ရီးရဲလ်မက်ဒရစ်သတင်းတွေကြားမှာ ချယ်လ်ဆီးနဲ့ ကမ္ဘာ့ဖလားကိုပဲ အာရုံစိုက်ထားတဲ့ အန်ဇို ဖာနန်ဒက်စ်
အန်ဇို ဖာနန်ဒက်စ်ဟာ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပေမဲ့ လက်ရှိမှာတော့ ချယ်လ်ဆီးနဲ့အတူ ရာသီသိမ်းဖို့နဲ့ အာဂျင်တီးနားအသင်းနဲ့ ကမ္ဘာ့ဖလားယှဉ်ပြိုင်ဖို့ကိုပဲ အာရုံစိုက်ထားပါတယ်။
အသက် ၂၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အန်ဇိုဟာ ဒီရာသီ ချယ်လ်ဆီးအသင်းရဲ့ ခြေစွမ်းမမှန်တဲ့ အခြေအနေတွေကြားမှာ အကောင်းဆုံး ကစားနိုင်ခဲ့သူတစ်ယောက်ပါ။ ဇန်နဝါရီလတုန်းက အန်ဇို မာရက်စကာ နေရာမှာ လီယမ် ရိုဆင်နီယာက နည်းပြသစ်အဖြစ် ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။
နည်းပြ ရိုဆင်နီယာကတော့ အန်ဇိုဟာ စတန်းဖို့ဒ်ဘရစ်ချ်မှာ ပျော်ရွှင်နေတယ်လို့ ယုံကြည်နေပါတယ်။ အန်ဇိုဟာ ၂၀၂၃ ခုနှစ်တုန်းက ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၁၀၆.၈ သန်းနဲ့ ချယ်လ်ဆီးကို ရောက်လာခဲ့တာဖြစ်ပြီး စာချုပ်သက်တမ်း ၅ နှစ် ကျန်ရှိနေပါသေးတယ်။ အခုတော့ အန်ဇိုဟာ လက်ရှိ အရှေ့အလယ်ပိုင်းက ပဋိပက္ခတွေကြောင့် ဖိုင်နယ်လစ်စီမာပွဲစဉ် ပျက်ပြားသွားခဲ့လို့ မော်ရီတေးနီးယား၊ ဇမ်ဘီယာတို့နဲ့ ကစားမဲ့ ခြေစမ်းပွဲတွေအတွက် အာဂျင်တီးနားအသင်းနဲ့ ပူးပေါင်းနေပါတယ်။
ရီးရဲလ်မက်ဒရစ်နဲ့ ချိတ်ဆက်နေတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး အာဂျင်တီးနား အားကစားချန်နယ် TyC Sports ရဲ့ မေးမြန်းမှုကို အန်ဇိုက “ဘာမှ မရှိပါဘူး။ ရီးရဲလ်နဲ့ စကားပြောထားတာ လုံးဝ မရှိပါဘူး။ ကျွန်တော် ချယ်လ်ဆီးအတွက်ပဲ အာရုံစိုက်ထားပါတယ်။ ဒီရာသီ လက်ကျန်ပွဲတွေနဲ့ ကမ္ဘာ့ဖလားပြီးမှပဲ ရှေ့ဆက်မဲ့ အစီအစဉ်တွေကို ကြည့်ရမှာပါ” လို့ ဖြေကြားခဲ့ပါတယ်။
စပိန်နဲ့ ကစားရမဲ့ ဖိုင်နယ်လစ်စီမာပွဲစဉ် ပျက်သွားခဲ့ပေမဲ့ အာဂျင်တီးနားမှာ ကစားရမဲ့ ပွဲစဉ်တွေကို အကောင်းဆုံး ဖြစ်အောင် ကြိုးစားသွားမယ်လို့ အန်ဇိုက ဆိုပါတယ်။
“ကျွန်တော့်နိုင်ငံအတွက် ဖိုင်နယ်ပွဲမှာ ကိုယ်စားပြု ကစားချင်တာပေါ့။ ဒါပေမဲ့ ပြဿနာအချို့ကြောင့် ပွဲပျက်သွားခဲ့တော့ အခု ခြေစမ်းပွဲတွေကိုပဲ အသင်းဖော်တွေနဲ့အတူ ပျော်ပျော်ပါးပါး ကစားသွားရမှာပါ။ နောက်နောင်မှာတော့ ဒီပွဲကို ပြန်ကစားခွင့်ရချင်ပါတယ်။ ဒါက ဖိုင်နယ်ပွဲတစ်ပွဲ ဖြစ်တာကြောင့် ကစားခွင့်ရဖို့ မျှော်လင့်ပါတယ်” လို့ အန်ဇိုက ပြောကြားခဲ့ပါတယ်။
Source : https://www.skysports.com/
![]()





