ကျွန်ုပ်နှင့် မိုးကြိုးအိုးကလေး( ၁ )

မနုစာရီ – အပိုင်း (၈)

* * * မနုစာရီ * * *( ၈ )

ကျွန်ုပ်နှင့် မိုးကြိုးအိုးကလေး( ၁ )

ကျွန်ုပ်သည် လက်ဖတင်နင် နန်းဝေကို လည်းကောင်း၊ တက္ကသိုလ်ကျောင်းသား မောင်ကျော်ခိုင်ကို လည်းကောင်း၊ သူတို့ နှစ်ဦးနှင့်ပတ်သက်သော မနုစာရီကို လည်းကောင်း လုံးဝအမှတ်ရခြင်း မရှိတော့ပါ။

ကျွန်ုပ်၏မိတ်ဆွေ ကိုလှမောင်လည်း အကြောင်းအမျိုးမျိုးကြောင့် စကု၌ ဆန်စက်မတည်ဖြစ်တော့ပါ။

ကျွန်ုပ်လည်း တပည့်လေး  မောင်ဝိုင်းမောင်နှင့်အတူ ကျွန်ုပ်၏ ကျူရီယိုဆိုင်လုပ်ငန်းမှာပင် နှစ်မြုပ်နေခဲ့၏။ ကျူရီယိုဆိုင်အတွက် အဖိုးတန်သော ရှေးဟောင်းပစ္စည်းများ ရှာဖွေခြင်းဖြင့် ကျွန်ုပ်မှာအားလပ်သည်ဟူ၍ မရှိခဲ့ချေ။

ကျွန်ုပ်သည် ရတနာဂီရိရောက် ပန်းတဉ်းဝန်က အပျိုတော်ဝဿန်အပါအဝင် အပျိုတော်လေး (၄)ဦးကို အမျက်ပြေလက်ဆောင်အဖြစ် ခပ်လုပ်ပေးသော မိုးကြိုးအိုးကလေးတစ်လုံး မြန်မာပြည်၌ရှိနေသည်ဟု သတင်းရမိသည်နှင့် တစ်ပြိုင်နက် ထိုအိုးကလေးရရှိရာ ရရှိကြောင်းအတွက် ဒုက္ခအမျိုးမျိုးခံ၍ လိုက်ခဲ့ရာ နောက်ဆုံး၌ ကျွန်ုပ်လက်ဝယ်သို့ ထိုအိုးကလေးတစ်လုံး ရောက်ရှိလာခဲ့တော့၏။

ယင်းအိုးကလေးနှင့် ပတ်သက်၍ ကျွန်ုပ်ဆိုင်သို့ မကြာခဏလာရောက်လည်ပတ်လေ့ရှိသော သတင်းစာဆရာ ဦးသိမ်းမောင်ကို ကျွန်ုပ်က အကြောင်းစုံပြောပြရာ ဆရာဦးသိမ်းမောင်က ဆောင်းပါးရေးမည် တကဲကဲ ရှိတော့၏။

တစ်နေ့သ၌ ကျွန်ုပ်က ဦးသိမ်းမောင်ကို

“ဆရာရယ် ကင်းဘရိတ်တက္ကသိုလ်ပါမောက္ခက ဒီအိုးကလေးကို သုံးထောင်တောင် ပေးဝယ်တယ်။ ကျွန်တော်က ဈေးပိုရဦးမလား အထင်နဲ့ ဆွဲထားလိုက်တယ်၊ ခုထိ သူပေးတဲ့ဈေးကိုမီတဲ့ ဝယ်သူတစ်ယောက်မှမပေါ်သေးဘဲ ကျွန်တော့်ဆီမှာ အိုးကလေး သောင်တင်နေတာ”

“ပါမောက္ခကြီးက ဈေးပေးလှချည်လားဗျ၊ ခင်ဗျား ပစ္စည်းမှာ ပေးလောက်တဲ့အချက်တော့ ရှိမယ်ဗျ။ ပြစမ်းပါဦး။ သေသေချာချာ ကျုပ်တို့ ထပ်ပြီး ကြည့်ကြရအောင်”

ကျွန်ုပ်နှင့် ဆရာဦးသိမ်းမောင်သည် အိုးကလေးကို ထုတ်၍ကြည့်ကြပြန်၏။ ထိုသို့ ထုတ်ကြည့်ကြသည့် အကြိမ်ပေါင်းလည်း မနည်းတော့ချေ။ ဦးသိမ်းမောင်သည် ရိုးရိုးမျက်စိဖြင့် ကြည့်ရသည်ကို မကျေနပ်သဖြင့်

“ကိုအောင်ထွန်း မှန်ဘီလူး မရှိဘူးလားဗျာ”

ဟု ဆိုသဖြင့် ကျွန်ုပ်သည် အတော်အတန်အားကောင်းသော မှန်ဘီလူးတစ်ခုထုတ်ပေးရာ ဆရာဦးသိမ်းမောင်သည် စိန်ကို အကဲခတ်သော စိန်ပွဲစားကဲ့သို့ မိုးကြိုးအိုးလေးကို လှည့်ပတ်၍ တစိမ့်စိမ့် ကြည့်ရှုနေတော့၏။

“ဟော တွေ့ပြီ တွေ့ပြီ”

“ဘာတွေ့တာလဲ ဆရာ”

“ဒီမှာ ကြည့်စမ်း ၊ ပန်းပြောက်ကလေးတွေ အောက်မှာပါတာ မြင်တယ် မဟုတ်လား”

ကျွန်ုပ်လည်း ဆရာဦးသိမ်းမောင်ပြ၍ ကြည့်တော့ကြည့်မိပါ၏ သို့သော် ပန်းခက်တွန့်တွန့် ကလေးများမှလွဲ၍ အခြား ဘာကိုမှ မမြင်ဘဲရှိတော့၏၊

“ပန်းခက်ကလေးတွေလား ဆရာ”

“ဟုတ်ဘူးဗျ၊ ပန်းအောက်က အတွန့်ကလေးတွေဟာ ကဗျာစာမှ သရေခေတ္တရာ ခေတ်ထက်တောင် စောဦးမယ်”

“ဒါဖြင့်လည်း ဖတ်ပြစမ်းပါ ဆရာရယ်”

“ကျုပ်လည်း ဒီလိုတော့ ဘယ်ဖတ်တတ်မလဲဗျ၊ ကဗျာစာမှန်း သိတာတောင် ကျုပ်မြင်ဖူး ဖော်ဖူးတဲ့ ရကောက်ရယ်၊ ယပက်လက်ရယ်၊ အ, ရယ်ကို တွေ့လိုဗျ၊ ဒါပေမဲ့ ကျုပ်မှာ အဲဒီခေတ်လောက်က စာတွေသိမ်းထား ကူးထားတာ ရှိတယ်ဗျ၊တိုက်ပြီး ဖတ်ကြည့်မယ်လေ၊ ကျုပ်တို့ မသိတာပါရင်လည်း ဆရာဦးဘရင်ကြီးဆီကို အကူအညီ တောင်းရမှာပေါ့”

“ကောင်းတယ်ဆရာ၊ မြန်မြန်လုပ်ပါ ဆရာ”

ဤသို့နှင့် အိုးပေါ်ကစာများကို ဆရာဦးသိမ်းမောင်သည် နေ့လယ်ပိုင်း၌ မှင်တစ်အိုးဖြင့်ကပ်လှိမ့်သုတ်လိမ်း၍ ကူးယူသွားခဲ့၏၊ သို့သော် တော်တော်နှင့် ကျွန်ုပ်ထံသို့ ပေါ်မလာသေးပဲဆယ်ရက်ခန့်အကြာ၌မူ ဆရာဦးသိမ်းမောင် ရောက်လာပြီး ကျွန်ုပ်အား ပြန်ဆို၍ရသော စာပိုဒ်ကလေးကို ပေး၏။ မိုးကြိုး အိုးကလေးတွင်ပါသော စာ၏အဓိပ္ပာယ်မှာ…

“အရဟံ ဟူသော ဂုဏ်တော်ဖြင့် .. သိဒ္ဓိကို ရယူကာ မနုစာရီနှင့် တွေ့နိုင်ပါစေသော်” ဟူ၍ဖြစ်၏၊ ကျွန်ုပ်သည် ထိုစာပိုဒ်ကလေးနှင့် ပတ်သက်၍ အမျိုးမျိုး အဖုံဖုံစဉ်းစားကြည့်မိ၏။ လျှို့ဝှက်စွာရေးထားသည်ဖြစ်သဖြင့်လည်း အဓိပ္ပာယ်ကို သိလိုလှ၏၊ ထိုနေ့ နံနက်က ဆရာ ဦးသိမ်းမောင်းသည် ကျွန်ုပ်နှင့်အတူ နံနက်စာထမင်းစားပြီး ပြန်သွားတော့၏။

ကျွန်ုပ်ကား အိုးပေါ်က စာကိုစဉ်းစားမြဲ စဉ်းစားနေ၏။ ညနေဆိုင်ပိတ်ချိန်၌လည်း အခြားတစ်ပါးသို့ မသွားဘဲ စဉ်းစားပဲ စဉ်းစားနေမိတော့၏။ ကျွန်ုပ် စဉ်းစားပုံကား ဤသို့ ဖြစ်၏။ အရဟံ ဟူသော ဂုဏ်တော်က အကြောင်း၊ မနုစာရီနှင့် တွေ့နိုင်ခြင်းက အကျိုး ထိုသို့ဖြစ်၏။ သို့သော် မကျေနပ်သေးချေ။ ကျွန်ုပ်သည် (Cause and Effect) ဟု ခေါ်သော အကြောင်းနှင့် အကျိုးပေါ်တွင် အခြေခံ၍စဉ်းစားပါသည်။

သို့ရာ၌ အကြောင်းအကျိုးတရားနှင့်ပတ်သက်၍ ကျွန်ုပ်သည် ကောလိပ်ကျောင်းရောက်မှ သင်မှတ်ဖူးခဲ့ခြင်းမဟုတ်မူဘဲ ငယ်စဉ် ဘုန်းကြီးကျောင်း၌နေစဉ်ကပင် မြတ်စွာတရား၏ ပဋ္ဌာန်းဒေသနာတော်ကြီးအား အထိုက်အလျောက် ကြားနာဖူးသည် ဖြစ်ရာ အင်္ဂလိပ်ဘာသာအားဖြင့် (Cause) ဟူ၍ဖြစ်ပြီး၊ မြန်မာအားဖြင့် “အကြောင်းတရား”ဟုခေါ်သော စကားကိုပါဠိဘာသာဖြင့် “ပစ္စည်း” ဟူ၍ သိပြီးဖြစ်၏။ (Effect) ဟု ခေါ်သော အကျိုးတရားကိုလည်း ပစ္စယုပ္ပာန်” ဟူ၍ သိပြီးဖြစ်၏။

ထို့ကြောင့် ပစ္စယဓမ္မ၊ ပစ္စယုပ္ပန္နဓမ္မ ဆိုသော အကြောင်း၊ အကျိုး ဖြစ်ပျက်သည်ရှိတတ်ပုံကို စဉ်းစားရာ၌ ကျွန်ုပ်သည် များစွာ မစိမ်းခဲ့ချေ။ ထို့ထက်ပို၍ အကြောင်းတရား၌ ခိုကပ်နေသည့် “ကြောင်းရှိစွမ်းရည်” (Ablity of Cause) ကိုလည်း အတော်အတန် သဘောပေါက်သဖြင့် ထိုသိပြီးတရားများ၌ မိုးကြိုးအိုး ကလေးတွင်ပါရှိသော စာကို ဘောင်ခတ်၍ စဉ်းစား၏။

အရဟံ ဟူသောဂုဏ်တော်ကား အကြောင်း

မနုစာရီနှင့် တွေ့နိုင်ခြင်းကား အကျိုးမဖြစ်နိုင်သေး။ ကြားတွင် အနီးဆုံးအကျိုးဖြစ်မှုကား “သိဒ္ဓိ”ဟူသောအရာကို ရယူနိုင်ခြင်းဖြစ်ပေမည်ဟု သဘောပေါက်မိရာမှအစ “အရဟံဂုဏ်တော်” နှင့် “သိဒ္ဓိ”ကို ရယူခြင်း နှစ်ခုကိုပင် အထပ်ထပ်၊ အပြန်ပြန် နှုတ်မှရွတ်ဆိုနေ၏။ ကြာတော့ အရဟံဂုဏ်တော်၌ ဂုဏ်တော်ဟူသော စကားမပါနိုင်တော့ဘဲ “အရဟံ” တစ်လုံးသာ ရွတ်ဆိုမိ၏။

သိဒ္ဓိကိုရယူခြင်း၌လည်း “သိဒ္ဓိ”ကလွဲ၍ အခြား စကားလုံးများ မရွတ်ဆိုတော့ပေ။ ကျွန်ုပ်အဖြေမရသဖြင့် “အရဟံသိဒ္ဓိ” ဟူသော စကားကို မည်သည့်အခြားတစ်ပါးသောအာရုံမှ မဖြစ်စေဘဲ ရွတ်ဆိုနေ မိတော့၏။

“အရဟံ သိဒ္ဓိ၊ အရဟံ သိဒ္ဓိ၊ အရဟံ သိဒ္ဓိ” ထူးဆန်းလှပေသည်။ ကျွန်ုပ်သည် ရွက်ဆိုနေရင်း တခဏတည်ငြိမ်သောစိတ်သည် ကောင်းစွာဖြစ်ပေါ်လျက် ကျွန်ုပ်သည်လည်း ပတ်ဝန်းကျင်ကိုမေ့လျော့၍ ဟင်းလင်းပြင်ထဲရောက်သကဲ့သို့ ခံစားနေမိ၏။

ကျွန်ုပ်ကိုယ်တိုင် လုံးဝနားမလည်သော ဘာသာတစ်မျိုးဖြင့် ရေးသားထားသော အရဟံစသော စာသားကိုဆက်စပ်၍  အကဲခတ်သည်မှာ မိုးကြိုးအိုးကလေးပေါ်၌ တွေ့ရသောစာမှာ ပထမခေတ် မြန်မာစာဟုဆိုသည့် တွန့်တွန့်တက်တက် စာမျိုးဖြစ်၏။ အချို့ ပုံဂံများမှာလည်း ဂျီဩမက်ထရီပုံများကဲ့သို့ စက်ဝိုင်းများ လေးထောင့်များ တြိဂံများလည်း ပါ၏။

အီဂျစ်အရုပ်ကဲ့သို့ စာမျိုးလည်း ပါ၏။ မာဂဓသုဒ္ဓ သို့မဟုတ် ဓာတ်စကြာဟု အချို့သော အထက်ဂိုဏ်းများက ရေးသားကြသည့် စာမျိုးလည်းပါ၏။ ကျွန်ုပ်သည် မစဉ်းစားတတ်အောင် ရှိသည့်အဆုံး၌ ၎င်းစာထုပ်ကိုပိုက်၍ သတင်းစာ ဆရာကြီး ဦးသိမ်းမောင်ထံသို့ ပြေးခဲ့ရ၏။ ခက်သည်မှာ ဆရာ ဦးသိမ်းမောင်လည်း ထိုစာများကို ဖတ်နိုင်စွမ်း မရှိပါ။ သို့သော် သူသည် အတတ်နိုင်ဆုံး ဇွဲလုံ့လကြီးစွာဖြင့် ကြိုးစားကြည့်သေး၏။ ထိုစာနှင့် ပတ်သက်၍ ယဉ်ကျေးမှုဌာန၊ကျောက်စာဌာန တက္ကသိုလ်က ဘာသာဗေဒဆိုင်ရာ ပါမောက္ခကြီးများပါမကျန် ဆရာ ဦးသိမ်းမောင် ရောက်ရှိခဲ့၏။ သို့သော် အကြောင်းမထူးခဲ့ချေ။

“ကိုအောင်ထွန်းရေ၊ ကျုပ်တော့ လက်လျှော့ပြီဗျာ၊ ခင်ဗျား စာတွေက သဲလွန်စကို ပျောက်လောက်အောင် ရှေးကျလွန်းတယ်ဗျ။ ကျုပ်အထင်တော့ ထူးဆန်းတဲ့ ပရလောကနဲ့ ဆက်နွယ်စပ်ယှက်နေလေတော့ အဲဒီလိုဘက်က လိုက်စားတဲ့ ပုဂ္ဂိုလ်တစ်ယောက်ယောက်နဲ့ တွေ့ပြီး ကြိုးစားကြည့်စေချင် တယ်”

ဆရာသည် အထက်ပါအတိုင်း ပြောဆို၍ ကျွန်ုပ်၏ စာထုပ်ကြီးနှင့် ကျွန်ုပ်ကို ခွဲခွာသွားတော့၏။

ကျွန်ုပ်သည် ထိုစာထုပ်ကြီး တပိုက်ပိုက်နှင့် ဖတ်ပြနိုင်မည့်ပညာရှင်ကို မနေမနား ရှာဖွေလျက် ရှိတော့၏။ ကျွန်ုပ်သည် ထိုအချိန်၌ ထိုစာအုပ်ကြီးကို ဖတ်ပြနိုင်မည့်သူ တစ်စုံတစ်ယောက်ကများ ကျွန်ုပ်ကို ဖတ်ပြခအဖြစ် အဖိုးအခ တစ်စုံတစ်ရာ တောင်းခံခဲ့ပါမူ ကျွန်ုပ်သည် ကျွန်ုပ်၏ အသက်ကလွဲလျှင် မည်သည့် အဖိုးအခမျိုး ဖြစ်ပါစေ ပေးနိုင်လိမ့်မည် ဖြစ်၏။

သို့ရာတွင် ဖတ်ပြနိုင်သည့်သူကိုကား ရှာ၍ မတွေ့ခဲ့ပါ။ ထိုစာထုပ်ကြီးကို ဆယ်လတိုင်တိုင် လွယ်ပိုက်ထားခဲ့ရာမှ တစ်နေ့သ၌ ကျွန်ုပ်အဖို့ကံဆိုးသည်လား ကံကောင်းသည်လား ခွဲခြားရန်ခက်သော အဖြစ်အပျက်တစ်ခုနှင့် ကြုံတွေ့ရတော့၏။

ကျွန်ုပ်သည် စာထုပ်ကြီးအား ကျွန်ုပ်ရှေ့ရှိ စားပွဲပေါ်တွင်တင်၍ ကျူရီယိုဆိုင်အတွင်း၌ စိတ်ပျက်စွာထိုင်နေ၏။ ထိုအချိန်၌ ဆိုင်အတွင်းသို့ တရုတ်ဘိန်းစားတစ်ဦးဝင်လာပြီးနောက် ဆိုင်အတွင်းတွင်ပြသထားသော ပစ္စည်းများကို လျှောက်၍ကြည့်၏။

ကျွန်ုပ်နှင့် မိုးကြိုးအိုးကလေး( ၁ ) မနုစာရီ

ထိုတရုတ်ဘိန်းစားသည် ကြွေပန်းအိုးကြီးအနီး၌ရပ်ကာ သေသေချာချာကြည့်ပြီးနောက်….

“ဆရာကီး ဒီဥစ္စာ  ဘီလောက်လဲ”

“တစ်ထောင်”

တစ်ဖန် ထိုတရုတ်ဘိန်းစားသည် ကြေးပွတ်လုံးထိုးထားသည့် ပန်းဆွဲများကို ကြည့်ပြန်ကာ… .

“ဆရာကီး… ဒါပြီလောက်လဲ”

“နှစ်ထောင်”

တရုတ်ဘိန်းစားသည် ကျွန်ုပ်အနီးက ကျောက်ဖြစ်နေသော အင်ကြင်းကိုင်းကြီးအား ကိုင်ကြည့်ကာ

“ဆရာကီး.. ဒါကော ပြီလောက်လဲ”

“ကိုးရာ”

မကျေနပ်သေးပေ။ ကိုရွှေဘိန်းစားသည် ထိုအင်ကြင်းကိုင်းနှင့်ကပ်လျက် ကျွန်ုပ်၏ စားပွဲအနီးတွင် ချထားသော မိကျောင်းရေဖြင့် ချုပ်ထားသည့် ပုံတစ်ပုံကို ကြည့်ပြန်၏။

“ဒီဟာကော ပြီလောက်လဲ ဆရာကီး”

ကျွန်ုပ်သည် များစွာစိတ်တိုလျက်ရှိပေပြီ။ အမှန်တကယ် ဝယ်မည်မဟုတ်ဘဲ အားအားရှိတိုင်း လျှောက်မေးနေသူကိုကျွန်ုပ်သာလျှင် မဟုတ်၊ မည်သည့်ဈေးသည်မျှ စိတ်ရှည်လိမ့်မည် မဟုတ်ပေ။

“ဟေ့… တရုတ်၊ မင်း ဝယ်နိုင်တာလည်း မဟုတ်ဘဲ အလကား ရှောက်မေးမနေနဲ့ကွာ”

“ကနီနဲ မဝယ်နိုင်ဘူး ဟုတ်လား၊ ဒီမှာကြည့်စမ်း”

တရုတ်ဘိန်းစားသည် မီးစနှင့် အတို့ခံရသူကဲ့သို့ မခံမရပ် နိုင်ဖြစ်သွားပြီးလျှင် လွယ်ထားသော လွယ်အိတ်စုတ်ကြီးကို ဖွင့်ပြလိုက်ရာ လွယ်အိတ်အတွင်း၌ ရာတန်ငွေစက္ကူအထုပ်များ အပြည့်ပါရှိနေသည်ကို အံ့သြဖွယ်ရာ တွေ့ရတော့၏။

တရုတ်သည် မကျေနပ်သေးဘဲ အဖာတစ်ရာ ထပ်နေသော သူ၏ အင်္ကျီကြယ်သီးကို ဖြုတ်၍ ရင်ဘတ်ကို ဖြဲကာ…

“ဒီမှာလည်းကြည့်”

ပြလိုက်သဖြင့် ကြည့်လိုက်ရာ သူ့လည်ပင်း၌ အလွန်တုတ်ခိုင်သော ရွှေဆွဲကြိုး အကုံးနှစ်ဆယ်ထက်မနည်း ဆွဲထားသည်ကိုတွေ့ရ၏၊ ဆွဲကြိုးချည်းသက်သက် မဟုတ်ဘဲ ဆွဲပြားများပါ ပါရှိ၏။ ဆွဲပြားများမှာလည်း အရည်အသွေးကောင်းသော ကျောက်စိမ်းများ၊ ကြောင်များ၊ ပတ္တမြားများအပြင် ရှေးဟောင်းပစ္စည်းဟု ယူဆရသော တရုတ်နဂါးတံဆိပ်ပါသည့် ရွှေဒင်္ဂါများ ဖြစ်၏။

ကျွန်ုပ်သည် ထိုဆွဲပြားများကို စိတ်ဝင်စားခြင်း၊ အံ့အားသင့်ခြင်းစသော စေတသိက်များနှင့် ကြည့်နေစဉ်…

“အဝတ်စုတ်ကို အထင်မသေးရဘူးကွ နားလည်လား”

ဟုဆိုကာ ကျွန်ုပ်၏ မျက်နှာသို့ လက်သီးဖြင့် ထိုးလိုက်တော့၏။ ကျွန်ုပ်သည် သတ်ပုတ်ခြင်းအလုပ်၌ လေ့ကျင့်ထားသူ ဖြစ်သော်လည်း ကျွန်ုပ် မမျှော်လင့်သောအချိန်၊ မမျှော်လင့်သောသူ၏ ရန်ပြုမှုကို ခံလိုက်ရသဖြင့် ကာကွယ်နိုင်ခြင်း ရှိဘဲ နောက်သို့ လန်ကျသွား ရတော့၏။

တရုတ်ဘိန်းစားသည် သူ၌ ရွှေငွေများပါရှိသည်ကိုသာမက ပေါင်တစ်ရာ့ခြောက်ဆယ်ခန့်ရှိသော ကျွန်ုပ်ကို ပုလွေရိုးလောက်သာရှိသော သူ၏လက်တံဖြင့် “နောက်ကောက်”ထိုးချနိုင်ကြောင်းကိုပါ ပြသွားခြင်း ဖြစ်၏။ ကျွန်ုပ်သည် အတော်ကြာကြာ သတိမေ့လျက်ရှိ၏။ သတိရခါနီး၌ ခေါင်းထဲတွင် နောက်ကျိကျိရီဝေဝေ ဖြစ်နေစဉ် အလွန်ပင် နားထောင်ဖွယ်ရာ ကောင်းသော မိန်းမပျိုလေးတစ်ဦး၏ ကရုဏာသက်သော အသံဖြင့်

“ဗဟန်းက တရုတ်ဘုန်းကြီးကျောင်းကို သွားပါ။ လင့်ခ်လမ်းဘက်ကနေ တက်သွားပါ ကုန်းအတက်နားမှာ ရေတွင်းလေး တွေ့လိမ့်မယ်၊ အဲဒီရေတွင်းမှာ မျက်နှာသစ်ပါ။ “ဝဲလူဝင်း” ဆိုတဲ့ တရုတ်ဘုန်းကြီးနဲ့ မုချတွေ့ပါလိမ့်မယ်၊ စာထုပ်ကြီးကို သူ့ကို ဆက်ကပ်လိုက်ပါ”

(မှတ်ချက်- ယခင်ကလင့်ခ်လမ်းကို ယခုအခါတွင် ဓမ္မစေတီ လမ်းဟု သည်။)

ကျွန်ုပ်သည် အသံအဆုံး၌ပင် မျက်လုံးကို ကြိုးစား၍ ဖွင့်ကြည့်၏။ အသံရှင်ကို ထားဘိဦး၊ အခြား တစ်စုံတစ်ယောက်ကိုပင် မမြင်ရပါ။ ထို့ကြောင့် ကျွန်ုပ်၏စိတ်၌ “ငါနားထဲမှာ ကြားလိုက် တာဟာ ဟုတ်မှဟုတ်ပါလေစ”ဟုပင် သံသယဝင်မိသေး၏။ တရုတ်ဘိန်းစားလည်း ဆိုင်တွင်း၌ မရှိတော့ချေ။

သို့သော် ကျွန်ုပ်သည် ကျွန်ုပ်၏ တပည့်လေး မောင်ဝိုင်းမောင်အား စောင့်ဆိုင်းခြင်းမပြုတော့ဘဲ ဆိုင်ကိုသော့ခတ်ကာ ဗဟန်းလင့်ခ်လမ်းဘက်ကို ထွက်လာခဲ့တော့၏။

ရွှေတိဂုံဘုရားဘက်ကို လူသွားမြေနီလမ်းကလေး တစ်ခုသည် လင့်ခ်လမ်း(ယခု အာဇာနည်ကုန်း)ထိပ်ရှိ ကုန်းပေါ်တွင် တွေ့မြင်ရ၏။ သို့သော် လူအသွားအလာ အလွန်ရှုပ်သောလမ်းဖြစ်သဖြင့် စိတ်ထဲ၌ ထင့်ခနဲ ဖြစ်မိသေး၏။ မည်သို့ပင်ဖြစ်စေ နောက်ဆုတ်ခြင်း မပြုဘဲ ထိုမြေနီလမ်းကလေးအတိုင်း လျှောက်သွားရာ ကုန်းအတက်နား၌ သောက်ရေအိုးစင် ကလေးတစ်ခုကို တွေ့ရ၏။ ထိုရေအိုးစင် ကလေးအနီးတွင် ရေတွင်းကလေးတစ်ခုကိုပါ တွေ့ရ၏။

ထိုရေတွင်းကလေးမှာ အနက်တစ်ထောင်ခန့်သာရှိပြီး အဝမှာ စကာသာသာခန့်သာ ရှိ၏။ ရေတွင်းဘောင်မှာ မီးခတ် ကျောက်များဖြင့်စီ၍ အင်္ဂတေကိုင်ထား၏။ ရေတွင်းကို ငုံ့ကြည့်ရာ ကျွန်ုပ်အိတ်တွင်းမှ ငါးပူးစေ့တစ်စေ့သည် ရေတွင်းထဲသို့ ကျသွား၏။ ထိုငါးမူးစေ့အား ကြည့်လိုက်မိရာ ပန်းဘက်လှန်လျက်သား ကျနေသည်ကို အတိုင်းသား မြင်နေရခြင်းကို ထောက်၍ ရေတွင်းထဲမှရေသည် ကြည်ပုံသန့်ပုံကို နားလည်သဘောပေါက်မိတော့၏။

ကျွန်ုပ်သည် ထိုငါးမူးစေ့အား ပြန်၍ ကောက်ယူခြင်းမပြုဘဲ ထားလိုက်၏။ တစ်စုံတစ်ယောက်သည် ရေတွင်းသို့ လာရောက်ပါက ကောက်ယူလိုက ကောက်ယူသွားနိုင်ရန် ပံ့သကူအလှူအဖြစ် ထားလိုက်ခြင်း ဖြစ်၏။

ရေတွင်းအနီး၌ ခေတ္တငြိမ်နေပြီးနောက် ကျွန်ုပ်သည် သတိရသည်မှာ ကျွန်ုပ်ကြားခဲ့ရသောအသံ၌ ရေတွင်းကိုတွေ့လျှင် မျက်နှာသစ်ရန် မှာကြားလိုက်ခြင်းဖြစ်ရာ မျက်နှာသစ်ဦးမှတော်ပေမည်ဟု သဘောပိုက်ကာ ရေတွင်းဆီသို့ တစ်ဖန်ပြန်၍ ထလာမိပြန်၏။

ရေတွင်းသို့ ရောက်ပြန်လျှင်လည်း ခပ်ရန် ခွက်မရှိသဖြင့် သောက်ရေအိုးစင်မှခွက်ကို သွားရောက်ယူရပြန်၏။

ရေတွင်းမှ ရေအနည်းငယ်ကိုခပ်၍ မျက်နှာသစ်ခြင်း၊ အာလုပ်ကျင်းခြင်းများပြုရာ၌ တစ်ခုထူးဆန်းသည်မှာ ထိုရေသည် ပထမအကြိမ်ခပ်၍ အာလုပ်ကျင်းစဉ်၌ ရိုးရိုးရေချို ဖြစ်သော်လည်း နောက်တစ်ခါခပ်၍ ငုံမိသည်၌ ကျောက်ချဉ်ကဲ့သို့ ချဉ်လှတော့၏။

<><><><><><><>————-<><><><><><>

အပိုင်း ၉-ဆက်ရန်>>>>>>

Loading

Leave a Reply

Your email address will not be published. Required fields are marked *