
မနုစာရီ – အပိုင်း (၁၆)
* * * မနုစာရီ * * *( ၁၆ )
‘ကျွန်ုပ်’နှင့် ‘မနုစာရီ’
ကျွန်ုပ်သည် ဆရာဦးသိမ်းမောင် မဖြေရှင်းပေးနိုင်သော စာထုပ်ကြီးကို အလွန်ထူးဆန်းသော ဝဲလူဝင်းဆိုသည့် တရုတ်ဘုန်းတော်ကြီး၏ အကူအညီဖြင့် မြန်မာဘာသာသို့ ပြန်ဆိုနိုင်ခဲ့ပြီးသော်လည်း ကျွန်ုပ်၏ ဦးနှောက်တွင်း၌ အဖြေမရသော ပြဿနာတစ်ခု ကျန်နေ၏။
ထိုပြဿနာကား မနုစာရီနှင့် ပတ်သတ်၍ သိလိုလှခြင်းဟူသော ထူးဆန်းသည့် ဝေဒနာဖြစ်၏။ တစ်နေ့ထက် တစ်နေ့ ထိုဝေဒနာသည် အဆောက်အအုံကြီးထက် ကြီးလာတော့၏။
အပရန္တတိုင်းပြည် ပျက်သွားပြီးနောက် မနုစာရီသည် မန်းချောင်းအနီး တောအုပ်ကြီးအတွင်း၌ မောင်တော်အတိတျာကိုဆက်လက်စောင့်နေခဲ့ရာ နောက်ထပ် မည်သည့်အဖြစ်အပျက်များ ဖြစ်သေးသည်နည်း။
ပြတ်သွားသော သူ၏ လက်တစ်ဖက်ကကောယခုတိုင်ရှိသေးသလော၊ ရှိသည်ဆိုလျှင် လက်ဖတင်နင် နန်းဝေပြောသကဲ့သို့ ကျောက်ဆည်မြို့ ဝေဘူတောင်ရှိ ကျောက်သတ္တာကြီးအတွင်းမှာပဲလား။
လက်ဖတင်နင် နန်းဝေကရော မနုစာရီ၏ ဘဝဟောင်းက ချစ်သူ အတိတျာပင်ဟုတ်သလော။ ထိုသို့ဆိုလျှင် တက္ကသိုလ်ကျောင်းသား၊ မောင်ကျော်ခိုင်က မည်သူနည်း။ သူကလည်း မနုစာရီ၏ ချစ်သူပါဟူ၍ ဆိုနေ၏၊
မနုစာရီသည် ရန်ကုန်တက္ကသိုလ်မှာ ရုက္ခဗေဒ အဓိကဘာသာတွဲဖြင့် ကျောင်းလာ၍ တက်သွားသည်ဆိုသည်မှာကော ဖြစ်နိုင်ပါမည်လား၊ ဖြစ်နိုင်သည်ဆိုလျှင် လက်ဖတင်နင် နန်းဝေ တွေ့ခဲ့သည့် မဂိုမလေးဘီဘီနာက မည်သူနည်း။
စသည် စသည့် အပေါက်ရှာရန်ခက်ခဲလှသော ရှုပ်ထွေးပွေလီသည့် မေးခွန်းများသည် ကျွန်ုပ်ဦးခေါင်းသို့ ခြောက်ပေါင်တူနှင့် အဆက်မပြတ်ထုနေသကဲ့သို့ရှိတော့၏။
လူဟူသောသတ္တဝါသည် သိချင်သော သိလိုသောအရာအတွက် ဒုက္ခအခံနိုင်ဆုံးသတ္တဝါဖြစ်၏။ အဘယ်ကြောင့်ဆိုလျှင် အခြားသော သတ္တဝါများထက် ဦးနှောက်အတော်အတန် မြင့်မားသောသတ္တဝါဖြစ်သည့်အလျောက် ထိုဦးနှောက်အတွက် ဒုက္ခခံစားရာ၌လည်း အခြားသတ္တဝါများထက်ပို၍ ခံစားရတတ်စမြဲဖြစ်၏။
ဤကား သဘာဝမိခင်ကြီး၏ တရားမျှစွာပေးထားသော ဒုက္ခအရသာဖြစ်၏၊ ငြင်းဆန်၍ ရနိုင်ကောင်းသည် မဟုတ်သောကြောင့် ကျွန်ုပ်လည်း မနုစာရီနောက် ဆက်တွဲအဖြစ်အပျက်ကို သိလိုလှ၏၊
ကျွန်ုပ်သည် သဲလွန်စ ရလိုရငြားဟူ၍ သဘောထားကာ မောင်ကျော်ခိုင်နှင့်တွေ့ကြုံခဲ့ရသော စကုမြို့သို့လည်း သွားရောက်ခဲ့သေး၏။ စကုမြို့၏ ပတ်ဝန်းကျင်ကျေးရွာများသို့လည်း လှည့်လည်၍ မနုစာရီ၏ ဇာတ်လမ်းကို သိမသိ စုံစမ်းကြည့်မိသေး၏။
ထိုမှတစ်ဖန် လက်ဖတင်နင် နန်းဝေပြောပြသော ကျောက်ဆည်မြို့မှ ကျောက်သေတ္တာကြီးဆီသို့လည်း သွားရောက်လေ့လာခဲ့၏။
ကျောက်ဆည်မြို့တွင် လက်ဖတင်နင် နန်းဝေ စိတ်ရူးပေါက်၍ လက်ဖြတ်ပစ်လိုက်သော ကုလားမအိပ်သို့လည်း သွားရောက်ခဲ့သေး၏။
ထိုသို့ ငွေကုန်လူပန်းခံ၍ သွားခဲ့ရသော်လည်း မနုစာရီနှင့် ပတ်သက်သောသဲလွန်စ တစ်စုံတစ်ရာကို ကျွန်ုပ်မရရှိခဲ့ပါ။
နောက်ဆုံး၌ မိတ်ဆွေတစ်ဦး၏ အကြံပေးချက်အရ စစ်ကိုင်းမြို့ရှိ စာရေးဆရာကြီး စစ်ကိုင်း ဦးဘိုးသင်းထံသို့ပင် သွားရောက်ခဲ့ရလေသည်။
သွားရသည့်အကြောင်းမှာ ၎င်းစာရေးဆရာကြီးသည် မနုစာရီ အမည်ဖြင့် စာအုပ်တစ်အုပ် ရေးသားဖူးသောကြောင့် ဖြစ်၏။ ကျွန်ုပ်သည် စစ်ကိုင်း ဦးဘိုသင်းအား ကျွန်ုပ်၏ အဖြစ်အပျက်များကိုပြောပြ၍ ကျွန်ုပ်သိလိုသော မနုစာရီအကြောင်းကို မေးမြန်းကြည့်ရာ အစတွင် ယင်းစာရေးဆရာကြီးသည် ကျွန်ုပ်အား အလွန်ထူးဆန်းသော သတ္တဝါအလား အံ့သြစွာကြည့်ပြီးလျှင် ၎င်း၏ မှတ်စုစာရွက်စာတမ်းများအား ထုတ်၍ပြလေ၏။
“ကျုပ်တော့ ခင်ဗျားပြောတဲ့ မနုစာရီအကြောင်းကို သိလည်းမသိဘူး။ ပြီးတော့ ဟိုကလည်း တော်တော်ခက်တယ်။ ဒါပေမဲ့လို့ ခင်ဗျားကိုယ်တိုင်က တတ်အပ်သေချာပြောနေလေတော့ ဒီအဖြစ်အပျက်ဟာ တကယ်ပဲလို့ ယူဆရမှာပါပဲ။ ခက်တာက ကျုပ်ရေးတဲ့ မနုစာရီက ပေမူဟောင်းတစ်ခုထဲက ပုံပြင်တစ်ခုကို မှီငြမ်းပြုပြီးရေးတာဖြစ်လေတော့ ကျုပ်ကိုယ်တိုင် ဘာမှမသိဘူး၊ ခင်ဗျားစိတ်ဝင်စားရင်တော့ အဲဒီရှုပ်ပွေနေတဲ့ကျုပ်ရဲ့ မှတ်စုတွေကို ဖတ်ချင်ဖတ်ပါ၊ ကျုပ်ခွင့်ပေးပါတယ်”
ထိုစာရေးဆရာကြီးကလည်း ပညာရှိပီပီ ကျွန်ုပ်၏ပြဿနာအား ကျွန်ုပ်ကိုယ်တိုင်ရှင်းလင်းရန်အတွက် ကျွန်ုပ်က သူ့အား သွား၍ပေးသော ရာဇဝင်အရှုပ်တော်ပုံအား ကျွန်ုပ်၏ပခုံးသို့ ညင်ညင် သာသာလေးပြန်၍တင်ပေးလိုက်လေ၏။
ကျွန်ုပ်လည်း ၎င်းစာရေးဆရာကြီး၏ မှတ်စုများ၊ ပေမူများ၊ ရေးလက်စ စာမူများကို ၇-ရက်တိုင်တိုင် ဖတ်ရှုရှာဖွေခဲ့သော်လည်း ကျွန်ုပ်လိုချင်နေသော မနုစာရီ၏ သဲလွန်စကို မရရှိခဲ့ပါချေ။
ထို့ကြောင့် စစ်ကိုင်းမှ ပြန်ခဲ့ပြီးလျှင် မနုစာရီ၏ အတ္ထုပ္ပတ္တိ၌ပါရှိသော တစ်ခါက အပရန္တတိုင်း သက်သာနေပြည်တော်ကြီးတည်ရှိခဲ့သောနေရာဟုယူဆသည့် ပန်းတောင်းကားလမ်းတစ်လျှောက် ကျေးရွာများအား သွားရောက်၍ စုံစမ်းရပြန်၏။
(မှတ်ချက်။ ရာဇဝင် စာအုပ်များတွင် ပန်းတောင်းအား၊ ပန်းတောင်သက်သာဟု ရေးသားဖော်ပြလေ့ ရှိပါသည်။)
၎င်းကျေးရွာမှ လူများကလည်း မနုစာရီကို မဆိုထားဘိ။ ယခင်က သူတို့ ယခုနေထိုင်လျက်ရှိသောနေရာတွင် အလွန်စည်ကားသော နေပြည်တော်ကြီးတစ်ခုရှိကြောင်းကိုမသိကြရုံမက အချို့ဆိုလျှင် ကျွန်ုပ်ပြောပြသည်ကိုပင် မယုံကြည်ကြပေ။
ကျွန်ုပ်သည် ပန်းတောင်းကားလမ်းတစ်လျှောက်တွင် နှံ့စပ်အောင်လေ့လာခဲ့ရာ ကားလမ်းဘေးတစ်နေရာတွင် ကျင်းကြီး ရှိကြီးများတည်ရှိသဖြင့် ကားလမ်းဓားပြတို့ မကြာခဏဓားပြတိုက်လေ့ရှိသော နေရာတစ်ခုသို့ ရောက်ရှိသွားလေ၏။
ကျွန်ုပ်လည်း ထိုနေရာတစ်ဝိုက်အား သေချာစွာလေ့လာကြည့်ရှုရာ ၎င်းကျင်းကြီး ချိုင့်ကြီးများမှာ သဘာဝအလျောက် ပထဝီအနေအထား ပြောင်းလွဲ၍ဖြစ်ပေါ်နေသော ကျင်းကြီးချိုင့်ကြီးများ၏ သဏ္ဌာန်ထက် တစ်စုံတစ်ခုပြင်းထန်စွာ ပေါက်ကွဲခြင်းကြောင့် ဖြစ်ပေါ်နေသည့် သဏ္ဌာန်ဘက်က အလေးသာနေသဖြင့် ၎င်းနေရာအား သေချာစွာကြည့်ရှုလေတော့၏။
၎င်းကျင်းကြီးနှင့် ရှိုမြောင်ကြီးများ ဖြစ်ပေါ်နေသောနေရာ အကျယ်အဝန်းမှာလည်း မြို့ကြီးတစ်မြို့စာလာက် ကျယ်ဝန်းလှသည်ဖြစ်ရာ မနုစာရီ၏ လက်တစ်ဖက်အား ဖိုကျင်ထိုးရာမှ ပေါက်ကွဲမှုကြီးဖြစ်ပေါ်ခဲ့၍ ပျောက်ဆုံးပျက်စီးသွားရသော သက်သာမြို့ကြီးသည် ဤနေရာ၌ပင် ရှိခဲ့မည်ဟု အခိုင်အမာယုံကြည်လေတော့၏။
အချို့သော ကျောက်နံရံများမှာ လွန်စွာပူပြင်းသောအပူရှိန်တစ်ခုကြောင့် ပျော်ကျခဲ့သောပုံသဏ္ဌာန်များကို အထင်းသား တွေ့ရှိခဲ့ရ၏။
လွန်စွာနက်သော ကျင်းတစ်ခုအတွင်း၌မူ လေးထောင့်သဏ္ဌာန် အလွန်ညီညာလှသော ကျောက်ခဲတစ်လုံးကို ရရှိခဲ့သည်ဖြစ်ရာ တစ်ခါက ဤနေရာ၌နေထိုင်ခဲ့သော သက်သာမြို့သားတို့ လက်ရာသာဖြစ်ရပေမည်။ သဘာဝဖြစ်သော ကျောက်တုံးဖြစ်ပါမူ ဤမျှတိတိကျကျ လေးထောင့်သဏ္ဌာန်မဖြစ်တန်ရာဟု ကျွန်ုပ်အနေနှင့် တွေးခေါ်မိလေတော့၏။
ကျွန်ုပ်သည် ငါးသေတ္တာ၊ ပေါင်မုန့်၊ မီးခြစ်၊ ဖယောင်းတိုင် စသော ပစ္စည်းများကို နှစ်ပတ်ခန့် အလုံအလောက် စားသုံးနိုင်ရန်ဝယ်ယူခဲ့ပြီးလျှင် မည်သူအားအဖော်မပြုဘဲလျက် ကျွန်ုပ်တစ်ကိုယ်တည်း စိတ်ရှိလက်ရှိ ထိုကျင်းကြီး ချိုင့်ကြီးအတွင်း၌ ၁၅-ရက်ခန့် သက်သာနေပြည်တော်ကြီး၏ သဲလွန်စအား မနေမနား ရှာဖွေခဲ့လေ၏။
သို့ရာတွင် မနုစာရီ၏ သဲလွန်စကို မဆိုထားဘိ၊ သက်သာနေပြည်တော်ကြီး၏ သဲလွန်စကိုပင် သဲသဲကွဲကွဲ မရရှိခဲ့ပါ။ ကျွန်ုပ် ထိုအရပ်မှပြန်မည့်နေ့တွင် ဓားပြများက ကားတစ်စီးကိုလုယက်တိုက်ခတ်လျက်ရှိသည်ကို ကျွန်ုပ်သည် ကုန်းမြင့်ကလေးပေါ်မှတွေ့မြင်နေရသဖြင့် ကျွန်ုပ်၌ သင်္ဘောသုံးမှန်ပြောင်းဖြင့် ဖုံးကွယ်၍ကြည့်ကာ ဓားပြများ၏ မျက်နှာများကို မှတ်သားခြင်း၊ ဓားပြများ၏ ပြန်သွားသော လမ်းများကို မှတ်သားခြင်းများပြုလုပ်၍ ပန်းတောင်းရဲစခန်းသို့ သွားရောက်တိုင်တန်းကာ သတင်းပေးခဲ့သဖြင့် ဓားပြများကို ထိုနေ့ညနေ၌ပင် အကုန်အစင် ဖမ်းနိုင်ခဲ့လေ၏။
နောက်နှစ်ရက်ခန့်အကြာတွင် ကားလမ်းဓားပြများအကြောင်း နှင့် ရဲအားအကူအညီပေးခဲ့သော ကျွန်ုပ်အကြောင်းကို သတင်းစာများ၌ ဖတ်ရှုရလေ၏။
သတင်းစာထဲ၌ ကျွန်ုပ်နှင့် မော်တော်ကားဓားပြများအကြောင်းပါရှိပြီး များမကြာမီရက်အတွင်း၌ပင် ကျွန်ုပ်၏ တပည့်လေးမောင်ပိုင်းမောင်နှင့် ကျွန်ုပ်၏မိတ်ဆွေ ကိုစိန်ရတို့သည် ကျွန်ုပ်ထံသို့ ရောက်ရှိလာကြကာ ရန်ကုန်သို့ ပြန်ရန်အတွက် ကျွန်ုပ်အား ခေါ်ကြလေတော့၏။
ကျွန်ုပ်လည်း ထိုနှစ်ဦး၏ မရမကခေါ်ငင်မှုကြောင့် ရန်ကုန်သို့ပြန်ခဲ့ရသော်လည်း ကျွန်ုပ်၏ ဦးနှောက်အတွင်း၌မူ မနုစာရီ၏ အဖြစ်အပျက် နောက်ဆက်တွဲကိုသာလျှင် မည်သို့မည်ပုံ ရှာကြံရမည်ကို တွေးခေါ်စဉ်းစားလျက် ရှိတော့၏။
ကျွန်ုပ် အထက်ကဆိုခဲ့သည့်အတိုင်း လူတို့သည် မိမိသိလိုသော အကြောင်းအရာအတွက် ဒုက္ခအခံနိုင်ဆုံးသော သတ္တဝါတစ်မျိုးဖြစ်သည့်အတိုင်း မရောက်ဘူးသောအရပ်ဒေသများ တောင်များ၊ တောနက်ကြီးများ ပင်လယ်ကြမ်းပြင်များသာမက အခြားဂြိုဟ်များသို့တိုင်အောင် သွားရောက်ခဲ့ကြ၏။ မရောက်သေးသော နေရာများသို့လည်း ရောက်ရှိနိုင်အောင် ကြိုးစားလျက် ရှိကြ၏။ ဤသို့ စွန့်စားသွားလာနေကြခြင်းသည် မသိသေးသောအရာများအား သိလိုသောစိတ်ဓာတ် တစ်ခုတည်းက အားဘီးမောင်းတံသဖွယ် စေ့ဆော်ခဲ့ခြင်းကြောင့်ဖြစ်၏။
အချို့သော သိလိုသူများမှာ လူအားလုံးနှင့် ဆိုင်၏။ အချို့သော သိလိုမှုမှာမူ လူတစ်ဦးတစ်ယောက်တည်းနှင့်သာ သက်ဆိုင်၏။ တစ်ဦးတစ်ယောက်တည်းနှင့်သာ သက်ဆိုင်သောသိလိုမှုအား အများကိုအကူအညီတောင်း၍ ရနိုင်မည် မဟုတ်ပေ။ သိလိုသူ၏ ဇွဲလုံ့လနှင့်သာလျှင် ကြိုးပမ်းရလေ၏။
ထို့ကြောင့် ကျွန်ုပ်လည်း မနုစာရီ၏ အဖြစ်အပျက် နောက်ဆက်တွဲကို ပြည့်ပြည့်စုံစုံသိရှိရန်အတွက် ကျွန်ုပ်ကိုယ်တိုင်သာလျှင် ကြိုးပမ်းရမည်ဟု သဘောရသည့်အလျောက် ကျွန်ုပ်၏မိတ်ဆွေ ကိုစိန်ရနှင့် ကျွန်ုပ်၏တပည့်လေး မောင်ဝိုင်းမောင်တို့နှင့်အတူ ပြန်၍လိုက်ခဲ့သော်လည်း မနုစာရီနှင့် ပတ်သက်၍ကား မျက်ခြည်ပြတ်ခြင်း မရှိခဲ့ပါ။
အချိန်ရှိသရွေ့ မနုစာရီအကြောင်းကို စဉ်းစားနေ၏။ အခြားမည်သည့်ကိစ္စကိုမှ စိတ်မဝင်စားတော့ချေ။ ထိုစိတ်သည် နောက်ဆုံး၌ ကျွန်ုပ်ကို လုံးဝအနိုင်ယူသွားသည်ဟု ဆိုရပေမည်။ မနုစာရီအကြောင်းသာ သိရမည်ဆိုလျှင် ကျွန်ုပ်၏ စည်းစိမ်ဥစ္စာသာမက အသက်ကိုပင် စွန့်ရစေတော့ ကျွန်ုပ်သိချင်လှပေ၏။
ထိုအခြေအနေသို့ ရောက်သွားသည်နှင့်အမျှ ကျွန်ုပ်ကိုလည်း အပေါင်းအသင်း မိတ်ဆွေသင်္ဂဟများကသာမဟုတ်၊ ကျွန်ုပ်ကို အလွန်လေးစားလှသော တပည့်မောင်ဝိုင်းမောင်ကပင်လျှင် ရူးသွပ်သွားပြီဟု မှတ်ထင်လေတော့၏။
ကျွန်ုပ်သည် လက်ဖတင်နင် နန်းဝေကို လည်းကောင်း၊ တက္ကသိုလ်ကျောင်းသား မောင်ကျော်ခိုင်ကိုလည်းကောင်း တွေ့လို လှပေသည်။ သို့သော် ကျွန်ုပ်၏ဆုတောင်းများကား မပြည့်ခဲ့ချေ။ ကျွန်ုပ်သည် ဆိုင်အလုပ်ကိုလည်း စိတ်မဝင်စားတော့သည့်အလျောက် မောင်ဝိုင်းမောင်နှင့်ပင် ဆိုင်ကိုအပြီးအပိုင်လွှဲအပ်ကာ စိတ်သက်သာရာ ရမည်ထင်သော နေရာများသို့ သွားနေမိ၏။
ကျွန်ုပ်အဖို့ ကံကောင်းသည်လား၊ ကံဆိုးသည်လား မပြောနိုင်ပေ။ တစ်နေ့သ၌ အစ်မဝမ်းကွဲတစ်ဦးသည် အင်းစိန်သို့ မလိုက်မနေရလိုက်ရမည်ဟု ကားနှင့်လာခေါ်၏။
ကျွန်ုပ်၏အစ်မဝမ်းကွဲမှာ အင်းစိန်၌နေထိုင်ပြီး သူ၏ယောက်ျားမှာ ရဲအရာရှိတစ်ဦးဖြစ်၏။
ကျွန်ုပ်သည် ငြင်းမရသည့်အဆုံး၌ လိုက်သွားခဲ့ရာ အင်းစိန်ရှိ ကျွန်ုပ်အစ်မဝမ်းကွဲမခင်စိန်တို့ အိမ်ပေါ်တက်လိုက်သည်နှင့် အခြေအနေကို ရိပ်မိလေတော့၏။
သူတို့သည် ကျွန်ုပ်ကို ပယောဂကပ်၍ ရူးသွပ်နေသည်ဟု ယူဆသည့်အလျောက် ပယောဂဆရာတစ်ဦးနှင့် ကုသရန် ပြင်ဆင်ထားခြင်းဖြစ်၏။
ငှက်ပျောပွဲ၊ အုန်းပွဲများ ပြင်ထား၏။ ဖယောင်းတိုင်များ ထွန်းထား၏။ အပြင်မှ မမြင်နိုင်ရန် အိမ်တံခါးများပိတ်ထားပြီး တံခါးရွက်ကလေးတစ်ရွက်သာ လှပ်ထား၏။
ဆရာဟုထင်ရသူသည် ခေါင်းရင်းဘက်၌ ကွမ်းဝါးရင်း ကျွန်ုပ်ကို လူမိုက်ဂိုက်နှင့် လှမ်း၍ကြည့်လိုက်၏။
ကျွန်ုပ်၏ ယောက်ဖ ရဲအရာရှိကမူ ကျွန်ကိုပြုံး၍ နှုတ်ဆက်ပြီး ဆီးကြိုခေါ်ငင်၏။ သူ့အနီးတွင် ခပ်ရွယ်ရွယ်လူလေးဦးလည်းရှိ၏။ လူရွယ်များမှာ ကျွန်ုပ်နှင့် ကျွန်ုပ်ယောက်ဖ၏ အခြေအနေကို အကဲခတ်နေပုံရ၏၊
ကျွန်ုပ်အစ်မကြီး မခင်စိန်က ကျယ်လောင်ကျယ်လောင်နှင့် ပြောရင်း ကျွန်ုပ် အနောက်မှတက်လာ၏။
“ဆရာရယ်… ဆရာ့ရဲ့ အစွမ်းပါပဲ၊ ကျွန်မလည်း ဟိုရောက်၊ သူက အပြင်ထွက်မလို့ သီသီလေးရယ်”
“ဒေါ်ခင်စိန်ရယ် ဘယ်ထွက်လို့ရမလဲဗျာ၊ ကျုပ် ဒီကနေရွှေတိဂုံ ဘိုးဘိုးကြီးရော၊ ရွာတော်ရှင်ကိုရော သူ့ကို ဘယ်မှမသွားနိုင်အောင် ခြေချုပ်ချထားဖို့ ခင်ဗျားလည်း ထွက်သွားကတည်းက လှမ်းပြီး အပ်လိုက်တာပဲ”
“ဟုတ်မယ်ဆရာ..ဟုတ်မယ်ဆရာ၊ နို့မို့ရင် မလွယ်ပါဘူး”
“ဒီလိုပါဆရာ ကျွန်မပြောတဲ့အတိုင်းပါပဲ၊ မနုစာရီဥစ္စာစောင့်မ နဲ့ ဘယ်မှာတွေ့ခဲ့ကြသလဲ မဆိုနိုင်ပါဘူး၊ တွေ့ပြီးကတည်းက တစ်ခါတည်း စားလည်း ဒီစိတ်၊ အိပ်လည်း ဒီစိတ်ပါပဲ၊ သူ့ တပည့် မောင်ဝိုင်းမောင် လာပြောကတည်းက ဆရာ့အပ်ဖို့ပဲ”
“ဟုတ်တယ်၊ ကျုပ်လည်း ပုဂ္ဂိုလ်အထက်အမိန့်နဲ့ သွားနေရတာနဲ့ ဦးလှမောင်ဒေါ်ခင်စိန်တို့ဆီကို မရောက်ဖြစ်တာဘဲ”
သေချာပေပြီ၊ ကျွန်ုပ်၏တပည့် ဂျပုဝိုင်းမောင်က ကိုလှမောင်နဲ့ မခင်စိန်တို့ထံလာ၍ ကျွန်ုပ်၌ ပယောဂကပ်နေပြီဟု လာ၍ ဖောက်သည်ချခဲ့ပေသည်။ ဆရာဆိုသူမှာ ညှင်းဆိုးဆိုးညစ်ထပ်ထပ်နှင့် ကြည့်ရသည်ပင် လေးစားစရာ ဥပဓိရုပ်ကမရှိ၊ ပြောသည့်စကားများမှာလည်း လူနှင့် မလိုက်အောင် ကြီးကျယ်လှ၏။ သူသည် ကြွားလည်း အလွန်ကြွားပုံရ၏၊ သူ့ကို အထင်လည်း အလွန်ကြီးစေချင်ပုံရ၏။
သူကျင့်ကြံ အားထုတ်ပုံကိုလည်း မကြာခဏ ထုတ်ဖော်၍ပြော၏။ သူ့စကားထဲတွင် အသေးအဖွဲဆို၍ တစ်ခုမျှ မပါချေ။ သူ့စကား၌ အာဠာဝက နတ်ဘီလူးကြီးကို အသေးဆုံးအဖြစ်ထား၍ ပြောဆိုနေ၏။
သူကုသခဲ့သော ပယောဂများသည် အသေးအဖွဲ့ဆို၍ တစ်ခုမျှ မပါချေ။ သို့ရာတွင် လူစွမ်းကောင်း ရုပ်ရှင်များကဲ့သို့ နောက်ဆုံးဇာတ်လိုက်သည်ပင် အနိုင်ရသည့်အလား အလွန်ကြမ်းသော ပယောဂများသည် နောက်ဆုံး၌ သူ၏ခြေကို ဦးခိုက်၍ အရှုံးပေးရကြောင်းကိုသာ နားငြီးဖွယ်ရာ လျှောက်၍ပြောနေ၏။
ပြီးတော့ သူ၏ဆေးကြိမ်လုံးကိုလည်း အလွန်ညွှန်း၍ပြော၏။ ထိုကြိမ်လုံးကို သူကိုယ်တိုင်ပင်လုပ်သည်မဟုတ်၊ ပုပ္ပါးတောင်၌ အဓိဋ္ဌာန်ဝင်စဉ်က တောင်စောင့်ဘီလူးကြီးက လက်ဆောင်ပေးခဲ့သယောင် ပြောဆိုနေ၏။
မည်သို့ဖြစ်စေ ကျွန်ုပ်သည် ထိုဆရာကိုအထင်မကြီးသော်လည်း သူ၏ကြိမ်လုံးကို အထင်ကြီးမိ၏။ အကယ်၍ ကျွန်ုပ်ကို ပယောဂရှိသည်ဆိုကာ သူ၏ဆေးကြိမ်လုံးဖြင့်ရိုက်ခဲ့လျှင် သက်သာလိမ့်မည်မဟုတ်ချေ။
“ကဲ… ကဲ ဘုရားကို ဦးတိုက်ပြီးရင် ဆရာ့ကို ဦးတိုက်ပေတော့”
ကျွန်ုပ်ဘုရားကို ဦးတိုက်ရန်အတွက် ဤဆရာစုတ်က နှိုးဆော်ရန် မလိုချေ။ သို့ရာ၌ ထိုဆရာကို ဦးတိုက်ရန်မှာမူ လုံးဝမဖြစ်နိုင်ပါ။
ကျွန်ုပ်ကိုယ်တိုင်ကလည်း သူပြောသည့်အတိုင်း လိုက်နာခြင်း မပြုဘဲနေလိုက်၏။
“ဦးတိုက်လေ”
“ခင်ဗျားတို့ ဘာတွေ လုပ်နေကြတာလဲ၊ ကျုပ် ခင်ဗျားကို အရိုအသေ မပေးနိုင်ဘူး”
“ဟဲ..ဟဲ…ဟဲ”
ဆရာ ခပ်စုတ်စုတ်သည် ဟန်ပါပါရယ်၏။ ပြီးလျှင် ကွမ်းတံတွေးကို “ထွီ”ဟု ဟန်ပါပါ ထွေး၏။
“ငါ့ကို အာခံတဲ့ ဥစ္စာစောင့်မတော့ကွာ၊ ကဲ ချုပ်လိုက်ကြစမ်း”
ကျွန်ုပ်သည် ဆရာစုတ်၏ အမိန့်သံကို ကြားပြီးနောက် ရုန်းရန်အမှတ်တမဲ့ဖြစ်၍ ကျွန်ုပ်ခံသွားရပေပြီ၊ ကျွန်ုပ်၏ ယောက်ဖ ကိုလှမောင်နှင့် သူ၏တပည့် ရဲသားလူရွယ်ကလေးများက ဂျွန်ုပ်ကို ဝိုင်း၍ ဖမ်းချုပ်လိုက်ကြပြီး ဖြစ်၏။ ကြိုးနှင့်သာမက လက်ထိပ်များပင် ခတ်လိုက်ကြပေပြီ။
ကျွန်ုပ် များစွာတုန်လှုပ်သွားပေပြီ၊ ဆရာသည် ကြိမ်လုံးကို ဝင့်၍ မတ်တတ်ရပ်လိုက်၏။
“မနုစာရီ ဥစ္စာစောင့်မ အခု ရောက်.. ရွှမ်း”
ပါးစပ်မှလည်း အမိန့်ပေးရင်း ကြိမ်လုံးဖြင့် ကျွန်ုပ်ကို တအားလွှဲ၍ ရိုက်လိုက်တော့၏။ နာလွန်းလှသော်လည်း ယောက်ျားတို့ ဣနြေ ပျက်မည်စိုး၍ မအော်ဘဲ ကြိတ်၍သာ ခံနေရ၏။
“ရွှမ်းရွှမ်းရွှမ်း အခုရောက်ဝမ်း”
မနုစာရီကား မရောက်၊ ကျွန်ုပ်သည်သာ နာကျင်လွန်းသဖြင့် မရိုက်ရန် တောင်းပန်ရတော့၏။
“အောင်မာ ငါလို ဆရာကို ဒီလို ပရိယာယ်ဆင်လို့ဘယ်ရမလဲ” “ရွှမ်းရွှမ်း….ရွှမ်း”
ကျွန်ုပ်သည် နာလွန်း၍ အသက်အောင့်ထားရာ ချွေးများတစ်ကိုယ်လုံး။ ကျနေ၏။ ချွေးတို့သာ မဟုတ်၊ သွေးများပင် ထွက်ပေပြီ၊
ဆရာဆိုသူကမူ ရိုက်မြဲဆက်၍ ရိုက်နေ၏၊ ကြိမ်လုံးနဲ့ ရိုက်နေရာမှ ခြေထောက်ဖြင့်လည်း တစ်ချက်တစ်ချက် ဆောင့်၍ကန်လိုက်သေး၏။
“ဟေ့ သူငယ် ဆရာ့ကို ယပ်ခပ်ပေးစမ်း”
ဆရာဆိုသူသည် အနီးရှိ သူငယ်တစ်ဦးအား ခပ်မာမာနှင့် ယပ်ခပ်ခိုင်းပြီးနောက် အမောဖြေလျက်ရှိ၏။ ရိုက်သူပင် ချွေးတစ်လုံးလုံးနှင့်မောဟိုက်၍နေပြီဆိုလျှင် ခံရသူကျွန်ုပ်အဖို့မှာ မည်ကဲ့သို့ ရှိချိမ့်မည်နည်း။
ဆရာဆိုသူသည် အမောဖြေပြီးနောက် ထပ်၍ရိုက်ပြန်လေ၏။ “ရွှမ်းရွှမ်းရွှမ်း”ဆိုသော ကြိမ်သံများသည် ကြောက်ခမန်းလိ ကျွန်ုပ်နား၌ ကြားနေရ၏။ ကျွန်ုပ်သည် နာကျင်လွန်းသဖြင့် အသက်ကို အောင့်ထားရာ ကျွန်ုပ်၏ အသားများသည် တဆတ်ဆတ် တုန်လျက် ရှိကြတော့၏။
ဤသို့ အသားများတုန်နေသည်ကို ကြည့်ကာ ကျွန်ုပ်အစ်မသည် အတွေးအခေါ်ခေါင်၍ ဆရာ့အား…
“ပယောဂရောက်လာချင်ပြီ ဆရာ၊ အသားတွေ တုန်လာပြီ” ဟု ပြောလိုက်သေး၏၊
“ဟုတ်တာပေါ့ မခင်စိန် မရောက်လို့ ဘယ်ဖြစ်မလဲ ရောက်ရမှာပေါ့ဗျာ၊ ခင်ဗျားတောင် ဆရာနဲ့အတွေ့များလို့ ပညာခွင်တွေ တက်နေမှကို။ ဒါကြောင့် ပဏ္ဍိတာနဉ္စ သေ၀နာ- ပညာရှိနဲ့ ဆည်းကပ်ရမယ်လို့ ဘုရားက ဟောခဲ့တာပေါ့ဗျာ”
‘ရွှမ်း’
ဆရာဆိုသူသည် ပြောပြောဆိုဆိုနှင့် ရိုက်လိုက်ပြန်၏။ ကျွန်ုပ်လည်း အံကိုကြိတ်၍ ခံနေရ၏။ ဆရာဆိုသူကလည်း အဆက် မပြတ်ရိုက်လေတော့၏။ ရိုက်လွန်းမက ရိုက်နေသောအခါ၌ ကျွန်ုပ်၏မျက်စိများသည် မှုံဝါး၍ဆရာဆိုသူကိုလည်းကောင်း၊ အခြားအရာကိုလည်းကောင်း၊ သဲသဲကွဲကွဲ မမြင်ရရုံမျှမက လွန်စွာကြောက်မက်ဖွယ်ရာ ကောင်းလှသည့် ကြိမ်လုံးသံကြီးသည်လည်း ကျွန်ပ်၏နားအတွင်း၌ သဲသဲကွဲကွဲမကြားရတော့ဘဲ လုံးဝပျောက်ကွယ်သွားလေတော့၏။
<><><><><><><><><><>
အပိုင်း ၁၇ ဆက်ပါဦးမည်
very informative articles or reviews at this time.
Very well presented. Every quote was awesome and thanks for sharing the content. Keep sharing and keep motivating others.