
မနုစာရီ – အပိုင်း (၃)
* * * မနုစာရီ * * * ( ၃ )
ဗိုလ်နန်းဝေ ထူးဆန်းစွာပျောက်ဆုံးခြင်း
တစ်နေ့သ၌ ကျွန်ုပ်သည် ဆိုင်ဖွင့်ပြီးနောက် လချုပ်စာရင်းများ ရေးသွင်းရန်ရှိသည်နှင့် ရေးသွင်းနေစဉ်၌ ကျွန်ုပ်ထံသို့ ကျွန်ုပ်၏မိတ်ဆွေ ကိုစိန်ရသည် အဖော်တစ်ယောက်နှင့်အတူ ရေးကြီးသုတ်ပြာနှင့် ရောက်လာလေတော့၏။
“ဆိုစမ်းပါဦး အိုင်ဆေး၊ ဘာများ အရေးကြီးလာသလဲ”
“အရေးကြီးတယ်၊ သိပ်ပြီး အရေးကြီးတယ်။ ကျုပ်တို့ လက်ဖတင်နင် နန်းဝေတော့ အချုပ်ထဲရောက်နေပြီ၊ အဲဒါ ခင်ဗျားကို လာပြောတာပဲ”
“ဗျာ… ဒါနဲ့ ကျုပ်တို့ ဟိုတယ်မှာ ထမင်းစားကြတဲ့ညက နောက်တစ်နေ့ဆိုရင် ကျောက်ဆည်ကို လက်ဖတင်နင် နန်းဝေ က သွားမယ်ဆို ခုထိ မသွားဖြစ်သေးဘူးလား”
“သွားဖြစ်ပါတယ်ဗျာ၊ အဖမ်းခံရတယ်ဆိုတာလည်း ကျောက်ဆည်မှာ အဖမ်းခံရတာပါ”
“အခု လက်ဖတင်နန် နန်းဝေက ဘယ်မှာလဲ ကိုစိန်ရ”
“ကျောက်ဆည် ရဲအချုပ်ခန်းမှာပေါ့ဗျာ၊ ကျုပ်လည်း ဘာမှ မသိရဘူး။ ဟောဒီမိတ်ဆွေ လာပြောလို့ သိရတာ၊ ဒါနဲ့ ကျုပ်လည်း မိတ်ဆွေကိုပါ တစ်ပါတည်း ခင်ဗျားဆီ ခေါ်လာခဲ့တာပဲ။
ဒါမှ အဖြစ်အပျက်ကို ခင်ဗျားအနေနဲ့ ပြည့်ပြည့်စုံစုံ သိရမယ်၊ ဒီလို သိရမှလည်း ကျုပ်က ဘယ်လိုလုပ်သင့်တယ်ဆိုတာ အကြံဉာဏ်ပေးနိုင်မယ်။ ဟောဒီ မိတ်ဆွေက ဝိုင်းဝိဇ္ဇာကိုပေါ်ကာတဲ့ ခြင်းခတ်မှာတော့ ဝိဇ္ဇာပေါ့ဗျာ။ ကိုပေါ်ကာ ဟောဒါကတော့ ကျုပ်ရဲ့မိတ်ဆွေဆိုလည်း ဟုတ်ရဲ့၊ ညီအစ်ကိုဆိုလည်း ဟုတ်ရဲ့ပေါ့ဗျာ။ ဦးအောင်ထွန်းလို့ ခေါ်တယ်”
ကျွန်ုပ်လည်း ကိုစိန်ရ မိတ်ဆက်ပေးလိုက်သော ခြင်းဝိဇ္ဇာ ကိုပေါ်ကာဆိုသူအား အမှတ်တမဲ့ အကဲခတ်ကြည့်လိုက်မိရာ အသား ညိုညို အရပ်ပုပုနှင့် ဦးခေါင်းမှာလည်း နောက်စေ့ထွက်လှသော ဦးခေါင်းမျိုးဖြစ်၍ သူ၏ ပုံသဏ္ဌာန်မှာ ခုန်ပျံ လှုပ်ရှားနေရမည့် အလုပ်မျိုး၌ အထူးသင့်လျော်လှသည့် ပုံသဏ္ဌာန် ဖြစ်ပေရာ ‘ခြင်းဝိဇ္ဇာ’ အဖြစ်နှင့် နာမည်ကြီးခြင်းမှာ များစွာ အံ့ဩဖွယ်ရာ မဟုတ်တော့သကဲ့သို့ ဖြစ်၏။
“ကျုပ်တို့က မိတ်ဆွေ ကိုပေါ်ကာတို့လို လူသိများတဲ့ ပုဂ္ဂိုလ်မဟုတ်ပေဘူး။ ဒါကြောင့် ကိုပေါ်ကာက ကျုပ်ကို မသိပေမဲ့ ကျုပ်ကတော့ ကိုပေါ်ကာကို သိပါတယ်။ ရွာမဘုန်းကြီး ပျံပွဲမှာ ခတ်ပြတုန်းက ကျုပ်လာပြီး ကြည့်ပါသေးတယ်။ ဆရာ လော်ပေါ်တို့ ဆရာထွန်းတင်တို့ရဲ့ ခြေရာကို နင်းနိုင်ဖို့ သိပ်ပြီးကြိုးစားရမယ်လို့ မထင်ပါဘူးလို့တောင် ကိုပေါ်ကာနဲ့ ပတ်သက်လို့ မိတ်ဆွေတစ်ယောက်ကို ပြောမိသေးတယ်”
“ဦးအာင်ထွန်းပြောတာလည်း ဟုတ်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်အနေနဲ့ အခုနေအခါမှာ သိပ်ပြီး မကြိုးစားနိုင်ဘူး ခင်ဗျာ။ ဝမ်းရေးကရှိလေတော့ ခြင်းခတ်ကျင့်ရတယ်မရှိဘဲ ခြင်းလုံးရုံတွေအတွက် ကြိမ်ဝယ်ပေးတဲ့ အလုပ်ကို လုပ်နေရလေတော့ ခရီးပဲ ထွက်နေရတော့တာပါပဲ ခင်ဗျ”
“ကဲ.. ကျုပ်တို့ လက်ဖတင်နင်နန်းဝေအကြောင်းလေး ရှင်းပြစမ်းပါဦး ကိုပေါ်ကာ”
“ဒီလိုခင်ဗျ။ ကျွန်တော် မန္တလေးက အပြန် ရထားပေါ်မှာ လူတစ်ယောက်နဲ့ စကားစပ်မိပြီး ကာယသိဒ္ဓိ၊ ပီယသိဒ္ဓိစတဲ့
ဆေးဘက်မှာ အစွမ်းထက်တဲ့ဘုန်ကြီးတစ်ပါး ကျောက်ဆည်မှာ ရှိတယ်လို့သိရတာနဲ့ ကျွန်တော်က ကျောက်ဆည်ကို ဝင်ပြီး အဲဒီဘုန်းကြီးကို ရှာတယ် ခင်ဗျာ၊ ကျောက်ဆည် ဈေးနားမှာ မမျှော်လင့်ဘဲ ဗိုလ်နန်းဝေနဲ့ သွားပြီး တွေ့တော့တာပဲ”
“ကိုပေါ်ကာနဲ့ ဗိုလ်နန်းဝေ ဘယ်တုန်းကတည်းက သိကြသလဲဗျ”
“ကြာပါပြီခင်ဗျာ၊ သူနိုင်ငံခြားကို စစ်သံအဖွဲ့နဲ့ မသွားခင်ကတည်းက သိကြတာပါ။ အဲဒီလို နှစ်ယောက်သား တွေ့ကြ
တော့ အေးအေးဆေးဆေး စကားပြောရအောင်ဆိုပြီး ဈေးထဲ ကလက်ဖက်ရည်ဆိုင် တစ်ဆိုင်မှာ လက်ဖက်ရည် ဝင်သောက်ကြတယ်ခင်ဗျ။ အဲဒီမှာ သူနဲ့ ကျွန်တော် ရှေးဟောင်းနှောင်းဖြစ်တွေ ပြောရင်ရယ်မောနေကြတုန်း ဆိုင်ရှေ့ကားလမ်းပေါ်က ကုလားမတစ်ယောက် လျှောက်သွားတယ်။ အဲဒီကုလားမရဲ့ လက်မောင်းမှာ ဂျေရာတံဆိပ်ကလေး တစ်ခု ဆေးမင်ထိုးထားတာ ထင်းနေတာပဲဗျ၊ အဲဒါကို ကျွန်တော်ကလှမ်းပြီး မြင်လိုက်တော့ ကျွန်တော့်စိတ်ထဲမှာ ဒီကုလားမတော့ ဒီတံဆိပ်ထိုးရတာ တော်တော်နာရှာမှာပဲလို့ အောက်မေ့မိတာနဲ့ ဘာရယ်လို့တော့မဟုတ်ပါဘူး။ ကျွန်တော်က “ဗိုလ်နန်းဝေ ဟိုမှာ ကြည့်စမ်း။ ကုလားမလက်မောင်းမှာ ဆေးထိုးထားတာ တော်တော် နာမယ်ဗျ” လို့ ပြောလည်း ပြောလိုက်ရော ဗိုလ်နန်းဝေဟာ ကုလားမကိုလှမ်းကြည့်ပြီး လက်ဖက်ရည်ဆိုင်က ဓားတစ်ချောင်းကိုယူပြီး ပြေးလိုက်သွားတော့တာပါပဲ”
“ကိုပေါ်ကာက ဆွဲမထားလိုက်ဘူးလား။ ဒီလို မေးတာတော့ စိတ်မရှိပါနဲ့နော်၊ ပိုပြီးပြည့်စုံအောင် မေးရတာပါ”
“ဒီလို ဖြစ်လိမ့်မယ်မှ မထင်ဘဲ ဦးအောင်ထွန်းရွာ၊ ကျွန်တော်လည်း အစမှာတော့ ကြောင်သွားတာပေါ့ဗျာ၊ ကျွန်တော် လိုက်ပြီး ဆွဲတဲ့အချိန်ကျတော့ ကုလားမကို လက်ဖြတ်ပြီးနေပြီ”
““ဘယ်လိုဗျ”
“ဒီလိုလေ ဦးအောင်ထွန်းရ၊ ကျွန်တော်က ကုလားမလက်မှာ ထိုးထားတာတွေ့လို့ ကုလားမတော့ နာရှာမှာပဲလို့ပြောလည်းပြောရော ဗိုလ်နန်းဝေက ကုလားမကိုလှမ်းကြည့်ပြီး လက်ဖက်ရည်ဆိုင်ကဓားနဲ့ ကုလားမလက်ကို လိုက်ပြီးဖြတ်ချလိုက်တာဗျာ”
“ဘယ်လိုကြောင့် ဖြတ်ပစ်လိုက်ရတာလဲ ကိုပေါ်ကာ”
“ကုလားမလက်ကို ဖြတ်ပြီးပြီးချင်း ကျွန်တော်ရောက်သွားတော့ လက်ပြတ်ကြီးဟာဗျာလမ်းပေါ်မှာ တဆတ်ဆတ်ခုန်နေတာ အသည်းယားစရာကြီးပါပဲ။ ကုလားမကတော့ ခွေလဲကျသွားပြီး သတိလစ်သွားတော့တာပဲဗျို၊ ဗိုလ်နန်းဝေဟာ အဲဒီ လက်ပြတ်ကြီးကို ကောက်ပြီးယူလိုက်တယ်။ ကျွန်တော်က ဘယ်လိုလုပ်လိုက်တာလဲ ဗိုလ်နန်းဝေလို့ မေးကြည့်တော့ ကျွန်တော့်ချစ်သူရဲ့ လက်ပါဗျာလို့ ပြန်ပြောသေးတယ်။
အဲဒီအချိန်မှာ သူ့ကိုကြည့်ရတာဟာ တစ်မျိုးကြီးပဲ၊ မူးယစ်စေတတ်တဲ့ ဆေးဝါးတစ်ခုကို သုံးထားသလိုလို စိတ်ညှို့ခံထား ရတဲ့ လူလိုလို သူ့မျက်စိတွေဟာ ရီဝေဝေ ဖြစ်နေတာကိုတော့ ကျွန်တော်သတိထားမိတယ်။ ဒါပေမဲ့ သိပ်မကြာဘူးခင်ဗျ။ ဗိုလ်နန်းဝေဟာ သတိပြန်ရလာပုံ ရတယ်။ ကိုပေါ်ကာရေ …ကျွန်တော် မှားသွားပြီလို့ ပြောတော့တယ်ခင်ဗျ။ ဈေးနားဆို
တော့ဗျာ လူတွေကလည်း ချက်ချင်း ပိုင်းအုံလာလိုက်တာ ပွဲကျနေတာပဲဗျာ၊ သတိရတာနဲ့ တစ်ပြိုင်တည်း ဗိုလ်နန်းဝေဟာ ကိုင်ထားတဲ့ လက်ပြတ်ကြီးကိုရော ဓားကိုရော ပစ်ချလိုက်တော့တယ်။ နောက်တော့ ရဲတွေ ရောက်လာပြီး လက်ထိပ်ခပ်ကြတော့တာပါပဲ။ ကျွန်တော်လည်းဌာနာကို လိုက်သွားပါတယ်။ ဗိုလ်နန်းဝေကို ကျွန်တော်က အိမ်ကို အကြောင်းကြားပေးမယ် လို့ပြောတော့ သူကငြင်းနေပါသေးတယ်။ တစ်ညစောင့်ပြီး နောက်တစ်နေ့ မိုးလင်းမှ ကျွန်တော်မေးလွန်းမကမေးလို့ ကျွန်တော့်ကိုအားနာပြီး ဟောဒီ ဦးစိန်ရရဲ့ လိပ်စာကို ရေးပေးလိုက်တယ်။
ကျွန်တော်လည်း မီရာ ရထားနဲ့ လိုက်လာခဲ့တာပဲ ခင်ဗျ”
ခြင်းဝိဇ္ဇာ ကိုပေါ်ကာသည် ပြောပြပြီးနောက် အနည်းငယ် စိတ်အိုက်သွားဟန်ဖြင့် ကျိုးတိုးကျဲတဲနိုင်လှသော ဆံပင်များသာရှိသည့် သူ၏ ဦးခေါင်းလုံးလုံးကလေးအား ပွတ်နေလေတော့၏။
ကျွန်ုပ်သည် မိနစ်အတော်ကြာသည်အထိ တစ်စုံတစ်ရာ ပြောနိုင်ခြင်းမရှိဘဲ ချောမောသန့်ပြန့်၍ ယောက်ျားပီသလှသော လက် ဖတင်နင် နန်းဝေဆိုသည့် လူငယ်ကလေး တစ်ဦးသည် ထိတ်လန့်ဖွယ်ရာ ပြစ်မှုကြီးတစ်ခုကို ကျူးလွန်ပြီးနောက် အဖမ်းဆီးအချုပ်အနှောင် ခံနေရသည့်အဖြစ်ကို တွေးမိ၍ စိတ်မကောင်းဖြစ်နေမိ၏။
“ကဲ…ကိုအောင်ထွန်း၊ ဘယ်လိုလုပ်ရရင် ကောင်းမလဲ၊ အကြံပေးစမ်းပါဦး”
ကိုစိန်ရက ကျွန်ုပ်အား အကြံတောင်းလိုက်သဖြင့် ကျွန်ုပ်သည် လက်ဖတင်နင် နန်းဝင်အကြောင်းစဉ်းစား၍ စိတ်မကောင်းဖြစ်နေရာမှ တစ်စုံတစ်ခုကိုဆုံးဖြတ်၍ အကြံပေးလိုက်ရန်အတွက် အနည်းငယ် စဉ်းစားလိုက်ပြီးနောက်
“ကိုစိန်ရ၊ ဒီညနေ ရထားနဲ့ ကျောက်ဆည်ကို လိုက်သွားပေါ့၊ ဟိုရောက်လို့ ကျုပ်အကူအညီလိုရင် ချက်ချင်းသံကြိုး ရိုက်လိုက်ပါ။ ကျုပ်လိုက်ခဲ့ပါမယ်”
ကိုစိန်ရနှင့် ကိုပေါ်ကာလည်း ကျွန်ုပ်၏အကြံပေးချက်အတိုင်းလိုက်နာ၍ ကျောက်ဆည်သို့ ညနေရထားဖြင့် လိုက်ပါသွားရန် ပြင်ဆင်စရာကလေးများကို ပြင်ဆင်ရဦးမည်ဟုဆိုကာ ကျွန်ုပ်အား နှုတ်ဆက်၍ ပြန်သွားကြလေ၏၊ ထိုနေ့ညနေက ကျွန်ုပ်သည် ကိုစိန်ရနှင့် ကိုပေါ်ကာအား ဘူတာကြီးသို့ လိုက်ပို့ခဲ့လေ၏။
ကိုစိန်ရသည် ထိုသို့လိုက်သွားပြီး သုံးရက်မြောက်သောနေ့၌ ကျွန်ုပ်ထံသို့ ရောက်လာလေ၏။ ကျွန်ုပ်ကလည်း အားရ ဝမ်းသာနှင့် ဆီးကြိုကာ လက်ဖတင်နင် နန်းဝေ၏ သတင်းကို မေးမြန်းလေ၏။
“ဘယ်လိုလဲ ကိုစိန်ရ၊ လက်ဖတင်နင် နန်းဝေကိစ္စ အဆင်ပြေခဲ့ ရဲ့လား”
“အဆင်ပြေတယ်တော့ မဟုတ်ပါဘူးဗျာ။ သတင်းစာထဲမှာ သတင်းမပါအောင်တော့ ကျုပ် ငွေ ၂၀၀ဝိ/ လောက် အသုံးချရလိုက်တယ်။ ဒါပေမဲ့ တချို့ သတင်းစာကလေးတွေမှာတော့ သတင်းတိုကလေးအဖြစ် ပါလိမ့်မယ်“
“ဘယ်လိုဖြစ်လို့ ဒီလိုလုပ်လိုက်ရတာလဲဗျ ခင်ဗျာ။ သူ့ကို မေးမကြည့်ဘူးလား”
“ကျုပ်မေးပြီလား.. ဒါပေမဲ့ သူကိုယ်တိုင် ရေရေရာရာ မပြောနိုင်ဘူး သတိလစ်ပြီး ဖြစ်သွားတယ်လို့ပဲ ပြောတာပဲ၊ လောလောဆယ် ငွေ ၃ဝဝဝိ/- ကိုလည်း ကုလားမကို လက်ဖတင်နင် နန်းဝေက ပေးပါတယ်။ အမှုသက်သာအောင် ပေးတဲ့သဘော မဟုတ်ပါဘူးတဲ့။ အပြစ်ကတော့ သူ့ထိုက်နဲ့ သူ့ကံရှိပါလိမ့်မယ်လို့ ပြောပြီး ပေးလိုက်တယ်”
“အမှုအခြေအနေက ဘယ်လိုရှိသလဲဗျ”
“အမှုအခြေအနေကတော့ လက်ဖတင်နန်းဝေဟာ တပ်ကထွက်သွားတယ်ဆိုပေမဲ့ ထွက်ဆဲခွင့် တစ်နှစ်မပြည့်သေးတဲ့အတွက် သူဟာ အရပ်သားတစ်ယောက် မဖြစ်သေးဘူး မဟုတ်လား။ ဒီတော့ သူ့အမှုကို ရဲကမကိုင်ဘဲနဲ့ စစ်ဘက်ကို လွှဲပေးလိုက်တယ်။ ဒါကြောင့် မနေ့ကပဲ ကျပ်တို့နဲ့အတူတူ ရန်ကုန်ကို ရထားနဲ့ ပို့လိုက်ပြီ၊ လောလောဆယ်တော့ ဘာလမ်းစတီးဝပ်အချုပ်မှာ ချုပ်ထားတယ်။ ရဲဘက်ကနေ စစ်ဘက်ကို အပြီးအပိုင် လွှဲလိုက်ရင်တော့ စစ်ဘက်က
လာထုတ်ပြီး စစ်တရားခုံရုံး အကျဉ်းမှာ စစ်ဆေးပြီး အပြစ်လိမ့်မယ် ကိုအောင်ထွန်း”
“ဒါဖြင့် အခု လက်ဖတင်နင် နန်းဝေ ဘာလမ်း စတီးဝပ် အချုပ်မှာ ရှိတယ်ပေါ့” (မှတ်ချက်- ယခုအခါ ဘားလမ်းကို မဟာဗန္ဓုလပန်းခြံလမ်း ခေါ်သည်။ စတီးဝပ် အချုပ်ခန်းမှာ ယခုအခါ စုပေါဒ်တရားရုံးကြီးမှ ရုံးထုတ်တရားခံများ ခေတ္တချုပ်နှောင်ရာ အချုပ်ခန်း ဖြစ်သည်။)
“ဟုတ်ကဲ့ ရှိပါတယ်”
“ဒီလိုဆိုရင် ကျုပ် တွေ့ချင်တယ်ဗျာ၊ သွားတွေ့ရအောင်”
“ဒီအချိန် တွေ့ ခွင့်မပေးတော့ဘူးဗျ၊ မနက် ၇ နာရီကနေ ၁ဝ နာရီအတွင်းပဲ တွေ့ခွင့်ပေးတာ၊ တရားခံတွေ တရားရုံး ထုတ်တဲ့အချိန်ပေါ့ဗျာ၊ မနက်မှပဲ သွားတွေ့ကြတာပေါ့”
“ကိုစိန်ရ၊ လက်ဖြတ်ခံရတဲ့ ကုလားမနဲ့ တွေ့သေးလား”
“တွေ့ပါတယ်ဗျာ၊ ဆေးရုံပေါ်မှာ ကုလားမကငိုလို့ စကားကောင်းကောင်း မပြောခဲ့ရပါဘူး။ သူ့လက်ပြတ်ကြီးကိုတော့
ဂါတ်တဲမှာ ကြည့်ခဲ့ပါတယ်။ လက်ဖတင်နင် နန်းဝေ ကျုပ်တို့ကို ဟိုတယ်မှာ ရေခဲရေနဲ့ရေးပြတဲ့ “ဂျေရာ” ဆိုတဲ့တံဆိပ်ကလေးမျိုး ပါတယ်ဗျ”
“ကျပ် စဉ်းစားရကြပ်နေတယ်ဗျာ၊ လက်ဖတင်နင် နန်းဝေ နဲ့ ရည်းစား ဘီဘီလက်ပြတ်ရယ်၊ လက်ဖတင်နင် နန်းဝေ ဘီဘီကို ရှာရင်း တွေ့ခဲ့တဲ့ နတ်ကွန်းက နတ်သမီးရုပ်ရဲ့ လက်ပြတ်ရယ်၊ အခု ကုလားမရဲ့ လက်ပြတ်ရယ်၊ ဂျေရာဆိုတဲ့ တံဆိပ်ကလေးရယ်ဟာ ဘယ်ပုံဘယ်နည်းဆက်နွယ်နေသလဲဆိုတာ တွေးစရာကြီးပဲဗျ”
“ကိုအောင်ထွန်းပြောတာ ဟုတ်ပါတယ်၊ ကျုပ်လည်း ဒီအတိုင်းပဲ စဉ်းစားမိတာပါပဲ။ လက်ဖတင်နင် နန်းဝေ တွေ့ခဲ့တဲ့ နတ်ကွန်းက နတ်သမီးဟာ ကလယ်လူမျိုးစု တစ်စုက လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးထောင်နီးပါးလောက်က ကိုးကွယ်လာခဲ့တာ ဆိုတော့ ကျုပ်တို့ ဂေါတမမြတ်စွာဘုရားတောင် ပွင့်သေးတာမှ မဟုတ်ဘဲ၊ အဲဒီတုန်းက နတ်သမီးရဲ့ လက်မှာပါတဲ့ “ဂျေရာ”ဆိုတဲ့ တံဆိပ်ဟာ ကျောက်ဆည်မြို့က ကုလားမတစ်ယောက်ရဲ့ လက်မှာပါတဲ့ “ဂျေရာ” ဆိုတဲ့ တံဆိပ်နဲ့ ဘယ်လို ဆက်စပ်နိုင်သလဲဆိုတာ တော်တော် စဉ်းစားကြပ်တဲ့ ပြဿနာပဲဗျ”
ကျွန်ုပ်နှင့် ကိုစိန်ရတို့သည် လက်ဖတင်နင် နန်းဝေနှင့် ပတ်သက်၍လည်းကောင်း၊ ကျွန်ုပ်ကို့ နှစ်ဦးစလုံး နားမလည်ကြသည့် “ဂျေရာ” ဆိုသည့်တံဆိပ်နှင့် ပတ်သက်၍လည်းကောင်း၊ နာရီအတော်ကြာသည်အထိ ဆွေးနွေးကြပြီးနောက် လူချင်းခွဲကြ၏။
ကျွန်ုပ်သည် ထိုနေ့ညက အိပ်၍မပျော်သည်နှင့် မအူကုန်းထိပ်ရှိ ကာကာလက်ဖက်ရည်ဆိုင်၌ ကျွန်ုပ်၏တပည့် လူပုလေး ပိုင်းမောင်နှင့်အတူ ရောက်တတ်ရာရာ စကားများကိုပြောဆိုရင်း ညည့်နက်ခဲ့လေ၏။ ထိုသို့ ညည့်နက်သည့်တိုင်အောင် အိပ်မပျော်ခဲ့သည်ကိုအတိုးချ၍ နောက်တစ်နေ့တွင် နေမြင့်သည့်တိုင်အောင် အိပ်မည်ဟုအားခဲထားသော်လည်း နံနက် ၈ နာရီလောက်တွင် ကျွန်ုပ်ထံသို့ ကိုစိန်ရ ရောက်လာသဖြင့် လူပုလေး ဝိုင်းမောင်က ကျွန်ုပ်အား နှိုးခဲ့လေ၏။
“ဘယ်လိုလဲ ကိုစိန်ရလက်ဖတင်နင် နန်းဝေဆီကို သွားတော့မလို့လား”
“မဟုတ်ဘူး ကိုအောင်ထွန်းရေ၊ ထူးထူးဆန်းဆန်းတွေတော့ ဖြစ်ကုန်ပြီဗျို့ ကိုနန်းဝေ စတီးဝပ်မှာ မရှိတော့ဘူး”
“ဘာဖြစ်လို့ မရှိတောတာလဲ စစ်တပ်ကလာခေါ်သွားပြီလား”
“ဘယ်ကလာ စစ်တပ်က လာခေါ်ရမှာတုန်းဗျာ၊ အချုပ်ခန်းထဲကနေ ကျုပ်တို့လူ ပျောက်သွားပြီ”
”ကျွန်ုပ်သည် ယောင်ယမ်း၍ ‘အို’ ဟု တစ်လုံးတည်းသာ ရေရွတ်နိုင်လေ၏။ ကိုစိန်ရက ဆက်၍ ပြောပြန်သည်မှာလည်း ကျွန်ုပ်သည် ကျွန်ုပ်၏ နားကိုပင် မယုံနိုင်အောင်ပင် ရှိလေတော့၏။
“မနက် ၆ နာရီလောက်မှာ စတီးဝပ်ကရဲတွေ ကျုပ်ကိုအကြောင်းကြားလို့ စတီးဝပ်ကို လိုက်သွားရတယ်။ ဟိုကျ
တော့ ရဲမှူးက ခင်ဗျားညီ ဗိုလ်နန်းဝေတော့ အချုပ်ခန်းကနေ ပျောက်သွားပြီ။ ထူးဆန်းတာကတော့ ဖောက်ထွင်းရာလည်း မတွေ့၊ အချုပ်ခန်းသော့လည်း မပြုတ်ဘူး။ အပြင်ဘက်က တံခါးမကြီးသော့လည်း မပြုတ်ဘူး။ ကျုပ်တို့ရဲတွေလည်း မစဉ်းစားတတ်အောင်ဖြစ်နေပြီ။ အမှုကလည်း စစ်ဘက်ကို လွှဲရမဲ့အမှုဆိုတော့ ပိုပြီး ခေါင်းကြိမ်းလှတယ်ဗျာလို့
ပြောတယ်၊ အဲဒါကြောင့် ခင်ဗျားကို ကျုပ်လာခေါ်တာပဲ။ ဒီတော့မှ ခင်ဗျားလည်း ပြည့်ပြည့်စုံစုံသိရမယ် မဟုတ်လား”
ကျွန်ုပ်သည် ကိုစိန်ရ၏ စကားဆုံးသည်နှင့် တစ်ပြိုင်နက် တစ်လုံးတစ်ပါဒမျှ ပြန်၍ပြောခြင်း၊ မေးခြင်းများ မပြုတော့ဘဲ အမြန်ဆုံးမျက်နှာသစ်ကာ အဝတ်ကောက်၍ ဝတ်ပြီးလျှင် ကိုစိန်ရနှင့်အတူ ဘားလမ်းစတီးဝပ် အချုပ်ခန်းသို့ လိုက်ခဲ့လေတော့၏။ (မှတ်ချက်- ယခုအခါ ဘားလမ်းကို မဟာဗန္ဓုလပန်းခြံလမ်းဟု ခေါ်သည်။)
ကျွန်ုပ်တို့နှစ်ဦးသည် စတီးဝပ် အချုပ်ခန်းအပေါ်ထပ်တွင်နေသော ရဲမှူးထံသို့ သွားရောက် တွေ့ဆုံကြ၏။ ရဲမှူးသည် တာဝန်ကျေပွန်ပုံရ၍ သဘောကောင်းပုံလည်းရကာ ကျွန်ုပ်တို့အားကော်ဖီများဖြင့် ဧည့်ခံကာ ချေချေငံငံ ဆက်ဆံပြောဆို ရုံမျှမက ကျွန်ုပ်တို့ မေးသမျှကိုလည်း စိတ်ရှည်လက်ရှည်နှင့် ဖြေဆိုခဲ့လေ၏။
“အိုင်ပီကို တစ်ခု မေးပါရစေ၊ အချုပ်ခန်းသော့က ဘယ်သူသိမ်းတာလဲ” ဟု ကျွန်ုပ်က ရဲမှူးအား မေး၏။
“အပြင်တံခါးမကြီးရဲ့ သော့ရော၊ အတွင်းက တရားခံတွေထားတဲ့ အခန်းကလေးတွေရဲ့ သော့ပါ ကျွန်တော် သိမ်းထားတယ်။ ည ၆-နာရီထိုးတာနဲ့ တရားခံတွေကို လက်ခံစာရင်းနဲ့တိုက်ပြီး ရှိ မရှိ စစ်ဆေးပြီးမှ အစောင့် ရဲသားသုံးဦးနဲ့ ဂါတ် စာရေးတစ်ဦးက သံတိုင်တွေ၊ သံဇကာတွေကို စစ်ဆေးပြီး တရားခံလက်ခံရရှိ စစ်ဆေးတဲ့အခါမှာလည်း ကျွန်တော် ကိုယ်တိုင်ပါရပါတယ်။ ပုံစံမှာ လက်မှတ်ထိုးပြီး ကျွန်တော့်ကို သော့တွဲနဲ့တကွ အပ်ပါတယ်။ ကျွန်တော်ကလည်း တရားခံ
စာရင်းနဲ့ သော့တွဲရရှိကြောင်းကို လက်မှတ်ထိုးပြီး ဂါတ်စာရေးနဲ့ ရဲသားတွေကို စာရွက်တစ်ရွက် ပြန်ပေးရပါတယ်”
“တော်တော် တိတိကျကျ ရှိသားပဲဗျ”
“တိကျရတာပေါ့ ခင်ဗျာ၊ တရားခံလွတ်သွားရင် ကျွန်တော်တို့က ရာထူးကျ၊ အမှုကြီးရင် အလုပ်တောင် ပြုတ်နိုင်တယ်၊
ထောင်လည်း ကျနိုင်တာကိုး။ ပြီးတော့ တရားခံတစ်ဦးကို လွှတ်ပေးချင်တယ်ထားဦး၊ ရဲသားသုံးယောက်နဲ့ ဂါတ်စာရေးက အချုပ်ခန်းရဲ့ရှေ့မှာ တစ်ညလုံး ရှိနေတယ်။ သူတို့က လွှတ်ပေးချင်ပြန်ရင်လည်း သော့က ကျွန်တော့်ဆီမှာမို့ ဘယ်လိုမှ မလွယ်ပါဘူး။ စတီးဝပ်မှာ တရားခံပြေးတာကတော့ မဆန်းပါဘူး။ သံတိုင်ဖြတ်ပြီးပြေးတယ် ဖောက်ပြီး ပြေးတယ်၊
ဒါပေမဲ့ အခုဟာကတော့ သိပ်ပြီး ဆန်းနေတယ်။ ဖောက်ထွင်းရာမတွေ့ ၊ သော့မပြုတ်ဘဲနဲ့ တရားခံ ပျောက်သွားတယ်။
ကျွန်တော် စီအိုင်ဒီကို အကြောင်းကြားထားပါပြီ။ ခရိုင်ဝန်ဆီတင်မကဘူး။ စီအိုင်ဒီအထိတောင် တယ်လီဖုန်းနဲ့ အစီရင်ခံ ထားပါတယ်”
ကျွန်ုပ်သည် နောက်ထပ် မေးခွန်းထုတ်စရာပင်မရှိလောက်အောင် ရဲမှူးက ဆိုခဲ့ပြီးဖြစ်သဖြင့် ခပ်ဆိတ်ဆိတ်နေလိုက်ရ၏။ သို့ရာတွင် စတီးဝပ် အချုပ်ခန်းဆိုသည်မှာ တရားခံတစ်ဦးလွတ်မြောက်ထွက်ပြေးရန်အတွက် လွယ်ကူခြင်း၊ ချောင်ခြင်းရှိမရှိ ဝင်ရောက်ကြည့်လိုလှ၏။ ကျွန်ုပ်၏ ပျက်နှာအမူအရာအား ကြည့်ရုံမှုနှင့် ကျွန်ုပ်၏ စိတ်၌ ဖြစ်ပေါ်လျက်ရှိသော အကြံကို ရိပ်မိသော ရဲမှူးက…
“ဒီက မိတ်ဆွေနှစ်ယောက်ကို စတီးဝပ်အချုပ်ခန်းဆိုတာ ထွက်ပြေးဖို့ လွယ်တာမဟုတ်ဘူးဆိုတာ ရဲအရာရှိ တစ်
ယောက်အနေနဲ့ ပြောရတာထက် ကိုယ်တိုင်ဝင်ပြီး လေ့လာကြည့်စေချင်ပါတယ်။ ကျွန်တော်လိုက်ပြီးပြပါ့မယ်ခင်ဗျာ”
“ကောင်းသားပဲ ကြည့်ရတာပေါ့”
ဟု ကျွန်ုပ်က လက်ခံလိုက်သဖြင့် ရဲမှူးသည် ကျွန်ုပ်နှင့် ကိုစိန်ရ အား လွန်စွာနာမည်ကြီးလှသော စတီးဝပ်အချုပ်ခန်းသို့ ခေါ်သွားလေတော့၏။
ရဲမှူးပြောသည့်အတိုင်းပင် အပြင်ဘက်မှ သံတံခါးမကြီးအားဖွင့်ပြီးမှ အတွင်းသို့ရောက်လေ၏။ အချုပ်ခန်းများ၏ အဝသို့ ရောက်လျှင်ပင် ချေးနံ့မှာ နံစော်လှဘိတော့၏။ သိမ်ကြီးဈေး အိမ်သာထက်ပင် ဆိုးဝါးလှတော့၏။
ကျွန်ုပ်သည် နံလွန်းသဖြင့် လက်ကိုင်ပဝါထုတ်ကာ နှာခေါင်းစည်းထားလိုက်မိရာ အချုပ်ခန်းအတွင်း၌ မျက်နှာတွင် လက်ကိုင်ပဝါ စည်းထားခြင်းကို ခွင့်မပြုနိုင်ကြောင်း ပြောလေ၏။ သူ၏ ပြောပြချက်မှာ ရုပ်ဖျက်၍ တရားခံများ လုယူခြင်း၊ ခိုးထုတ်ခြင်းများ မပြုလုပ်နိုင်ရန်အတွက် ဤသို့ စည်းကမ်းထုတ်ထားခြင်း ဖြစ်သည်ဆို၏။ ကျွန်ုပ်လည်း ရဲမှူး ပြောသည့်အတိုင်း မျက်နှာမှ လက်ကိုင်ပဝါကို ဖြုတ်ပစ်လိုက်ရ၏။ အချုပ်ခန်းကလေးများမှာ အစီအရီ အခန်းဖွဲ့ထား၍ သံတံခါးတစ်ခုစီ တပ်ထား၏။ အချုပ်ခန်တိုင်း၌ တရားခံအစေ့အငှ ရှိသော်လည်း လက်ဖတင်နင်နန်းဝေ နေသွားသော အခန်း၌ တစ်စုံတစ်ယောက်မျှ မတွေ့ရပေ။
ရဲမှူးသည် ကိုစိန်ရအား အချုပ်ခန်း၏ အနေအထားနှင့် ဖောက်ထွင်းထွက်ပြေးတတ်သော တရားခံများ၏ ပြုလုပ်လေ့ရှိ ပုံများကို စိတ်ရှည်လက်ရှည်ပြောပြနေစဉ် ကျွန်ုပ်သည် လက်ဖတင်နင် နန်းဝေနေခဲ့သော အချုပ်ခန်းနှင့် မျက်စောင်းထိုး အခန်းတွင်ရှိသော အချုပ်သားတစ်ဦးထံသို့ ချဉ်းကပ်၍ အကျိုးအကြောင်းကို မေးမြန်းကြည့်ရာ ၎င်းအချုပ်သားမှာ “ဒါးပိန်- စိန်လှ” ဆိုသော ဒါးပိန်သား ခါးပိုက်နှိုက် တစ်ဦးဖြစ်ကြောင်း သိရလေ၏။
၎င်းဒါးပိန်စိန်လှက ကျွန်အား အောက်ပါအတိုင်း ပြောပြလေ၏။
“ညက ၁၂-နာရီ ကျော်ကျော်လောက်မှာ ဗိုလ်နန်းဝေရဲ့ အချုပ်ခန်းရှေ့မှာ ကုလားမချောချောကလေး တစ်ယောက်ကို
ကျွန်တော် သေသေချာချာ မြင်ပါတယ်ဆရာ၊ ကျွန်တော်ဖြင့် သိပ်ပြီး အံ့သြသွားတာပဲ၊ ပြီးတော့ စတီးဝပ်ကို တရားခံတွေက ချီးဝပ်လို့တောင် ပြောင်လှောင်ခေါ်ကြရအောင်ကို နံစော်လှတဲ့ နေရာပါဆရာ၊ ဒါပေမဲ့ ည ၁၂နာရီ ကျော်ကျော်လောက်မှာ မွှေးကြိုင်နေတာပဲခင်ဗျာ။ တကယ့်ကို ရေမွှေးတိုက်ထဲရောက်နေတဲ့ အတူပါပဲ။ ဒါပေမဲ့ သိပ်ပြီး မကြာဘူးခင်ဗျ။ ကျွန်တော်လည်း ဘယ်လိုကနေ ဘယ်လို အိပ်ပျော်သွားတယ် မသိပါဘူး။ အစောင့်ရဲတွေ လူဝင်စစ်မှပဲ နိုးတော့တာပဲ။ ပြီးတော့ သူတို့အချင်းချင်း ပြောနေတာကို ကြားရတော့မှ ဗိုလ်နန်းဝေတစ်ယောက် လွတ်ထွက်သွားတယ်ဆိုတာ သိရ ပါတယ်”
ဒါးပိန်စိန်လှသည် ဤသို့ပြောပြပြီးနောက် ကျွန်ုပ်အား ရဲအရာ ရှိတစ်ဦးဟုထင်မှတ်ကာ အခွင့်အရေးများ တောင်းဆို ပူဆာနေသဖြင့် ကျွန်ုပ်က ရဲအရာရှိမဟုတ်ကြောင်း ဗိုလ်နန်းဝေ၏ အစ်ကိုများ ဖြစ်ကြောင်း ပြောဆို၍ ကိုစိန်နှင့် ရဲမှူးတို့စကား ပြောနေသည့် နေရာသို့ ခတ်သုတ်သုတ် ပြန်ခဲ့ရလေ၏။
ရဲမှူးသည် ကျွန်ုပ်နှင့် ကိုစိန်ရအား ကျေနပ်သည်အထိ ရှင်းပြပြီးနောက် သက်ဆိုင်ရာမှ အပူတပြင်းလိုက်နေပြီ ဖြစ်ကြောင်း၊ မိသည်နှင့် တစ်ပြိုက်နက် အကြောင်းကြားမည် ဖြစ်ကြောင်းများကို ပြောဆို၍ ကျွန်ုပ်တို့နှစ်ဦးအား အချုပ်ခန်း အပြင်ဘက်ရှိ ပလက်ဖောင်းပေါ်သို့ တိုင်အောင် လိုက်၍ပို့လေ၏။
ကျွန်ုပ်နှင့် ကိုစိန်ရလည်း ဘားလမ်းထိပ်ရှိ ဗန္ဓုလလက်ဖက်ရည်ဆိုင်၌ လက်ဖက်ရည်နောက်ထပ် တစ်ခွက်စီထပ်၍ သောက်ကြပြီးနောက် လမ်းခွဲခဲ့ကြလေ၏။
(မှတ်ချက်- ယခုအခါ ဘားလမ်းကို မဟာဗန္ဓုလပန်းခြံလမ်းဟု ခေါ်သည်။)
နောက်တစ်နေ့နံနက်ပိုင်းတွင် ကိုစိန်ရသည် ကျွန်ုပ်၏ ကျူရီယိုဆိုင်သို့ ထွက်သမျှ သတင်းစာများကိုင်၍ ရောက်ရှိလာပြီးလျှင်
“လက်ဖတင်နင်နန်းဝေ သတင်းတော့ အစောင်တိုင်းမှာ ပါတယ်…ရော့ဗျာ”
ဟုဆိုကာ ကျွန်ုပ်၏ စားပွဲပေါ်သို့ သတင်းစာများအား တင်ပေးလေ၏။ ကျွန်ုပ်လည်း ၎င်းသတင်းစာများအနက်မှ မြန်မာ့အလင်း သတင်းစာအား လှန်၍ကြည့်လိုက်ရာ မျက်နှာဖုံးပေါ်၌ ခြောက်လိုင်းစာလုံးကြီးနှင့် ရိုက်နှိပ်ထားသည့်
“ဖောက်ထွင်းရာမတွေ့၊ သော့မပြုတ်ဘဲ စတီးဝပ်အချုပ်ခန်းမှ တရားခံတစ်ဦး ထူးဆန်းစွာ ပျောက်ဆုံးခြင်း”
ထိုခေါင်းကြီးအား ဖတ်ရှုရပြီးနောက် လက်ဖတင်နင်နန်းဝေ၏ သတင်းအား တခမ်းတနား ရေးသားဖော်ပြထားသည်ကို ဖတ်ရှုရလေ၏။ ကျွန်ုပ်လည်း သတင်းစာတိုင်းမှ လက်ဖတင်နင် နန်းဝေ၏ သတင်းများအား တစ်ခုမကျန် ရှာဖွေဖတ်ရှုပြီးနောက် ကိုစိန်ရအား မည်သို့ ထင်မြင်ယူဆသနည်းဟု မေးကြည့်ရာ.. .
“ကျုပ်တော့ ဒီကိစ္စကို မစဉ်းစားတော့ဘူးဗျာ၊ လက်ဖတင်နင်နန်းဝေရဲ့ ကိစ္စက ရိုးရိုးကိစ္စမှ မဟုတ်ဘဲဗျ။ (Super : Natural) လို့ခေါ်တဲ့ သဘာဝလွန်အကြောင်းအရာတွေ ပါနေတယ်။ ရှေးဟောင်းအိန္ဒိယ တိုင်းရင်းသားတွေရဲ့ လောကီ အတတ်၊ မှော်အတတ်လိုဟာမျိုးတွေလည်း ပါနေတယ်လို့ ကျုပ်ထင်တယ်။ ကျုပ်တို့က သဘာဝနဲ့တိုင်းထွာပြီး စဉ်းစား မှဗျ။ ဒီလိုကိစ္စတွေက သဘာဝတရားနဲ့ စဉ်းစားလို့ရတာမျိုးမဟုတ်လေတော့ ကျုပ်တော့ဖြင့် မစဉ်းစားချင်တော့ဘူး ကိုအောင်ထွန်းရ”
ကိုစိန်ရပြောသည်မှာ နည်းလမ်းကျလှ၏။ သဘာဝတရား လက်ကိုင်ထား၍ စဉ်းစားတွေးသူအဖို့ သဘာဝအလွန် အဖြစ်
အပျက်များ၊ ပညာရပ်များအကြောင်းကို စဉ်းစားခြင်းသည် လွန်စွာအဖိုးတန်သောအချိန်နှင့် ၎င်းအချိန်ထက် ပို၍ အဖိုးတန်သော တွေးခေါ်မှုအင်အားကို ဖြုန်းတီးပစ်ရာ ရောက်လေတော့၏။ ထိုကြောင့် ကျွန်ုပ်လည်း လက်ဖတင်နင်နန်းဝေအား ခင်မင်လေးစားရုံမက ကြင်နာသနားမိသော်လည်း ၎င်းနှင့်ပတ်သက်သော အကြောင်းအရာများမှာ ကျွန်ုပ်အဖို့ ဉာဏ်မမီနိုင်လောက်အောင် ဖြစ်နေသဖြင့် ကိုစိန်ရကဲ့သို့ပင် ကျွန်ုပ်လည်း လုံးဝ မစဉ်းစားလိုတော့ပါ။
ထိုကြောင့် ကျွန်ုပ်နှင့် ကိုစိန်ရနှစ်ဦးစလုံးသည် လက်ဖတင်နင် နန်းဝေနှင့် ပတ်သက်၍ အမှုသွားအလာနှင့် ဥပဒေရှုထောင့်တို့ ဘက်မှသာလျှင် မည်သို့အကူအညီ ပေးရမည်ကိုတိုင်ပင်ခြင်း ပြုကြ၏။ ဥပဒေအားဖြင့်ဆိုရသော် လက်ဖတင်နင် နန်းဝေအားပြန်လည် ဖမ်းဆီးရမိလာပါက အကောင်းဆုံးအတော်ဆုံး ဝတ်လုံများ ငှားရမ်းပေးမည်ဟု ကျွန်ုပ်က အကြံပေးလျှင် ကိုစိန်ရက စစ်ဘက်စစ်တရားခုံရုံးအမှုဖြစ်၍ ဝတ်လုံဖန်တီးပေးရန် ဖြစ်နိုင် မဖြစ်နိုင် မသိသေး။ ထိုကြောင့် သူငယ်ချင်း ဝတ်လုံတစ်ဦးနှင့် တိုင်ပင်ကြည့်ရမည် ဆို၏။
ဤသို့သော ကိစ္စရပ်များအတွက်လောက်သာလျှင် ကိုစိန်ရနှင့် ကျွန်ုပ်သည် လက်ဖတင်နင်နန်းဝေ၏ အမှုနှင့်ပတ်သက်၍ ဆွေးနွေးခြင်း ပြုကြ၏။ နှစ်ပေါင်းသုံးထောင်ကျော်မှ ကလယ် လူမျိုးစုတစ်စု ကိုးကွယ်လာသော နတ်သမီး၏လက်တစ်ဖက်နှင့် လက်ဖတင်နင့် နန်းဝေ၏ ချစ်သူ ဘီဘီ ခေါ် “မနုစာရီ” ဆိုသည့် မဂိုကုလားမကလေးတစ်ဦး၏ လက်ပြတ်တစ်ဖက် မည်သို့မည်ပုံ ဆက်စပ်နေသနည်း။ ထိုမဂိုကုလားမလေး ဘီဘီ၏ လက်ပြတ်တစ်ဖက်နှင့် ကျောက်ဆည်မှ လက်အဖြတ်ခံရသော ကုလားမလေးတစ်ဦးက မည်သို့မည်ပုံ ဆက်စပ်နေသည်ကိုလည်းကောင်း၊ လုံခြုံခိုင်ခံ့လှသော ဘားလမ်း အချုပ်ခန်းမှ ဖောက်ထွင်းရာလည်း ရှာမတွေ့၊ ခပ်ထားသည့်သော့လည်း မပြုတ်ဘဲလျက် ပျောက်ဆုံးသူလက်ဖတင်နင် နန်းဝေ၏ ထူးဆန်းဖွယ်ရာ ပျောက်ဆုံးမှုကိုလည်းကောင်း ကျွန်ုပ်နှင့် ကိုစိန်ရတို့သည် ထည့်သွင်းစဉ်းစားခြင်း၊ တိုင်ပင်ခြင်းများ မပြုလုပ်တော့ပါ။
ဤသို့ပင် ကျွန်ုပ်သည် လက်ဖတင်နင်နန်းဝေ၏ အကြောင်း၊ တစ်စထက်တစ်စ မေ့နိုင်လာလေတော့၏။ ရဲအနေနှင့်လည်း တရားခံပြေးအနေနှင့် အပူတပြင်းရှာဖွေခဲ့သော်လည်း မည်သည့်သဲလွန်စကိုမှ မရခဲ့သည့်အဆုံးတွင် အမှုပိတ်လိုက်သည်ဟု မဆိုနိုင်သော်လည်း လက်ဖတင်နင်နန်းဝေ ပျောက်ဆုံးသွားကာစ အချိန်ပိုင်းလောက် တက်ကြွခြင်းမရှိတော့ဟု ဆိုနိုင်၏။ ၎င်းအမှုအား စုံစမ်းဆဲအမှုများ အဖြစ်သာလျှင် စာရင်းသွင်းထားကြောင်း သိရတော့၏။
ဤသို့နှင့်ပင် ချော့မောသန့်ပြန့်၍ ယောက်ျားပီသလှသော လက်ဖတင်နင်နန်းဝေဆိုသည့် စစ်ဗိုလ်လူချောလေးတစ်ဦးသည် ရင်နင့်ဖွယ်ရာပျောက်ကွယ်၍ သွားလေတော့သတည်း။
************——————-**********
အပိုင်းလေး ဆက်ပါဦးမည်>>>>>>