ဝိဇ္ဇာဓရ အမတအတတ်နဲ့ မသေအောင် လုပ်နေကြမယ်”
“မသေဘဲ မောင်အရှင်နဲ့ မနုစာရီတို့ ဘာလုပ်ကြမှာလဲ”
“မသေဘဲ မောင်အရှင်နဲ့ နောင်အနှစ်တစ်ရာကို စောင့်ကြည့်မယ်”
“ဘာကို စောင့်ကြည့်မှာလဲ”
“ဘိုးဘိုးက ပြောတယ် နှောင်အနှစ်တစ်ရာမှာ မဇ္ဈိမတိုင်းမှာ လူသားစင်စစ်ကနေ အခုရှိတဲ့ ဗြဟ္မာကြီးတွေထက် တန်ခိုး ကြီးတဲ့ ဂေါတမဗုဒ္ဓဆိုတဲ့ ဗြဟ္မာတစ်ဦး ပေါ်ပေါက်လိမ့်မယ်တဲ့”
“အဲဒီတော့”
“အဲဒီတော့ လူသားစင်စစ်ကနေဖြစ်တဲ့ ဗြဟ္မာကြီးကို မောင်အရှင်နဲ့ နှမ မနုစာရီတို့ ဆယ်ဖြာသောလက်များနဲ့ ဖူးတွေ့ပြီး ဘယ်တော့မှ သေခြင်းမရှိတဲ့ ဗြဟ္မာဘုံကိုရောက်ရာရောက်ကြောင်း နည်းလမ်းတွေမေးမြန်းပြီး ရောက်အောင် လုပ်
ရမှာပေါ့”
“ဘယ်တော့မှ မသေခြင်းဆိုတဲ့ နေရာရှိသလား”
“ရှိတယ်လို့ ဘိုးဘိုးပြောတယ် “အမတ’ လို့ခေါ်တယ်တဲ့”
“ကောင်းသားပဲ၊ မောင်အရှင်နဲ့ နှမ မနုစာရီတို့ဟာ ဘယ်တော့မှမသေတဲ့ အမတဘုံ သွားပြီး ချစ်နေကြတာပေါ့”
““ဟင့်အင်း… ချစ်လို့မရဘူး”
“ဘာဖြစ်လို့ မရရမှာလဲ မောင်အရှင်ရော မနုစာရီပါ နှစ်ဦးလုံး “အမတ” မှာရောက်နေရင် ချစ်နိုင်ရမှာပေါ့”
“အမတမှာ ချစ်ခြင်း မုန်းခြင်းဆိုတာ မရှိဘူး”
“အို.. ဘယ်ဖြစ်နိုင်ပါမလဲ၊ မောင်အရှင်ရော မနုစာရီပါ ရှိရက်နဲ့ ချစ်ခြင်း၊ မုန်းခြင်းဆိုတာ မရှိဘူးဆိုတဲ့ မနုစာရီပြောတဲ့ အမတဆိုတဲ့ အရာဟာ မေ့လျော့ခြင်းပဲ ဖြစ်ရမယ်၊ တခြားဘာမှု မဖြစ်နိုင်ပါဘူး”
“အမတဟာ မေ့လျော့ခြင်းတော့ မဟုတ်ဘူး၊ အေးငြိမ်းခြင်းလို့ဆိုတယ် မောင်အရှင်”
“မဟုတ်နိုင်ဘူး၊ ချစ်သူနှစ်ဦးနေပါလျက် မချစ်နိုင်တဲ့ နေရာဟာ ဘယ်လိုအေးငြိမ်းခြင်းဖြစ်မှာလဲ မနုစာရီရယ် စဉ်းစား
ကြည့်ပါဦး”
“မနုစာရီ သိပ်တော့ မပြောတတ်ဘူး၊ အမတဆိုတာ ကောင်းတဲ့နေရာလို့ပဲ သိထားတယ်”
အတိတျာသည် သူကိုယ်တိုင်အထင်ကြီးထားသော ချစ်သူ မနုစာရီ၊ ပညာကြီးပါပေသည်ဟု ပြောစမှတ်ပြုရသော မနုစာရီကိုယ်တိုင်က သဲသဲကွဲကွဲ ပြောမပြနိုင်သော အမတ ဆိုသည့်အရာကို ဘယ်နဲ့ ကြီးပါလိမ့်ဟူ၍ စဉ်းစားနေမိ၏။ အဖြေကား မပေါ်။ သာမန်လူစဉ်းစား၍ ရကောင်းသောအရာလည်း မဟုတ်ရကား အမတသည် ရှင်းလင်းပြတ်သားစွာ မထင်ခဲ့ချေ။
“ထားပါတော့ မနုစာရီ၊ နှမပြောတဲ့ အမတကြီးကို မောင်အရှင်တော့ မချစ်ရတာ တစ်ခုတည်းနဲ့ သဘောမကျပါဘူး၊ ဒါပေမဲ့ မနုစာရီက သွားချင်တယ်ဆိုရင်တော့ သွားကြတာပေါ့”
မနုစာရီကဘာမျှ ပြန်မပြောတော့၊ ပြုံးရုံသာ ပြုံးနေ၏။ အတိတျာသည် မနုစာရီကို ညင်ညင်သာသာလေး ဆွဲယူ၍ ရင်ခွင်အတွင်း၌ ပွေ့ဖက်ထားလိုက်၏။ မနုစာရီသည် သားကောင်ကို စားပြီးနောက် တင်းတိမ်ရောင့်ရဲသွားသော ကျားကဲ့သို့ မျက်စိမှတ်၍ ပြုံးနေ၏။
“မနုစာရီ နှမပြောတဲ့ အမတဆိုတာ အခုလိုအေးငြိမ်းပါလား။ အခုလို ချမ်းမြေ့ပါမလာ။ အခုလို အရသာ ထူးပါ့မလားကွယ်”
“မနုစာရီလည်း အမတကို ရောက်ဖူးသေးတာမဟုတ်လို့ ဘယ်ပြောနိုင်ပါ့မလဲ၊ ဒါပေမဲ့ မနုစာရီတွေ့ခဲ့သမျှသော ခံစားမှု ဝေဒနာတွေထဲမှာတော့ အခုချိန်ခါကိုမီတာ မတွေ့နိုင်သေးဘူးလို့ ဝန်ခံပါတယ် မောင်အရှင်ရယ်”
“ဒီလိုဆိုရင် အမတကြီးကို မသွားပါနဲ့ကွယ်”
“အင်း၊ ဘိုးဘိုးက ပြောတယ် သာမန်လူတွေ့ရတဲ့ အရသာထူး ထက်မွန်မြတ်တဲ့အရသာ၊ နှိုင်းယှဉ်မရတဲ့ အရသာတစ်မျိုး
အမတမှာရှိတယ်တဲ့အဲဒီအရသာကို ဝိမုတ္တိရသလို့ခေါ်တယ်တဲ့”
“ဒီလိုဆိုလည်း သွားကြတာပေါ့ကွယ်”
မနုစာရီ၏ နဖူးဆံစကလေးများကို အတိတျာက ပွတ်သပ်ပေးနေ၏။ လရောင်သည် တိမ်မည်းညို အမိုက်တိုက်ကို တိုး၍ တိုး၍ ဝင်သွား၏၊ သူတို့နှစ်ဦး၏ အချစ်မီးကား ပို၍ပို၍ လင်းလာ၏။ နောက်ဆုံး၌ လရောင်သည် လွန်၍ နေရောင်ထက်ပင် လင်းထိန်သွားတော့၏။
ထိုညက အဖြစ်အပျက်ကို မနုစာရီနှင့် အတိတျာတို့သည် မေ့နိုင်ကြမည် မဟုတ်ချေ။ ဘယ်တော့မျှ မေ့နိုင်ကြမည် မဟုတ်တော့ချေ။ ထိုနေ့ညသည် သူတို့နှစ်ဦးအဖို့ ညတာတိုလွန်းသည်ဟု မှတ်ထင်မိကြ၏။
အရုဏ်တက် ကြက်တွန်သံကြားလျှင် အတိတျာသည် ပြန်ရန်ပြင်ဆင်လိုက်၏။ မနုစာရီက ခေတ္တစောင့်ပါဦးဟု ဆိုကာ အဆောင်အတွင်းမှ ပုရပိုဒ်ထုပ်ကိုယူလာ၍ အတိတျာအား ပေး၏။
မနုစာရီ ပေးလိုက်သော ပုရပိုဒ်များအား ထိုစဉ်က မည်သည့်ပုရပိုဒ်တွေ ဖြစ်မှန်းမသိခဲ့သော်လည်း နောင်စစ်မြေပြင်၌ ဖတ်ကြည့်ရာ အံ့သြဖွယ်ရာသော သေနင်္ဂဗျူဟာ ကျမ်းများဖြစ်၏။
နုနယ်လှပသော မနုစာရီသည် သူမနှင့် လုံးဝ မပတ်သက်သော စစ်ဆင် စစ်တက် ကျမ်းများကို ပြုစုထားလေသည်။
******************
သွပ်သည် ပိန်နက်မှန်ရောင်နှင့်မီးကို မလွန်ဆန်နိုင်သည့် အဆုံး၌ သူ၏ ခန္ဓာအိမ်ကိုစွန့်ရ၏။ သွပ်၏ ဘဝကူးချိန်တွင် အလွန်လင်းသော အလင်းတန်းသည် မနုစာရီ၏ အဆောင်ကိုဖောက်၍ ကောင်းကင်သို့ တက်လေ၏။ ယူဇနာချင့်၍ အထက်သို့ ထိုအလင်းရောင် တက်တော့၏။
သက္ကရာဇ်ဘုရင်သည် စက်ခန်းဆောင်၌ ထိုအလင်းရောင်ကို မြင်လိုက်လျှင် များစွာထိတ်လန့်၍ သွား၏။ ဘဒ္ဒကလျာ ကုန်းချောထားသော စကားလုံးများကိုလည်း စဉ်းစားမိသဖြင့် မနုစာရီကို နှိပ်ကွပ်ရန် ဆုံးဖြတ်လိုက်၏။
တစ်ဖန် မနုစာရီကို နှိပ်ကွပ်ခဲ့လျှင် ညီတော် အတိတျာသည် စစ်မြေပြင်မှပြန်ရောက်၍ မနုစာရီအား ကွပ်မျက်
ကြောင်းသိလျှင် ခံနေမည်မဟုတ်ဘဲ ရန်ပြုနိုင်ကြောင်းကိုလည်း ထည့်သွင်းစဉ်းစားရပြန်သည်။ နောက်ဆုံး၌ ရက်စက်ပြတ်သားသော အကြံတစ်ခု ရတော့၏။
နောက်တစ်နေ့နံနက်တွင် ဘုရင်သက္ကရာဇ်သည် မနုစာရီကို ဖမ်းဆီးရန် အမိန့်ချမှတ်လိုက်၏။ မနုစာရီသည် တရားသူကြီးချုပ်အဖြစ်မှ နိုင်ငံကို မှော်အတတ်မျိုးစုံဖြင့်လည်းကောင်း ချစ်သူ အတိတျာမင်းသား၏ စစ်ရေးအကူအညီဖြင့်လည်းကောင်း လုပ်ကြံရန်ကြံစည်မှုဖြင့် နိုင်ငံတော်တရားခံအဖြစ်သို့ ချက်ချင်းရောက်ရှိသွားတော့၏။
မနုစာရီ၏ တရားသူကြီးချုပ် နေရာကိုလည်း နိုင်ငံအတွင်းပညာပြည့်စုံသူ တစ်ဦးတစ်ယောက်ကို ဆက်လက်ခန့်ထားရန် အတွက် စုံစမ်းရှာဖွေခဲ့ရာ မနုစာရီ သင်ပေးထား၍ ကာလာအတတ် ခြောက်ဆယ့်လေးရပ်နှင့်တကွ ပညာအတော်စုံနေသော ဘဒ္ဒကလျာ မင်းသမီးကိုပင် တွေ့ရှိ၏။ ထို့ကြောင့် ဘဒ္ဒကလျာကိုပင် မနုစာရီ၏ တရားသူကြီးချုပ်ရာထူးကို ခန့်အပ်လိုက်တော့၏။
ထိုသို့ခန့်အပ်ပြီး နောက်တစ်နေ့မှာပင် ခုံရုံးတော်တွင် ဘဒ္ဒကလျာက တရားသူကြီးအဖြစ်ဖြင့် မနုစာရီ၏ နိုင်ငံတော်လုပ်ကြံမှု ကို စစ်ဆေးတော့၏။
မနုစာရီက ဘဒ္ဒကလျာအား သွပ်ကို (ပဇကာလ) စိန်နက် မှန်ရောင်အုပ်၍ အဂ္ဂရိတ်ထိုးကြောင်း၊ ထို့ကြောင့် သွပ်မှအလင်းတန်းကြီး ထွက်ပေါ်ကြောင်း၊ သွပ်သေလျှင် နေသိဒ္ဓိမှ လွဲ၍ အခြားအရာ မဖြစ်နိုင်ကြောင်း စသည်တို့ကို လျှောက်လဲချက်ပေး၏။
ဘဒ္ဒကလျာ ကိုယ်တိုင်လည်း ထိုဓာတ်သဘောကို သိပြီးဖြစ်ပါလျက် မသိဟန်ဆောင်ကာ အမှုကို ဆုံးဖြတ်ခဲ့လေသည်။ ဘဒ္ဒကလျာသည် ဂတိ လေးပါးအနက် ဒေါသဂတိကို လိုက်၍ ဆုံးဖြတ်ခဲ့၏။
တရားခွင်၌ ဘုဒ္ဒကလျာသည် မနုစာရီပြုစုသော မနုကျယ်ဓမ္မသတ်ကိုပင် အသုံးပြု၍ အမိန့်ချခဲ့၏။
“အဂ္ဂရိတ်အတတ်၊ မှော်အတတ်ဖြင့် နိုင်ငံတော်ကို လုပ်ကြံရန်ကြံစည်သော တရားခံမ မနုစာရီငယ်၏ လက်ယာဘက်လက်ကို လက်ကောက်ဝတ်မှ ဖြတ်၍ ထောင်သွင်းအကျဉ်းထားရန် အမိန့်ချမှတ်လိုက်သည်။”
ဟုဆိုကာ အမှုကို စီရင်ချက်ချခဲ့၏၊ ပါးကွက်သားတို့သည် မနုစာရီ၏ ညာလက်အား လက်ကောက်ဝတ်မှ တိတိရိရိ ဖြတ်ချလိုက် ကြတော့၏။
မနုစာရီသည် သူမ၏လက်ကို ဖြတ်နေသော အချိန်၌ အောက်ပါအတိုင်း သစ္စာဆိုခဲ့၏။
“အို.. လောကဓမ္မ မနုစာရီသည် နိုင်ငံတော်ကို လုပ်ကြံရန်စိတ်ပင် မကူးခဲ့ပါ။ ဤမှန်သော သစ္စာစကားကြောင့် ပြတ်သွားသော လက်သည် မပုပ်မသိုး မပျောက်မပျက် ရှိပါစေ။ မည်သည့်အချိန်သို့ တိုင်သည်ဖြစ်စေ မောင်တော်အတိတျာ၏ ကရုဏာနှင့် ပြန်၍ဆက်က အကောင်းပကတိ ရှိပါစေသတည်း”
မနုစာရီသည် လက်ပြတ်ဘဝနှင့် အကျဉ်း၌နေရ၏။ ပါးကွက်သားတို့သည် မနုစာရီ၏ လက်ပြတ်ကို ကတ္တီပါအိတ်ဖြင့်ထည့်ကာ ဘဒ္ဒကလျာသို့ ဆက်သလိုက်ကြ၏။ ဘဒ္ဒကလျာသည် မနုစာရီ၏ လက်ကို နည်းအမျိုးမျိုးဖြင့် ပျောက်ကွယ်သွားရန် ဖျက်ဆီးတော့၏။ အလွန်ထက်သော ဓားဖြင့် ခုတ်ကြည့်၏၊ ခက်ရင်းနှင့်ထိုး၍ဆွ၏။ မရပေ။ နောက်ဆုံး ဖားဖိုတွင်ထည့်၍ တိုးတော့၏။ ပထမတွင် ကြေးသံသွပ်များ ထိုးသည့်အခါ၌ ထွက်သောအရောင်ကဲ့သို့ ဝါရွှေရွှေအရောင်များ လှပစွာထွက်လာ၏။ မီးက မကျွမ်းချေ။
ဘဒ္ဒကလျာသည် မရသည့်အဆုံး၌ မနုစာရီ၏ လက်ပြတ်ဆန့်လောက်သော လုံတစ်ခုကိုလုပ်၍ လုံထဲတွင် လက်ပြတ်ကိုထည့်ကာ အပေါ်မှ (ပတြဇကာလ) ဟူသော စိန်နက်မှန်ရောင်အား အုပ်၍ မီးပြင်းနှင့် ထိုးတော့၏။
တစ်မိနစ်၊ နှစ်မိနစ်ခန့် ထိုးမိလျှင် အလွန်လှသော အရောင်တို့သည် စိန်နက်မှန်ရောင်မှလွန်၍ ထွက်လေတော့၏။
မနုစာရီလက်သည် သွပ်ကို သတ်ဖူးသော လက်ဖြစ်၏။ “ဂျေရာ” မည်သော စမများ ရေးထားသော လက်လည်းဖြစ်၏။
ထိုကြောင့် စိန်နက်မှန်ရောင်ဖြင့် ပဋိပက္ခပြုသော“ဂျေရာ”ဟူသော စမ သည်လည်းကောင်း၊ ဂျီလတူသော နငယ်နဲ့တူသော စမသည်လည်းကောင်း၊ ရှဂျူဟူသော မနှင့်တူသော စမသည် လည်းကောင်း၊ စိတ်နိုးကာ ပြင်းထန်သော ပေါက်ကွဲမှုဖြစ်တော့သတည်း။
တစ်တိုင်းတစ်ပြည်လုံး ငလျင်ကြီးစွာ လှုပ်သကဲ့သို့ ခံစားလိုက်ရ၏။ အချို့သော အဆောက်အဦများ ပြိုပျက်ကြကုန်၏။ ကန်ရေများ ခန်းခြောက်၍ သွား၏။ လူအမြောက်အများ သေကြေပျက်စီးကုန်ကြ၏။ တော်လဲခြင်းများလည်း အဆက်မပြတ် ဖြစ်တော့၏။ တစ်တိုင်းပြည်လုံး ဆောက်တည်ရာမရ အုတ်အုတ်ကျက်ကျက် ဖြစ်ရေတာ့၏။
ပေါက်ကွဲပြီး မီးတောက်များသည် မငြိမ်းသတ်နိုင်သည့်အလျောက် ဆက်လက်လောင်ကျွမ်း၏။ အချို့နေရာ၌ မြေကြီး သည် ကျွံ၍ ကျ၏။
မနုစာရီသည် အချုပ်ထောင်ပြိုကျသည်၌ အခြားအကျဉ်းသားများနှင့်အတူ လွတ်မြောက်သွား၏။ ဘဒ္ဒကလျာမှာမူ ဖိုထိုးစဉ်က ရွတ်ဆိုခဲ့သော မန္တာန်များအစွမ်းကြောင့် အထိအခိုက်မရှိခဲ့သော်လည်း အပရန္တတိုင်းပြည်မှာမူကား နေ့ညဉ့်မပြတ် တော်လဲခြင်း၊ မြေပြိုခြင်း၊ ငလျင်လှုပ်ခြင်း မည်သည့်အရာများ ပေါက်ကွဲသည်မသိ အဆက်မပြတ် ပေါက်ကွဲခြင်းတို့ကြောင့် ရေများခန်းခြောက်၍ တိုင်းပြည်ကွယ်လုနီးနီး ဖြစ်သွားရတော့၏။
သုံးရက်မြောက်သောနေ့၌မူ မနုစာရီ၏ အဆောင်သို့ မီးကျ၍ လောင်ကျွမ်းရာ ကြောက်မက်ဖွယ်ရာ အသံကြီး မြည်ဟီးလျက် ပြင်းထန်စွာ ပေါက်ကွဲလိုက်သည်တွင် ကြက်ပျံမကျ စည်ကားလှသော အပရန္တတိုင်းပြည်သည် လုံးဝပျောက်ကွယ် ပျက်စီးသွားလေတော့၏။
ဘဒ္ဒကလျာသည် အပျိုတော်ခြောက်ယောက်နှင့် လွတ်ရာသို့ ရှောင်တိမ်းပြေးခဲ့ရာ ပရီအရပ်ဒေသသို့ ရောက်ခဲ့၏။ ပရီအရပ်ဒေသမှာ အလွန်နက်သောတောဖြစ်၏။ ထိုတောအုပ်အတွင်းမှာပင်
ကျောင်းသင်္ခန်းပြုလုပ်၍ အပျိုတော်ခြောက်ဦးနှင့်အတူ ဘဒ္ဒကလျာလည် ထွက်ရပ်စခန်းကို ကြိုးပမ်းခဲ့ပြန်လေ၏။
မနုစာရီမှာလည်း မူလနေရာဖြစ်သော မန်းချောင်း တောအုပ်ကြီးသို့ ရောက်ရှိပြီးနောက် ဘိုးဘိုး၏ ကျောင်းသင်္ခန်းမှာပင် ဇောရ အကျင့်မြတ်ဖြင့် လောကီထွက်ရပ်လမ်း အပြီးတိုင်ကြိုးပန်းလေတော့၏။
နောင်အနှစ်တစ်ရာတွင် ပွင့်ပေါ်လာမည့် ဂေါတမဗုဒ္ဓမည်သော မဟာလူသားကို ချစ်လှစွာသော မောင်တော်အတိတျာနှင့်အတူ ဆယ်ဖြာသောလက်ဖြင့် ဖူးတွေ့ရမည်ဟု မျှော်လင့်ခဲ့သော်လည်း ယခုမိမိ၏အသုံး ၀င်သောလက်တစ်ဖက်သည် မရှိတော့ချေ။
သို့သော် မနုစာရီက အားမလျှော့ချေ။ အကယ်၍ မောင်တော် အတိတျာသည်သာ ကရုဏာမေတ္တာတည်းဟူသော ဗြဟ္မစိုရ် တရားများဖြင့်လည်းကောင်း၊ ချစ်သူတို့၏ ချစ်ခြင်းဖြင့် သူ၏လက်တစ်ဖက်ကိုပြန်၍ ဆက်ပေးပါမူ အကောင်း၊ ပကတိပြန်၍ဖြစ်လိမ့်ဦးမည်ဟု မျှော်လင့်မိ၏။
ထို့ကြောင့် နောင်အနှစ်တစ်ရာတွင်ပွင့်ပေါ်မည့် မဟာလူသား ဂေါတမဗုဒ္ဓကို ရည်မျှော်၍ ဆုတောင်းခြင်းများပြု၏။ လောကပါလနတ်များကိုလည်း သူ၏ ပြတ်သွားသော လက်တစ်ဖက်ကို ချစ်သူ အတိတျာ ရှာဖွေတွေ့သည်အထိ မပျောက်မပျက်ရအောင် အထပ်ထပ်တိုင်တည် ဆုတောင်းမှုများ ပြု၏။
အလွန်လှပသော တောပန်းတစ်မျိုးကိုလည်း မျိုးမတုံးသွားစေရန် အဓိဋ္ဌာန်၍ စိုက်ပျိုးခဲ့၏။ ထိုပန်းစိုက်ပျိုးစဉ်အခါက သူ၏ ခြောက်ယောက်သော ညီမငယ်တို့က မနုရီကို ဤသို့ပင်စကားလမ်း ခင်းခဲ့ကြ၏။
<><><><><><><><><><><><><>
အပိုင်း ၁၅ ဆက်ပါဦးမည်