
မနုစာရီ – အပိုင်း (၁၉)
* * * မနုစာရီ * * * ( ၁၉ ) မင်းသိင်္ခ
ဖတ်ရှုနည်းယူခြင်းအလုပ်ကို ကျေနပ်လောက်သည်အထိပြုလုပ်ပြီးနောက် ရေးသားရန်အတွက် မနုစာရီ၏ ဒိုင်ယာရီ၏မူရင်းစာထုပ်ကြီးအပြင် တရုတ်ဘုန်းတော်ကြီး ဝဲလူဝင်း ပြန်ဆိုပေးခဲ့သော ဘာသာပြန်စာမူကိုပါ စားပွဲပေါ်တွင် စုပုံပြီးနောက် စတင်ရေးသားလေတော့၏။
ကျွန်ုပ်စာစတင်ရေးသည့်နေ့ကို မှတ်မိနေပါသေးသည်။ ထိုနေ့က ထူးထူးဆန်းဆန်းပင် ကျွန်ုပ်၏ ကျူရီယိုဆိုင်လေး ဖွင့်ဖွင့်ချင်း ပစ္စည်းဝယ်ယူမည့်သူ သုံးယောက် ရှေ့ဆင့်နောက်ဆင့်ဆိုသလိုဝင်လာပြီးနောက် အင်းဝခေတ်မြေဆေးတံကလေးသုံးလုံး ဝယ်ယူသွား၏။
ကျွန်ုပ်၏ဆိုင်သည် စတင်ဖွင့်သည်မှ ထိုနေ့အထိ ဆိုင်ဖွင့်လျှင်ဖွင့်ချင်း လာရောက်၍ဝယ်သောဝယ်သူမှာ ထိုအကြိမ်သည် ပထမဦးဆုံးအကြိမ်ဖြစ်ပေသည်။ ကျွန်ုပ်သည် မြေဆေးတံကလေးသုံးလုံးကို နှစ်ရာ့ငါးဆယ်နှင့် ရောင်းလိုက်ပြီးနောက် စာရေးခြင်းအလုပ်ကို စတင်၍လုပ်ကိုင်တော့၏။
စာတစ်ကြောင်းရေးချလိုက်မိသည်ဆိုလျှင်ပင် ဝယ်သူတစ်ဦးသည် ဆိုင်ရှေ့၌ကားကို ထိုးရပ်လိုက်၏။ ကားမှာ ထိုခေတ်ကအလွန် လူကြိုက်များ၍ အဖိုးတန်လှသော စတုတီဘက္ကာဖြစ်ကြောင်း သတိပြုမိတော့၏။
ကားပေါ်မှ မိန်းမတစ်ဦးဆင်းလာ၏။ အသက်မှာ သုံးဆယ်ပင် မပြည့်တတ်သေးချေ။ ထိုမိန်းမသည် ခေတ်ဆန်သည်လည်းမဟုတ်။ ရိုးသည်လည်းမမည်သော အဝတ်အစားများကို ကျနစွာဝက်ထားပြီး အသားရောင်မှာ နတ်တော်လ၌သီးသော စပါးသီး၏အရောင်ကဲ့သို့ စိမ်းသည်လည်းမဟုတ်၊ ဝါသည်လည်းမမည်သည့် ဖြူဝင်းစိမ်းဖန့်သော အသားရောင်မျိုးဖြစ်၏။ မျက်နှာမှာ မိန်းမချောဟုဆိုရလောက်သူထဲတွင်ပါဝင်ပြီး မျက်လုံးမျက်ဖန်များမှာမူ ချီးမွမ်းရလောက်အောင် လှပနက်မှောင်၏။
ကိုယ်လုံးကိုယ်ပေါက်မှာလည်း ကျော့ရှင်းသည်ဟု ဆိုရမည်လား။ မသွယ်မပြောင်းသည်ဟုဆိုရမည်လား ကျွန်ုပ်မခွဲခြားနိုင်ပါ။ သို့ရာ၌ သူ၏ကိုယ်လုံးသည်သူ၏ မျက်နှာနှင့် လိုက်ဖက်ခြင်းရှိသည်ဟုတော့ ဆိုနိုင်၏။
သူသည်ဆိုင်တွင်းသို့ ဝင်လာပြီးနောက် ကျွန်ုပ်ကို သေသေချာချာကြည့်ပြီးလျှင်
“ကျွန်မကို ဆိုင်ထဲက ပစ္စည်းလေးတွေ ကြည့်ခွင့်ပြုပါရှင်”
ကျွန်ုပ်၏ဆိုင်သည်ဝယ်မည့်သူရော၊ အပျင်းပြေကြည့်ရှုသူရော ခွင့်တောင်းနေရန်မလိုသော ဆိုင်မျိုးဖြစ်၏။ ကျွန်ုပ်ရောင်းချသော ပစ္စည်းများကိုကပင် ရှေးဟောင်းပစ္စည်းနှင့် အထူးအဆန်းများဖြစ်ပေရာ တစ်စုံတစ်ယောက်သည် ဆိုင်ရှေ့မှတ်ဖြတ်သွားမိလျှင် ဝင်၍မကြည့်သည့်တိုင်အောင် ဆိုင်ကိုမလွန်မချင်းခေါင်းကို ငဲ့၍ ကြည့်သွားတတ်ကြ၏။
များသောအားဖြင့် ဝယ်သည်ဖြစ်စေ၊ မဝယ်သည်ဖြစ်စေ ဝင်၍ကြည့်တတ်ကြ၏။ တစ်နည်းဆိုရပါမူ ပြတိုက်နှင့် သဏ္ဌာန်တူသောလုပ်ငန်းဖြစ်ပေသည်။ ဝယ်သည်ဖြစ်စေ၊ မဝယ်သည်ဖြစ်စေ ကျူးရီယိုဆိုင်ဆိုသည်မှာ ကြည့်ရှုလူသားအားလုံးကို ခွင့်ပြုရမြဲ ထုံးစံရှိ၏။
ယခုမူ ထိုမိန်းမသည် ယဉ်ကျေးစွာဖြင့် ကျွန်ုပ်ကို ကြည့်ခွင့်ပြုရန် အခွင့်တောင်းလိုက်၏။ ရုပ်ရည်နှင့်လိုက်အောင် သိမ်မွေ့သော မိန်းမပါပေတကားဟု ကျွန်ုပ်၏စိတ်၌ ဒုတိယအကြိမ် ချီးကျူးမိပြန်၏။
ထိုမိန်းမကို စိတ်ကျေနပ်သလိုကြည့်ရှုနိုင်ကြောင်း ဈေးနှုန်းများကိုလည်း ကျွန်ုပ်အားမေးရန်အားနာပါက ကတ်တလောက်စာအုပ်အထဲတွင် ကြည့်နိုင်ကြောင်းပါပြောဆို၍ ကက်တလောက်စာအုပ်ကိုပါ ညွှန်ပြပေးခဲ့၏။
ကျွန်ုပ်သည် ထိုမိန်းမအား ကက်တလောက်စာအုပ်ကိုပေးရန်အတွက် အနီးသို့ရောက်သွားရာ၌ အလွန်ဆွတ်ပျံ့သောမွှေးနံ့တစ်မျိုး ရှူရှိုက်မိ၏။ ကုလားမထီးဆောင်း ရေမွှေးလောက်လည်း ရနံ့မများ ၊ အီဗနင်းပဲရစ်ခေါ်သော ရေမွှေးလောက်လည်း ရနံ့မပျော့သော အမွှေးနံ့တစ်မျိုး ဖြစ်၏။
အမှန်အတိုင်းဝန်ခံရလျှင် ထိုကျက်သရေရှိ၍ မွှေးကြိုင်လှသော အမျိုးသမီးတစ်ဦး ကျွန်ုပ်ဆိုင်သို့ လာရောက်ခြင်းကိုပင် ကျွန်ုပ်က ဂုဏ်ယူမိသေး၏။
ကျွန်ုပ်လည်း စားပွဲ၌ပြန်၍ထိုင်ကာ စာရေးရန် ကြိုးစားပြန်၏။ ထိုမိန်းမသည် ရှေးဟောင်းကျောက်ပြင်တစ်ချပ်ကို သေချာစွာ လေ့လာပြီးနောက် ကက်တလောက်လှန်ကြည့်သည်ကို သတိပြုမိ၏။
တစ်ဖန် အက်ဒမံကျွန်းမှ လူရိုင်းတစ်မျိုးကိုင်လေ့ရှိသော လှံတစ်ချောင်းကို ကြည့်ရှုပြီးနောက် အိတ်အတွင်းမှ မှန်ဘီလူးငယ်တစ်ခုကိုထုတ်၍ လှံရိုးကိုသေချာစွာ ကြည့်ပြန်၏။
ကြည့်ပြီးလျင် စာအုပ်ငယ်တစ်ခုထုတ်ကာ လှန်လှောရှာဖွေ၍ ဖတ်ပြီးနောက်
“ဒီဟာ ဘယ်လောက်ပါလဲရှင်”
“ကက်တလောက်မှာ ပါတယ်ခင်ဗျ။ ကျွန်တော်က ပစ္စည်းတိုင်းရဲ့ ဈေးနှုန်းကို အလွတ်မရဘူး”
သူသည် ကတ်တလောက်စာအုပ်ကို လှန်ကြည့်ပြီးနောက်…
“သုံးရာ ဆိုပါလား”
“ဟုတ်ပါတယ် ခင်ဗျား…ဒီလှံရဲ့ ရာဇဝင်လည်း အဲဒီမှာ ချိတ်ဆွဲထားပါတယ်”
“အက်ဒမံကျွန်းက လူရိုင်းတွေကိုင်တဲ့ လှံမျိုးပါ။ ဒီလှံဟာရဖို့ မလွယ်ပါဘူး။ သူတို့ဟာ လှံကို ဖအေကနေ သားပေးတဲ့
အမွေပစ္စည်း ဖြစ်ပါတယ်ရှင်။ ဒါကို ကျွန်မသိလို့ စိတ်ဝင်စားမိတာပါ။ ဒါပေမဲ့ ဒီလှံဟာ အက်ဒမံကျွန်းက လှံအစစ်မှ မဟုတ်ပေဘဲရှင်… ဈေးတော့ လျှော့ဦးမှပေါ့”
“ဈေးလျှော့ရမှာ ကျွန်တော့်အဖို့ ဝန်မလေးပါဘူး။ ဒါပေမဲ့ ဒီပစ္စည်းဟာ အစစ်ဟုတ်တယ် မဟုတ်ဘူးဆိုတာတော့ နည်းနည်းစကားပြောရလိမ့်မယ်”
“အစစ်မဟုတ်ပါဘူး၊ လှံအပေါ်မှာပါတဲ့ သရိုးကိုကြည့်ရုံနဲ့ ကျွန်မ ခွဲခြားပြီးသိနိုင်ပါတယ်။ ဒီသရိုးဟာ သစ်စေးသရိုးပါ၊ အစစ်ဟာ သားကောင်တွေရဲ့ အဆီတစ်မျိုးနဲ့ လုပ်ထားတဲ့ သရိုးပါ။ ကျွန်မဟာ အရှေ့တိုင်းမှာရှိတဲ့ လူရိုင်းများရဲ့ အသုံး အဆောင် လက်နက်ပစ္စည်းများနဲ့ ပတ်သက်ပြီး အချိန်ယူ လေ့လာထားပါတယ်”
ကျွန်ုပ်သည် မည်သို့မျှ မပြောနိုင်ပါ။ ကျွန်ုပ်ကိုယ်တိုင်အစစ်ထင်မှတ်၍ သင်္ဘောသားတစ်ဦးထံမှ ဝယ်ယူထားခြင်း ဖြစ်၏။
“အမှန်အတိုင်း ဝန်ခံရရင်တော့ ကျွန်တော်အစစ်ဖြစ်တယ်လို့ ယုံကြည်ထားတာတစ်ခုပါပဲ၊ အစစ်ဖြစ်ကြောင်း ကျွန်တော့်မှာ ခိုင်လုံတဲ့သာဓကတော့ မရှိပါဘူး”
“ကောင်းပြီးလေ၊ ကျွန်မ မဆစ်ပါဘူး၊ ကက်တလောက်ထဲမှာပါတဲ့ ဈေးနဲ့ပဲ ဝယ်ပါမယ်”
ဟု ဆိုကာ ငွေသုံးရာကို ရာတန်အသစ်ကလေးများ ထုတ်၍ပေးသွား၏။ ကျွန်ုပ်သည် ထိုလှံကြီးကို သတင်းစာစက္ကူဟောင်းများ ဖြင့်ပတ်ကာ ထိုမိန်းမလက်သို့ ပေးလိုက်၏။
“နောက်ကိုလည်း အလိုရှိတဲ့ပစ္စည်းများရှိရင် လာပါခင်ဗျာ။ စော်ကားတယ်လည်း မထင်ပါနဲ့နော်၊ ရောင်းလိုတဲ့ ပစ္စည်းရှိရင်လည်း အကြောင်းကြားပါခင်ဗျာ၊ ဪ… ဒါထက် ဒီက – နာမည်လေးများ သိနိုင်ရင် သိထားပါရစေခင်ဗျာ။ ကျွန်တော် အခုလိုဖောက်သည်ကောင်းများကို အစဉ်လေးစားတဲ့အတွက်မေးရခြင်း ဖြစ်ပါတယ်”
“ကျွန်မနာမည်က မသက်ဆွေလို့ ခေါ်ပါတယ်၊ ကျွန်မ ခင်ပွန်းက ကင်းဘရိတ်တက္ကသိုလ်က ပါမောက္ခတစ်ဦးပါ။ သူကအမေရိကန် အမျိုးသားပါ။ ကျွန်မတို့ အခု သီးစစ် (Thesis) တစ်စောင်အတွက် မြန်မာပြည်ကို ခဏလာခဲ့ကြတာပါ” “ဟုတ်ကဲ့ ခင်ဗျာ သိရတာ အများကြီး ဝမ်းသာပါတယ်”
ထိုအမျိုးသမီး နှုတ်ဆက်၍ ထွက်သွား၏။ သူ၏ ကားကလေးသည် အတော်လှမ်းလှမ်းသို့ရောက်သွားပြီ ဖြစ်သော်လည်း ထိုမိန်းမ၏အကြောင်းသည် ကျွန်ုပ်၏ ဦးနှောက်တွင်းမှ မထွက်သေးချေ။ အမေရိကန်လူမျိုး ပါမောက္ခ၏ ဇနီးချောလေး မသက်ဆွေကို ကျွန်ုပ်စိတ်၌ ထူးဆန်းသလိုလိုဖြစ်ကာ ရင်ဝယ်မသိမသာ ဂယက်ထ၍ ကျန်ရစ်ခဲ့လေ၏။
ကျွန်ုပ်သည် စာကို ရေးမြဲ ဆက်၍ ရေးနေတော့၏။ ကျွန်ုပ်သည် နေ့စဉ်နေ့တိုင်း စာရေးခြင်းအလုပ်ကို မပျက်မကွက် လုပ်လာခဲ့၏။ ရက်သတ္တပတ် နှစ်ပတ်ခန့်ရှိလျှင် ကျွန်ုပ်၏စာများသည် အတော်အတန် ပြီးစီးခြင်းသို့ ရောက်ခဲ့၏။
ထိုရက်ပိုင်းလောက်တွင် မသက်ဆွေ ရောက်လာပြန်၏။ ကျွန်ုပ်ကို နှုတ်ဆက်ကာ ပစ္စည်းများကို ယခင်တစ်ခါကအတိုင်း စိတ်ဝင်စားစွာကြည့်ပြီးနောက် ဘီလူးကဟန် စီထားသော ရှေးခေတ်ဆေး မှင်ကြောင်ထိုးရာ၌ အသုံးပြုသော ကြေးစုတ်ကြီးတစ်ချောင်းကို ကိုင်ကြည့်ကာ…
“ဒီဟာ ဘယ်လောက်လဲရှင့်”
“ဟုတ်ကဲ့ ကျွန်တော်ကတ်တလောက်ထဲမှာ ရှာကြည့်ပါဦးမယ် ခင်ဗျ”
ကျွန်ုပ်သည် ကက်တလောက်တွင် ရှာဖွေရာ ဈေးနှုန်းမှာ ခုနစ်ဆယ့်ငါးကျပ်ဟူ၍ ပြထားသဖြင့်…..
“မသက်ဆွေ ခုနစ်ဆယ့်ငါးကျပ်ပါ”
“သေသေချာချာ ကြည့်ပါဦးရှင် ခုနစ်ရာ့ငါးဆယ်နဲ့များမှား နေရော့သလား”
“မဟုတ်ပါဘူးခင်ဗျ၊ မမှားပါဘူး ခုနစ်ဆယ့်ငါးကျပ်တည်းပါ”
“ရယ်စရာတော့ တော်တော်ကောင်းတာပဲရှင်၊ ဆိုင်မှာအတုတွေက ဈေးကောင်းပြီး အစစ်တွေက ဈေးသိပ်မှမရှိဘဲကိုးရှင်”
“ဘယ်လို ဘယ်လို မသက်ဆွေ ဘာကို ဆိုလိုတာလဲ ခင်ဗျ”
“သြော်အက်ဒမံကျွန်းက လှံမဟုတ်ဘဲ လှံအတုကိုတော့ သုံးရာရောင်းပြီး ရှားပါးလှတဲ့ ကုန်းဘောင်ခောတ်က ကြေးစုတ်ကြီးကိုတော့ ခုနစ်ဆယ့်ငါးကျပ်တည်းနဲ့ ရောင်းပစ်တော့မှာကိုး”
“ခင်ဗျာ၊ ဒီကြေးစုတ်ကြီးဟာ ကုန်းဘောင်ခေတ်ဦးပိုင်းလောက်ကဟာ ဟုတ်လား မသက်ဆွေ”
“ဟုတ်ပါတယ်”
“ကုန်းဘောင်ခေတ်ဦးပိုင်းလောက်ကပစ္စည်းမှန်း ခင်ဗျား ဘယ်အချက်ကို ထောက်ပြီး သိနိုင်တာလဲ”
“သိတာပေါ့ရှင်… ဒီလိုပါ ကြေးစုတ်တွေကိုတော့ မြန်မာတွေ အသုံးပြုလာတာ ကြာခဲ့ပါပြီ၊ ဒါပေမဲ့ အခုလို အပေါ်က ဘီလူးစီးဟန်ကိုတော့ အလောင်းဘုရား ဇင်းမယ်၊ ယိုးဒယားကိုချီတော်မူပြီးနောက်ပိုင်းသာ ပြုလုပ်သုံးစွဲလာကြပါတယ်၊ တစ်နည်းပြောရရင်ဖြင့် ယိုးဒယား ယဉ်ကျေးမှုနဲ့ ဆက်နွယ်လာတဲ့ သဘောပါပဲ”
“ ဒီလိုလား ကျွန်တော်ဖြင့် မသိပါဘူးဗျာ”
“ ပြီးတော့ မြန်မာလို အလေးအနက်ထားတဲ့ ကြေးသတ္တု ခုနစ်ပါးရယ်လို့ ရှိပါတယ်။ အဲဒါကို အကျယ်သိချင်ရင်တော့ “သဗ္ဗေ ဓာတုက ဝိဇ္ဇာရေ ပကာသနီကျမ်း”ကို ကြည့်ရင် တွေ့နိုင်ပါတယ်။
အဲဒီကျမ်းမှာ ပါဠိလို တညံ့လို့ဆိုတဲ့ စကားရပ်တိုင်းမှာ ကြေးကိုဆိုလိုတာ ဖြစ်ပါတယ်။ ဟောဒီ ကြေးစုတ်ကြီးဟာကျမ်းအတိုင်းပြောရရင်တော့ အဖြူရောင်ဖြစ်လေတော့ နာဂဇ၀ခေါ်တဲ့ သလွဲမည်ကျောက်မှရတဲ့ ကြေးမျိုးနဲ့ မိစ္ဆဇာတာက တညံ့လို့ခေါ်တဲ့ ဥဒေါင်းမွှေးမှ ထွက်သောကန့်ဒုတ္တာတစ်မျိုးကရတဲ့ ကြေးမျိုးနှစ်ခုအနက် တစ်ခုခု ဖြစ်နိုင်ပါတယ်”
ကျွန်ုပ်သည် ထိုမသက်ဆွေဆိုသော ပါမောက္ခကတော်လေးကို များစွာအံ့သြနေမိတော့၏။ မြန်မာမှုကို ကျွမ်းကျင်နားလည်သည့် စံချိန်ထက်ကျော်လွန်နေ၏။ တော်ရုံတန်ရုံ အဂ္ဂရိတ်သမားများပင် မဖတ်ဖူးသော အဂ္ဂိရတ်ကျမ်းကိုလည်းကောင်း၊ ကြေးသတ္တုမျိုးကိုလည်းကောင်း တတ်သိနားလည်စွာ ပြောဆိုလိုက်ခြင်းကို ကျွန်ုပ်သည် မအံ့ဩဘဲ မနေနိုင်တော့ပါ။
“အနည်းဆုံး ရှင့်ပစ္စည်းဟာ တစ်ထောင်လောက် တန်ပါတယ်၊ ဒါပေမဲ့ ရှင့်ကိုတော့ တစ်ထောင်မပေးနိုင်ဘူး၊ သုညတစ်လုံးတိုးပြီး ခုနစ်ရာ့ငါးဆယ်တော့ ပေးသွားမယ်၊ ပြီးတော့ ကျွန်မအကြံတစ်ခု ပေးပါရစေ၊ ဆရာလုပ်တယ်လို့တော့ မထင်ပါနဲ့”
“ပေးပါခင်ဗျာ၊ မထင်ပါဘူး”
“ကျူရီယိုဆိုင် ရောင်းတယ်ဆိုတာ အများဆုံးရောင်းတဲ့ပစ္စည်းကတော့ ရှေးဟောင်းပစ္စည်းဖြစ်လေတော့ ရောင်းတဲ့လူဟာ အနိမ့်ဆုံးပြောရရင် ခပ်ညံ့ညံ့ သမိုင်းပါမောက္ခတစ်ယောက်လောက်တော့ ပိုမညံ့သင့်ဘူး။ ဘာကြောင့်လဲဆိုတော့ သမိုင်းနောက်ခံမသိဘဲ သမိုင်းဝင်ပစ္စည်းတွေ ရောင်းတယ်ဆိုတာ စိန်ရည်ကျောက်သွေးနားမလည်ဘဲ စိန်ကုန်သည်
ကျောက်ပွဲစား လုပ်သလို ရှိလိမ့်မယ်၊ စိန်ကုန်သည် ကျောက်ပွဲစားလုပ်တဲ့လူဟာလည်း အနိမ့်ဆုံးတော့ ချက်ကျောက်နဲ့ ၊ တွင်းထွက်ကိုတော့ မြင်လိုက်ရုံနဲ့ ခွဲခြားနိုင်ရမယ်မဟုတ်လား”
”ဟုတ်ကဲ့ ခင်ဗျာ”
ထိုအမျိုးသမီးသည် ကျွန်ုပ်ကို ပညာသားပါပါ ဆုံးမပြီးနောက် ကျွန်ုပ်အား ခုနစ်ရာ့ငါးဆယ် ထုတ်ပေးကာ ထွက်ခွာသွားတော့၏။
ကျွန်ုပ်လည်း များစွာ အရှက်ရမိတော့၏၊ နှစ်ပေါင်းများစွာ ကျွန်ုပ်လုပ်လာခဲ့သောအလုပ်အား ထိုနေ့နံနက်က တစ်ခါတည်း ရပ်ဆိုင်းပစ်ချင်လောက်အောင်ပင် စိတ်ဓာတ်များ ကျဆင်းသွားတော့၏။
သို့သော် ထိုမသက်ဆွေသည် ကျွန်ုပ်ထံသို့ တော်တော်နှင့် ပေါ်မလာတော့ပါ။
* * * * * * * * * *
အပိုင်း ၂၀ ဇာတ်သိမ်းပိုင်း ဆက်ပါဦးမည်