jdbKX ခရီးသွားနာနာဘာဝများ

“ခရီးသွား နာနာဘာဝများ”(စ/ဆုံး)

လောကမှာ မမြင်အပ်တဲ့အရာတွေ နာနာဘာဝတွေတကယ်ရှိနေတယ်ဆိုတာ မယုံကြည်သူတွေအတွက်တော့ ပြောမယုံ ကြုံမှသိဆိုသလို ကိုယ်တိုင်လက်တွေ့ကြုံလိုက်ရမှ သိကြပါလိမ့်မယ်။ ကျွန်မကတော့ အလုပ်ကိစ္စနဲ့ ခရီးတွေထွက်ရင်း ကိုယ်တိုင် နဖူးတွေ့ ဒူးတွေ့ လက်တွေ့ကြုံခဲ့ရတဲ့ အဖြစ်တွေကအများကြီးရယ်။ ဟိုင်းဝေးလမ်းတွေပေါ်က ပရလောကသားတွေပေါ့ရှင်။ ပထမဆုံးကြုံခဲ့ရတဲ့ အဖြစ်ကတော့ …

အဲ့ဒီနေ့က အလုပ်ကိစ္စနဲ့ လားရှိုးဘက်ကိုသွားစရာရှိတာကြောင့် လင်မယားနှစ်ယောက် အိမ်က ကားလေးနဲ့ပဲတစ်ယောက်တစ်လှည့်စီ မောင်းမယ်ဆိုပြီး ထွက်လာခဲ့ကြတယ်လေ။ ကျွန်မတို့အိမ်ကနေ စထွက်ကြတော့ကို ည (၇)နာရီ။ နေ့ခင်းဘက်ဆို အရမ်းပူတာကြောင့် လူသက်သာအောင်ဆိုပြီး တမင်တကာ ညဘက်မောင်းသွားကြဖို့ဆုံးဖြတ်ခဲ့ကြတာပေါ့။ ကျွန်မတို့ပြင်ဦးလွင်စတက်တဲ့ အချိန်မှာပဲ မိုးလေးက တဖြောက်ဖြောက်ရွာလာတယ်။

(၂၁) မိုင်ရောက်တော့ မိုးကအရမ်းသည်းလာတာနဲ့ မိုးနည်းနည်းစဲသွားဖို့လည်းစောင့်ရင်း ကားခဏနားရင်း စားကြသောက်ကြပေါ့။ မိုးလေးနည်းနည်းစဲသွားတော့ ကျွန်မတို့လည်း ခရီးဆက်မယ်ဆိုပြီး ထွက်ခဲ့ကြတယ်။ (၂၁)မိုင်ဈေးဆိုင်တန်းတွေအကျော်လောက်ရောက်တော့ အသက် လေးငါးနှစ်လောက်ရှိမယ့် ဂါဝန်နဲ့ကလေးမလေးတစ်ယောက်ကို လက်တွဲထားတဲ့ အမျိုးသမီးတစ်ယောက် သစ်ပင်တစ်ပင်အောက်ကနေပြီး ကားကိုလက်ပြတားနေတာကို တွေ့လိုက်ရတယ်။

”နွယ်ရေ ဟိုရှေ့မှာကြည့်ပါဦး မိန်းမတစ်ယောက်နဲ့ ကလေးတစ်ယောက် ကားတားနေပါလား ”

“ဟုတ်ပါရဲ့ ! မိုးရွာထဲမှာ ကလေးလေးနဲ့ ရပ်ပေးလိုက်ပါ ကိုကိုရယ် …ကူညီစရာရှိလည်း ကူညီလို့ရအောင်”

“ကျွီ ”
”ဘာအကူအညီပေးရမလဲ အမ ”

“ကျွန်မတို့စီးလာတဲ့ကားပျက်သွားလို့ပါရှင်… မိုးကလည်းချုပ်နေပြီဆိုတော့ လိုင်းကားတွေကလည်းမရှိတော့လို့ပါ…ကျွန်မတို့သားအမိအရေးကြီး ကိစ္စလေးရှိလို့ နောင်ချိုကိုအချိန်မှီရောက်မှဖြစ်မှာမို့လို့ပါ … ဖြစ်နိုင်မယ်ဆိုရင် လမ်းကြုံရင် လိုက်ခဲ့လို့ရမလားရှင် ”

ကားတားစီးတဲ့အမကြီးရဲ့စကားအဆုံး ခင်ပွန်းဖြစ်သူက ဘယ်လိုလဲဆိုတဲ့အကြည့်နဲ့ ကျွန်မဘက်ကိုလှည့်ကြည့်လာတယ်။ သူတို့သားအမိကို ကျွန်မအကဲခတ်ကြည့်မိတော့ ကျွန်မဆီကအဖြေကို မျက်နှာငယ်လေးတွေနဲ့ အားကိုးတကြီးစောင့်စားနေကြလေရဲ့။ မိုးမိထားလို့ထင်တယ် သားအမိနှစ်ယောက်စလုံး မျက်နှာလေးတွေကို ဖြူဖတ်ဖြူလျော်ဖြစ်လို့။

“ကူညီလိုက်ပါ ကိုကိုရယ် နွယ်တို့လည်း လမ်းသင့်တာပဲဟာ …လာ လာ အမ …တက်ကြ ”

” ကျေးဇူးတင်ပါတယ် ငါ့မောင်နဲ့ ညီမရယ် …”

” ဟုတ်ကဲ့ ရပါတယ် အမ ”

နွယ်တို့ဆီကခွင့်ပြုချက်ရတာနဲ့ သူတို့သားအမိ ကားနောက်ခန်းတံခါးကိုဖွင့်ပြီး ဝင်ထိုင်လိုက်ကြတယ်။ ထူးဆန်းတာက သူတို့သားအမိဝင်ထိုင်လိုက်တာနဲ့ တပြိုင်နက်ပဲ ကျွန်မရော ကျွန်မအမျိုးသားပါ ဖြန်းခနဲ ကြက်သီးတွေထသွားကြတာပါပဲ။ ဒါပေမဲ့လည်း ရာသီဥတုအခြေအနေကြောင့်ရော ကားအဲကွန်းဖွင့်ထားရောကြောင့်ပါ ဖြစ်မှာပါဆိုပြီးအမှတ်တမဲ့ပဲ နေလိုက်ကြတယ်။

လမ်းတလျောက်လုံးလည်း ပုတ်အဲ့အဲ့အနံ့မျိုးရလိုက် ကြက်သီးထလိုက်နဲ့။ နောက်ခန်းကသားအမိကို မသိမသာကြည့်မိပြန်တော့လည်း ဘာအနံ့မှမရသလို ဘာမှမခံစားရသလိုမျိုး။ ကားပေါ်စတက်လာခါစက စကားတခွန်းစ နှစ်ခွန်းစပြောဖြစ်ကြသေးပေမဲံ နောက်ပိုင်းမှာတော့ ကျွန်မတို့ကိုယ်တိုင်ကိုက စကားနည်းတာရော အဲ့အမျိုးသမီးပုံကြည့်ရတာ တခုခုကို ပူပင်သောကရောက်နေသလိုပုံစံဖြစ်နေတာရောကြောင့်ပါ စကားဆက်မပြောဖြစ်ကြတော့ဘူး။ တစ်ချက် တစ်ချက်အကဲခတ်သလို သူတို့သားအမိကို လှည့်ကြည့်မိတိုင်းမှာလည်း အမျိုးသမီးက ကားပြတင်းပေါက်ကနေအပြင်ကိုငေးနေပြီး ကလေးမလေးကတော့ အမေ့ရင်ခွင်ထဲမှာခေါင်းမှီပြီး အိပ်နေလေရဲ့။

နောင်ချိုရောက်တော့ သူတို့ကားရပ်ခိုင်းတဲ့နေရာမှာပဲ ရပ်ပေးလိုက်တယ်။ ကျေးဇူးတင်စကားအကြိမ်ကြိမ်ဆိုပြီး ထွက်သွားတဲ့သူတို့သားအမိကိုကြည့်ရင်း ကျွန်မရင်ထဲမှာတော့ အမည်မသိတဲ့ခံစားချက်တစ်ခုကို လှိုက်ခနဲခံစားလိုက်ရတယ်။ အဲ့ဒီ နောင်ချိုက ဆိုင်လေးတစ်ဆိုင်မှာပဲ မနက်စာစားရင်း သူတို့သားအမိကိုကြည့်ရတာ တမျိုးဖြစ်နေတဲ့အကြောင်း ကျွန်မ အမျိုးသားနဲ့ ပြောဖြစ်တော့ ကျွန်မတို့ပြောနေတဲ့စကားတွေကို ကြားသွားဟန်ရှိတဲ့ ဆိုင်ရှင်အမကြီးက အနားရောက်လာပြီး……

“မဟုတ်မှလွဲရော ဒီကညီမတို့ပြောတဲ့သားအမိဆိုတာ မိန်းမက အသားဖြူဖြူ အသက်သုံးဆယ်ကျော်လောက်နဲ့ ကလေးလေးက အသက်ငါးနှစ်အရွယ်လောက် ကလေးမလေးမလား”

” ရှင် ! ဟုတ် ဟုတ်ပါတယ် ဒါနဲ့အမက ဘယ်လိုသိတာလဲ”

” အမလေး… သိတာပေါ့ ညီမရယ် ညီမတို့တော့ တကယ့်ဟာတွေနဲ့တွေ့ခဲ့တာပဲ။ ညီမတို့ပြောတဲ့သားအမိက အရင်ကဒီနောင်ချိုကပဲ။ နောက်ပိုင်း သူ့အမျိုးသားအလုပ်ကိစ္စနဲ့ ပြင်ဦးလွင်မှာသွားနေရတော့ သူတို့သားအမိပါ လိုက်နေကြတယ်။ ကောင်မလေးမိဘတွေကတော့ ဒီနောင်ချိုမှာပဲ ကျန်ခဲ့တာပေါ့။ လွန်ခဲ့တဲ့ တစ်လလောက်က သူ့အမေ နေမကောင်းလို့ဆိုပြီး ကလေးမလေးက သူ့သမီးလေးနဲ့အတူ မိဘတွေအိမ်ပြန်လာတယ်လေ။ ကလေးမလေးတို့ သားအမိကိုက ကံဆိုးရှာပါတယ်။ တစ်ရက် နေမကောင်းတဲ့သူ့အမေအတွက် လိုအပ်တဲ့ပစ္စည်းလေးတွေထွက်အဝယ် လမ်းကူးရင်း ခရီးသည်တင် vanကားတစ်စီးနဲ့ တိုက်မိကြတယ်လေ။ ကားကလည်းအရှိန်များတော့ သူတို့သားအမိ ခမျာနေရာမှာတင်ပွဲချင်းပြီးပါပဲ။ အေး…သူတို့ခမျာ သံယောဇဉ်တွေမပြတ်နိုင်ရှာဘူး ထင်ပါတယ်၊ မိသားစုတွေက အမျှဝေပေးကြပေမဲ့ ခုထိမကျွတ်နိုင်ကြရှာသေးဘူးလေ။ ရက်ခြားဆိုသလို နောင်ချိုနဲ့ ပြင်ဦးလွင်ကို ကားတွေတားပြီး လမ်းကြုံလိုက်လေ့ရှိတယ်။ ဘာမှတော့ အန္တရာယ်မပြုကြရှာပါဘူး။ သိတဲ့သူတွေကတော့ ဘယ်ရပ်ပေးရဲမလဲလေ… မောင်းပြေးကြတာပေါ့။ ငါ့ညီမတို့ကို မသိသေးတဲ့သူတွေကတော့ မကြာခဏဆိုသလို ခုလိုကြုံရတတ်တယ်ကွဲ့ ”

” ဗျာ ”
”ရှင် ဒါ ဒါဆို သူတို့ကသရဲ သရဲတွေပေါ့ ”

” အင်းး အဲ့လိုလည်းပြောလို့ရတာပေါ့ ညီမရယ် မကျွတ်လွတ်သေးတဲ့ ပရလောကသားတွေပေါ့လေ ”

” အမလေး ဘုရားး ဘုရားးး ”

ဆိုင်ရှင်အမကြီးပြောတဲ့အကြောင်းကို ကြားလိုက်ရတဲ့နောက် ကျွန်မတို့လင်မယားနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် မျက်နှာအပျက်ပျက်နဲ့ကြည့်ရင်း ဘုရားတလိုက်မိကြတယ်။ ပရလောကသားတွေနဲ့ တစ်ညလုံးကားအတူတူစီးလာခဲ့ရတဲ့ အဖြစ်ကိုပြန်တွေးမိရင်း ကြက်သီးတွေထပြီး ခေါင်းတွေပါကြီးလာသလိုပါပဲ။ နောက်ရက်ကျ ကျွန်မ အကြောက်လွန်ပြီး သုံးလေးရက်လောက် ဖျားယူရတာကတော့ တကယ့်အမှတ်ရစရာပါပဲ။

အဲ့နောက်ပိုင်းမှာလည်း ညဘက်ခရီးတွေသွားရတိုင်းမှာ ပရလောကသားတွေကို ပုံစံအမျိုးမျိုးနဲ့ ကြုံရလေ့ရှိတယ်။ ကြာတော့ သိပ်တောင်မကြောက်တတ်တော့သလိုပါပဲ။ နောက်ပိုင်း ကျွန်မကြုံခဲ့ရတဲ့ ပရလောကသားတွေအကြောင်းကိုတော့ အလျင်းသင့်သလို ပြောပြပေးသွားပါ့မယ်ရှင်………

အမ်နိုင်း(oasis)

#jdbkx.net #ဝတ္ထုတို #Online #Games  #Myanmar  #OnlineGamesMyanmar  #OnlineGames  #OnlineCasino  #SlotandFish  #SportsGames  #MyanmarOnlineGames

Loading

Leave a Reply

Your email address will not be published. Required fields are marked *