
မနုစာရီ – အပိုင်း (၁၇)
* * * မနုစာရီ * * * ( ၁၇ )
ကျွန်ုပ်သည် ရိုက်နှက်နေသောဒဏ်ကိုမခံနိုင်သဖြင့် မေ့မြောသွားခြင်းဖြစ်၏။ ကျွန်ုပ်သည် မည်မျှကြာကြာ မေ့မြောသွားသည်ကို မသိရပါ။ ကျွန်ုပ်သတိရလာ၍ ကြည့်လိုက်သောအခါ၌ ကျွန်ုပ်အားဝိုင်း၍ယပ်ခပ်ပေးနေသောသူများနှင့် ဟန်ပါပါနှင့် ကော်ဖီသောက်လျက်ရှိသော ဆရာဆိုသူကို တွေ့ရလေ၏။
ကျွန်ုပ်အားခတ်၍ ထားသောလက်ထိပ်များကိုလည်း ဖြုတ်ထားပြီးဖြစ်သည်ကိုတွေ့ရလေ၏။ ကျွန်ုပ်အစ်မကြီးသည် ကျွန်ုပ်သတိရလျှင်ရချင်း..
“ဟော…သတိရလာပြီ… ရော့ရော့ ကော်ဖီလေးသောက်လိုက်ဦး”
ဟုဆိုကာ ကော်ဖီခွက်လာ၍ ချပေး၏၊ ဆရာဆိုသူသည် ခေါင်းရင်းဘက်တွင် ခပ်တည်တည်နှင့် ကော်ဖီသောက်ရင်း…
“ပယောဂကုတယ်ဆိုတာ လွယ်တာမဟုတ်ဘူး။ အခုကြည့်ပါလား။ ဆရာခေါ်တာကို ဥစ္စာစောင့်မက လာမလိုလိုနဲ့ မလာဘဲ ကပ်နေတယ်။ ဒါပေမဲ့ မရပါဘူး၊ နောက်တစ်ခါထပ်ပြီးခေါ်ရဦးမယ်၊ ဆရာတို့က အကြမ်းမဖက်ချင်လို့ ဒီလောက် ကြာနေတာပါ”
ကျွန်ုပ်သည် ထိုဆရာဆိုသူ၏ စကားကိုကြားရလျှင် လွန်စွာအမျက်ထွက်မိတော့၏။ ဤမျှ စိတ်ရှိလက်ရှိတအားရိုက်ပြီးသည့်တိုင်အောင် ဆရာတို့က အကြမ်းမဖက်ချင်ဘူးဟူ၍ ပြောရက်သောသူ၏ သိက္ခာရှိမှုကို အမျက်ထွက်ခြင်းဖြစ်၏။
ဆရာဆိုသူသည် ကော်ဖီသောက်ပြီးနောက် ငါးသုံးလုံး စီးကရက်အား နှုတ်ခမ်းဖျားကလေးနှင့် တေ့ကာခဲလျက်…..
“အခု ကျုပ်ကြိမ်လုံးနဲ့ တအားလွှဲရိုက်တာ အရိုက်ခံရတဲ့ ကာယကံရှင် နာတယ်များ မှတ်သလား၊ ဘယ်နာပါ့မလဲ ဟိုက ဥစ္စာစောင့်မမှာ သွားပြီးနာတယ်။ ကာယကံရှင်ကတော့ ဘာဖြစ်တယ်တောင် သိလိုက်မှာ မဟုတ်ဘူး”
ကျွန်ုပ်သည် မခံမရပ်နိုင်အောင် ဖြစ်သွားတော့၏။ နာကျင်လွန်း၍ မေ့လဲသွားသည်ကိုပင် ကာယကံရှင်နာလိမ့်မည်မဟုတ်ဟု ပြောင်ပြောင်ကြီးလိမ်ပြောလိုက်သော ထိုဆရာဆိုသူ၏ စကားမှာ ကျွန်ုပ်၏ အသည်းနှလုံးပေါ်သို့ ဓားဖြင့် ရက်ရက်စက်စက် ဆွလိုက်သကဲ့သို့ အခံရခက်သွားတော့၏။
ထို့ကြောင့် ဤမျှရက်စက်၍ ဤမျှလိမ်ညာဖြီးဖြန်းတတ်သူအား ဆုံးမရန် အချိန်တန်ပြီဟု ယူဆသည့်အလျောက် ကျွန်ုပ်သည် ဆရာဆိုသူ၏ရင်ဘတ်အားဆတ်ခနဲလှမ်း၍ ဆွဲလိုက်ပြီးလျှင် ကျစ်ကျစ်ပါဆုပ်ထားမိပြီးသော ညာဘက်လက်သီးနှင့် မေးစေ့အောက်မှ ကော်၍ထိုးချလိုက်ရာ “ခွပ်ခနဲ”အသံမြည်သံနှင့်အတူ မထိန်းနိုင်တော့ဘဲ ထိုဆရာသည် ကြမ်းပြင် ပေါ်သို့ ဆန့်ဆန့်ကြီး လဲကျသွားလေတော့၏။
ကျွန်ုပ်၏အစ်မနှင့် ကျွန်ုပ်၏ယောက်ဖတို့သည်လည်းကောင်း ကျွန်ုပ်အားဝိုင်းဝန်းချုပ်နှောင်ပေးကြသော ရဲသားကလေးများသည်လည်းကောင်း ဟန့်တားခြင်း၊ ဆွဲထားခြင်း ပြုရန်အတွက် အချိန်မရကြတော့ပေ။
ကျွန်ုပ်၏အစ်ကမူ “ဘယ်လိုလုပ်လိုက်တာလဲ ငါ့မောင်ရယ်”ဟု ကျွန်ုပ်အား ယူကျုံးမရဖြစ်သည့် လေသံနှင့်ပြောသောကြောင့် ကျွန်ုပ်သည် ကျွန်ုပ်၏အင်္ကျီအား ရင်ဘတ်မှဆောင့်ဆွဲ၍ဖြုတ်ချလိုက်ပြီးလျှင် သွေးများစို့၍နေသော ကျွန်ုပ်၏ကိုယ်ပေါ်မှ ဒဏ်ရာများ၊ အရှိုးရာများကိုပြကာ..
“ခင်ဗျားတို့ဆရာ နှိပ်စက်ထားတဲ့ ဒဏ်ရာတွေမြင်ပြီမဟုတ်လား။ ဒါတောင် သူကကာယကံရှင်ဟာ နာမှာမဟုတ်ဘူးလို့ ပြောသေးတယ်၊ ကျုပ်မှာ ဘယ်က ဥစ္စာစောင့်မမှလည်း မရှိဘူး။ ဘာပယောဂမှလည်း မရှိဘူး၊ ခင်ဗျားတို့ဆရာဟာ လူလိမ်၊ နားလည်ပြီလား၊ ခင်ဗျားတို့ ဆရာသတိရလာရင် ပြောလိုက်၊
နောက်တစ်ခါ ဒီလိုလူတွေကို နှိပ်စက်နေတာတွေ့ရင် အသေသတ်ပစ်မယ်လို့…ဒီတစ်ခါတော့ ဒီလောက်နဲ့ပဲ ချမ်းသာပေးလိုက်မယ်။ ခင်ဗျားတို့လို အသိဉာဏ်မရှိတဲ့ လူတွေ၊ ဒီဆရာမျိုးလိုဖြီးဖျန်းတဲ့ ဆရာတွေကြောင့် ဟစ်စတီးရီးယားလို့ခေါ်တဲ့ ကယောင်ကတန်းဖြစ်တဲ့ ရောဂါသည်တွေ အသက်ဆုံးရှုံးတာ မနည်းတော့ဘူး”
ကျွန်ုပ်သည် အထက်ပါအတိုင်း ပြောကြားပြီးနောက် ထိုအိမ်ပေါ်မှ ဆင်း၍ပြန်ခဲ့လေတော့သတည်း။
ကျွန်ုပ်ကြားသိရသည်မှာ ကျွန်ုပ်လက်သီးဖြင့် ထိုးခဲ့သောဆရာဆိုသူသည် နောက်တစ်နေ့အထိ စကားမေးမရဟု ဆို၏။ နောင်တွင် ကျွန်ုပ်စုံစမ်း၍ သိရပြန်သည်မှာ ၎င်းဆရာဆိုသူသည် နာမည်ကြီး အထက်ဂိုဏ်းတစ်ခုမှ ဂိုဏ်းချုပ်ဆရာကြီး ဖြစ်သည်ဆို၏။
ကျွန်ုပ်သည် အိမ်သို့ပြန်ရောက်ပြီးနောက် ကျွန်ုပ်၏တစ်ကိုယ်လုံးမှ အရှိုးများ၊ သွေးစေးများအား ကျွန်ုပ်၏တပည့်လေး မောင်ဝိုင်းမောင်ကို ရေနွေးနှင့်ဆေးကြောခိုင်းကာ ဆေးများထည့်ရ၏။ ကျွန်ုပ်သည် အနာများဆေးထည့်နေစဉ်၌ စဉ်းစားမိသည်မှာ မိုးကြိုးအိုးကလေးမရမီကလည်း ရအောင် အမျိုးမျိုးဒုက္ခဆင်းရဲခံရ၏။ ငွေကုန်ကြေးကြခံရ၏။ ရပြန်တော့လည်း မိုးကြိုးအိုးတွင်ပါသော စာအတွက်ဒုက္ခခံ ရပြန်၏။ ၎င်းကို သိပြန်တော့လည်း ထိုစာနှင့်ဆက်နွယ်၍ ဖြစ်ပေါ်လာသော စာထုပ်ကြီးအတွက် ဒုက္ခခံရပြန်၏။
၎င်းစာများအား ‘ဝဲလူဝင်း’ ဆိုသော တရုတ်ဘုန်းတော်ကြီးက ဘာသာပြန်၍ ပေးပြန်တော့လည်း မနုစာရီအတ္ထုပတ္တိ နောက်ဆက်တွဲများကိုသိလို၍ ပန်းတောင်းသို့ လည်းကောင်း၊ စကုမြို့သို့လည်းကောင်း သွားရောက်၍ သဲလွန်စ ရှာခဲ့ရပြန်၏။
ယခုဆိုလျှင် ပယောဂဆရာဆိုသူ၏ နှိပ်စက်ညှဉ်းပမ်းမှုကိုပင် မရှုမလှ ခံခဲ့ရပြန်၏။ ထို့ကြောင့် မနုစာရီကိစ္စနှင့် ပတ်သက်၍ ဆက်လက်၍ စုံစမ်းခြင်း၊ လေ့လာခြင်း မပြုတော့လျှင် ဒုက္ခများငြိမ်းသွားပေလိမ့်မည်ဟု စဉ်းစားမိခြင်း ဖြစ်၏။
ထို့ကြောင့် ညနေ ၆-နာရီခန့်တွင် အဝတ်အစားများလဲ၍ ရွှေတိဂုံဘုရားသို့ သွားရောက်ခဲ့လေ၏။ ကျွန်ုပ်၏အကြံမှာ မနုစာရီအကြောင်း အတ္ထုပ္ပတ္တိအား နောက်နောင်၌ လုံးဝမစပ်စုမိရန်အတွက် ရွှေတိဂုံဘုရား၌ အဓိဋ္ဌာန်ပြုလိုက်ရန်ဖြစ်၏။
ကျွန်ုပ်သည် ရွှေတိဂုံဘုရားအား မြို့ဘက်မုဒ်ဝမှနေ၍တက်ကာ ပန်းသည်များထံမှ သပြေပန်းနှင့် သစ္စာပန်းများကို ဝယ်ယူ၍ တနင်္ဂနွေထောင့်ဘက်သို့ သွားခဲ့လေ၏။
ရွှေတိဂုံဘုရား ရင်ပြင်တော်ပေါ်တွင် အေးအေးချမ်းချမ်းဘုရား ဝတ်ပြုနေသူများ၊ လမ်းလျှောက်နေကြသူများ။ ပုတီးစိပ်နေကြသူများနှင့် အပြာရင့်ရောင် မိုးကောင်းကင်အားနောက်ခံပြုလျက် ရွှေရောင်ဝင်းလျက်ရှိသော ရွှေတိဂုံစေတီကြီးမှာ လွန်စွာ ပဏာရလှ၏။ အချို့သော ဓာတ်မီးများမှာလည်း လင်းနေပြီဖြစ်ရာ ပို၍ပင် သပ္ပာယ်လှတော့၏။
နေကလည်း လုံးဝပျောက်ကွယ်ခြင်းသို့ မရောက်သေးသည်ဖြစ်ရာ နေ့၏နောက်ဆုံးနှင့် ည၏အစဦးကာလဟု ဆိုအပ်သော ညနေဆည်းဆာကာလသည် ရွှေတိဂုံစေတီတော်မြတ်ကြီးကို ဖူးမြင်ရသူ ဗုဒ္ဓဘာသာဝင် သူတော်စင်အပေါင်းအား အခြားသော အချိန်အခါများထက် သဒ္ဒါကြည်ရွှင် စိတ်အားညွှတ်နူးစေလေသည်ဟု ကျွန်ုပ်ထင်မှတ်မိ၏။ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကြီးသည် ဓမ္မစကြာတရားတော်မြတ်အား ထိုကဲ့သို့သော ညနေဆည်းဆာအချိန်၌ ငါးဦးသော ပဉ္စဝဂ္ဂီများအား ဟောကြားခဲ့ခြင်းများလည်း အချိန်ကာလ၏ လျှို့ဝှက်သော စွမ်းရည်အားအပြည့်အဝ အသုံးချလိုက်ခြင်းဖြစ်လေမလားဟုပင် စဉ်းစားမိပြန်၏။
ကျွန်ုပ်သည် တနင်္ဂနွေထောင့်၌ရှိသော ခေါင်းလောင်းကြီးအနီး၌ ခေတ္တအမောအပန်းဖြေပြီး စေတီတော်ကြီးအား ကြည့်၍ ကြည်ညို ကာနေပြီးလျှင် ၎င်းခေါင်းလောင်းကြီးဘေးရှိ လမ်းကလေးပေါ်သို့ သွားရောက်ကာ ဘုရားကို အာရုံပြုလျှက် မိမိအဓိဋ္ဌာန်ပြုမည့် အကြောင်းအရာများအား ရွတ်ဆို၍ကောင်းစေရန်အတွက် စိတ်ထဲမှနေ၍ တစ်ခေါက်ရွတ်ဆို၍ ကြည့်ပြီးနောက် ထိုအတိုင်းဆိုတော့မည်ဟု မျက်စိကိုမှိတ်၍ ဘုရားအား အာရုံပြုလိုက်ရာ… ။
လွန်စွာသာယာနာပျော်ဖွယ်ကောင်းလှ၍ နားထောင်၍မငြီးနိုင်သော အသံတစ်သံသည် ကျွန်ုပ်၏နား၌ ကြားလေတော့၏။
နားထောင်ကောင်းရုံမျှမက အံ့သြဖွယ်ရာလည်း ဖြစ်နေ၏။ အံ့ဩဖွယ်ဖြစ်ရသည့် အကြောင်းမှာ ထိုအသံကလေးသည် ဘုရားရှိခိုးလျက်ရှိသော မိန်းကလေးတစ်ဦး၏ အသံဖြစ်သော်လည်း မြန်မာဘာသာ၊ ပါဠိဘာသာဆန်သည့်
သုံးစွဲနေကျဘာသာ ကြားနေကျဘာသာမျိုးမဟုတ်ဘဲ အင်္ဂလိပ်ဘာသာနှင့် ဖြစ်နေခြင်းက တစ်မျိုးတစ်ဖုံ ထူးခြားနေပြန်၏။
A Himsa! non-violence mentally and physicalls is a most basic asdvice in Buddhism. All kinds of violence and cruelity with other evils and ills are the out come of greed, hatred, Anger and Egoism in the long
suicidal, Killing harming injuring their fellow beings are imagined as pleasures and victory Putujjana Puggalas the ignorant.
It is not a victory!
A true victory is that of conquering one’s interna enemies such as greed hatred and Delusion.
(အကြမ်းဖက်မှုဆိုတာ အဟိံသတရားနဲ့ ဆန့်ကျင်ပါတယ်။ ရုပ်နာမ်တရား နှစ်ပါးစလုံး၊ အကြမ်းဖက်မှုတွေမပြုဘို့ ဗုဒ္ဓရှင်တော်ဘုရားဟာ ဟောကြားတော်မူခဲ့ပါတယ်။ အကြမ်းဖက်မှုရက်စက်မှု ဒုစရိုက်မှုဆိုတဲ့ အရာတွေဟာ လောဘ၊ ဒေါသ၊ မောဟ၊ မာန ဆိုတဲ့ အကုသလဟေတုတရားတွေရဲ့ ကိုယ်ပွားတွေ ဖြစ်ပါတယ်။
ပုထုဇဉ်တွေဟာ အဲဒီ ဒုစရိုက်မှုတွေကိုပဲ သာယာမှုတွေ အောင်မြင်မှုတွေရယ်လို့ မိုက်မဲစွာ ထင်မှတ်မှားနေကြပါတယ်။
စစ်မှန်တဲ့ အောင်မြင်မှုဆိုတာကတော့ တခြားတစ်ပါးသော ရန်သူကို ရန်ပြုအောင်နိုင်ခြင်း မဟုတ်ပါဘူး။ မိမိရဲ့ အတွင်းသဏ္ဌာန်မှာရှိတဲ့ လောဘ၊ ဒေါသ၊ မောဟ၊ မာနဆိုတဲ့ တရားတွေကို နှိပ်ကွပ်အောင်နိုင်မှုသာ ဖြစ်ပါတယ်လေ….) ၊
အထက်ပါအဓိပ္ပါယ်ရသော အင်္ဂလိပ်စကားဖြင့် ရွတ်ဆိုနေသံသည် ယခုထက်တိုင်အောင် ကျွန်ုပ်၏နား၌ မထွက်ပဲရှိနေတော့၏။ ကျွန်ုပ်သည် ဆက်လက်၍ဘုရား၌ အာရုံပြုခြင်း၊ အဓိဋ္ဌာန်ပြုခြင်းများ၊ မပြုလုပ်နိုင်တော့ဘဲ အသံလာရာဆီသို့ လှမ်း၍ကြည့်လိုက်ရာ အသက် ၁၉-နှစ်ခန့်ရှိသော မိန်းကလေးတစ်ဦးသည် ဗုဒ္ဓံသရဏံသန်းများ၊ သစ္စာပန်းများကို လက်အုပ်တွင်း၌ထည့်ကာ မျက်စိမှတ်၍ ဘုရားရှိခိုးနေသည်ကို တွေ့ရလေ၏။
ကျွန်ုပ်သည် ဆက်လက်၍ ဘုရားရှိခိုးခြင်း မပြုတော့ဘဲ ၎င်းမိန်းကလေးအနီးသို့ သွားရောက်ကာ သေသေချာချာကြည့်လိုက်မိပြန်၏၊ မိန်းကလေးသည်လွန်စွာနက်မှောင်သော သူ၏ဆံပင်အား ဆံပင်ဖွဲ့ထုံး ငါးဆယ့်ငါးပါး အပါအဝင်ဖြစ်သော’တုမဲ့ရွှေရောင်’ ဆံထုံး ပုံစံမျိုး ထုံး၍ထား၏။ ကျွန်ုပ်သည် တရုတ်ပြည်မှရရှိသော ရှေးခတ် မြန်မာအမျိုးသမီးတို့၏ ဆံပင်ဖွဲ့ထုံးနည်း ၅၅-ပါးပုံပါသော ပုရပိုက်တစ်ဆူ ရရှိဖူးသည်ဖြစ်ရာ ၎င်းပုရပိုက်အား နန်းတွင်းစာဆို(ရဝေရှင်ထွေး) ၏ ဆံပင်ထုံးဖွဲ့နည်း အန်ချင်းတစ်ပုဒ်နှင့် တိုက်ဆိုင်၍ လေ့လာဖူးသည်ဖြစ်ရာ ထိုမိန်းကလေး၏ ဆံပင်ထုံးဖွဲ့ပုံကို မြင်လိုက်ရရုံမျှနှင့်ပင် “တုမဲ့ရွှေရောင်’ ဆံထုံးဟု တပ်အပ်သေချာ သိလိုက်၏။
သမိုင်းဆရာတို့၏ အဆိုအရ သရေခေတ္တရာခေတ်ထက်ပို၍ ရှေးကျသော ခေတ်အခါကာလကပင် အမျိုးသမီးများသည် ထိုဆံထုံး အမျိုးမျိုးကို ထုံးဖွဲ့ခဲ့ကြောင်း အထောက်အထားပြနိုင်သည်ဆို၏။
ကျွန်ုပ်သည်တစ်ခါက ပရော်ဖက်ဆာ ဒေါက်တာလုစ်နှင့်အတူ ပုဂံဘုရားများသို့ သွားရောက်ခဲ့ရာ၌ မင်းနန်သူဘုရားအတွင်းရှိ နံရံ ဆေးရေးပန်းချီကားပေါ်မှ အမျိုးသမီးတစ်ဦး၏ ပုံကို ညွှန်ပြ၍
ဒေါက်တာလုစ်က
“ဟောဒီမိန်းမရဲ့ ဆုံထုံးပုံစံဟာ ခေတ်ကို သတ်မှတ်ပိုင်းခြားပေးထားသလို ဖြစ်နေတယ်ဗျ၊ ဒီထဲသူဟာ အေဒီ ၄၀၀-လောက်တုန်းက အမျိုးသမီးတွေ ထုံးခဲ့တဲ့ ဆံထုံးပုံစံမျိုးဖြစ်တယ်” ဟူ၍ သင်ကြားပြသခဲ့ဖူးပါသည်။
ထိုစဉ်က ကျွန်ုပ်မှတ်ထားခဲ့သော ဆံထုံးပုံစံမှာ ‘တုမဲ့ရွှေရောင်’ဟု ရဝေရှင်ထွေးစပ်ဆိုသော အန်ချင်းထဲမှ ဆံထုံးပုံစံပင် ဖြစ်လေ၏။ မိန်းကလေး၏ အသားအရောင်သည် ဖြူသည်လည်း မဟုတ်၊ ဝါလွန်းသည်လည်း မဟုတ်ဘဲ အဝါနုနှစ်ကျပ်သားနှင့် အစိမ်းနုငါးမူးသားခန့် ရောစပ်ကာဖြစ်ပေါ်လာမည့် ဝါစိမ့်စိမ့် အသားရောင်မျိုးဖြစ်၏။
သူ၏ မျက်နှာမှာလည်း နှာတံပေါ်ခြင်း၊ နှုတ်ခမ်းလှခြင်း၊ မျက်ခုံး၊ မျက်မှောင်လှခြင်း၊ မျက်တောင်များ ရှည်သွယ်၍ကော့ညွတ်ခြင်း၊ စသော မိန်းမများ လှသည်ဆိုသည့် အချက်အလက်ဟူသမျှအားလုံးသိမ်းကျုံး၍ စုပေါင်းထားသကဲ့သို့ ထူးကဲစွာ လှပနေသော မျက်နှာမျိုးဖြစ်၍ လည်တိုင်မှာသွယ်၍ လည်ရစ်ကလေးများ လှပစွာ ပေါ်နေ၏။
ကိုယ်လုံးကိုယ်ထည်မှာလည်း မဝလွန်း၊ မပိန်လွန်း မနိမ့်လွန်း၊ မမြင့်လွန်းရှိရုံမက “ရှိုက်ဖိုကြီးငယ် သွယ်သွယ်စုစုသိကြားထုသို့” ဟူသော စာကဲ့သို့ သိကြားမင်းကိုယ်တိုင် ထုလုပ်သော ပန်းပုရုပ်သည်ပင်လျှင် ထိုမိန်းကလေးထက်ပို၍လှနိုင်စရာအကြောင်း မရှိတော့ပေ။
ဝတ်ထားသော အင်္ကျီမှာလည်း လက်ကောက်ဝတ်နေရာတိုင်အောင် ကျပ်ထားသော ကိုယ်ကျပ်အင်္ကျီဖြစ်ပြီး အရောင်မှာလည်းမီးရောင်နေရောင်၌ လက်သော ရွှေရောင်မျိုးဖြစ်၏။ ထဘီမှာလည်။ အင်္ကျီကဲ့သို့ပင် ရွှေရောင်ဖြစ်၏။
ကျွန်ုပ်သည် ၎င်းမိန်းကလေးအား သေသေချာချာငေးမော ကြည့်ရှုရာ၌
“သံပုရာဖျား၊ ရွှေရွက်နားလည်း ပြန့်ကားရွှေရေ။ ရွှေလည်ရေးနှင့် ရွှေကျေးလည်ရစ်
ပေါ်သစ်သို့” ဟူသော ကျွန်ုပ်အိုင်အေတန်း၌ သင်ခဲ့သော ဥမ္မာဒ္ဒန္တီပျို့အား အမှတ်ရစေခဲ့၏။
ထို့ပြင်” ကိန္နရီဖျက်ချိုးလှနှင့် ရွရွသံကာ။ ကိန္နရာနှင့် သီးခြားနူးအောင် နှလုံးဆောင်သို့” ဟူသော စာကိုလည်းကောင်း၊
“တင့်လှပေဟန်၊ ဘက်မရန်တည့်၊ ခြောက်တန်နတ်ရွာ ဘုံကလာသို့” ဟူသော စာကိုလည်းကောင်း၊
ဆည်းဆာရိပ်တွင် ဖြုတ်ချည်းမြင်သည်၊ ရှင်သာရခိုင် တန်ဆောင်လော”ဟူသော ရခိုင်သူမြတ်’၏စာကိုလည်းကောင်း ၊ ကျွန်ုပ်ဖတ်ဖူး သင်ဖူးသမျှသော ပျို့ကဗျာ ၊ ရတုရကန် အန်ချင်းများထဲမှ အလှဘွဲ့မှန်သမျှအားလုံးအား ပြန်၍ အမှတ်ရမိတော့၏။ အနုစာပေအလှဘွဲ့များအား မှတ်မိသူများကို ဆုပေးပွဲလုပ်ခဲ့ပါမှု ထိုခဏ၌ ကျွန်ုပ်ပြန်၍ အမှတ်ရသောစာများအား ရွက်ဆိုပြလိုက်ရုံမျှနှင့်ပင် ပထမဆုကို ကောင်းစွာဆွတ်ခူးနိုင်လိမ့်မည်ဖြစ်၏။
မြန်မာအလှဘွဲ့များသာမဟုတ်ဘဲ ဥရောပဘဲလက်သီချင်းကြီးများ၌ပါသော အလှဘွဲ့များ ၊ လောဒ်တင်နီဆင်နှင့် ဝီလီယံတို့၏ အင်္ဂလိပ်ဘာသာအလှဘွဲ့များကိုလည်းကောင်း ၊ အိုမာခယမ်၏ အလှဘွဲ့များကိုလည်းကောင်း သွား၍အမှတ်ရမိပြန်ပါသည်။
ကျွန်ုပ်သည် ထိုမိန်းကလေးအား ငေးမော၍ကြည့်နေမိ၏။ အချိန်မည်မျှကြာညောင်းသွားသည် မသိပေ။ ထိုမိန်းကလေးက အင်္ဂလိပ်ဘာသာဖြင့် ကျွန်ပ်အား ….
“ကိုယ်လုပ်ရမဲ့အလုပ်ကိုမလုပ်ဘဲ ဘာကြောင့် ဒီမှာလာပြီး ငေးမောအချိန်ဖြုန်းနေရတာလဲ”
ဟူ၍ပြောလိုက်မှပင် ကျွန်ုပ်သည် အိပ်ပျော်နေရာမှ လန့်နိုးသွားသည့်အလား ၎င်းမိန်းကလေးအား သေသေချာချာထပ်ကြည့်နေမိပြန်၏။ ၎င်းမိန်းကလေးသည် မျက်စိအစုံကိုပိတ်လျှက်သားနှင့် ကျွန်ပ်အား ပြောလိုက်ခြင်းဖြစ်၏။
သူမ၏အင်္ဂလိပ်စကားပြောဟန်မှာလည်း “လန်းဒ်နားအင်္ဂလိပ်ရှ်”ဟုဆိုလေ့ရှိသော လန်ဒန်မြို့ကြီးသူ မြို့ကြီးသားများ ပြောဆိုသုံးနှုန်းလေ့ရှိသော လေယူလေသိမ်းမျိုးဖြစ်၏။
“ဟုတ်ပါတယ်ကွယ်၊ ကျုပ်က ဒါလောက် သာယာနာပျော်ဖွယ်ကောင်းတဲ့အသံမျိုး၊ ဒါလောက်ရှုမငြီးတဲ့ရုပ်ရည်မျိုး ကျုပ်တစ်သက်မှာ တစ်ခါမှ မတွေ့ဘူး မမြင်ဘူးလို့ ငေးနေမိတာပါ။ တကယ်လို့များ ရိုင်းတဲ့အပြုအမူမျိုးဖြစ်နေရင်တော့ ခွင့်လွှတ်ပါ”
ကျွန်ပ်ကလည်း အင်္ဂလိပ်ဘာသာဖြင့် အထက်ပါစကားအားပြန်၍ပြောကြားလိုက်ရာ ထိုမိန်းကလေးသည် မျက်လွှာကို တဖြည်းဖြည်းပင့်၍ ကျွန်ပ်အားကြည့်လေ၏။ သူ၏မျက်လုံးများမှာ လွန်စွာကြည်လင်၍ လွန်စွာတောက်ပြောင်လှသည်ဖြစ်ရာ ကျွန်ုပ်သည် သူ၏မျက်လုံးအား ငေးစိုက်၍ ကြည့်နေပြန်၏။ သူသည် ကျွန်ပ်အားကြည့်၍ စကားကို တစ်လုံးချင်း ဖြည်းဖြည်းနှင့်မှန်မှန် ပြောဆိုလိုက်ပြန်သည်မှာ…
“အင်္ဂလိပ်စကားအပြင် မည်သည့်ဘာသာစကားများ တတ်ပါသေးသလဲ”
“ကျုပ် မြန်မာစကားကို ကောင်းကောင်းပြောတတ်ပါတယ်”
“သက္ကဋဘာသာကော တတ်သလား”
“မတတ်ပါဘူး”
“ပါဠိလိုကော တတ်သလား”
“မတတ်ပါဘူး၊ ဒါပေမဲ့ တက္ကသိုလ်မှာနေတုန်းက ပါဠိဘာသာနည်းနည်းပါးပါး သင်ဖူးပါတယ်၊ ကျွမ်းကျွမ်းကျင်ကျင်တော့ မတတ်ပါဘူး”
“ကိစ္စမရှိပါဘူးလေ ၊ မြန်မာစကားဆိုတာနဲ့ပဲ ပြောပါ့မယ်၊ ခဏလေးစောင့်ပါဦး”
မိန်းကလေးသည် ခတ္တမျှမျက်စိကလေးကိုမှိတ်ကာ ဘုရားအာရုံပြုနေပြီးနောက် ပြန်၍ မျက်လွှာကလေးကိုပင့်၍တင်ပြီးလျှင် လွန်စွာတည်ငြိမ်သော ဣန္ဒြေနှင့် ကျွန်ုပ်အား…
“မင်း ငါ့ကိုသိသလား”
ကျွန်ုပ်သည် မိန်းကလေး၏စကားကိုကြားရလျှင် လွန်စွာအံ့ဩစွာဖြင့် မိန်းကလေးအား ကြည့်လိုက်၏၊ သူ၏အသက်သည် ၂၀ ပင်မပြည့်တတ်သေးပါလျှက် ကျွန်ုပ်အား မင်းနဲ့ငါနဲ့ ပြောလိုက်သည်ကို နားထောင်ပြီးနောက် ဘုရားရှိခိုးတုန်းကလည်း အင်္ဂလိပ်လိုရှိခိုးခဲ့၏။ ကျွန်ုပ်အားလည်း ပါဠိလို ၊ သက္ကဋလိုတတ်သလားဟု မေးမြန်းခဲ့၏။ ဘာလူမျိုးပါလိမ့်ဟု စဉ်းစားရကျပ်အောင် ဖြစ်သွား၏။
“မင်းကို ငါမေးနေတယ်၊ ငါ့ကို သိသလားလို့”
“မသိပါဘူး မိန်းကလေး ၊ ပြီးတော့ ကျုပ်အသက်က ငါးဆယ့်ခြောက်နှစ်ရှိပါပြီ”
ကျွန်ုပ်အား ကျွန်ုပ်၏ သမီးလေး ၊ တူမလေးလောက်သာရှိသော မိန်းကလေးက မင်းနဲ့ငါနဲ့ မပြောစိမ့်သောငှာ အသက်ငါးဆယ့်ခြောက်နှစ်ရှိပြီဖြစ်ကြောင်း ပြောပြပေး၍ အသိပေးလိုက်ခြင်းဖြစ်၏။
“ငါးဆယ့်ခြောက်နှစ်ပဲရှိသေးတယ် ဟုတ်လား ၊ သိပ်ပြီး ငယ်သေးတာပေါ့”
“ဗျာ…ဘာပြောတယ်၊ ကျုပ်အသက်က ငယ်သေးတယ် ဟုတ်လား”
“ငယ်တယ်၊ ကြီးတယ်ဆိုတာ နှိုင်းယှဉ်မှုသဘောတစ်ရပ်သာဖြစ်ပါတယ်။ ကိုယ့်ထက်ကြီးတဲ့သူနဲ့တွေ့ရင် ကိုယ်ဟာ ငယ်တဲ့သူဖြစ်သွားပြီး ကိုယ့်ထက်ငယ်တဲ့သူနဲ့ယှဉ်လိုက်ရင်တော့ ကိုယ်က ကြီးတဲ့သူဖြစ်သွားပါတယ်။ ဒါကြောင့် နိမ့်ခြင်း ၊ မြင့်ခြင်း ၊ ကောင်းခြင်း ၊ ဆိုးခြင်း ၊ ဝေးခြင်း ၊ နီးခြင်း ဆိုတဲ့ နှစ်ခွသဘောပါတဲ့ ဒွန်တဘူတိက သဘောတရားတွေဟာ နှိုင်းယှဉ်မှုပေါ်မှာ မူတည်နေပါတယ်။ လုံးဝမှန်ကန်တဲ့ အမြဲမှန်ကန်တဲ့ (Absolute Truth) လို့ ဆိုကြတဲ့ ပရမတ္တသစ္စ မထိုက်ပါဘူး”
“ဆက်စမ်းပါဦး မိန်းကလေး”
“ဒါကြောင့် မင်းအသက်က ငါးဆယ်ခြောက်နှစ်ရှိပြီဆိုတော့ မင်းထက်ငယ်တဲ့လူတွေအဖို့တော့ မင်းဟာ ဦးလေးအရွယ်၊ အဖေအရွယ်၊ အဘိုးကြီးတစ်ယောက်ပေါ့၊ ဒါပေမဲ့ ငါနဲ့စာလိုက်ရင်တော့ သား၊ မြေး ၊ တီ၊ မျှော့ ၊ ကျွတ်၊ ဆက် လို့ခေါ်တဲ့ ဆွေဆက် (၇)ဆက် စာရင်းမှာ အနိမ့်ဆုံးဖြစ်တဲ့ ‘ဆက်”ဆိုတဲ့နေရာမှာတောင် ထားလို့မရအောင် အသက်ဟာ ငယ်လွန်းပါတယ်”
“ဒါဖြင့်ရင် မိန်းကလေးရဲ့အသက်ဟာ”
“ငါ့အသက်ဟာ နှစ်ပေါင်း နှစ်ထောင့်ခြောက်ရာကျော်ပြီကွယ့်”
“ဟိုက်”
ကျွန်ုပ်သည် ယောင်ယမ်း၍ “ဟိုက်”ဟုသာ အော်လိုက်နိုင်၏။ မည်သည့်စကားကို ဆက်၍ပြောရမည်ကိုပင် မစဉ်းစားနိုင်အောင် ဖြစ်သွားတော့၏။ အသက် (၁၉)နှစ်အရွယ် နတ်မိမယ်တမျှ လှပသောမိန်းကလေးတစ်ဦးက သူ၏အသက်သည် နှစ်ပေါင်း (၂၆၀၀) ကျော်ပြီဟု ပြောဆိုနေခြင်းကို ယုံကြည်လက်ခံရန်အတွက် ကျွန်ပ်၏ဦးနှောက်က ပြင်းပြင်းထန်ထန် ငြင်းဆန်လျှက်ရှိတော့၏။
မည်သည့်နည်းနှင့်မျှ ဖြစ်နိုင်စရာအကြောင်းကလည်း မရှိပေ။ ကျွန်ပ်သည် ဆာရိုက်ဒါဟဒ်ဆိုသည့် အနောက်နိုင်ငံ စာရေးဆရာတစ်ဦးရေးသားခဲ့သည့် “ရှီ”ဆိုသော စိတ်ကူးယဉ်ဝတ္ထုထဲမှ မင်းသမီးသည် နှစ်ပေါင်း (၃၀၀၀) ကျော်ခန့်အသက်ရှည်သည်ဟု ဖတ်ဖူး၏။ စိတ်ကူးယဉ်ဝတ္ထုထဲမှ မင်းသမီးကဲ့သို့ ထိုမိန်းကလေးသည် ကျွန်ုပ်အား ပြောနေ၏။ ကျွန်ုပ်သည် ကျွန်ုပ်၏နားကိုပင် မယုံကြည်နိုင်လောက်အောင် ဖြစ်သွား၏။
ကျွန်ုပ်ကြားခဲ့သည်စကားများသည် ဟုတ်မှဟုတ်ပါလေစဟူ၍ပင် သံသယဖြစ်မိတော့၏။
“မင်းကမယုံဘူးလား”
“ဘယ်လိုလုပ် ယုံနိုင်ပါ့မလဲ မိန်းကလေး ၊ ပြီးတော့ အသက်ဟာ ဒါလောက်ရှိပါပြီဆိုတာ ဘာနဲ့သက်သေပြမလဲ မိန်းကလေးရယ်”
“အသက် ဒါလောက်ရှည်ပါတယ်ဆိုတာကို တခြားနည်းနဲ့တော့ သက်သေပြဖို့ မဖြစ်နိုင်ပါဘူး ၊ ဒါပေမဲ့ ‘ဆာရီရေခါသျှတ္တရ’ကျမ်းဆိုတဲ့ လက်ဝါးပြင်ပေါ်မှာရှိတဲ့ အရေးအကြောင်းတွေကိုဖတ်တဲ့ သျှတ္တရပညာတစ်ရပ်နဲ့တော့ သက်သေထူနိုင်ပါတယ်”
“ဘယ်လိုပြောတယ် မိန်းကလေး”
“ဒီနားကိုတိုးပါ၊ ပြီးတော့ မင်းရဲ့လက်ဝါးကို ဖြန့်လိုက်စမ်းပါ”
ကျွန်ုပ်လည်း သူပြောသည့်အတိုင်း လက်ဝါးကိုဖြန့်၍ပြလိုက်ရာ သူသည် ကျွန်ုပ်၏လက်ဝါးပေါ်တွင် လက်မ၏အရင်း ကြွက်သားဖောင်းဖောင်းကြီးအား ကွေ့ပတ်၍ထင်နေသော အရေးအကြောင်းတစ်ခုကို ထောက်၍ပြကာ…
“ဟောဒီအကြောင်းကလေးကို ဆာရီရေခါသျှတ္တရပညာမှာ အတ္တမာရေခါ ၊ ဒါမှမဟုတ် ရောဟနီရေခါလို့ခေါ်တယ်၊ လူတို့ရဲ့သက်တမ်းကိုဖော်ပြတဲ့ အကြောင်းကလေးပဲ၊ မင်းတို့သက်တမ်းဟာ ၇၅-နှစ်သက်တမ်းပဲရှိသေးတယ်၊ နှစ်ပေါင်း နှစ်ထောင်ကျော် ၊ သုံးထောင်နီးပါးနေရမဲ့လူရဲ့လက်ဝါးမှာ ဒီအကြောင်းလေးဟာ မင်းတို့မှာရှိသလို တိုတိုကလေးမဖြစ်နိုင်ဘူး။ မင်းတို့မှာရှိတဲ့ အကြောင်းကလေးထက် အဆပေါင်း သုံးဆယ်နီးပါးခန့်ရှိရမယ် မဟုတ်လား”
“အင်း…ဆိုစမ်းပါဦး မိန်းကလေး”
“ကဲ…ဒီမှာကြည့်စမ်း၊ ငါ့ရဲ့လက်ဝါးပေါ်က အတ္တရေခါခေါ်တဲ့ အသက်ရှည်လမ်းကြောင်းကို”
ဟုဆိုကာ မိန်းကလေးသည် သူ၏ဖြူသွယ်ညက်ညောလှပသော လက်ဝါးကလေးကိုဖြန့်၍ ကျွန်ုပ်အား ယခုလက္ခဏာဆရာများက (Line of Life) ဟုခေါ်ဝေါ်လျှက်ရှိသော အသက်လမ်ကြောင်းခေါ် အတ္တမာရေခါလမ်းကြောင်းအား ပြ၏။ ပြီးလျှင် သူ၏အင်္ကျီလက်အား တတောင်ဆစ်တိုင်အောင် ပင့်တင်၍ပြလိုက်၏။
၎င်းလမ်းကြောင်းသည် လက်ဝါးပြင်ပေါ်တွင် အဆုံးသတ်ခြင်းမရှိဘဲ ကျွန်ုပ်အား လှစ်၍ပြသော တတောင်ဆစ်တိုင်အောင် ပြတ်ပြတ်သားသား ထင်လျှက်ရှိသည်ကို ထူးဆန်းစွာ တွေ့ရလေ၏။
“ဒီအတ္တမာရေခါဆိုတဲ့အကြောင်းလေးဟာ ငါ့ရဲ့တတောင်ဆစ်မှာ မဆုံးသေးဘူး။ ငါ့ရဲ့ခါးကိုတစ်ပတ်ပတ်ပြီး ဘယ်ဘက်ခြောက်ထောက်က ခြေမတိုင်အောင်ရောက်တယ်။ ကဲ…မင်းယုံပြီ မဟုတ်လား”
“အင်းလေ…ဒီလိုထူးထူးဆန်းဆန်း သက်သေပြနိုင်တော့လည်း ယုံရမှာပေါ့ဗျာ၊ ဒါပေမဲ့ ဒါလောက်အသက်ရှည်နိုင်တယ်လို့ ကျုပ်ဖြင့် တစ်ခါမှ မကြားဘူးခဲ့ဘူး”
“ကိုယ်မကြားဘူး ၊ မမြင်ဘူးလို့ မယုံကြည်ဘူးဆိုရင် ‘အမြင့်ကျဉ်း လက်တွေ့ဝါဒီသမား’ ဖြစ်သွားလိမ့်မယ်၊ မကြားဘူး ၊ မမြင်ဖူးပေမဲ့ ယုံကြည်လောက်တဲ့ အထောက်အထားတွေ၊ ယုတ္တိတွေရှိရင် ယုံကြည်ရတယ်ကွဲ့ ကလေးရဲ့…”
“ဟုတ်တော့ ဟုတ်ပါတယ်၊ ဒါပေမဲ့ အခုဥစ္စာက ဘုရားမပွင့်မီကတည်းက လူသားတစ်ယောက်ဟာ အခုထက်ထိ အသက်ရှင်လျှက်ရှိတယ်ဆိုတာ စဉ်းစားလို့မရနိုင်အောင် ဖြစ်နေလို့ပါ”
“ဒီလိုဆိုရင် မင်းအနေနဲ့ ဒီလိုစဉ်းစားကြည့်ပါလား”
“ဘယ်လိုများ စဉ်းစားကြည့်ရမှာလဲ”
“အိပ်တယ်ဆိုတာ သေတာနဲ့ ခပ်ဆင်ဆင်တူတယ်မဟုတ်လား”
“ဟုတ်ပါတယ် တချို့ဟာ အိပ်စက်ခြင်းကို အသေးစားသေဆုံးခြင်းလို့တောင် တင်စားခေါ်ဝေါ် ခိုင်းနှိုင်းကြပါတယ်”
“ကဲ…တချို့က စောစောအိပ်တယ်၊ တချို့က ညဉ့်နက်မှအိပ်တယ်၊ တချို့ဆိုရင် လက်ဖက် ၊ လက်ဖက်ခြောက်ရည်စသည့် မျက်လုံးကြောင်စေတတ်တဲ့ ပစ္စည်းများ ညဉ့်ဦးပိုင်းမှာစားမိလို့ မျက်လုံးကြောင်ပြီး မအိပ်နိုင်ဘဲ မိုးလင်းသည့်တိုင်အောင် နေနိုင်ကြပါတယ်”
“ဟုတ်ပေသားပဲ”
“လက်ဖက်ခြောက်လို ဘာမှအသုံးမဝင်တဲ့ သစ်ရွက်ခြောက်ကလေးဟာ ခဏသေခြင်းဆိုတဲ့ အိပ်စက်ခြင်းကို ဟန့်တားနိုင်တယ်ဆိုတာကတော့ မငြင်းနိုင်ဘူးပေါ့၊ ဒီလိုပေါ့ကွယ် ၊ လက်ဖက်ခြောက်ထက်များစွာ အစွမ်းထက်တဲ့ အာယုသိဒ္ဓိခေါ်တဲ့ ဆေးဝါးတွေကို မှီဝဲထားတဲ့လူတွေဟာ သေခြင်းတရားကို အကန့်အသတ်အတိုင်းအတာတစ်ခုအထိတော့ သူတို့ရဲ့သက်တမ်းကို ရှည်အောင် ဆန့်ထားနိုင်ပေမှာပေါ့၊ လုံးလုံးမသေနိုင်တော့ဘူးဆိုတာကတော့ ဘယ်ဟုတ်နိုင်ပါ့မလဲ ၊ (Law of Impermenance) လို့ခေါ်တဲ့ အနိစ္စတရားရဲ့နိယာမကိုတော့ ဘယ်လိုလုပ်ပြီး လွန်ဆန်နိုင်ပါ့မလဲ ၊ မဏရပ္ပတ္တိလေးပါးလို့ခေါ်တဲ့ သက်တမ်းစေလို့သေခြင်း ၊ သက်တမ်းမစေ့မီသေခြင်း ၊ သက်တမ်းလည်းစေ့ ကံလည်းကုန်၍သေခြင်း၊ သက်တမ်းမစေ့ ကံမကုန်ဘဲလျက် သေဆုံးခြင်းဆိုတဲ့ သဘောတရားလေးရပ်ထဲမှာ ငါဟာ အခုအချိန်အထိ သက်တမ်းမစေ့သေးဘူး။ ဒါကြောင့် မသေသေးတာပေါ့။
“ကောင်းပါပြီလေ ထားပါတော့၊ ဘယ်နိုင်ငံကလဲ အခုလို အသက်တွေ ထောင်နဲ့ချီပြီး ရှည်နေတာကို တခြားလူတွေ
မသိကြဘူးလား”
“အခုလို အသက်ရှည်နေတာကိုသိတဲ့လူဟာ လူသားထဲကဆိုရင် မင်းပါမှ သုံးလေးဦးလောက်ပဲ ရှိသေးတယ်။ ငါဟာ အခု မင်းတို့ မြန်မာပြည်လို့ခေါ်နေတဲ့ တိုင်းပြည်ကပဲ၊ ငါနေခဲ့တဲ့ တိုင်းပြည်ကို အခုရှိတဲ့ လူတွေအချို့ ကြားတောင်မကြားဖူး ကြပါဘူး၊ ပြီးတော့ နာမည်ဟာလည်း မင်းတို့ မြန်မာလူမျိုးတွေပြောဆိုနေတဲ့ ဒဏ္ဍာရီထဲမှာလောက်ပဲ ရှိပါတော့တယ်”
“နာမည် ဘယ်လို ခေါ်သလဲ”
“မနုစာရီလို့ ခေါ်ပါတယ်”
“ဗျာ…”
ကျွန်ုပ်သည် ယောင်ယမ်း၍သာ အော်လိုက်နိုင်တော့၏။ ကျွန်ုပ်သိချင်လှသော မနုစာရီ၏ အတ္ထုပ္ပတ္တိ နောက်ဆက်တွဲကို
သိရပေတော့မည်။ ကျွန်ုပ်သည် မယုံကြည်နိုင်လောက်အောင် မနုစာရီနှင့် လူကိုယ်တိုင် တွေ့နေရပေပြီ။
“ကျုပ် ခင်ဗျားရဲ့ အတ္ထုပ္ပတ္တိကို သိချင်နေတဲ့ လူတစ်ယောက်ပါဗျာ၊ ခင်ဗျားဟာ သက်သာနိုင်ငံတော်ကြီးက ပညာရှင် မင်းသမီး မနစာရီ ဟုတ်ပါရဲ့နော်”
“ဟုတ်ပါတယ်၊ လူကလေးရယ်”
“စပ်စုတယ်၊ အမေးမြန်းထူတယ်လို့ သဘောမထားပါနဲ့၊ ကျုပ်မေးစရာရှိတာလေးတွေကို မေးခွင့်ပြုပါ၊ ပြီးတော့ အမှန် အတိုင်းလည်း ဖြေဆိုစေချင်ပါတယ်”
“ကောင်းပါပြီလူကလေး”
ဟုဆိုကာ မနုစာရီသည် အောက်ပါ ဂါထာကလေးဖြင့် ဝိနိစယပါလ နတ်သမီးအား တိုင်တည် သစ္စာပြုလေ၏။
(သောအက္ခပါတီ ဝိနိစယောဟောတိ) မနုစာရီသည် မျက်စိကလေး မှိတ်ထားပြီးနောက် ဂါထာကို ရွတ်၍ သစ္စာပြုပြီးကျွန်ုပ်ဘက်သို့လှည့်ကာ
“မေးချင်တာ မေးနိုင်ပါပြီ လူကလေး”
ဟုပြောလေ၏။
“ကျုပ်ဆီမှာရှိတဲ့ မိုးကြိုးအိုးလေးရဲ့ ပန်းခက်တွေကြားထဲမှာပါတဲ့စာဟာ ဘယ်သူ့လက်ရာလဲ မနစာရီ”
“အဲ့ဒါ ရတနာဂီရိကို သီပေါမင်းပါတော်မူရာမှာ အတူလိုက်သွားခဲ့ရတဲ့ပန်းတဉ်းဝန်ရဲ့ လက်ရာပါ။ ပန်းတဉ်းဝန်နဲ့ မနုစာရီဟာ အခု လူကလေးနဲ့ မိတ်ဆွေဖြစ်ကြသလို အမှတ်မထင် မိတ်ဆွေဖြစ်ခဲ့ကြပါတယ်။
ဒီတော့ တစ်ယောက်နဲ့တစ်ယောက် – တရားဆွေးနွေးခဲ့ကြလေတော့ မနုစာရီ ပြောပြတဲ့ အရဟံဂုဏ်
တော်ရဲ့ တန်ခိုးအစွမ်းနဲ့ အသက်ရှည်အောင် လုပ်မယ်ဆိုပြီး ပန်းတဉ်ဝန်ဟာ ဂုဏ်တော်ကို မပြတ်ပွားများခဲ့ပါတယ်။ ဒါပေမဲ့ လုပ်နည်းမဟုတ်လေတော့ သူဟာ သူ့ရဲ့သက်တမ်းကို ဆန့်ပြီး မထုတ်နိုင်ရှာခဲ့ပါဘူး”
“ကောင်းပါပြီ မနုစာရီ… ကျုပ်ဟာ တစ်ခုသောညမှာ အဲဒီပန်းတဉ်းဝန်ရေးထွင်းထားတဲ့စာကို ရွတ်ဆိုနေရင်း ဗြုန်းခနဲ သတိလစ်သွားပြီ။ ကျုပ်ကိုယ်တိုင် မဖတ်နိုင်တဲ့ စာမျိုးတွေကိုလျှောက်ပြီး ရေးဖြစ်ခဲ့ပါတယ်။ အဲဒီစာကို ဘာသာဗေဒ ဌာနတွေ အပါအဝင် တတ်သိနားလည်မယ်လို့ထင်ရတဲ့ လူတော်တော်များများကို ဖတ်ခိုင်းခဲ့ပေမယ့် မဖတ်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် တရုတ်ဘုန်းတော်ကြီးတစ်ပါးကတော့ ဖတ်ပြီးဘာသာပြန်ပေးခဲ့လို့ ဟိုးတုန်းကသက်သာ နိုင်ငံတော်ကြီးမှာ ဖြစ်ပျက်ခဲ့တဲ့ မနုစာရီ၊ အတိတျာမင်းသား ဘုရင်သက္ကရာဇ် စတဲ့လူတွေရဲ့ အတ္ထုပ္ပတ္တိဖြစ်နေပါတယ်။ အဲဒီဘယ်လိုဖြစ်တာလဲမစုစာရီလာပြီးရေးသွားတာလား”
“မနုစာရီ ရေးသွားတာ မဟုတ်ပါဘူး၊ လူကလေးဟာ လူကလေး ရေးခဲ့တာပါ”
“ဒါဖြင့် အဲဒီ အတ္ထုပ္ပတ္တိဟာ မနုစာရီရဲ့ အတ္ထုပတ္တိအမှန်ပဲလား”
“လူကလေးရေးထားတဲ့ အတ္ထုပ္ပတ္တိကို မနုစာရီမှ မဖတ်ရဘဲနဲ့ ဘယ်လိုလုပ်ပြီး မနုစာရီရဲ့ အတ္ထုပ္ပတ္တိ အစစ်အမှန်ဟုတ်တယ် မဟုတ်ဘူးဆိုတာ အဆုံးအဖြတ်ပေးနိုင်ပါ့မလဲ”
“ဒီလိုဆိုရင် ကျုပ်ရေးခဲ့တဲ့ အတ္ထုပ္ပတ္တိကို ယခုပြောပြပါ့မယ်။ မနုစာရီ နားထောင်ကြည့်ပါ။ ပြီးတော့ ဟုတ်တယ်၊ မဟုတ်ဘူး။ ဖြေဆိုပါ မနုစာရီ”
“ကောင်းပြီလေ၊ လူကလေး ပြောပြပါ”
ကျွန်ုပ်သည် ၁၅-မိနစ်ခန့် ကြာသည်အထိ ဘုန်းတော်ကြီး ဝဲလူဝင်း ပြန်ဆိုပေးသွားသော မနုစာရီအတ္ထုပ္ပတ္တိကို ပြောပြလိုက်ရာ မနုစာရီသည် လေးလေးနက်နက် နားထောင်ပြီးနောက် မနုစာရီက ကျွန်ုပ်အား ဤသို့ပြောလေ၏။
“လူကလေးပြောတဲ့အတိုင်းဆိုရင်တော့မနုစာရီရဲ့ အတ္ထုပ္ပတ္တိ အမှန်ပါပဲ”
“အဲဒါ သိပ်ခက်တာပဲ မနုစာရီ၊ ဒီအတ္ထုပ္ပတ္တိကို ကျုပ်ဟာ နဂိုက ဘာမှသိခဲ့ဖူးတာလဲမဟုတ်ဘူး၊ မနုစာရီကလည်း လာပြီးရေးသွားတာမဟုတ်ဘဲနဲ့ ကျုပ်ဟာ ဒီဇာတ်ကြောင်းကို ဘယ်လိုလုပ်ပြီး ရေးနိုင်ခဲ့တာလဲ”
“လူကလေး ဒီလောကမှာ ပျောက်ပျက်သွားတယ်ဆိုတာ ဘာမှမရှိဘူး။ ခေတ္တ ငုတ်လျှိုးနေတာ ဖြစ်တယ်။ အခါအခွင့်သင့်ရင် ပြန်ပြီး ပေါ်ပေါက်လာတတ်ပါတယ်။ အဲဒါကို “လျှို့ဝှက်အချိန်” သဘောလို့ ခေါ်ပါတယ်။ ဥပမာပြောရရင် အခု
အနောက်ဘက်မှာ နေလုံးကြီးဟာ လုံးဝပျောက်ကွယ်သွားတဲ့ အချိန်ဖြစ်နေပါပြီ၊ ဒါပေမဲ့ အခုနေများ အခါအခွင့်သင့်လို့ ဒုန်းလိုမြန်တဲ့ ယာဉ်တစ်မျိုးနဲ့ အခါအခွင့် ကြုံကြိုက်လို့ လူကလေးဟာ အဲဒုံးယာဉ်နဲ့ အနောက်ဘက်ကို စီးပြီးလိုက်သွားနိုင်ခဲ့လို့ရှိရင် လူကလေးအနေနဲ့ ဝင်သွားပြီလို့ ထင်မှတ်ခဲ့တဲ့ နေလုံးကြီးဟာ မဝင်သေးဘဲ မပျောက်ကွယ်သေးဘဲ ပကတိ အတိုင်း တွေ့ရပါလိမ့်မယ်။ အဲဒီတော့ နေလုံးကြီးဟာ ပျောက်ကွယ်သွားတာ မဟုတ်ဘဲ အခါအခွင့်မသင့်လို့ မမြင်ရတော့တာဆိုတာ မရှင်းဘူးလား။ ဒါကြောင့် ပညာရှင်တချို့ဟာ မိဂဒါဝုန်တောမှာ မြတ်စွာဘုရားသခင်ရဲ့ ဓမ္မစကြာတရားတွေကို အသံဖမ်းစက်နဲ့ စောင့်ပြီး ဖမ်းယူနေကြတယ်။ သူတို့ရဲ့ ပင်မသဘောတရားကတော့ အခါအခွင့်သင့်တဲ့ တစ်နေ့မှာ အသံဖမ်း စက်ထဲကို ဘုရားရှင်ရဲ့ အသံတော် ပြန်ဝင်လာလိမ့်မယ်လို့ ယုံကြည်ထားကြလို့ပါ”
“တော်တော်တော့ နားလည်ဖို့ခက်တဲ့ သဘောတရားပါပဲလားမနုစာရီ”
“လွယ်ပါတယ် လူကလေး၊ အခါအခွင့်သင့်တဲ့ အချိန်မှာ ရုပ်ဝတ္ထုတွေရော၊ အတွေးအကြံတွေရော၊ သင်္ခါရလို့ခေါ်တဲ့ ပြုမှုတွေရော၊ အဖြစ်အပျက်တွေရော၊ အသံတွေရောဟာ ပြန်ပြီး ပေါ်လာပါတယ်။ မနုစာရီရဲ့ လွန်ခဲ့တဲ့ အနှစ်နှစ်ထောင်ကျော်
လောက်က ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်ဟာလည်း အခါ အခွင့်သင့်သွားတဲ့အတွက် လူကလေး သတိလစ်ပြီး ရေးတဲ့ စာတွေထဲကို ရောက်သွားပါတယ်”
“ဒီလို အခါအခွင့်သင့်လို့ တိုက်တိုက်ဆိုင်ဆိုင် ဖြစ်ပေါ်ခဲ့တဲ့ သာဓကလေးတစ်ခုလောက် ကျုပ်အနေနဲ့ ပိုပြီး နားရှင်းသွား အောင် ပြောပြစမ်းပါဦး မနုစာရီ”
“ကဲ..လူကလေး စဉ်းစားကြည့်ပါဦး… ဟို လွန်ခဲ့တဲ့ အနှစ်တစ်ရာလောက်မှာ အလွန်ထက်ထက်မြက်မြက်ရှိတဲ့ ကနောင်မင်းသားနဲ့ တိုင်းပြည်ခေါင်းဆောင် မင်းညီမင်းသားတွေဟာ နန်းတွင်းမှာ လုပ်ကြံခံခဲ့ရတယ် မဟုတ်လား၊ ဟော…အခု မြန်မာပြည်မှာ ထက်ထက်မြက်မြက်ရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းပြည်ခေါင်းဆောင်တွေဟာ လွှတ်တော်ထဲမှာ ရက်ရက်စက်စက် လုပ်ကြံခံခဲ့ရတယ် မဟုတ်လား၊ ဒီအဖြစ်အပျက်မျိုးဟာ ဒီတိုင်းပြည်မှာ အနှစ်တစ်ရာအတွင်း အခါအခွင့်သလို့ ပြန်ပြီးပေါ်ပေါက်ခဲ့တာ မဟုတ်လား”
“ဟုတ်ပါတယ် မနုစာရီ”
“ဒါကို အကြောင်းအရာအားလုံး သမ္မာသမ္မတ္တိ ဖြစ်လို့ အကျိုးတရား တစ်ရပ်ဖြစ်ရတယ်လို့ ဒဿနိကဗေဒအမြင် တစ်ရပ်ဖြစ် လာတယ်မဟုတ်လား၊ အခါအခွင့်သင့်တယ်ဆိုတဲ့ မြန်မာစကားကို ပါဠိလို “သမ္မာသံမဂ္ဂီ”လို့ သုံးရင် ဖြစ်နိုင်ပါလိမ့်မယ်။ အင်္ဂလိပ်လိုတော့ (As history repeats itself the incident repeats itself )လို့ သုံးကြတယ် မဟုတ်လား လူကလေး”
“ကောင်းပါပြီ…မနုစာရီ ပြောတဲ့အတိုင်း အခါအခွင့်သင့်လို့ မနုစာရီရဲ့ အတ္ထုပ္ပတ္တိကို ကျုပ်ဟာရရှိခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီ အတ္ထုပ္ပတ္တိမှာ ‘မနုစာရီရဲ့ အပရန္တတိုင်းပြည်ဟာ မနုစာရီရဲ့ လက်ကိုဖြတ်ပြီး ဖိုကျင်ထိုးရာကအစ တိုင်းပြည်ကြီးတစ်ခုလုံး မြေကြီးကျွံပြီး နစ်မြုပ်သွားသည်အထိ ပြင်းထန်တဲ့ပေါက်ကွဲမှုကြီးဖြစ်ပြီး ပျောက်ကွယ်သွားခဲ့တယ်’ဆိုတဲ့ နေရာလောက်မှာပဲ အဆုံးသတ်သွားခဲ့ပါတယ်။ အဲဒါ အခုလို အခါအခွင့်သင့်တုန်း၊ ကျန်တဲ့နောက်ဆက်တွဲကလေးကို သိချင်ပါတယ်”
“လူကလေးသိချင်တဲ့ အကြောင်းအရာကို မေးပါ၊ မနုစာရီဖြေဆိုပါ့မယ်”
* * *<><><><><><>* * * * *<><><><><>
အပိုင်း ၁၈ ဆက်ပါဦးမည်