အငြိုးအတေး

” အငြိုးအတေး ”(စ/ဆုံး)
—————————-
ရေးသားသူ..အောင်ဓူဝံ

ရွာအပြင်၌ကလေးငယ်တစ်စု ခုန်ပေါက်ဆော့ကစားနေကြလေသည်။ ပြေးလိုက်လွှားလိုက်နှင့်လွတ်လပ်သည့် ကလေးဘဝကိုပိုင်ပိုင်နိုင်နိုင်
အသုံးချ၍ပျော်ချင်တိုင်းပျော်ရွှင် နေကြလေသည်။

************

“မိအောင်ဖမ်းလေ ငါ့ကိုမိအောင်ဖမ်း”

“အေဟေဟး”

“ကဲမိပြီ မိပြီ နင်ခွေးရူးလုပ်ကလှည့်နော်”

“အေး ငါခွေးရူးလုပ်မယ် ၊ ဒါပေမဲ့ ဒီတစ်ခါ ပြေးတန်းလိုက်တန်း မကစားတော့ဘူးမောလို့ …တူတူပုန်းကြေးကစားကြမယ်၊
ဒီနေရာမှာစည်းဝိုင်းဝိုင်းထားမယ် ၊ ငါကမျက်စိမှိတ်ပြီး ၁၀-အထိရေမယ် ၊ နင်တို့ကအဲ့ဒီအချိန် သွားပုန်းနေကြ၊
ငါကပြီးရင်နင်တို့ကိုရှာမယ်…
မိတာနဲ့ငါကစည်းဝိုင်းဆီပြေးလာပြီး အဲ့ဒီလူရဲ့နာမည်ကိုစည်းဝိုင်းထဲမှာ ခေါက်ပြီးအော်ခေါ်မယ်.
မိတဲ့သူကခွေးရူးပြန်လုပ်ရမယ် ၊ ဘယ်လိုလဲ”

“စိန်လိုက်လေ ဒါဆိုရင် နင်စည်းဝိုင်းဝိုင်းလိုက်တော့…”

“အေး ”

မိအေးကတုတ်တစ်ချောင်းဖြင့် မြေကြီးပေါ်၌စည်းဝိုင်းဝိုင်းလိုက်သည်။

“ကဲ ငါ ၁၀-အထိစရေတော့မယ်နော်”

“မိအေး နင်မျက်လုံးဖွင့်မကြည့်ရဘူးနော်”

“ဖွင့်မကြည့်ပါဘူး အေးကြည်မရယ်၊ နင်သာပုန်းဖို့နေရာရှာထားစမ်းပါဟယ်”

“ဟုတ်တယ် အေးကြည်မ လာဟ ၊ တော်ကြာပုန်းချိန်မရပဲဖြစ်နေလိမ့်မယ်”

“ကဲ ရေပြီနော် ၁ ၂ ၃ ၄ ၅”

မိအေးကမျက်လုံးမှိတ်ကာ ၁ မှ၁၀ အထိရေတွက်နေတော့သည်။ အေးကြည်မနှင့်ကောင်းခန့်လည်း မိအေးလိုက်မရှာနိုင်လောက်မည့်
နေရာများအားရှာဖွေကာပုန်းကြတော့သည်။

“၁၀ ကဲ ငါလာပြီနော်
ပုန်းနိုင်အောင်သာပုန်းထားကြပေတော့”

အေးကြည်မလည်းရွာအပြင်မှ ဘုရားပျက်ကြီးအတွင်းသို့ ဝင်ကာမိအေးမမြင်အောင် ပုန်းနေလေသည်။

ကောင်းခန့်ကတော့ ရွာအပြင်မှ ရှုပ်ထွေးလှသည့် ချုံနွယ်များအကြား တိုးဝင်ပြီးပုန်းနေလိုက်သည်။

“အေးကြည်မ နင်ဘယ်မှာ ပုန်းနေလဲ ငါသိတယ်နော်…”

မိအေးကကျီးကန်းတောင်းမှောက် လိုက်ရှာရင်းပြောလေသည်။

“အား ပါးပါး ချုံတွေထဲဝင်ပုန်းရတာ ယားလိုက်တာ…”

ကောင်းခန့်တစ်ယောက်ပွေလီပြီး ဝင်ပုန်းနေသည့်ချုံနွယ်များက သူ၏တစ်ကိုယ်လုံးအားယားယံနေတော့သည်……”

ကောင်းခန့်လည်းယားသည့် နေရာများအားတဗျင်းဗျင်းမြည်အောင် ကုတ်နေလေသည်။

“ငါလာပြီနော် ကောင်းခန့် နင့်ကိုငါမြင်နေရတယ်… ”

မိအေးကအမှန်တကယ်မမြင်ပါဘဲ ပုန်းနေသူအား စိတ်လှုပ်ရှားအောင် ပြောဆိုနေခြင်းဖြစ်သည်။

ကောင်းခန့်လည်း မိအေး မမြင်အောင်ချုံပုတ်အတွင်း၌ ငြိမ်ငြိမ်ကလေးထိုင်နေလိုက်သည်။

“ဟင်…ဟိုအသိုက်က ဘာအသိုက်ကြီးပါလိမ့်…”

ကောင်းခန့်လည်းခပ်လှမ်းလှမ်း၌ မြင်နေရသော အသိုက်အား စပ်စုချင်သည့်စိတ်ကတဖွားဖွား ဖြစ်ပေါ်လာခဲ့သည်။

ထို့ကြောင့်ပုန်းကွယ်နေရာမှထကာ အသိုက်ရှိရာသို့ရောက်အောင် လာခဲ့လေသည်။

“အသိုက်ထဲမှာ ဖြူဖြူဖွေးဖွေး ဥတွေပါလား။ ဒါဘာဥတွေများပါလိမ့်”

ကောင်းခန့်လည်း ထိုက်အသိုက်ထဲမှ ဥများအားစိတ်ဝင်စား၍ တစ်လုံးပြီးတစ်လုံးကိုင်တွယ်ကြည့်လေသည်။

“ဟိတ် အေးကြည်မ နင့်ကိုငါမိပြီ ”

“အဟီးဟီ”

မိအေးလည်း အေးကြည်မကိုတွေ့ပြီမို့ အားရဝမ်းသာဖြင့်စည်းဝိုင်းရှိရာသို့ ပြေးလာခဲ့တော့သည်။ မိအေးအနောက်မှ အေးကြည်မလည်း
တစ်ပါတည်းပါလာခဲ့လေသည်။

“အေးကြည်မ မိပြီဟေ့
ဂေါက် ဂေါက် ဂေါက်”

“ဒီတစ်ခါ နင်ခွေးရူးလုပ်လှည့်နော် အေးကြည်မ…”

“အေးပါ ငါသိပါတယ် ဒါနဲ့ကောင်းခန့်ရော…”

“ဟင့်အင်း ငါသူ့ကို အခုထိ မတွေ့သေးဘူး အေးကြည်မ”

“ဒါဖြင့်ရင် ငါနဲ့အတူ သူ့ကို လိုက်ရှာကြမယ်လေ…”

“အေး လာ”

မိအေးနှင့်အေးကြည်မ တို့နှစ်ဦးသားကောင်းခန့်အား လိုက်ရှာကြလေသည်။

“ကောင်းခန့်ရေ ကောင်းခန့် နင်ဘယ်မှာလဲ……”

“ကောင်းခန့် နင်ဘယ်မှာပုန်းနေတာလဲ……
ငါအေးကြည်မကိုမိသွားပြီ၊ နင်ထွက်ခဲ့တော့”

“ဟေ့ ငါဒီမှာဟ… လာဦး …ဒီကိုခဏလာခဲ့ဦး”

“နင်ဘယ်မှာလဲ နင့်ကိုမမြင်ရဘူး ၊ အသံပဲကြားနေရတယ်”

“ငါချုံပုပ်အနောက်မှာဟ ၊ နင်တို့ဝင်ခဲ့ကြ ငါနင်တို့ကိုပြစရာရှိတယ်”

“ကောင်းခန့် နင်ကလည်းဟယ် ပုန်းစရာရှားလို့ဒီထဲလာပုန်းရတယ်လို့…အံ့ဩပါ့”

“ဟုတ်ပါ့ ခွေးရူးလုပ်ရမှာ သေအောင်ကြောက်နေတာ အဲ့ကောင်က”

အေးကြည်မနှင့်မိအေးလည်း ကောင်းခန့်ပုန်းအောင်းနေသည့် ချုံပုတ်ထဲသို့တိုးဝင်လာခဲ့ကြသည်။

“နင်တို့ရောက်လာကြပြီလား ဒီမှာငါနင်တို့ကိုပြစရာရှိတယ်”

“ဘာလဲဘာပြမှာလဲ”

“လာ ငါပြမယ်”

“ဒီမှာလေ”

“ဟယ်…”

“ဟင်…ဥတွေပါလား ၊ ဒါ ဒါဘာဥတွေလဲဟဲ့……”

“ငါလည်းမသိဘူး ၊ ဖွတ်ဥတွေထင်တာပဲ”

“ဟဲ့ ကောင်းခန့် နင်အဲဒီဥတွေကို လက်နဲ့ကိုင်လိုက်သေးလား၊ တော်ကြာမြွေဥတွေဘာတွေဖြစ်နေမှ ဟုတ်ပေ့ဖြစ်နေလိမ့်မယ်”

“ဟာ မိအေးကလည်း မြွေဥဟုတ်ချင်မှလည်းဟုတ်မှာပါ။ မြွေတွေကတွင်းထဲမှာနေတာ ၊ ဒီလိုအသိုက်ဖွဲ့ပြီးဥတော့မဥတတ်လောက်ပါဘူးဟာ”

“သူ့ဟာသူ ဘာဥဖြစ်နေဖြစ်နေ နင်လက်နဲ့တော့သွားမထိနဲ့ ၊ အဲ့ဒါသာမြွေဥဆိုရင် ငါ့အမေပြောတာ ကြားဖူးတယ်…
မြွေတွေက သူတို့ဥကိုကိုင်တဲ့သူရဲ့ အနံ့ကိုမှတ်ထားတာတဲ့ ၊ ပြီးတော့သူ့ဥကိုဖျက်ဆီးတဲ့သူရဲ့ အနံ့နဲ့လိုက်ပြီးလက်တုံ့ပြန်ကြတယ်တဲ့၊
ဒါကြောင့် ငါကနင့်ကိုတားနေတာ ကောင်းခန့်ရဲ့ ”

“နင်ကအပြောနောက်ကျနေပြီ ၊ ငါကကိုင်တောင်ကြည့်ပြီးသွားပေါ့”

“ဟင်…နင်ကတော်တော်လက်မြန် ခြေမြန်နိုင်တာပဲကောင်းခန့်ရယ်……

“ဟား ဟား ဟား …မိအေး နင်ကိုကကြောက်ချေးပါလွန်းနေတာပါဟာ…နင်ကြည့်နေ ငါလုပ်ပြမယ်”

“ကဲကွာ”

“ခွပ်”

“ဟင်…”

“ဟဲ့ ကောင်းခန့်”

ကောင်းခန့်ကအသိုက်ထဲမှ ဥများအားတစ်လုံးမကျန် သူ့လက်သီးဆုပ်ဖြင့်ထုချေပစ်လိုက်တော့သည်။

“ကောင်းခန့် နင်ကပြောလေ ကဲလေပဲဟယ်…လာပြန်ကြမယ် ဆက်လည်း မကစားချင်တော့ဘူး”

“ဟုတ်ပါ့ နင့်ကိုပြောရတာ မောတာပဲအဖက်တင်တယ် …လာသွားကြမယ် မိအေး”

“နေပါဦးဟ…ငါလည်းလိုက်မှာပေါ့”

သူငယ်ချင်းသုံးယောက် ချုံပုတ်အတွင်းမှပြန်ထွက်လာခဲ့ကြသည်။

သူတို့ထွက်သွားပြီးသိပ်မကြာပေ ကြီးမားသည့်မြွေတစ်ကောင်က အသိုက်အနီးသို့ရောက်လာကာ ကြေမွပျက်စီးနေသည့်ဥခွံများကို
ကြည့်ကာ ခေါင်းတရမ်းရမ်းဖြင့် အမြတ်ဒေါသထွက်နေတော့သည်။

============

“အောင်မယ်လေး ပြန်လာကြပြီလား …မျောက်သုံးကောင်ဘယ်အချိန်ရှိနေပြီလဲ”

“အန်တီထားသားပေါ့ …တူတူပုန်းတမ်းဆော့နေတာပြန်ထွက်မလာဘဲ ပုန်းနေလို့လေ”

“ဟုတ်တယ် အန်တီထားရဲ့သားက လက်လည်းအငြိမ်မနေဘူး”

“ဟဲ့ အေးကြည်မ နင်လျှောက်မပြောနဲ့”

“ပြောမှာပဲ ဘာဖြစ်လဲ”

“ဘာဖြစ်လို့လဲ အေးကြည်မ ၊ အန်တီထားကိုပြောလေ…ဒီကောင်ဘာတွေပွေလီထားပြန်ပြီလဲ”

“ကောင်းခန့်ပေါ့ တူတူပုန်းတမ်း ကစားရင်း အသိုက်ထဲကဥတွေကို ကိုင်ကြည့်တယ်လေ။
သမီးတို့က မြွေဥလား ဘာဥလား မသိဘဲကိုင်လို့ သူ့ကိုပြောတော့ အန်တီထားသားက အဲ့ဒီဥတွေကို ခွဲပစ်လိုက်တယ်လေ”

“ဟင်…ဟုတ်လား ကောင်းခန့်”

“ဟုတ် ဟုတ်တယ်အမေ ၊ မြွေဥမဟုတ်ပါဘူးအမေရဲ့။

“နင်က မြွေဥဟုတ်မဟုတ် သိလို့လား?..နင်နော် တော်တော် ကမြင်းကျောထတဲ့အကောင် …တော်ကြာမြွေဥဖြစ်နေမှ သူ့ဥကို ဖျက်လို့ဖျက်စီးလုပ်ရကောင်းလားဆိုပြီး နင့်ကိုအငြိုးအတေးထားပြီး ပေါက်သတ်မှဖြင့် နင်သေနေဦးမယ်…သွား အခုရေသွားချိုးတော့….နင့်အဖေလာရင် တိုင်ပြောရဦးမယ်”

“ဟင်း …အေးကြည်မ…နင့်ကြောင့်ငါအဆူခံရတာ ၊ တော်ပြီနောက်တစ်ခါ နင်တို့နဲ့ မဆော့တော့ဘူး”

“ငါတို့က နင့်ကိုစေတနာနဲ့ပြောတာ နင်မကြိုက်လည်းနေပေါ့။ လာမိအေး ငါတို့ပြန်မယ်”

“ဟွန့်”

မိအေးကအေးကြည်မလက်အား ဆွဲကာကောင်းခန့်အားမျက်စောင်း ထိုးပြီးထွက်သွားလေသည်။

============

“တော့်သားဘယ်လောက် အပေါက်ရှာသလဲအဲ့ဒါသာကြည့်တော့”

“မိန်းမကလည်းကွာ ကလေးပဲ ဒီလောက်တော့ရှိမှာပေါ့…မင်းတို့ငါတို့ ငယ်ငယ်ကလည်း ဒီလိုပဲဆော့ခဲ့ကြတာမဟုတ်လား”

“သြော် ကိုခင်စိန်ရယ်…ကျုပ်တို့ငယ်ငယ်က ဆော့ခဲ့တာ တော့်သားလိုတော့ အပေါက်မရှာပါဘူးတော်။
အခုဟာကဘာဥမှန်းမသိပဲ ကိုင်ပြီးခွဲလာလို့ ကလေးကို ဆူနေတာရှင့်.

“ဟေ့ကောင် ကောင်းခန့်”

“ဗျာ…အဖေ”

“မင်းလည်းသတိထားနေ။ လက်ကကမြင်းကျောသိပ်မထနဲ့ မြွေဥတွေဘာတွေ ဖြစ်နေမှ ဂိနေဦးမယ် စားထမင်း”

“ဟုတ်ကဲ့”

ကောင်းခန့်လည်းဖခင်ဖြစ်သူ ငေါက်လိုက်သဖြင့် ခေါင်းငုံ့ကာ ထမင်းစားနေလိုက်သည်။

ညစာစားပြီးသွားတော့ ကောင်းခန့်လည်း မိခင်နှင့်ဖခင်အား စိတ်ဆိုးပြီး အိမ်ရှေ့ကုတင်ပေါ် သွားကာအိပ်နေလိုက်သည်။

” ဒါကဘာဖြစ်တာလဲ …ကောင်းခန့် ငါတို့နဲ့မအိပ်ဘူးလား”

“မအိပ်ဘူး သားဒီနေ့ အပြင်ထွက်အိပ်မယ်”

“အေး…ပြီးရော မင်းဟာမင်း ခွဲအိပ်တာနော်၊ ညကြမှ သရဲကြောက်လို့ ဆိုပြီးငါတို့ထဲပြန်လာမယ်မကြံနဲ့ ၊ အအိပ်မခံဘူး ”

“စိတ်ချ …သားပါသာ သား တစ်ယောက်တည်းအိပ်ရဲတယ် အဖေတို့သာလာမခေါ်နဲ့”

“အေးပါကွာ အေးပါ”

ဖခင်ဖြစ်သူလည်းဇွတ်အတင်း မခေါ်တော့ဘဲ အိမ်ထဲဝင်လာခဲ့သည်။

“ရှင့်သားကဘာတဲ့လဲ”

“ဒီနေ့ အပြင်ထွက်အိပ်မယ်တဲ့… ငါတို့က သူ့ကို ငေါက်လိုက်လို့စိတ်ဆိုးနေလေရဲ့”

“အဟင်း ကြည့်နေ တော့်သား ညဉ့်မနက်ခင် အခန်းထဲပြန်လာလိမ့်မယ်”

ထို့နောက် လင်မယားနှစ်ယောက် အိပ်ရာဝင်ခဲ့ကြလေသည်။ ကောင်းခန့်လည်း စောင်အပါးလေးအားခြုံပြီး အိပ်ပျော်ရန်ကြိုးစားလိုက်တော့ သည်။

“ရွှီး ဖြီး”

ည ၁၂-နာရီခန့် မြွေတစ်ကောင်က ပါးပျဉ်းကြီးအားအစွမ်းကုန်ခွပ်ပြီး အိမ်ထဲသို့ဝင်လာခဲ့လေသည်။

တရွေ့ရွေ့နှင့် ဒေါ်ထားတို့ အိမ်ထဲရောက်လာခဲ့သည်။

မြွေကြီးက နှာတဖူးဖူးမှုတ်ကာ တစ်စုံတစ်ယောက်အားအသည်းအသန် လိုက်ရှာဖွေနေသည်။

မြွေကြီးကတဖြည်းဖြည်းနှင့် ကောင်းခန့်အိပ်နေသည့်ကုတင်အနီးသို့ရောက်လာပြီး အပေါ်သို့ တက်ရန်ကြိုးစားနေသည်။

ထိုအချိန် အိမ်ထဲမှ ဦးခင်စိန် တစ်ယောက်လက်နှိပ်ဓာတ်မီးတစ်လက်ဖြင့် အပြင်သို့ ထွက်လာလေသည်။

“ဟာ…မြွေကြီးပါလား …ငါ့သားကုတင်ပေါ်ကိုတက်နေတာပဲ…မဖြစ်ဘူးမဖြစ်ဘူး”

ဦးခင်စိန်လည်း ဓာတ်မီးဖြင့် လိုက်ရှာကြည့်လိုက်ရာ သူ့နံဘေးတွင်အသင့်ရှိနေသော ဓါးမတစ်ချောင်းအားတွေ့လိုက်လေ
သည်။

ထရံ၌ထိုးထားသော ဓားမအား ဆွဲနှုတ်ကာ သားဖြစ်သူကုတင် ပေါ်သို့ရောက်နေပြီဖြစ်သည့် မြွေကြီးအားအားကုန်လွှဲ၍ ခုတ်ချလိုက်
တော့သည်။

“ရွှတ်”

“ဘုတ်”

မြွေကြီး၏ခေါင်းမှာ တိကနဲ ပြတ်ထွက်သွားကာခေါင်းပြတ်ကြီးက မြေပေါ်သို့ကျသွားလေသည်။

“သား ထထ သားလေးထထ”

“ဟင် ဟင် အဖေ ဘာလဲ”

အိပ်မောကျနေသည့် ကောင်းခန့်လည်း ဖခင်၏အသံအားကြားသဖြင့် အလန့်တကြားထလိုက်လေသည်။

“သားရယ် တော်သေးတာပေါ့ကွာ…အဖေအရောက်မြန်ပေလို့သာပေါ့…မဟုတ်ရင်ငါ့သားလေး မြွေကိုက်ခံရပြီး
အသက်ဆုံးမှာကွ”

“ဗျာ…”

ဦးခင်စိန်လည်း သားဖြစ်သူအား တရှုံ့ရှုံ့နမ်းရှိုက်နေတော့သည်။

ထိုအချိန် အိမ်ထဲမှဒေါ်ထား တစ်ယောက်အသံကြား၍ အိပ်ရာထဲမှထလာခဲ့လေသည်။

“ကိုခင်စိန် ဘာဖြစ်တာလဲဟင်”

“တော်သေးတာပေါ့ မိန်းမရာ ငါတို့သားလေး သေတော့မလို့ကွ။ ငါအချိန်မှီရောက်လာပြီး သတ်လိုက်နိုင်လို့ပေါ့ကွာ”

“ဘာလဲ ကိုခင်စိန်ရဲ့ …ကျုပ်နားမလည်ဘူးတော့်”

“ဟိုမှာလေ ကြည့်လိုက်”

“ဟင်…မြွေသေကြီးပါလား”

“ဟုတ်တယ် …ငါတရေးနိုးလို့ ငါ့သားကိုစိတ်မချတာရယ်၊ အပေါ့သွားချင်တဲ့စိတ်ရယ်ကြောင့် ငါအိပ်ရာထဲကထလာခဲ့တာ၊ အဲ့ဒီအချိန်မြွေကြီးက ငါ့သားကို ပေါက်သတ်ဖို့ဟန်ပြင်နေတာကွ။ ငါလည်းသားသမီးဇောနဲ့ ထရံမှာ ထိုးထားတဲ့ဓားမနဲ့ မြွေကို ခေါင်းဖြတ်လိုက်တယ်ကွာ……”

“တော်သေးတာပေါ့ရှင် …ကျုပ်တို့သားလေးဘာမှမဖြစ်တာ…သားတွေ့ပြီလား။ အမေတို့အတန်တန်မှာတယ်ဆိုတာ ဒီလိုတွေဖြစ်မှာစိုးလို့ ပြောရတာ၊ မြွေဆိုတဲ့အမျိုးက အင်မတန်မှ အငြိုးအတေးကြီးကြတယ် သားရဲ့ အခုသားမျက်မြင်ကိုယ်တွေ့ပဲလေ”

“သားသိပါပြီအမေ …နောက်တစ်ခါ အမေနဲ့အဖေစကားကို နားထောင်ပါ့မယ်”

“ဒီလိုမှပေါ့ သားရယ် ၊ လာအိမ်ထဲသွားကြရအောင်”

“ဟုတ်ကဲ့”

“ကိုခင်စိန် အဲ့ဒီမြွေသေကြီးကို ညတွင်းချင်းပဲမြေမြှုပ်ပစ်လိုက်ပါ။ တော်ကြာနာခဲခဲခံရရင် ပိုဆိုးနေလိမ့်မယ်”

“အေးပါ ငါလုပ်လိုက်ပါ့မယ်”

ဒေါ်ထားနှင့်ကောင်းခန့်လည်း အိမ်ထဲပြန်ဝင်လာခဲ့ကြသည်။ ဦးခင်စိန်ကတော့ မြွေသေကောင်အား ကျင်းတူးကာမြှုပ်ပစ်လိုက်တော့သည်။

အငြိုးအတေးကြီးလှသည့် မြွေတစ်ကောင်၏ရန်မှ ကပ်သီးလေးလွတ်မြောက်ခဲ့ရသည်မှာ ကံကောင်းသည်ဟုဆိုရပေမည်။

ကောင်းခန့်လည်း မဆင်မခြင် လုပ်မိသည့်ဖြစ်ရပ်ကြောင့် အကြောက်ကြီးကြောက်သွားပြီး သင်ခန်းစာရခဲ့တော့သည်။

စာရေးသူဉာဏ်မှီသလောက် ရေးသားထားခြင်းဖြစ်ပြီး မိဘများအနေနဲ့လည်း ကိုယ့်သားသမီးအား အခုလိုအဖြစ်မျိုး မကြုံတွေ့ရလေအောင် သတိထားစေချင်ပါသည်။
ပြီးပါပြီ………


ချစ်ခင်လေးစားလျက်
#အောင်ဓူဝံ

#jdbkx.net #ဝတ္ထုတို #Online #Games  #Myanmar  #OnlineGamesMyanmar  #OnlineGames  #OnlineCasino  #SlotandFish  #SportsGames  #MyanmarOnlineGames

Loading

Leave a Reply

Your email address will not be published. Required fields are marked *