
မနုစာရီ – အပိုင်း ( ၉ )
* * * မနုစာရီ * * * ( ၉ )
ကျွန်ုပ်သည် မကျေနပ်သဖြင့် နောက်တစ်ခါခပ်၍ကြည့်ပြန်ရာ ရေချိုဖြစ်နေပြန်၏။ ကျွန်ုပ်သည် တစ်ခွက်ပြီးတစ်ခွက်ခပ်၍ ငုံကြည့်လိုက် ထွေးထုတ်လိုက်နှင့် ရေ၏အကြောင်းကို စူးစမ်းနေစဉ် အသက်၃၀-ကျော်ခန့် လူတစ်ဦးရောက်လာပြီးနောက် ချောင်းဘေးကမြေအနည်းငယ်ကို သံပြားငယ်တစ်ခုနှင့်တူးယူ၍ အနီး၌ပေါက်နေသော ပိန်းရွက်တစ်ရွက်နှင့် ထုပ်လိုက်ပြီးနောက် လွယ်အိတ်တွင်းသို့ ထည့်လိုက်သည်။
ထို့သို့ပြုပြီးလျှင် ထိုသူသည် ကျွန်ုပ်ထံသို့ရောက်လာပြီး မြေများကပ်နေသောသူ၏လက်ကို ရေလောင်းပေးရန် ပြောသဖြင့် ကျွန်ုပ်က ရေတစ်ခွက်၊ နှစ်ခွက်လောင်းပေးလိုက်ရာ သူကကျေးဇူးတင်ကြောင်း ပြောဆိုပြီးနောက် ကျွန်ုပ်ထံမှ ရေခွက်ကို တောင်းယူပြီးလျှင် ရေနှစ်ခွက်ခပ်သောက်လိုက်၏။
ကျွန်ုပ်က ထိုသူကို
“မိတ်ဆွေ ရေက မချဉ်ဘူးလားဗျ”ဟု မေးကြည့်ရာ….. .
“ကျွန်တော်က သရဘက်က သောက်တာ မဟုတ်ဘူး၊ ဗျည်းဘက်က သောက်တာပါ”
“ဘယ်လို ဘယ်လို ကျွန်တော် နားမလည်ဘူး”
“မိတ်ဆွေက ဒီရေတွင်းအကြောင်း မသိသေးဘဲကိုး”
“သိပါဘူး”
“ဒီရေတွင်းက အဂ္ဂိရတ်သမားတွေရှာနေတဲ့ ဗျည်းသရ နတ်ရေတွင်းဗျ၊ ဟောဒီတစ်ခြမ်း တိတိဟာ ချဉ်တယ်။ ဟောဒီ တစ်ခြမ်းကတော့ ရေချို၊ ဒီရေနှစ်မျိုးဟာ ရောမသွားဘူး။ သပ်သပ် ဖြစ်နေတယ်။ ရေချိုဘက်ကို ဗျည်းလို့ ခေါ်တယ်။ ရေချဉ်ဘက်ကို သရလို့ခေါ်တယ်၊ ဗျည်း၊ သရကျေမှ ဓာတ်သေတယ်လို့ ရှေးစာရှိတယ် မဟုတ်လားဗျာ”
“စိတ်ဝင်စားစရာပဲ ရှင်းစမ်းပါဦးဗျာ”
“တချို့ ဒီရေကိုနေ့တိုင်း အချိုဘက်ကတစ်ခွက်၊ အချဉ်ဘက်ကတစ်ခွက် လာလာသောက်ကြတယ်၊ ဒီလိုသောက်ပါ များရင် ဗျည်းရော၊ သရရော ကျေတဲ့အတွက် ဝမ်းတွင်းမှာရှိတဲ့ သွေး သည်းချေ၊ လေ၊ သလိပ်ဆိုတဲ့ ဒေါသများ၊ သေတဲ့ အတွက် အသက်ရှည်တယ်၊ ကျန်းမာတယ်လို့ ဆိုကြတာပဲ”
“ဪ ဒီလိုကိုး၊ ဒါနဲ့ မိတ်ဆွေ စောစောက မြေကြီးတူးတာကတော့ ဘယ်လိုအသုံးပြုဖို့လဲ၊ စပ်စုတယ်လို့တော့ မထင်နဲ့
နော် စိတ်ဝင်စားလို့ပါ”
“ကျွန်တော်က အဂ္ဂိရတ်သမား ဒီနားကမြေက ဗျည်း သရကျေတယ်လို့ အဆိုရှိလေတော့ ဒီမြေကိုလုံရိုက်ပြီး ဓာတ်ကို သေအောင်ဖမ်းဖို့ပါပဲ”
“ဪ ဒီလိုရှင်းပြကာ ကျေးဇူးတင်ပါတယ်ဗျာ၊ ဒါနဲ့ ခင်ဗျားသောက်တော့ ဗျည်း သရ နှစ်မျိုးမသောက်ဘဲ ဘာကြောင့် ရေနှစ်ခွက်စလုံးကို ဗျည်ဘက်ကချည်း သောက်ရတာလဲဗျာ”
“ဟင်” . . .ဒီလိုပါ။ သရပိုင်းက အချဉ်ဖြစ်တယ်၊ ဒေသနာနယနဲ့ ပြောရင် အဝိဇ္ဇာဖြစ်ပါတယ်။ ကျွန်တော်က ပြဒါးဖမ်းပြီး ပြဒါးသေအောင်လုပ်နေတာ မဟုတ်လား၊ တကယ်လို့ ပြဒါးသေသွားရင် ပြဒါးဝိဇ္ဇာလုပ်ဖို့ မဟုတ်လား၊ ဒါကြောင့် အဝိဇ္ဇာဘက်က ရေကို မသောက်တာပါ”
“ဟုတ်ကဲ့ ရှင်းပါပြီ”
“ကဲ သွားမယ် မိတ်ဆွေ”
“ကောင်းပါပြီ ခင်ဗျ”
ထိုသူ ထွက်သွားပြီးနောက် သူပြောသွားသည့်အတိုင်း ရေတွင်းထဲမှရေကို တစ်ဖက်စီခပ်သောက်ကြည့်ရာ အမှန်ပင် တစ်စုံတစ်ခုနှင့်ကန့်၍ ထည့်ထားသည့်အလား၊ ရေတွင်းထဲတွင် ရေချိုနှင့် ရေချဉ်သည် အကန့်လိုက် အရသာကွဲပြားနေ၏။
(မှတ်ချက်- ထိုရေတွင်းမှာ အာဇာနည်ကုန်းအနီး၌ လင့်ခ်လမ်းဘက်၌ ယခုတိုင်အောင် ရှိပါသည်။ ယခုတိုင်လည်း ယုံကြည်သူတို့ လာရောက်သောက်သုံးလျက်ရှိ၏။ စာရေးသူ)
ကျွန်ုပ်သည် ကျေနပ်သည်အထိ ထိုရေတွင်းကလေးကရေကို စမ်းသပ်ပြီးနောက် ရေတွင်းနှင့် မလှမ်းမကမ်းတွင် ထိုင်ကာ
ဆေးပြင်းလိပ်သောက်ရင်း အနားယူလျက် ရှိ၏။ ထိုသို့ ဆေးပြင်းလိပ်သောက်နေခဲ့ရာ ဆေးလိပ်တစ်ဝက်ခန့် မီးလောင်ကျွမ်းပြီးနောက် ကျွန်ုပ်သည် တရုတ်ဘုန်းကြီးကျောင်းများရှိရာသို့ မှန်းဆ၍ လျှောက်လာခဲ့ရာ
“ဟေ့ ဒကာ… ဘယ်သွားမှာလဲ ဒီဘက်မှာ လမ်းမရှိဘူး၊ ရှေ့မှာ ဘုန်းကြီးကျောင်းတွေပဲရှိတယ်”
ကျွန်ုပ်ရှေ့တည့်တည့်မှ ပြောလိုက်ခြင်းဖြစ်ရာ ကျွန်ုပ်သည် အသံရှင်ကို မော့၍ ကြည့်မိ၏။ ကျွန်ုပ်တွေ့လိုသော တရုတ်ဘုန်းတော်ကြီးတော့ မဟုတ်ချေ။ သက်တော်ငါးဆယ်ခန့်ရှိ မြန်မာ ဘုန်းကြီးတစ်ပါးဖြစ်နေ၏။
“တင်ပါ့ဘုရား၊ တပည့်တော် အဲဒီတရုတ်ဘုန်းကြီးကျောင်းတွေဘက် သွားမလို့ပါ ဘုရား”
“ဒါဖြင့်လဲပြီးရော… ဦးပဉ္စင်းတော့ လမ်းမှားပြီး အဲဒီကျောင်းတွေဘက် ရောက်သွားတာ၊ ရွှေတိဂုံဘုရားက ဆင်းပြီး
မြေနီကုန်း ဘက်ပြန်တာ ဘယ်လိုကနေဘယ်လို လမ်းချော်ပြီး အဲဒီရောက်သွားတယ် မသိပါဘူး ဒကာရယ်”
“တင်ပါ့ဘုရား၊ မြေနီကုန်းကို ကြွမယ်ဆိုရင် ဒီလမ်းအတိုင်း ဆက်သွားရင် ရပါပြီဘုရား – မြေနီကုန်း၊ ဘယ်ကျောင်းတိုက်
ကပါလဲ ဘုရား”
“ဦးပဉ္စင်း မြေနီကုန်းက မဟုတ်ပါဘူး မြေနီကုန်းရောက်မှ သမိုင်းကို မော်တော်ကား စီးရမယ်၊ သမိုင်း ကျိုက်ဝိုင်းလမ်း “ ညာဏစာဂီ ဝိပဿနာ ကမ္မဌာန်းတိုက်ကပါ”
“တင်ပါ့ဘုရား၊ နောက်နောင်ရောက်တဲ့အခါ ဝင်ရောက်ပြီး လှူဒါန်းနိုင်အောင် ဘွဲ့မည်များသိပါရစေ ဘုရား”
“ဦးသုန္ဒရလို့ မေးရင် ရပါတယ်၊ ဒကာကြီးက ကျောင်းကတရုတ်ဘုန်းကြီးနဲ့ သိလို့လား”
“မသိပါဘူး ဘုရား”
“တပည့်တော် တွေ့လိုတဲ့ တရုတ်ဘုန်းကြီးတစ်ပါး သွားရှာမလို့ပါ။ တွေ့လိုတွေ့ငြား ရှာတဲ့သဘောပါ”
“ဒကာကြီးကတရုတ်ဘုန်းကြီး သွားရှာမှာကိုး။ ဦးပဉ္စင်းတော့ မရှာဘဲနဲ့ မျက်စိလည်ပြီး အဲဒီဘက်ရောက်သွားတာ၊ ဟောဟို သပြေပင်လည်းရောက်ရော တရုတ်ဘုန်းကြီးတစ်ပါးနဲ့ သွားတွေ့လို့ အတော်ကြာကြာ စကားပြောခဲ့ရသေးတယ်၊ ဦးပဉ္စင်း ဝိပဿနာ ကျင့်နေတယ်၊ သူက အတင်းပဲ လောကီဘက် သမထဘက်လိုက်ဖို့ တိုက်တွန်းလွှတ်လိုက်သေးတယ်၊ သူဘွဲ့က ဘာတဲ့ ဝဲလူဝင်း”
“ဟိုက် တွေ့ပြီ၊ တပည့်တော်ကို ခွင့်ပြုပါဦး ဘုရား”
ကျွန်ုပ်သည် ထိုဦးပဉ္စင်းကို ရှိခိုးဦးချခြင်းပင် မပြုနိုင်တော့ဘဲ ခပ်သုတ်သုတ် လျှောက်ခဲ့တော့၏။ ကျွန်ုပ်လာရောက် ရှာဖွေသော တရုတ်ဘုန်းကြီး “ဝဲလူဝင်း”ဘွဲ့မည်မှာ ကျွန်ုပ်နားထဲ၌ မထွက်သေးပေ။
ကျွန်ုပ်သည် မြေနီလမ်းကလေးအတိုင်းလျှောက်ခဲ့ရာ တရုတ်ဘုန်းကြီးကျောင်းများသို့ရောက်ရန် အတော်လိုသေးသော တစ်ခုသော သပြေပင်ရင်းတွင် ငြိမ်းချမ်းစွာထိုင်နေသော တရုတ်ဘုန်းကြီးတစ်ပါးကို တွေ့ရတော့၏။
ကျွန်ုပ်သည် ထိုဘုန်းတော်ကြီးကို ကန်တော့ပြီးနောက်
“အရှင်ဘုရား ဘွဲ့မည် ဘယ်လိုခေါ်သလဲ”
“မင်းရှာနေတဲ့ သူဟာ ငါပဲ၊ မေးမနေပါနဲ့”
“ကောင်းပါပြီ အရှင်ဘုရား၊ တပည့်တော်မှာပါတဲ့စာတွေကိုဖတ်ပြီး တပည့်တော်ကို မြန်မာလို ပြောပြပါ ဘုရား”
ကျွန်ုပ်သည် လွယ်အိတ်တွင်းမှ စာထုပ်ကြီးကို ထုတ်၍ ထို ဘုန်းတော်ကြီးအား ဆက်ကပ်လိုက်၏။ ထိုဘုန်းကြီးသည် ကျွန်ုပ်၏ စာထုပ်ကြီးထဲက စာများကို တစ်ရွက်စီ ဖတ်နေ၏၊ သူက စာဖတ်နေစဉ် ကျွန်ုပ်သည် သူ၏ မျက်နှာနှင့်တကွ တစ်ကိုယ်လုံးကို ခြုံ၍ အကဲခတ်ကြည့်နေမိ၏။
ထိုဘုန်းကြီး၏ မျက်နှာမှာ လူအိုတို့၏ထုံးစံအတိုင်း အတွန့်များ၊ အစင်းများဖြင့် ပြည့်နှက်နေ၏။ ကျွန်ုပ်တွေ့ဖူးသမျှ အသက်အကြီးဆုံးသူထဲတွင် ထိုဘုန်းကြီးကို မီမည့်သူ တစ်ယောက်မျှ မမြင်မိချေ။
စက္ကူကို အထပ်ထပ် ဆုပ်နယ်ပြီးနောက် ပြန်၍ဖြန့်ကြည့်လျှင်ပင် ထိုဘုန်းကြီး၏ မျက်နှာ၌ဖြစ်ပေါ်နေသော အရေးအခင်း အခေါက်အတွန့်ကို မီနိုင်မည် မဟုတ်ပါ။ ထို့ကြောင့် ကျွန်ုပ်က အသက်ကို ခန့်မှန်းကြည့်၏။
“မင်း ငါ့အသက်ကို မှန်အောင် မပြောနိုင်ပါဘူး”
ဘုန်းကြီးသည် ကျွန်ုပ်ကိုမကြည့်ဘဲ စာဖတ်နေရာမှ ထိုကဲ့သို့ပြောလိုက်ခြင်းဖြစ်ရာ ကျွန်ုပ်၏ စိတ်အကြံကို သူသိနေပြီလားဟု ထင်မိသေး၏။ သို့သော် မတော်တဆ တိုက်ဆိုင်သွားတာလဲ ဖြစ်နိုင်တာပဲလေဟု ဖြေသိမ့်လိုက်မိ၏။
“နှစ်ခါ သုံးခါ တိုက်ဆိုင်တာဆိုရင်တော့ ထူးဆန်းတဲ့အထဲ ထည့်ရလိမ့်မယ်”
သူသည် ယခင်အတိုင်း မကြည့်ဘဲ ပြောလိုက်ခြင်းဖြစ်၏။ ကျွန်ုပ်သည် ဘာကိုမှ ထပ်၍ မစဉ်းစားတော့ချေ။ သူတစ်ပါး၏ စိတ်အကြံကို သိနိုင်သော “စေတောပရိဉာဏ်”ဆိုသည်ကို စာထဲ၌သာ ဖတ်ဖူး၏။ ယခုမူ ထိုဉာဏ်မျိုးရှိသူကို မျက်ဝါးထင်ထင် တွေ့မြင်ရပေပြီ။
“ကဲ.. ကဲ ဖတ်ပြမယ်။ မင်းလိုက်ပြီး ရေးဖို့ကော စာရွက်ပါရဲ့လား”
“ပါပါတယ် ဘုရား”
ကျွန်ုပ်သည် အသင့်ယူလာသော စာရွက်လွက်များကို ထုတ်လိုက်၍ ရေးကူးနေ၏။ သူသည် တစ်ရွက်ချင်းဖတ်၍ ဘာသာပြန် ပေးနေ၏။ ကျွန်ုပ်သည် မမောနိုင် မပန်းနိုင်လိုက်၍ ရေးမှတ်ရ၏။ ရေးနေလိုက်သည်မှာ အချိန်ကုန်၍ ကုန်မှန်းပင် မသိတော့။ နေလုံးပျောက်ကွယ်သွားပြီဖြစ်သဖြင့် ပရစ်များအော်သံ၊ ဗျိုင်းများ အစာခွံ့သည့်အသံ ၊ တစ်ကောင်တစ်ကောင် နေရာလု၍ ရန်ဖြစ်သော အသံများပင် ကြားနေရ၏။ စာလည်း ရေး၍ မရတော့ချေ။ အတော်ပင်မှောင်နေပြီဖြစ်၏။
တရုတ်ဘုန်းကြီးသည် သူ၏အိတ်အရှည်ကြီးတွင်မှ ဖယောင်းတိုင်တစ်တိုင်ကိုထုတ်ကာ သစ်ပင်ရင်းတွင် လေကွယ်၍ ထွန်းညှိပေး၏။
ကျွန်ုပ်စိတ်၌ ကြောက်သလိုလို ခံစားလာရ၏။ အနီးပတ်ဝန်းကျင်၌ လူသားဟူ၍ ကျွန်ုပ်အပြင် ထိုတရုတ်ဘုန်းကြီးသာလျှင်ရှိ၏။ ထိုဘုန်းတော်ကြီးမှာလည်း လူသားစင်စစ်ပါဟူ၍ ကျွန်ုပ် အတပ်မပြောနိုင်သော အခြေအနေတွင် ရှိ၏။ သို့သော် သူက ဖတ်ပြ၍ ကျွန်ုပ်က ကူးမြဲကူးနေ၏။
အချိန်မည်မျှ ကြာသွားသည် မသိချေ။ ဓမ္မစေတီလမ်းဘက်မှ ကိုးနာရီ သံချောင်းခေါက်သံကို သဲ့သဲ့မျှ ကြားရတော့၏။ ထို့ကြောင့် ကျွန်ုပ်၏ အင်္ကျီအိတ်တွင်းမှ အိတ်ဆောင်နာရီကို ထုတ်၍ကြည့်လိုက်ရာ ကျွန်ုပ်ကြားလိုက်သည်မှာ ကိုးနာရီ သံချောင်းမဟုတ်ဘဲ ၁၁-နာရီ သံချောင်းဖြစ်ကြောင်း သိရတော့၏။
“မင်း မဆာဘူးလား”
“ဆာတော့ သိပ်မဆာပါဘူး ဘုရား”
“နည်းနည်းတော့ ဆာတယ်ပေါ့”
“တင်ပါ”
“အေး… ဆက်ရေးလိုက်ဦး”
ကျွန်ုပ်လည်း ဆက်၍ရေးနေမိ၏။ တအောင့်မျှအကြာတွင် ခြေသံပြင်းပြင်းနှင့် လူ ၁၀- ဦးထက်မနည်း ကျွန်ုပ်ကို ဝုန်းခနဲ ဝိုင်းလိုက်ပြီးလျှင် တစ်ယောက်က အမိန့်ပေးလိုက်၏။
“ဟေ့.. မလှုပ်နဲ့ ငြိမ်ငြိမ်နေ”
ကျွန်ုပ်သည် အလန့်တကြား မော့၍ ကြည့်လိုက်ရာ ရဲသားများနှင့် ရဲအရာရှိ ဖြစ်နေ၏။ ကျွန်ုပ်ရေးနေသည့် စာရွက်များရော၊ တရုတ်ဘုန်းကြီးထံမှ စာရွက်များကိုပါ ဆွဲယူ၍ လက်နှိပ်ဓာတ်မီးနှင့် ထိုးကြည့်၏။ ပြီးလျှင် သူ၏အနီးရှိ ရဲတစ်ဦး တီးတိုး ပြောဆို၍ တိုင်ပင်၏။ ထိုအတိုင်ပင်ခံရသော ရဲသားက-
“စခန်းသာ ခေါ်သွားပါ ဆရာရယ်၊ မမှားပါဘူး။ မဟုတ်တော့လည်း ပြန်လွှတ်လိုက်တာပေါ့”
“ဒီမှာဗျာ၊ ကျွန်တော်တို့ဟာ တရားဥပဒေနဲ့ ငြိစွန်းတဲ့ အလုပ်လုပ်နေတာ မဟုတ်ပါဘူး၊ ကျွန်တော် မဖတ်တတ်တဲ့ စာတစ်မျိုးကို ဘုန်းကြီးက ဖတ်ပြတယ်၊ ကျွန်တော်က လိုက်ပြီးရေးတယ်၊ ဒါပါပဲဗျာ”
ကျွန်ုပ်သည် အလန့်တကြား တောင်းပန်လိုက်မိ၏။
“ဒီမှာ ကိုယ့်လူ ကျုပ်တို့ရဲတွေအဖို့ မသင်္ကာဖွယ်ရာတွေ့တာကို ဟုတ်ဟုတ် မဟုတ်ဟုတ် ဥပဒေနှင့် ငြိစွန်းနေပြီ၊ ခင်ဗျား နားလည်အောင် ပြောမယ်ဗျာ၊ ဥပဒေဆိုတာ အကောင်းဘက်ကမယူဘဲ ညစ်မယ်ဆိုရင် ခင်ဗျား အီးပေါက်ရင်တောင် လေထုကို ညစ်ညမ်းအောင်ပြုတယ်ဆိုပြီး အမှုဖွင့်လို့ရတယ်၊ နားလည်ပြီလား”
ထိုရဲသားသည် ခပ်လည်လည်၊ ခပ်သွက်သွက် ရှိပုံရ၏၊ ရဲအရာရှိကပင်လျှင် သူ၏အကြံဉာဏ်ကို လေးစားနေပုံရ၏၊ ထိုရဲသားကို သေသေချာချာ ကြည့်လိုက်ရာ ခါးပတ်တွင် ခေါက်ဆွဲထုပ်ဟုထင်ရသော အထုပ်ကလေးတစ်ခု ချိတ်ဆွဲထားသည်ကို တွေ့ရ၏။
ထိုရဲသားသည် ကျွန်ုပ်နှင့် တရုတ်ဘုန်းကြီးကို တစ်ချက်မှု အကဲခတ်ပြီးနောက်…
“ကဲ.. ကဲ ခင်ဗျားတို့ နှစ်ယောက်စလုံး ဌာနာကို လိုက်ခဲ့ကြပေတော့”
ထိုအခါကျမှပင် တစ်လုံးတစ်ပါဒမျှ ဝင်ရောက်ပြောဆိုခြင်းမပြုသော ကျွန်ုပ်၏တရုတ်ဘုန်းတော်ကြီးသည် ထိုရဲသားကို ကြည့်လိုက် ပြီးနောက်….
“မင်း ခါးကြာမှာပါတဲ့ အထုပ်ဟာ ဘာထုပ်လဲ”
“ကြာဇံကြော်ပါး ညစာ မစားရသေးလို့ မြေနီကုန်းက ဝယ်လာတာ”
“အဲဒီအထုပ် ပေးစမ်း”
ထိုရဲသားသည် ဘုန်းကြီး၏ အမိန့်အတိုင်း ဖြုတ်ပေး၏။ သို့သော် ဘုန်းကြီးက မယူဘဲ ကျွန်ုပ်ကိုယူရန် ပြောလိုက်သဖြင့် ကျွန်ုပ်က ယူထားလိုက်ရ၏
“တို့ကိုလာပြီး အနှောင့်အယှက်ပေးတဲ့အတွက် ဒီည မင်းဘာမှမစားဘဲ အိပ်ရမယ်။ အဲဒါပေးတဲ့ အပြစ်ပဲ၊ နားမထောင်ရင် မင်းဒုက္ခတွေ့မယ်၊ သွား… ဟိုနားက ရေတွင်းမှာ ရေတစ်ခွက်သွားခပ်ချေ”
ထိုအာသွက်လျှာသွက်နိုင်လှသော ရဲသားသည်လည်းကောင်း၊ ကျန်ရဲသားသုံးဦးနှင့် ရဲအရာရှိသည်လည်းကောင်း တစ်လုံးမျှ ပြောဆိုခြင်းမပြုကြဘဲ မင်သက်မိ၍နေကြ၏။
“ခိုင်းနေတာ မသွားဘူးလား”
တရုတ်ဘုန်းကြီးက ထပ်၍အမိန့်ပေးလိုက်လျှင် ထိုရဲသားသည် တုန်လှုပ်စွာနှင့် ညနေက ကျွန်ုပ်တွေ့ခဲ့ရသော ရေတွင်းဆီသို့ လှည့်၍ ထွက်သွား၏။ များမကြာမီ၌ ရေခွက်တစ်လုံးနှင့် အတူ ပြန်ရောက်လာ၏။
ဤမျှုမှောင်မိုက်သောအချိန် ရေတွင်းမှရေ မဖိတ်အောင် ကြိုးစား၍ယူလာရသော ထိုရဲသား၏ ဒုက္ခမှာ မသေးလှပါပေ။
အကယ်၍ ကျွန်ုပ်ကိုသာ ခိုင်းစေကာမူ ကျွန်ုပ်သည် ရေခပ်ယူလာနိုင်ဖို့ ဝေးစွ၊ ရေတွင်းကိုပင် တွေ့အောင် ရှာနိုင်လိမ့်မည် မဟုတ်ပေ။
“ကဲ.. ကဲ မင်းတို့ သွားနိုင်ပြီ၊ သွားကြတော့”
တရုတ်ဘုန်းကြီးက ဤသို့ဆိုလိုက်လျှင် ထိုသူတို့သည် ကျောင်းပြေးမိသော ကျောင်းသားများကို ဆရာက ကျေနပ်အောင် ဆုံးမပြီးနောက် ပြန်လွှတ်လိုက်သကဲ့သို့ တိတ်တဆိတ်သိမ်မွေ့စွာ ကျွန်ုပ်တို့ အနီးမှ ထွက်ခွာသွားကြ၏။
သူတို့ ထွက်သွားပြီးနောက် တရုတ်ဘုန်းကြီးက ကျွန်ုပ်ကို စာရေးခေတ္တရပ်နား၍ ကြာဇံကြော်စားရန် ခွင့်ပြုလိုက်၏။ ကျွန်ုပ်လည်း ကြာဇံကြော်ကို တစ်ပင်မျှမကျန်သည်အထိ ကုန်စင်အောင် စားပြီးနောက် ရေသောက်ခြင်း၊ လက်ဆေးခြင်းများ ပြုပြီးလျှင် စာဆက်၍ ရေးရပြန်၏။
ဖယောင်းတိုင်တစ်တိုင် ကုန်သွားပြီးနောက် တရုတ်ဘုန်းကြီးသည် အင်္ကျီရှည်ကြီးထဲမှ ထပ်ထုတ်၍ ထွန်းညှိပေး၏။ နံနက် အရုဏ်တက်လောက်တွင် ကျွန်ုပ်တို့၏ ဘာသာပြန်ခြင်း လုပ်ငန်း ပြီးဆုံးသွားလေတော့၏။
ကျွန်ုပ်ကိုစိတ်ရှုပ်စေခဲ့သော လက်ဖတင်နင် နန်းဝေ၏ ဇာတ်လမ်းတွင်းက မနုစာရီသည်လည်းကောင်း၊ တက္ကသိုလ် ကျောင်းသား မောင်ကျော်ခိုင်၏ ဇာတ်လမ်းက မနုစာရီသည် လည်းကောင်း၊ ကျွန်ုပ်အဖို့ ရှုပ်ထွေးဖွယ်ရာ မရှိတော့ပြီ။ ကျွန်ုပ်ကိုယ်တိုင် မသိမတတ်သော မာဂဓဘာသာ၊ ဓာတ်စမ ဘာသာ၊ သရေခေတ္တရာ ခေတ်ဦးပိုင်း မြန်မာစာရေးဟန်၊ ဗျည်း သရများဖြင့်ပြီးသော ကျွန်ုပ်ရေးသားခဲ့သည့် စာထုပ်ကြီးသည် ကျွန်ုပ်သိချင်လှသော “မနုစာရီ”၏ ဖြစ်စဉ် အတ္ထုပ္ပတ္တိများ ဖြစ်နေလေ၏။
ဘာသာပြန်ပေးသော တရုတ်ဘုန်းကြီး ဝဲလူဝင်းနှင့် ကျွန်ုပ်သည် ထို့နေ့အရုဏ်တက်တွင် ခွဲခွာခဲ့ကြ၏။ နောက်ထပ်လည်းဆုံစည်းခြင်း မရှိတော့ပါ။
ယင်းသို့ နောက်တစ်ကြိမ် မဆုံစည်းနိုင်ခဲ့ခြင်းမှာလည်း ထူးဆန်းလှဘိ၏။ ကျွန်ုပ်သည် နောက်တစ်နေ့ညနေ၌ ဘုန်းတော် ကြီးဝဲလူဝင်းကို လှူဒါန်းရန် ဝတ္ထုပစ္စည်းများနှင့်တကွ ထိုအနီး တရုတ်ဘုန်းကြီးကျောင်းသို့ ရောက်ခဲ့သော်လည်း ထိုကျောင်း၌ ကျွန်ုပ်ပြောသော ဝဲလူဝင်းဆိုသည့် ဘုန်းတော်ကြီးမှာ နဂိုကတည်းက မရှိကြောင်း ဆို၏။ မကျေနပ်သဖြင့် ဗဟန်းရှိ တရုတ်ဘုန်းကြီးကျောင်းများသာမက ရန်ကုန်မြို့ရှိ တရုတ်ဘုန်းကြီးကျောင်းအားလုံးနှင့် ဘုံကျောင်းများ အားလုံးကုန်စင်သည်အထိ ရှာခဲ့သော်လည်း မတွေ့ခဲ့ပါ။
ကျွန်ုပ်သည် ကျွန်ုပ်မိတ်ဆွေတရုတ်လူမျိုး မစ္စတာရောင်ဝါး ဆိုသူနှင့် တခြားမြို့များ၌ရှိသော တရုတ်ဘုံကျောင်းများကိုပါ ရှာဖွေခဲ့သေး၏။ သို့သော် သဲလွန်စကိုပင် မတွေ့ရတော့ချေ။
(“ဝဲလူဝင်း”ဆိုသည်မှာ တရုတ်ဘာသာဖြင့် “အလွန်တန်ခိုး သိဒ္ဓိရှိသူ”ဟု အဓိပ္ပာယ်ရ၏။)
ထူးဆန်းစွာတွေ့၍ ထူးဆန်းစွာ တန်ခိုးပြသွားပြီး ထူးဆန်းစွာရှာမတွေ့ နိုင်သော တရုတ်ဘုန်းတော်ကြီး၏ ကျေးဇူးကြောင့် ကျွန်ုပ်၏လက်ဝယ် မဖတ်တတ်သောစာထုပ်ကြီးမှာ ကျွန်ုပ်ဖတ်နိုင်သော မနုစာရီ အတ္ထုပ္ပတ္တိကြီးအဖြစ်သို့ ရောက်ခဲ့ပေပြီ။
ထိုဘာသာပြန်ပြီး တထုပ်ကြီးအတိုင်းသာ စာဖတ်သူကို တင်ပြရပါမူ ဆေးကြောက်သောကလေးကို ဆေးခါးကြီး မြိုခိုင်းသကဲ့သို့ရှိပေလိမ့်မည်။ အဘယ်ကြောင့်ဆိုက ဘာသာပြန်ပြီး စာများမှာ ကျောက်စာများမှ ဝါကျတည်ဆောက်ပုံများအတိုင်း ဖြစ်နေသဖြင့် မည်သည့်နည်းနှင့်မျှ ရသလွင်နိုင်မည် မဟုတ်ရကား ကျွန်ုပ်သည် စွမ်းနိုင်သမျှသော စာရေးသူ အတတ်ပညာဖြင့် ဝါကျကိုဖြတ်ခြင်း၊ ဆက်ခြင်းများ၊ ဝိဘက်များ သရများ၊ နာမဝိသေသနများကို နေသား
တကျ ပြင်ဆင်ခြင်း စသည့် သဒ္ဒါနှင့် ပတ်သက်သော ပြင်ဆင်မှုများကို ပြုလုပ်ရလေ၏။
အချို့သော ဝေါဟာရများမှာ ပါဠိများနှင့် ရောနှောနေသည်ဖြစ်ရာ မြန်မာဘာသာကဲ့သို့ ပြင်ဆင်ရန် လွယ်ကူသည်မဟုတ်ရကား ကျွန်ုပ်သည် ပါဠိဘာသာရပ်များ၏အနီးစပ်ဆုံး မြန်မာအဓိပ္ပာယ်ကိုလည်း တတ်ကျွမ်းသည့်သူများနှင့် ညှိနှိုင်းကာ မူရင်း ပါဠိဘာသာ၏အောက်တွင် ရေးသားဖော်ပြရပါသည်။
၎င်းအရာတို့မှာ ကျွန်ုပ်အတွက် လွန်စွာခက်ခဲသောအလုပ်များ ဖြစ်ပေသည်။ သို့ရာတွင် ထိုအရာတို့ထက် ပို၍ခက်ခဲသည့်အရာမှာ စာပေသဘောအရ ရသမြောက်စေရန် ဖန်တီးရခြင်းပင် ဖြစ်၏။ ကျွန်ုပ်သည် ပင်ကိုကပင် စာရေးသားခြင်းအလုပ်နှင့် လွန်စွာစိမ်းရသည့်အထဲတွင် ရသမြောက်စေရန်ဖန်တီးရခြင်းမှာ ကျွန်ုပ်အတွက် အခက်ဆုံး ဖြစ်လာတော့၏။
ကျွန်ုပ်မျှော်လင့်သည့်အတိုင်း ရသမြောက်သည် မမြောက်သည်ကိုမူ ကျွန်ုပ်ကိုယ်တိုင် လုံးဝမသိရှိသော်လည်း ဤသို့ ရေးနိုင်ရန်အတွက် ကျွန်ုပ်ဖတ်ရှုလေ့လာရသော အလင်္ကာနှင့် ပတ်သက်သည့် မြန်မာ အင်္ဂလိပ်စာအုပ်တို့မှာမူ မြင်မကောင်းအောင် ရှိလေတော့၏။
ဤသို့နှင့်ပင် လုံးဝဖတ်ရှု၍မရသော မနုစာရီအကြောင်း စာထုပ်ကြီးကား အတော်အတန် ဖတ်ချင်စဖွယ်ရှိသော စာထုပ် ကြီး အဖြစ်သို့ ရောက်ရှိလေတော့သတည်း။
<><><><><><><><><>—————<><><><><><>
အပိုင်း ၁၀- ဆက်ပါဦးမည်>>>>>>
Hey, I think your website might be having browser compatibility issues. When I look at your blog site in Safari, it looks fine but when opening in Internet Explorer, it has some overlapping. I just wanted to give you a quick heads up! Other then that, fantastic blog!