မနုစာရီ - မင်းသိင်္ခ အပိုင်း ၂

မနုစာရီ – အပိုင်း (၂)

* * * မနုစာရီ * * * ( ၂ )

လက်ဖတင်နင် နန်းဝေနှင့် ထူးဆန်းသော လက်ပြတ်တစ်ခု

လက်ဖတင်နင် နန်းဝေနှင့် ထူးဆန်းသော လက်ပြတ်တစ်ခု
တစ်နေ့သ၌ ကျွန်ုပ်၏ ကျောင်းနေဘက် သူငယ်ချင်း ဖြစ်သော ကောက်ပဲသီးနှံအရာရှိကလေး ကိုစိန်ရသည် ကျွန်ုပ် ကြိုက်တတ်သော ပျားအုံတံဆိပ် ဘရန်ဒီအရက် တိုက်ကျွေးဧည့်ခံပါမည်။ သူနှင့်အတူ ညစာလာရောက် စားသောက်ပါဟု ဖိတ်ခေါ်သဖြင့် ကုက္ကိုင်းလမ်းရှိ တရုတ်ပျော်ပွဲစားရုံတစ်ရုံသို့ ညနေ၌ လာခဲ့မည်ဖြစ်ကြောင်း အကြောင်းပြန်ပြီးနောက် ထိုနေ့ညနေ ခြောက်နာရီသာသာလောက်တွင် ချိန်းဆိုထားသော ပျော်ပွဲစားရုံသို့ ကျွန်ုပ်သွားရောက်ခဲ့၏။

သောက်စားပျော်ပါးခြင်း အလုပ်၌ အလွန်ဝီရိယကောင်းသော ကိုစိန်ရသည် ကျွန်ုပ်ထက်စောပြီးရောက်ရှိနေရာ ကျွန်ုပ်ကို ဆီးကြို၍ သူဦးထားသော ချောင်ကျကျ အခန်းတွင်းသို့ ခေါ်၍သွား၏။ အခန်းတွင်း၌ အခြားတစ်ယောက်လည်း ထိုင်နေသဖြင့် မေးကြည့်ရာ ကိုစိန်ရက သူနှင့်အတူ ပါလာသူဖြစ်ကြောင်း ပြောဆိုပါသည်။

ထိုပြီး မကြာမီပင် စားသောက်ဖွယ်ရာများမှာကြားရင်း ကိုစိန်ရသည် ထိုသူနှင့် ကျွန်ုပ်ကို မိတ်ဆက်ပေးရာ အိန္ဒိယနိုင်ငံသို့ သွားရောက်အမှုထမ်းနေသော မြန်မာ့စစ်သံအဖွဲ့ဝင် စစ်ဗိုလ်တစ်ဦးဖြစ်ကြောင်း သိရှိရသည်။

၎င်းစစ်ဗိုလ်ကလေးသည် ကိုစိန်ရ၏ညီ တစ်ဝမ်းကွဲဖြစ်ပြီး အသက်အားဖြင့် သုံးဆယ်ခန့်သာ ရှိသေး၏။ သူ၏ စစ်တပ်ဆိုင်ရာ ရာထူးမှာ လက်ဖတင်နင်ဖြစ်ရာ အစ်ကိုတော်စပ်သူ ကိုစိန်ရကပင် သူ့ကို လက်ဖတင်နင်နန်းဝေဟု ခပ်စိမ်းစိမ်း ခေါ်ဝေါ်သဖြင့် ကျွန်ုပ်ကလည်း သူ့ကို လက်ဖတင်နှင့် နန်းဝေဟုပင် ခေါ်ဝေါ်သုံးနှုန်းခဲ့၏။

ကျွန်ုပ်ကိုမူ သူက ရင်းနှီးစွာပင် အစ်ကိုကြီး ကိုအောင်ထွန်း ဟု ခေါ်ဝေါ်သုံးနှုန်းပါသည်။ လက်ဖတင်နင် နန်းဝေသည် မြန်မာလူငယ်ထဲ၌ ယခုအခါတွေ့ရခဲသော အရပ်အမောင်းဖြစ်သည့် ငါးပေဆယ်လက်မခန့်ရှိသော အရပ်နှင့် ကျစ်လျစ်၍ ကြည့်ကောင်းသော ကိုယ်ထည်အချိုးအစားကိုမူ ကျွန်ုပ်ကိုယ်တိုင် အားကျမိခဲ့၏။

ရုပ်ရည်မှာ ချောသည်ဟုမဆိုနိုင်သော်လည်း မြန်မာပီသ၍ ခန့်ညားကြည်လင်သော ဥပဓိရုပ်မျိုးရှိသည်ဟု ဆိုရပေမည်။ စကားသံမှာ ပါးစပ်ဖျားမှ ထွက်သောအသံမဟုတ်ဘဲ ရင်းတွင်းမှထွက်သော အသံသြဇာပါသည့် အသံတစ်ခုတည်းကိုသာ ထောက်ဆ အကဲခတ်ရုံနှင့်ပင် သတ္တိအရာ၌ စံထားခဲ့ရသော အလောင်းဘုရား မင်းရဲကျော်စွာစသည့် မြန်မာကြီးများ၏ ဂုဏ်ကိုထိန်းသိမ်းနိုင်လောက်သော ရှားရှားပါးပါး ခေတ်လူငယ်တစ်ဦး ဖြစ်ကြောင်း ရိပ်စားမိနိုင်၏။

စကားကို လု၍ပြောခြင်း၊ လော၍ပြောခြင်း စသော ရာထူးရာခံရှိ၍ လူငယ်အတော်များများ ကျူးလွန်တတ်သော အောက်တန်းကျသည့် အပြုအမူမျိုးကို လက်ဖတင်နင် နန်းဝေ၌ လုံးဝမတွေ့ရပါ။ သူသည် ကျွန်ုပ်က ပြောသည့်အခါ၌ စိတ်ဝင်စားစွာနှင့် နားထောင်၏။ သို့သော် ကျွန်ုပ်မျက်နှာသို့ကား မကြည့်။ ကျွန်ုပ်၏ ရင်ညွန့်ကို ကြည့်၍ နားထောင်တတ်၏၊ အကယ်၍ ကိုစိန်ရ ပြောလှည့်ကြုံ၍ ပြောလျှင်လည်း ကိုစိန်ရ၏ မျက်နှာကို မကြည့် ၊ ကိုစိန်ရ၏ ရင်ညွှန့်ကို သာ ကြည့်၍ စိုက်ပြီး နားထောင်၏။ သို့သော် သူကိုယ်တိုင်ပြောလျှင် ကျွန်ုပ်တို့၏ ရင်ညွန့်ကိုမကြည့်ဘဲ ကျွန်ုပ်တို့၏ နှာခေါင်းရင်း မျက်လုံးနှစ်လုံးကြားသို့ စိုက်၍ ကြည့်ပြီးပြောတတ်၏။

စွန်ရဲ၏အရိပ်ကိုနင်း၍ မဟောသဓာသည် မော့ကာဟစ်အော်လိုက်ရုံဖြင့် စွန်ရဲသည် သူ၏ ရင်တွင်းသို့ဝင်ရောက်၍ အော် ဟစ်လိုက်သည်ဟုထင်မှတ်ပြီး သားတစ်ကိုချပေးရသည်ဆိုသည့်စာကို ယခင်က နှစ်နှစ်ကာကာ လက်ခံခြင်း မရှိခဲ့သော်လည်း လက်ဖတင်နင် နန်းဝေနှင့် စကားပြောမိသည်ဆိုလျှင်ပင် ကျွန်ုပ် လုံးဝလက်ခံမိပါတော့သည်။
အဘယ်ကြောင့်ဆိုသော် လက်ဖတင်နင် နန်းဝေ၏ အသံသည် ကျွန်ုပ်၏ နှလုံးသို့ခိုက်သည်အထိ ဆိုက်ရောက်သွားသည်ဟုထင် မှတ်ခဲ့သောကြောင့်ဖြစ်၏။

ကျွန်ုပ်တို့သည် ပျားအုံတံဆိပ် ဘရန်ဒီများကို အမျိုးမျိုးအဖုံဖုံ ချက်ပြုတ်ကြော်လှော်ထားသော စားသောက်ဖွယ်ရာများဖြင့် စားသောက်ကြပြီး နောက်မှ ထမင်းကို စားကြ၏၊ ထမင်းစားပြီးလျှင် ကိုစိန်ရနှင့် ကျွန်ုပ်က စီးကရက်များ သောက်ကြ၏။ ဆေးလိပ်မသောက်တတ်ဟုထင်ရသော လက်ဖတင်နင် နန်းဝေကမူ “ဆင်ဆင်”ဟုခေါ်သော ဗလရှင်ဆေးပြားကဲ့သို့ ဆေးပြားကလေးများကို ထုတ်၍ထုတ်၍ ငုံနေ၏။

“ကိုအောင်ထွန်းကို ပြောပြရင် ယုံပါ့မလား မသိဘူး”

ကိုစိန်ရသည် အထက်ပါအတိုင်း စကားစလိုက်၏။

“ဘာကို ပြောပြမှာလဲ၊ ယုံစရာရှိလည်း ယုံရတာပေါ့ဗျာ”
“ယုံစံရာ လုံးလုံးမရှိလို့ ခက်နေတာပေါ့ဗျာ။ သံမှုးရော၊ စစ်သံမှုးရော၊ စစ်ဆေးရုံက ဆရာဝန်တွေရော၊ မိခင်တပ်ရင်းက တပ်ရင်းမှူးကရော၊ အိုဗျာ ဒီနေ့ထိတော့လက်ဖတင်နန်းဝေရဲ့အဖြစ်ကိုပြောပြရင် ယုံတယ်ဆိုတဲ့ လူတစ်ယောက်မှ မတွေ့ပါဘူးဗျာ”
(မှတ်ချက်- ယခုအခါ စစ်ဆေးရုံကို တပ်မတော်စစ်ဆေးရုံဟု ပြောင်းလဲခေါ်သည်။

“ဘယ်လိုကိစ္စလဲ လုပ်စမ်းပါဦး”
“ကျွန်တော်ကတစ်ဆင့် ပြောရတာထက် ကာယကံရှင်က ရှိနေလေတော့ ကာယကံရှင်ကိုယ်တိုင်ပြောပြရင် ပိုပြီး ကောင်း တာပေါ့ဗျာ၊ ကဲ လက်ဖတင်နန်းဝေ ဟောဒီက မောင့်အစ်ကိုကြီး ကိုအောင်ထွန်းကို ဖောက်သည် ချလိုက်စမ်းပါဦး”
“ဟုတ်ပါတယ် လက်ဖတင်နင်နန်းဝေး ဘယ်လိုကိစ္စလဲဆိုတာ သိရတာပေါ့ဗျာ”

လက်ဖတင်နင် နန်းဝေသည် ပြုံး၍ ခေါင်းညိတ်၏။

“အစ်ကိုကြီး ကိုအောင်ထွန်းရာ၊ ကျွန်တော်အနေနဲ့တော့ ပြောရမှာ သိပ်ပြီးအားမရှိလှဘူး၊ ကြားသမျှသူတွေဟာ ကျွန်
တော်ပြောပြတာကို ယုံတယ်ဆိုတဲ့လူ တစ်ယောက်မှ မတွေ့ရသေးဘူး၊ အဲဒီလိုမယုံကြလို့ စစ်သံမှူးကနေ သံမှူးကိုအကြောင်းကြားပြီး အိန္ဒိယမှာကတည်းက ကျွန်တော်ဟာ စိတ်ဝေဒနာရှင်၊ တိုတိုပြောရရင် ရူးသွားပြီဆိုပြီး မြန်မာပြည် ပြန်ပို့ခဲ့တယ်။ မြန်မာပြည်ရောက်တော့လည်း ကျွန်တော့်စကားကို ဘယ်သူမှ မယုံကြတဲ့အတွက် မင်္ဂလာဒုံဆေးရုံ၊ စိတ္တဇဆေးရုံ (ယခု စိတ်ကျန်းမာရေးဆေးရုံ)၊ စစ်ရာထူးခန့်ရုံးတွေကနေခေါပြီး စစ်ဆေးနေလိုက်တာဗျာ၊ စိတ်ကိုရှုပ်နေတာပဲ၊ ကျွန်တော့် အထင်တော့ နဂိုမရူးဘဲ သူတို့က ရူးတယ်လို့ထင်ပြီး ခေါ်ခေါ်စစ်နေတာနဲ့ ကြာရင် စိတ်ညစ်ပြီး တကယ်ရူးသွားမှာတောင် စိုးရိမ်မိပါတယ် အစ်ကိုကြီးရာ”

“ဘယ်လိုကိစ္စမျိုးမို့ ဒါလောက်တောင် မယုံကြတာလဲ လက်ဖတင်နင်”

“ဒီလိုပါခင်ဗျ လွန်ခဲ့တဲ့လေးနှစ်လောက်က အိန္ဒိယပြည်ကို စစ်သံအဖြစ်နဲ့ ရောက်ခဲ့ပါတယ်။ သံမှူးကရော သံရုံးအဖွဲ့ဝင် တို့ကပါ ကျွန်တော့်ကို ခင်ခင်မင်ခင် လေးလေးစားစား ရှိကြပါတယ်၊ ဖြစ်ပုံက ဒီကစပါတယ်ခင်ဗျာ”

လက်ဖတင်နင် နန်းဝေသည် ထုံးစံအတိုင်း ကျွန်ုပ်၏ မျက်မှောင်ဟုခေါ်သည့် နှာခေါင်းရင်း မျက်လုံး နှစ်လုံးကြားသို့ ကြည့်၍တစ်လုံးချင်း အေးအေးဆေးဆေး ပြောနေရာ၊ ရွှံ့ပျော့ပျော့ထဲသို့ ကျောက်ခဲကို တစ်လုံးချင်းပေါက်၍သွင်းသကဲ့သို့ သူ၏စကားများသည် ကျွန်ုပ်၏ နှလုံးအိမ်သို့ တစ်လုံးချင်း လှုပ်လှုပ်၍ဝင်သွားသည်ပုံ ခံစားရမိ၏။ ထို့ကြောင့် ကျွန်ုပ်သည် လက်ဖတင်နင် နန်းဝေ၏ စကားများကို ဤတစ်သက်၌ မေ့သွားရန် အကြောင်းမရှိတော့ချေ။ သူသည် ဆက်၍ ပြောပြန်၏။

“ပြီးခဲ့တဲ့နှစ်က ကျွန်တော်က မိတ်ဆွေတစ်ဦး တိုက်တွန်းတာနဲ့ ကျွန်တော်နေတဲ့နေရာနဲ့ သိပ်မဝေးတဲ့ ဟိုတယ်တစ်ခုမှာ ဖွင့်ထားတဲ့ အူရဒူစကားပြောသင်တန်းကို ညနေဘက်မှာ သွားတက်တယ်ခင်ဗျ။ ကျောင်းတက်လို့ နှစ်လလောက် ကြာလည်းသွားရော ကျောင်းကအပြန် လမ်းမှာ မိန်းကလေးတစ်ယောက်ကို လူဆိုးတွေက လုယက်ဖို့ ကြိုးစားနေကြတာနဲ့ ဝင်ပြီးကူညီခဲ့ရတယ်”

“အင်း ဆက်စမ်းပါဦး၊ မောင့်ဇာတ်လမ်းမှာ ထရီဂျစ်ဒီခေါ်တဲ့ အလွမ်းတွေ ဘာတွေလည်း ပါမယ်ထင်တယ်”

“ပါပြီလား အစ်ကိုကြီးရယ်”
“ကဲပါ. ကဲ.. ဆက်စမ်းပါဦး”
“တိုတို ကောက်ရရင်တော့ အဲဒီ မိန်းကလေးနဲ့ ကျွန်တော်ခင်မင်သွားကြတယ်ဆိုပါတော့… သူက မဂိုမလေးပါ။ သူ့နာမည် ကဘီဘီနာတဲ့”

“ဒီထက် စကားမစပ် လက်ဖတင်နင် နန်းဝေနဲ့ အဲဒီ မိန်းကလေး ခင်မင်တာတော့ ဟုတ်ပါပြီ၊ မောင်တို့ တစ်ယောက်နဲ့ တစ်ယောက် ဘယ်စကားနဲ့ ပြောကြသလဲ”

“ကျွန်တော်က ဟိန္ဒူ စတန်နိစကား ကောင်းကောင်းပြောတတ်ပါတယ်။ ဒါပေမဲ့ ဘီဘီနဲ့ ကျွန်တော်ကတော့ အင်္ဂလိပ်လိုပဲ ပြောကြတာပါ ဘီဘီဟာ အင်္ဂလိပ်စကားကို သူ့အမေ စကားလောက်နီးနီး ကျွမ်းကျင်ပါတယ်”

“ဪ… သော် ဟုတ်ပြီ၊ ဟုတ်ပြီ”

“ကြာတော့ ဘီဘီရယ်၊ ကျွန်တော်ရယ်ဟာ မိတ်ဆွေဘဝကနေ ချစ်သူဘဝကို ရောက်သွားကြပါတယ်”

“ဒါကတော့ ဒီလိုပဲ ဖြစ်ရမယ်လေ ဟဲ ဟဲ”

ဟု ကိုစိန်ရက ငြိမ်၍ နားထောင်နေရာမှ ဝင်၍ ထောက်လိုက်၏။

“ကဲ ဆက်စမ်းပါဦး လက်ဖတင်နင်”

“လွန်ခဲ့တဲ့သုံးလလောက်မှာ ဘီဘီဟာ ပြောင်းလဲလာပါတယ်၊ ကျွန်တော်နဲ့တွေ့တဲ့အခါမှာ အရင်ကလို ဟက်ဟက်ပက်ပက် ပျော်ပျော်ရွှင်ရွှင် မရှိပါဘူး၊ ဒါကြောင့် ကျွန်တော်က ဘီဘီရယ် မင်းကိုယ့်ကို တကယ်မှ ချစ်ရဲ့လားကွယ်၊ ကိုယ်တို့မြန်မာ လူမျိုးဆိုတာ ချစ်မိရင်ဖြစ်ဖြစ်၊ မုန်းမိရင်ဖြစ်ဖြစ် သဲသဲမဲမဲရှိ တတ်လွန်းလို့ တကယ်လို့များ ဘီဘီဟာ ကိုယ့်ကို မချစ်တော့ဘူး ဆိုရင်တော့ ကိုယ်သိပ်ပြီး စိတ်ထိခိုက်မိမှာပဲလို့ ပြောလိုက်မိတယ်”

“ ဒီတော့ သူက ဘာပြောသလဲ” “ပြောပါတယ်။

ဘီဘီ မပျော်တာဟာ ကို ဘီဘီကို ချစ်တာဟာ တကယ်ချစ်တာမှ ဟုတ်ရဲ့လားလို့ စိုးရိမ်နေလို့ပါတဲ့။ ဒီတော့ ကျွန်တော်က တကယ်ချစ်တာပါ ဘီဘီရယ်၊ မင်းယုံအောင် ကိုယ်ရင်ကို ခွဲပြီး ပြပါဆိုလည်း ပြပါ့မယ်လို့ပြောလိုက် ၊တယ်ခင်ဗျ”

“အင်း လုပ်စမ်းပါဦး”

“ဒီတော့ ဘီဘီက ရင်ကိုတော့ မခွဲပါနဲ့တဲ့၊ ဘီဘီကို ချစ်ရင် ဒီလက်ကလေးပဲ ဆက်ပေးပါဆိုပြီး သူ့ဆာရီထဲက ညာလက် ကို အပြင်ဘက်ထုတ်လိုက်တယ် ခင်ဗျ၊ ကျွန်တော့်အဖို့တော့ ကမ္ဘာကြီး ချာချာလည်သွားသလားတောင် အောက်မေ့မိပါ တယ်၊ စိတ်မကောင်းလည်းဖြစ်၊ ဝမ်းလည်း ဝမ်းနည်း ဖြစ်ခဲ့ရတယ်”

“လက်က ဘယ်လိုဖြစ်နေလို့လဲ”

“ညာဘက်လက်ဟာ လက်ကောက်ဝတ်ကနေ တိတိရိရိ ပြတ်နေတယ်ခင်ဗျ… တကယ်လို့များ ဘီဘီဟာ အဲဒီလို လက် ပြတ်မနေဘူးဆိုရင် မိုးပေါ်က နတ်သမီးနဲ့တောင် ကျွန်တော်က ကြေးကျောပေးပြီး အလှပြိုင်ခိုင်းဝံ့ပါတယ် အစ်ကိုကြီး ကိုအောင်ထွန်းရာ တကယ်ပါပဲ”

“သနားစရာ ကောင်းလိုက်တာ လက်ဖတင်နင် နန်းဝေရာ…မောင် ဘယ်လို ခံစားရမယ်ဆိုတာ ကျုပ်ကိုယ်ချင်းစာမိပါ တယ်။ ဒါနဲ့ အရင်က သူ့လက်ကို မကြည့်မိဘူးလား”

“ခါတိုင်းတော့ ဆာရီခြုံထားတဲ့ ရှေ့ဘက်က ဆာရီစကို သူ့ရဲ့ အင်မတန်လှတဲ့ ဘယ်ဘက်လက်ကလေးနဲ့ ဆွဲပြီး ကိုင်ထားတာ ခင်ဗျာ၊ ညာလက်က အတွင်းမှာ အမြဲထည့်ထားတာ၊ ပြီးတော့ ကုလားမလေးတိုင်းလိုလိုကလည်း ဒီပုံစံအတိုင်း ခြုံထားကြလေတော့ ဘယ်သိမလဲ၊ တစ်ခါ ဘီဘီအနေနဲ့ မြန်မာလူမျိုးကို အထင်သေးသွားမှာကလည်း တစ်ကြောင်း ၊ ကျွန်တော်ကိုယ်တိုင်ကလည်း လက်မထပ်ရသေးတဲ့ ချစ်သူကို ပိုင်စိုးပိုင်နင်း မပြုရက်တာကလည်း တစ်ကြောင်းမို့ တွေ့ရင် မျက်နှာချင်းဆိုင်ထိုင်ပြီး စကားပြောတာကလွဲလို့ တခြားမရှိလေတော့ မသိဘူးပေါ့ ခင်ဗျာ၊ စောင့်ထိန်းတာကို အ,တယ်လို့ ထင်တတ်ကြတဲ့ လူတွေအတွက်တော့ ကျွန်တော်ဟာလူအ,တစ်ယောက်ပေါ့ အစ်ကိုကြီးရာ”

“ဒီလို စောင့်ထိန်းတာဟာ စိတ်ထားနိုင်တဲ့ ယောက်ျားတွေရဲ့ အလုပ်ပါ။ ချစ်သူကို လက်မထပ်ခင်မှာ အပိုင်ကြံထားမှ စိတ်ချရတယ်ဆိုတဲ့ လူမျိုးတွေဟာ သူတို့ရဲ့အတွင်းစိတ်မှာ ကိုယ့်ချစ်သူကို အကျပ်ကိုင်ပြီး ချုပ်ချယ်ထားတဲ့ စိတ်ယုတ် ကလေး ခိုကပ်နေလို့ပါ၊ တည့်တည့်ပြောရရင် မရခင် အပိုင်ကြံထားမယ်ဆိုတဲ့ လူမျိုးဟာ ချစ်သူကို ကာမဆက်ဆံရေး ကိစ္စကလွဲပြီး မွန်မွန်မြတ်မြတ် သဘောမထားတတ်တဲ့ လူညံ့တွေရဲ့ အလုပ်ပါ လက်ဖတင်နင် နန်းဝေ၊ ကျုပ်တော့ မောင့်အပြုအမူကို လေးစားပါတယ်၊ ကဲ…. ဆက်စမ်းပါဦး။ ဇာတ်လမ်းက – အရေးကြီးတဲ့ ကလိုင်းမက် ရောက်နေပြီ”

“ဟုတ်တယ် ဟုတ်တယ် ဒီနေရာက စပြီး အရေးကြီးတာပဲ”

ကိုစိန်ရကပါ ဝင်၍ ထောက်ခံလိုက်ပြန်၏။ လက်ဖတင်နင် နန်းဝေသည် “ဆင်ဆင်” ဆေးပြားလေး နှစ်ပြားသုံးပြား ယူ၍ ငုံလိုက်ပြီးနောက်…..

“ဒီလိုပါအစ်ကိုကြီး၊ ဘီဘီဟာ ဆိုကုလားမလေး မဟုတ်ဘူး။ မြန်မာအမျိုးသမီးတစ်ဦးပါ။ ဘီဘီနာမည် အစစ်အမှန် ဟာ “မနုစာရီ”ဖြစ်ပါတယ်။ မနုစာရီရဲ့ လက်တစ်ဖက်ကို မနုစာရီတို့ရဲ့ မျိုးစဉ်မျိုးဆက်လိုက် တစ်ဖက်နဲ့တစ်ဖက် ရန်ပြု
လာကြတဲ့ ဆွေမျိုးတစ်စုဟာ ဖြတ်ယူပြီး မြန်မာပြည် ကျောက်ဆည်မြို့ ဝေဘူတောင်ပေါ်မှာရှိတဲ့ ကျောက်သေတ္တာကြီးထဲမှာထည့်ထားပါတယ်၊ မပုပ်သိုးအောင် ရှေးခေတ် လျှို့ဝှက်ဆေး ပညာနဲ့စီစဉ်ပြီး ထည့်ထားခဲ့တာမို့ အခုထက်တိုင်အောင် မပုပ်မသိုးဘဲ ရှိပါသေးတယ်။ တကယ်လို့ အဲဒီလက်ကို ပြန်ရမယ်ဆိုရင် အိန္ဒိယမှာ ပြန်ပြီး ဆက်ပေးနိုင်တဲ့ အိန္ဒိယတိုင်းရင်းဆေးပညာရှင်တွေ ရှိပါတယ်။ မနုရီ တခြားလူကို မခိုင်းတာနဲ့ ပတ်သက်လို့တော့ ဗိုလ်နန်းဝေကို ရှင်းမပြပါရစေနဲ့။ မနုစာရီကို တကယ်ချစ်တယ်ဆိုရင် ဗိုလ်နန်းဝေ မြန်မာပြည်ကို ပြန်သွားပြီ။ မနုစာရီရဲ့လက်ကို ယူပေးပါလား”

“ယူပေ။မယ် မပေးဘူးသာဖြေပါ။ တခြား ဘာမှမပေးပါနဲ့တော့၊ မနုစာရီက မေးလည်းမှာ မဟုတ်ဘူး။ တကယ်လို့
ယူပေးမယ်ဆိုရင် ကျောက်သေတ္တာထဲမှာ တခြားလက်ပြတ်တွေများရှိနေခဲ့ရင် မနုစာရီရဲ့ လက်ဝါးမှာ “ဂျေရာ”လို့ ခေါ်တဲ့ အမှတ် အသားလေးကို ဆေးမင်ထိုးထားပါတယ်”

“ကျွန်တော့်ကို မနုစာရီက ဒီအတိုင်း ပြောပါတယ် အစ်ကိုကြီး၊ ဂျေရာတဲ့ အမှတ်အသားဆိုတာကို ရေးပြတာကတော့
ဒီအတိုင်းပါပဲ”

လက်ဖတင်နင် နန်းဝေသည် စားပွဲပေါ်၌ ရေခဲရေဖြင့် ရေးပြရာ အမှတ်အသားမှာ အောက်ပါပုံအတိုင်း ဖြစ်ပါသည်။
( အောက်ရှိ သရုပ်ဖော်ပုံတွင်ကြည့်ပါ)

မနုစာရီ ဂျေရာအမှတ်အသား
“ ဒီတော့ လက်ဖတင်နင် နန်းဝေက ဘယ်လိုအဖြေပေးသလဲ”

“ကျွန်တော်ဟာ ကျွန်တော့်ချစ်သူဘီဘီခေါ် မနုစာရီသာ ခိုင်းမယ်ဆိုရင် ဝေဘူတောင်က ကျောက်သေတ္တာထဲမှာသာ မဟုတ်ပါဘူး၊ ငရဲပြည်ကိုဆင်းပြီး ငရဲဒယ်ကြီးထဲက နှိုက်ယူခဲ့ရမယ်ဆိုရင်တောင် ယူပေးမယ့်လူပါ အစ်ကိုကြီး၊ ဒါကြောင့် မကြာခင်ပေးမဲ့ ကတိပေးပြီး လမ်းခွဲခဲ့ပါတယ်”

“ပြီးတော့ကော၊ ဘာဆက်ဖြစ်သေးသလဲ လက်ဖတင်နင်နန်းဝေ”
“ဒီကိစ္စကို ကျွန်တော်နဲ့ ရင်းနှီးတဲ့ တခြားစစ်ဗိုလ် နှစ်ယောက်ကို ဖွင့်ပြီးတိုင်ပင်ပါတယ်၊ အဲဒီ စစ်ဗိုလ်နှစ်ယောက်က ကျွန်တော် ပြောတာကို လုံးလုံး ယုံကြည်မှုမရှိကြဘူး။ အဲဒီတော့ သူတို့ နှစ်ယောက်ကနေ စစ်သံမှူးကို တိုင်ပါလေရောဗျာ”

“အဲဒီလို စစ်သံမှူးကို တိုင်လိုက်တော့…”

“စစ်သံမှူးက ကျွန်တော်ကို ခေါပြီးတွေ့တယ်၊ အဖြစ်အပျက် အသေးစိတ်ကိုမေးတယ်၊ ကျွန်တော်ကလည်း အမှန်အတိုင်း
ပြောပြပါတယ်၊ ဒါပေမဲ့ ကျွန်တော့်စကားကို စစ်သံမှူးက မယုံဘူးခင်ဗျ၊ သူကပြောပါတယ်၊ မင်းချစ်သူ ဘီဘီ(ခေါ်) မနုစာရီဆိုတဲ့ ကောင်မလေးကို သူနဲ့ တွေ့ပေးပါ၊ တွေ့ပေးလို့ မင်းပြောတာ ဟုတ်ခဲ့လို့ရှိရင် ကျောက်ဆည်မြို့က ကျောက်
သေတ္တာကြီးထဲက လက်ပြတ်တစ်ဖက်ကို မင်းကိုယ်တိုင်တောင် သွားယူဖို့ မလိုပါဘူး။ ကျောက်ဆည်မှာရှိတဲ့ စစ်တပ်ကို ဒီကနေ သံကြိုးရိုက်ပြီး ယူခိုင်းလိုက်ပါမယ်”

“အဲဒီလိုဆိုတော့ လက်ဖတင်နင် နန်းဝေက ဘီဘီနဲ့ စစ်သံမှူးကို တွေ့ဆုံမပေးခဲ့ဘူးလား”

“တွေ့မပေးဘဲ ဘယ်နေမလဲ အစ်ကိုကြီး ကိုအောင်ထွန်းရာ၊ ကျွန်တော် ဘီဘီ့အိမ်ကို တစ်ခေါက်မှ မရောက်ဖူး
ပေမဲ့ ကျွန်တော့်မှာ သူပေးထားတဲ့လိပ်စာရှိတယ်မဟုတ်လား၊ ဒီတော့ လိပ်စာအတိုင်း အီဒင်ဆေးရုံလမ်း၊ အမှတ် (၁၀) ကို စစ်သံမှူးကိုပါ တစ်ခါတည်း ခေါ်သွားတော့တာပေါ့။ ကျွန်တော့်စကားကို မယုံတဲ့ ကျွန်တော့်သူငယ်ချင်း စစ်ဗိုလ် နှစ်ယောက်ကိုလည်း တစ်ခါတည်းခေါ်သွားတယ်”

“ဘီဘီနဲ့ တွေ့ကြရောဆိုပါတော့”

“မတွေ့ပါဘူး အစ်ကိုကြီး ကိုအောင်ထွန်းရာ”

ဟုဆိုကာ လက်ဖတင်နင် နန်းဝေသည် စိတ်ပျက်ညှိုးငယ်လွန်းသော မျက်နှာနှင့် စကားကိုရပ်ကာ ဦးခေါင်းကို ငုံ့ပစ်လိုက် လေ၏။ ကျွန်ုပ်သည် သူရသတ္တိနှင့် ပြည့်စုံလုံလောက်သည်ဟု ကျွန်ုပ်ယူဆထားသောသူများ စိတ်ပျက်အားယ်ခြင်း ဖြစ်သွားသည့် အခါ၌ လွန်စွာသနားတတ်သည်ဖြစ်ရာ ယခုလည်းလက်ဖတင်နင် နန်းဝေသည် မျှော်လင့်ချက် ကင်းမဲ့သူတစ်ယောက်အဖြစ် စိတ်ပျက်အားငယ်သွားသည်ကို တွေ့ရသဖြင့် ကိုယ်ချင်းစာနာစိတ်ဖြင့် သနားမိလေတော့၏။ ထိုအခါ၌ ကိုစိန်ရက ကျွန်ုပ်အား ဆက်၍မေးရန် မျက်နှာရိပ် မျက်နှာကဲနှင့် အချက်ပြလေ၏။

ထို့ကြောင့် ကျွန်ုပ်သည် ဆက်လက်၍ မေးမြန်းရန်အတွက် အားတုံ့အားနာဖြစ်လျက်နှင့်ပင် မေးရပြန်၏။

“ဘယ်လိုကြောင့် မတွေ့ရတာလဲ လက်ဖတင်နင်”

“ဒီလိုပါ အစ်ကိုကြီး ကိုအောင်ထွန်း၊ ဘီဘီ ကျွန်တော့်ကိုပေးထားတဲ့ အီဒင်ဆေးရုံလမ်း၊ အမှတ် (၁၀) ဆိုတာက အိမ် မဟုတ်ဘူး ခင်ဗျာ၊ ရှေးနှစ်ပေါင်းများစွာကတည်းကရှိခဲ့တဲ့ နတ်ကွန်းကြီးတစ်ခု ဖြစ်နေတယ်”

“ဘာ နတ်ကွန်းပါလိမ့်”
“နတ်ရဲ့ အမည်နာမကတော့ အတိအကျ ကျွန်တော်မသိပါဘူး။ လက်ရ်ချမီးနတ်သမီးလို လက်ခြောက်ဖက်နဲ့ ရှေးဟောင်း ကလယ်လူမျိုးစုကလေးတစ်စုက ကိုးကွယ်တဲ့ နတ်သမီးတစ်ဦးရဲ့ နတ်ကွန်းပါပဲ”

“အဖြစ်အပျက်ကလေးက တော်တော်လေး ဆန်းကြယ်နေပါလား လက်ဖတင်နင် နန်းဝေ”

“အဲဒီလို အဖြစ်အပျက်ဆန်းလေ.. ကျွန်တော့်မှာ ပိုပြီး ဒုက္ခရောက်လေပေါ့ ခင်ဗျာ၊ စစ်သံမှူးကလည်း ကျွန်တော့်ကို ဘယ်လိုလဲ ဗိုလ်နန်းဝေ၊ ခင်ဗျားရည်းစားက ကုလားတွေကိုးကွယ်တဲ့ နတ်သမီးများလားလို့တောင် ခပ်ထေ့ထေ့
သရော်တယ်။ ကျန်တဲ့ စစ်ဗိုလ်နှစ်ယောက်ကလည်း ပြုံးစေ့စေ့နဲ့ ကျွန်တော်ကို ကြည့်လိုက်တဲ့အကြည့်ဟာ ကျွန်တော်ဖြင့် သတ်ပြီးသေချင်လောက်ကို ရှက်မိပါတော့တယ် ခင်ဗျာ။ ကျွန်တော်က မကျေနပ်သေးတာနဲ့ ဘီဘီရဲ့ ပုံပန်းသဏ္ဌာန်ကို ပြောပြပြီး အနီးအနား စုံစမ်းကြည့်ပြန်တော့လည်း အဲဒီနားကလူတွေက ဒီမှာသူတို့နေတာ ကြာပြီဆိုပဲ၊ ကျွန်တော်ပြောတဲ့ မိန်းကလေးမျိုး တစ်ကြိမ်တစ်ခါမျှ မနေဘူးရုံ မဟုတ်ဘူး။ ဒီနာမည်မျိုး၊ ဒီပုံစံမျိုးနဲ့ ခေတ္တ ခဏလာရောက်ပြီး တည်းခိုတဲ့လူတောင် မရှိပါဘူးလို့ ပြောကြတယ်”

“အဲဒီတော့ စစ်သံမှူးနဲ့ လက်ဖတင်နင် နန်းဝေတို့ ပြန်လာကြရောဆိုပါတော့”

“ရိုးရိုးပြန်လာကြရင် တော်တာပေါ့ ခင်ဗျာ။ အခုတော့ ကျွန်တော့်ကို စစ်သံမှူးက ဆရာဝန်တွေ ဘာတွေနဲ့ စစ်ဆေးလေ ရောဗျာ၊ အစတော့ ကျွန်တော်က အစစ်မခံပါဘူး။ ဒါပေမဲ့ စစ်သံမှူးက စစ်မိန့်ကို အသုံးချပြီး အစစ်ခံခိုင်းတဲ့အတွက် ဆေး စစ်ခံရပါတယ်”

“ဆရာဝန်တွေက စစ်ဆေးပြီးတော့ ဘယ်လိုများ ထင်မြင်ချက် ပေးကြသလဲ”

“ဆရာဝန်တွေကတော့ ကျွန်တော့်ကိုယ်မှာ ရောဂါရှာလို့ မတွေ့ဘူး။ သို့ပေမဲ့ ကျွန်တော်တွေ့ခဲ့တယ်ဆိုတဲ့ ဘီဘီ (ခေါ်) မနုစာရီ ဆိုတာဟာ တကယ်မရှိတဲ့ အရာကို ရှိတယ်လို့ ထင်မြင်တတ်တဲ့ အာရုံမှား စွဲလမ်းမှုရောဂါ အင်္ဂလိပ်လိုတော့ “(Hallucination) ဟယ်လူစီနေရှင်း” ဖြစ်နေတယ်လို့ ရောဂါအမည် တပ်တော့တာပါပဲ အစ်ကိုကြီး ကိုအောင်ထွန်းရာ”

“လက်ဖတင်နင် အဖြစ်ကလည်း တိမ်မယောင်နဲ့နက်တဲ့ အဖြစ်အပျက်တစ်ခုပဲနော”

ကျွန်ုပ်လည်း ခံတွင်းချဉ်လာသည်နှင့် ဆေးလိပ်ကို မီးညှိလိုက်လျှင် လက်ဖတင်နင် နန်းဝေကလည်း သူ၏ကုတ်အတွင်းမှ ရွှေရောင် စီးကရက်ဘူးကလေးကိုထုတ်ကာ လွန်စွာမွှေးကြိုင်လှသော ကုလားအုပ်တံဆိပ် စီးကရက်ကိုထုတ်၍ ဆင်စွယ်တံကလေးတွင်စွပ်ကာ ဣန္ဒြေရရ ရှိုက်ဖွာနေလေ၏။

ကိုစိန်ရကလည်း ဦးကျောက်လုံး ဆေးပြင်းလိပ်ကိုခဲ၍ တစ်လုံးတစ်ပါဒမျှ ဝင်ရောက်ပြောဆိုခြင်းမရှိဘဲ နေရာမှ…

“အဖြစ်အပျက်က တော်တော်လေး ထူးတယ်ဗျ၊ စစ်သံမှူးက မယုံကြည်နိုင်တာလည်း မပြောနဲ့လေ၊ ကျုပ်အနေနဲ့လည်း မယုံပါဘူး။ ဒါပေမဲ့ လက်ဖတင်နင်းနန်းဝေဟာ ငယ်ငယ်ကတည်းက လိမ်ညာပြီး ပြောဆိုတတ်တဲ့ အကျင့်မရှိဘူးဆိုတဲ့ အချက်တစ်ချက်ပဲ၊ ဒါကြောင့် သူပြောတဲ့ကိစ္စဟာ ဖြစ်နိုင် မဖြစ်နိုင် ဝိုင်းပြီး စဉ်းစားနိုင်အောင်လို့ ကိုအောင်ထွန်းကို
ကျုပ်က ဖိတ်လိုက်ရတာပဲ၊ ကဲ ဆက်ပြီး ပြောပါဦး လက်ဖတင်နင် နန်းဝေ”

“အဲဒါနဲ့ ကျွန်တော်လည်း ဘီဘီနဲ့ တွေ့နေကြနေရာလေးကို နေ့တိုင်းသွားပြီး စောင့်ခဲ့ပါတယ်၊ ဒါပေမဲ့ ဘီဘီကို နောက် ထပ် မတွေ့ရတော့ပါဘူး”

လက်ဖတင်နင် နန်းဝေသည် ပြောပြီးစကားကို ရပ်လိုက်ကာ အပေါ်သို့ ဝှေ့၍တက်နေသော ဆေးလိပ်မီးခိုးများအား စိုက် ၍ ကြည့်နေသဖြင့် ကျွန်ုပ်က ပြတ်သွားသောစကားအား ပြန်၍ဆက်မိရန်အတွက် မေးခွန်းတစ်ခု ထပ်၍မေးရပြန်၏။

“နောက်ထပ် ဘာတွေ ထူးထူးဆန်းဆန်၊ ဖြစ်သေးသလဲ လက်ဖတင်နင် နန်းဝေ”

“အင်း… ထူးဆန်းတာ တစ်ခုတော့ရှိတယ်”
“လုပ်စမ်းပါ ပြောစမ်းပါဦး”
“ကျွန်တော် အီဒင်ဆေးရုံလမ်း၊ အမှတ် (၁၀) က နတ်ကွန်းကို တစ်ခေါက်ထပ်ပြီး သွားသေးတယ်ခင်ဗျ။ ကျွန်တော် သွားတဲ့အချိန်က မနက်စောစောပိုင်းဆိုတော့ နတ်ကွန်းမှာ လူရှင်းနေတယ်။ နတ်ကွန်းစောင့် ကပ္ပိယကုလားအဘိုးကြီးပဲ ရှိတယ်။ နတ်ကွန်းတစ်ခုလုံးဟာ အမွှေးတိုင်တွေ၊ လော်ပံအမွှေးတုံးတွေ ထွန်းထားတာဆိုတော့ မွှေးကြိုင်နေတာပဲခင်ဗျာ။

အဲဒါနဲ့ နတ်သမီးပုံကို ကြည့်ပါရစေလို့ ခွင့်တောင်းပြီး သေသေချာချာ သွားကြည့်တော့ နတ်သမီးပုံဟာ တကယ့်လူအရွယ်လောက် ထုထားတယ်ခင်ဗျ လက်ကလည်း ခြောက်ဖက် ရှိတယ်၊ ထုထားတဲ့ ပန်းပုလက်ရာကလည်း ကောင်းလိုက်တာဗျာ၊ တကယ့်ကို အသက်ရှိနေတဲ့ နတ်သမီး ကျနေတာပဲ၊ နတ်သမီးရဲ့ လည်တိုင်မှာတော့ ကိုးကွယ်တဲ့လူတွေက လာပြီး ဆွဲပေးထားတဲ့ ရွှေဘယက်၊ ရွှေကြိုး စိန်ကြိုးတွေ ရှိတယ်၊ နဖူးပေါ်မှာတော့ ကြိုးကလေးတစ်ကုံးမှာ အလယ်က ပတ္တမြားကလေး တစ်လုံးတပ်ထားပြီး ဆွဲထားတာကို တွေ့ရတယ်။

နတ်သမီးရဲ့ နာမည်ကို သိချင်လို့မေးတော့ ကပ္ပိယကြီးဟာ ကောင်းကောင်း မဖြေနိုင်ဘူး၊ ဘုရားလို့ပဲ ပြောနိုင်တယ်၊ နတ်သမီးရဲ့ လက်ခြောက်ဖက်ရှိတဲ့အနက် လက်တစ်ဖက်မှာတော့ ကျွန်တော်တို့မြန်မာပြည်မှာ ဗုဒ္ဓံသရဏံပန်းလို့ ခေါ်တဲ့ပန်းတွေကို လူတွေကလာပြီး လှူထားတယ်ခင်ဗျ။ ကျွန်တော်နဲ့ ကပ္ပိယကြီးစကားပြောနေတုန်းမှာ ကုလားကြီးတစ်ယောက်ရောက်လာပြီး အဲဒီလက်ထဲမှာ ဗုဒ္ဓံသရဏံပန်းတွေ ထပ်ထည့်ပြီး ဆုတောင်းတာကိုတွေ့ရတာနဲ့ အဲဒီကုလားကြီးကို မေးကြည့်တော့ အဲဒီကုလားကြီးဟာ သာမုန္ဒြိကသျှတ္တရ နဲ့ ဆာရီရေခသျှတ္တရ ခေါ်တဲ့ လက္ခဏာဗေဒင်အတတ်မှာ နာမည်ကြီးတဲ့ လက္ခဏာဆရာကြီးဖြစ်ကြောင်း သိရတယ်၊ အဲဒီ ဆရာကြီးအဆိုကတော့ ဒီနတ်သမီးက ဗေဒင်လက္ခဏ အတတ်ကိုစောင့်ရှောက်တယ်ဆိုပဲ။ လက္ခဏာဆရာလုပ်မဲ့ ဗေဒင်ဆရာလုပ်မဲ့ လူတွေဟာ အဲဒီနတ်သမီးကို ဗုဒ္ဓံသရဏံပန်း ၊နောက်ပြီး ကျွန်တော်တို့ မြန်မာပြည်မှာ သစ္စာပန်းလို့ခေါ်တဲ့ ပန်းမျိုးကို လှူဒါန်းပြီးပူဇော်ရင် ဟောပြောတဲ့ ဗေဒင်ဟာ မှန်ကန်ပြီး နာမည်ကြီးတော့တာပဲတဲ့ ခင်ဗျ”

“ပြီးတော့ လက်ခြောက်ဖက်ထဲမှာ လက်တစ်ဖက်ဟာ လက်ကောက်ဝတ်နေရာလောက်ကနေ ကျိုးနေတာကို တွေ့ရ တယ်ခင်ဗျ၊ ဒါနဲ့ ကျွန်တော်က ကပ္ပိယကြီးကို ဒီနေရာမှာ ကျိုးနေတယ်။ ကြည့်လို့ မကောင်းဘူး။ ပန်းပုဆရာခေါပြီး ပြန်ဆက်လိုက်ပါလားလို့ပြောတော့ ကပ္ပိယကြီးက လူမှာ တစ်ခုခုဖြစ်ရင် ဘုရားက လုပ်ပေးနိုင်တယ်။ ဘုရားမှာ တစ်ခုခု ဖြစ်ရင်တော့ လူကလုပ်မပေးနိုင်ပါဘူး လူကလေးရယ်လို့ ကျွန်တော့်ကို ပြန်ပြောပါတယ်”

“ကပ္ပိယကြီးပြောတဲ့ စကားဟာ ရိုးရိုးကလေးပဲဗျ၊ ဒါပေမဲ့ ဖီလိုဆိုဖီပါတယ်နော်၊ လက်ဖတင်နင် သတိထားမိမှာပေါ့”

ဟူ၍ ကျွန်ုပ်က ကြားဖြတ်၍ ဝင်ပြောမိလေ၏။ ကျွန်ုပ်၏ ကြားဖြတ်စကားဆုံးသည်နှင့် တစ်ပြိုင်နက် လက်ဖတင်နင် နန်းဝေက ဆက်၍ ပြောပြန်ပါသည်။

“ဖီလိုဆိုဖီ ပါတယ် မပါဘူးဆိုတာကိုတော့ ကျွန်တော် မစဉ်းစားမိခဲ့ပါဘူး။ ဒါပေမဲ့ နတ်သမီးရုပ်ရဲ့အောက်နားမှာ စောစောက ကျွန်တော်ပြောတဲ့ လက်ကောက်ဝတ်နေရာက ကျိုးတဲ့လက်ရဲ့ လက်ဝါးပိုင်းကလေးကို ကလပ်ကလေးတစ်ခုရဲ့ အပေါ် တင်ထားကိုတွေ့ရတယ်ဗျ၊ ဒါနဲ့ အဲဒီကလပ်ပေါ်က လက်ပြတ်ကလေးကို ကြည့်လိုက်တော့”

“ကြည့်လိုက်တော့ ဘာဖြစ်သလဲ လက်ဖတင်နင်”

ကျွန်ုပ်လည်း သိလိုစိတ်အား မျိုသိပ်ထားနိုင်ခြင်းမရှိဘဲ အငမ်းမရ မေးလိုက်လေ၏။

“ဘာတွေ့ရမှာလဲ အစ်ကိုကြီးရ၊ ဘီဘီ ကျွန်တော်ကို ပြောပြတဲ့၊ ဂျေရာဆိုတဲ့ တံဆိပ်ကလေးကို တွေ့ရတယ်၊ စောစောက ́ စားပွဲပေါ်မှာ ကျွန်တော်ရေးတဲ့ တံဆိပ်လေ”

“တော်တော် အံ့သြဖို့ကောင်းနေပြီ ကိုစိန်ရ၊ လက်ဖတင်နင် နန်းဝေတော့ မပြောတတ်ဘူး။ သူပြောပြလို့ တစ်ဆင့်နားထောင်ရတဲ့ ကျုပ်အဖို့တောင် တအံ့တဩ ဖြစ်မိတယ်ဗျာ၊ ဆက်ပြီး ပြောပါဦး လက်ဖတင်နင် နန်းဝေ”

“ကျွန်တော် ကပ္ပိယကြီးကို လက်ပြတ်ပေါ်က ဂျေရာတံဆိပ်နဲ့ ပတ်သက်လို့ မေးစမ်းကြည့်ပါသေးတယ်၊ သူကလည်း ဒီတံဆိပ်ဟာ ဂျေရာလို့ခေါ်တဲ့ဒီနတ်သံမီးရဲ့ တံဆိပ်ဖြစ်ကြောင်းလောက်ပဲ ပြောနိုင်ပါတယ်။ ဒီနတ်သမီးကို ဘယ်တုန်း လောက်ကတည်းက သူတို့ လူမျိုး ကိုးကွယ်ခဲ့ကြာလဲလို့မေးကြည့်တော့ ကပ္ပိယကြီး ပြောပြချက်အရဆိုရင် နှစ်ပေါင်း သုံးထောင်နီးပါး ရှိပြီဆိုပဲခင်ဗျ”

“နောက်ထပ် ဘာတွေ ထူးထူးဆန်းဆန်း ဖြစ်သေးသလဲ လက်ဖတင်နင် နန်းဝေ။ အခုထိတော့ အာရေးဗီးယန်းနိုက် ခေါ်တဲ့ တစ်ထောင့်တစ်ညပုံပြင် နားထောင်ရသလိုပဲဗျာ၊ တကယ့်ကို အံ့သြဖို့ ကောင်းလှပါတယ်”

“နောက်ထပ်တော့ ဘာမျှ ထူးထူးဆန်းဆန်း မဖြစ်တော့ပါဘူး၊ ဒါပေမဲ့ စစ်သံမှူးက ကျွန်တော့်ကို ဆရာဝန်တွေရဲ့
ဆေးစာအရ မြန်မာပြည်ကို ပြန်ပို့ခဲ့ပါတယ်။ ကျွန်တော် မြန်မာပြည် ပြန်ရောက်တာ တနင်္ဂနွေ နှစ်ပတ်ရှိသွားပြီ။ စစ်ဆေးရုံနဲ့ စစ်ရာထူးခန့် အတွင်းဝန်ရုံးက ကျွန်တော့်ကိုစစ်ဆေးပြီး တပ်မတော်ကနေ အငြိမ်းစား ပေးလိုက်ပါပြီ”

(မှတ်ချက် – ယခုအခါ စစ်ဆေးရုံကို ကပ်မတော်စစ်ဆေးရုံဟု ခေါ်သည်။ )

“အငြိမ်းစားပေးလိုက်တာ ဘယ်လောက်ကြာသွားပြီလဲ လက်ဖတင်နင် နန်းဝေ”

“တစ်နေ့ကပဲ ထွက်ဆဲခွင့် တစ်နှစ်ပေးလိုက်ပါတယ်။ တစ်နှစ်အတွင်း ဘာတာဝန်မှ မထမ်းဆောင်ရပေမဲ့ တပ်မတော်အရာရှိတပ်ရင်းက မပယ်ထုတ်သေးပါဘူး။ တစ်နှစ်ပြည့်သွားတဲ့အခါမှာတော့ ကျွန်တော်ဟာ လုံးဝအနားယူသွား
တဲ့ အရပ်သားဘဝကို ရောက်သွားပါပြီ ခင်ဗျ”

“ဒီလိုဆိုရင် လက်ဖတင်နင် နန်းဝေ ကျောက်ဆည်ကကျောက်သေတ္တာကြီးဆီကို မရောက်သေးဘူး။”

“ကျွန်တော် မနက်ဖြန်မနက်သွားမယ် အစ်ကိုကြီး၊ ဒါကြောင့် ကိုကြီးကိုစိန်ရက ကျွန်တော့်ကို ညစာဖိတ်ကျွေးတာ”

ကျွန်ုပ်သည် လက်ဖတင်နင် နန်းဝေ၏ ပသီပုံပြင်နှင့် တူလှသော သူ၏ အဖြစ်အပျက်အား နားထောင်ပြီးနောက် လက်ဖတင်နင် နန်းဝေအား စေ့စေ့စပ်စပ် တစ်ကြိမ်ထပ်မံ၍ အကဲခတ်မိပြန်တော့၏။ သူ၏ ပိရိစေ့စပ်လှသော နှုတ်ခမ်းများသည် မဟုတ်သည်ကို ဟုတ်သည့်အလား ဖြီးဖြန်း လိမ်ညာ၍ ပြောဆိုမည့်သူ မဟုတ်ကြောင်း ထောက်ခံနေဘိသကဲ့သို့ရှိသည့်အပြင် ကြည်လင်တောက်ပနေသော သူ၏မျက်လုံးများကလည်း ဆရာဝန်၏ဆေးစာတွင်
ရေးထားသကဲ့သို့ စိတ်ဝေဒနာရှင်တစ်ဦး မဟုတ်ကြောင်း အခိုင်အမာ ဖော်ပြလျက်ရှိ၏။

လက်ဖတင်နင် နန်းဝေသည် စီးကရက်အသစ်တစ်လိပ်ကို ထပ်မံ၍မီးညှိရင်း ကျွန်ုပ်နှင့်ကိုစိန်ရအား အင်္ဂလိပ်ဘာသာဖြင့်…..

“Under the blue sky of this vast world, there is nothing truly strange. People may think that what they don’t yet understand is strange, but in the end, when they come to fully comprehend it, they realize that so-called ‘strange’ things are just ordinary, simple matters.”

“ဒီလောကကြီးရဲ့ မိုးပြာရောင်အောက်မှာ ထူးဆန်းတယ်ဆိုတာ မရှိပါဘူး။ ကိုယ်မသိသေးတာကို လူတွေက ဆန်း
တယ်လို့ ထင်တတ်ကြပေမဲ့ နောက်ဆုံး သေသေချာချာ နားလည်သွားတဲ့အခါမှာတော့ ဆန်းတယ်ဆိုတဲ့ အရာဝတ္ထုတွေဟာ သာမန်ရိုးရိုး ကိစ္စတွေသာဖြစ်ကြောင်း”

ကျွန်ုပ်သည် လက်ဖတင်နင် နန်းဝေ၏ အင်္ဂလိပ်စကားပြောဟန်နှင့် လှုပ်ရှားပုံများကိုကြည့်ကာ အင်္ဂလိပ်ရုပ်ရှင်မင်းသား “ဗလင်တီ” အား မျက်စိထဲ၌ မြင်ယောင်လေမိတော့၏။

လက်ဖတင်နင်နန်းဝေနှင့် စိတ်ကျေနပ်သည်အထိ ဟိုတယ်၌ စကားပြောပြီးနောက် ကျွန်ုပ်တို့သည် တက္ကစီကား တစ်စီးစီ ငှားရမ်းကာ လူစုခွဲ၍ ပြန်ခဲ့ကြလေ၏၊ ကိုစိန်က အင်းစိန်သို့ ပြန်ရပြီ။ ကျွန်ုပ်က မအူကုန်း ကျွန်ုပ်အိမ်သို့ ပြန်ရ၏။ လက်ဖတင်နင် နန်းဝေမှာမူ ရွှေတိဂုံဘုရားအနီး ဂေါ်ရာကုန်း စစ်တပ်တွင်းရှိ လူမျိုးအရာရှိရိပ်သာသို့ ပြန်ရလေ၏။

ထိုနေ့ညက ကျွန်ုပ်သည် အိမ်သို့ ည (၁၀)နာရီကျော်မှ ပြန်ရောက်ခဲ့၏။ အခါတိုင်း၌ဆိုလျှင် အရက်သောက်မိသော ညများ၌ အိပ်ရာထက်တွင် ခေါင်းချလိုက်သည်နှင့် အိပ်ပျော်သွားတတ်သော်လည်း ထိုနေ့ညက တော်တော်နှင့် အိပ်၍မပျော်ပါဟု ဆိုလျှင် မယုံနိုင်စရာ အကြောင်းမရှိပေ။

ကျွန်ုပ်သည် ထိုည၌သာ အိပ်၍မပျော်ခဲ့သည် မဟုတ်ဘဲ နောက်ညများ၌လည်း အိပ်၍မပျော်ဘဲ လက်ဖတင်နင် နန်းဝေ ပြောပြသွားသော လက်တစ်ဖက်ပြတ်နေသော နတ်သမီး ရုပ်ကိုလည်းကောင်း၊ လက်ဖတင်နင်နန်းဝေ၏ချစ်သူ လက်တစ်ဖက်ပြတ်နေသော မဂိုမလေးဘီဘီအားလည်းကောင်း၊ လက်ပြတ်ကလေးအပေါ်မှ ‘ဂျေရာ’ ဆိုသည့် အမှတ်တံဆိပ်ကလေးအားလည်းကောင်း စဉ်းစား နေမိတတ်လေ၏။

ကျွန်ုပ်၏ ကျူရီယိုဆိုင်၌ ဝယ်သူပါးသော နေ့ခင်းနေ့လယ်အခါများ၌လည်း လက်ဖတင်နင် နန်းဝေ၏ ပြောပြချက်များအား လည်းကောင်း၊ ‘ဂျေရာ’ အမှတ်တံဆိပ်နှင့် နတ်သမီး လက်ပြတ်တစ်ခုအားလည်းကောင်း စဉ်းစားနေမိတတ်ရုံမျှမက စာရွက်များပေါ်၌လည်း ‘ဂျေရာ’ အမှတ်တံဆိပ်ကလေးများအား ရေးဆွဲနေ မိတတ်လေ၏။

မကြာခဏ ကျွန်ုပ်သည် ထိုရာတံဆပ်ကလေးများကို ရေးမိတတ်သည်ဖြစ်ရာ ဆရာလုပ်သည့် အလုပ်မှန်သမျှအား ဘာမဆို ကောင်းသည်ဟုမှတ်ယူပြီး မျောက်တစ်ကောင်ကဲ့သို့ အတုခိုးတတ်သော ကျွန်ုပ်၏တပည့် လူပုကလေးပိုင်းမောင်ကလည်း ထိုတံဆိပ် ကလေးများကို ကူး၍ ရေးလေတော့၏။

ကျွန်ုပ်က စက္ကူလွတ်များပေါ်၌သာလျှင် ရေးခဲ့သော်လည်း အသိဉာဏ်မဲ့သော လက်ကမြင်းတတ်သော ကျွန်ုပ်၏တပည့်ကမူ မြေဖြူတစ်ချောင်းနှင့် ဆိုင်၏တံခါးများ၊ နဖူးစီးများ၊ နံရံများနှင့် ဗီရိုများပေါ်တွင် အရွယ်အစား အမျိုးမျိုးရှိသော ‘ဂျေရာ’ တံဆိပ်များကို အနှံ့အပြားလျှောက်၍ ရေးလေတော့၏။ ကျွန်ုပ်က သူ့အား

“ဟေ့ကောင် မင်းကဘာဖြစ်လို့ ဒီတံဆိပ်တွေ တစ်ဆိုင်လုံး လျှောက်ရေးရတာတုံး”

ဟုမေးကြည့်ရာ လူပုလေး ဝိုင်းမောင်က…

“ဒီတံဆိပ်ကလေးတွေကို ဆရာ ရေး,ရေးနေတာတွေ့လို့ ကျွန်တော်လည်း ရေးကြည့်တာဆရာ၊ ဘာရယ်လို့တော့ မသိပါဘူး၊ ဒါပေမဲ့ ဒီတံဆိပ်ကလေးတွေက ဆန်းတယ်” ဆရာ၊ တစ်ခုရေးမိရင် နောက်ထပ်မရေးဘဲ မနေနိုင်ဘူးဆရာ၊ အနည်းဆုံးတော့ နောက်ထပ်တစ်ခုလောက် ရေးလိုက်ရမှကျေနပ်တယ်၊ ဆရာ မယုံရင် စမ်းကြည့်ပါလား။ ကျွန်တော် စမ်းကြည့်ပြီးပြီ၊ ဟိုဘက် လက်ဖက်ရည်ဆိုင်က စားပွဲထိုးတွေကို ကျွန်တော်က ဘာမှမပြောဘဲ ဒီတံဆိပ်ကလေး ရေးကြည့်စမ်းဆိုပြီး ရေးခိုင်းတာ ဒီကောင်တွေ အနည်းဆုံး တစ်ယောက်ကို သုံးခုလောက်တော့ ရေးကြည့်ကြတယ် ဆရာ”

ကျွန်ုပ်၏တပည့် လူပုလေးသည် ကျွန်ုပ်အား ဂျေရာတံဆိပ် ကလေးများ၏ ထူးဆန်းပုံကို ပြောပြသဖြင့် ကျွန်ုပ်သည် လက်ဖက်ရည် မသောက်ချင်ပါဘဲလျက် ထိုနေ့ နေ့လယ်ပိုင်းလောက်တွင် လက်ဖက်ရည်ဆိုင်သို့ ရောက်ခဲ့လေ၏။ လူပုလေး ဝိုင်းမောင်ပြောသည့်အတိုင်းပင် ၎င်းဆိုင်တစ်ဆိုင်လုံး၌ ဂျေရာတံဆိပ်များ ပြည့်နှက်လျက် ရှိတော့သည်။ ကျွန်ုပ် လက်ဖက်ရည် သောက်နေစဉ်မှာပင် စားပွဲထိုးလူငယ်တစ်ဦးသည် ရေနွေးကြမ်း ပန်းကန်ထဲမှ ရေနွေးအား လက်ညှိုးနှင့်တို့၍ယူကာ စားပွဲပေါ်၌ ‘ဂျေရာ’ အမှတ် တံဆိပ်အား ရေးနေသည်ကို တွေ့ရလေ၏။

ထို့ပြင် ကျွန်ုပ်သည် ကျွန်ုပ်မိတ်ဆွေ ဦးစိုးတင့်၏ ညီမလေးများဖြစ်ကြသော လွင်လွင်အေးနှင့် မြင့်မြင့်အုံးဆိုသည့် အပ်ချုပ်ဆိုင်မှ မိန်းကလေးနှစ်ဦးအား ထိုတံဆိပ်ကလေးများရေးပြခဲ့ရာ ထိုမိန်းကလေးနှစ်ဦးတို့သည် ၎င်းတံဆိပ်ကလေးများကို တစ်ဦးလျှင် နှစ်ဆယ်ကျော်ခန့် ရေးဖြစ်ကြသည်ကို တွေ့ရလေ၏။

တစ်ဖန် ကျွန်ုပ်၏မိတ်ဆွေ ဆရာဝန်တစ်ဦးအား ၎င်းတံဆိပ်မျိုး ခင်ဗျား ဘယ်နေရာမှာများ မြင်ဖူးသလဲဟု ပြော၍ တံဆိပ်တစ်ခုကို ရေးပြုပြီးနောက် အမှတ်တမဲ့စောင့်ကြည့်ခဲ့ရာ ၎င်းဆရာဝန်သည် ကျွန်ုပ်ရေးပြသောတံဆိပ်ကလေးမျိုး ခုနစ်ခုထက်မနည်း ရေးဖြစ်ခဲ့သည်ကို တွေ့ရသဖြင့် ကျွန်ုပ်၏တပည့်ပြောသောစကားကို လက်ခံ အတည်ပြုလိုက်လေတော့၏။

* * * * * *** —— *** ——****
အပိုင်းသုံးဆက်ပါဦးမည်

Loading

Leave a Reply

Your email address will not be published. Required fields are marked *