Magnolia (1999)

Magnolia (1999)

ဂရင်းဘယ်ရီဟေးလ်မှာနေတဲ့ လူကြီးလူကောင်းတစ်ယောက်ကို လုယက်သတ်ဖြတ်ခဲ့တဲ့ လူသုံးယောက် ကြိုးပေးခံခဲ့ရတယ်။ တိုက်ဆိုင်မှုလားတော့ မသိပေမဲ့ အဲဒီလူသုံးယောက်ရဲ့နာမည်က ဂျိုးဆက်ဂရင်း စတန်လေဘယ်ရီနဲ့ ဒန်နီရယ်ဟေးလ်။ ဂရင်းဘယ်ရီဟေးလ်။ ရေကန်တစ်ခုမှာ ရေငုပ်နေတဲ့ ရေငုပ်သမားတစ်ယောက်ဟာ ရေငုပ်ဝတ်စုံနဲ့ တောမီးလောင်ပြင်မှာ သေသွားခဲ့တယ်။

တိုက်ဆိုင်မှုသက်သက်ပဲလားတော့ မပြောတတ်ဘူး။ ၉ ထပ်တိုက်ပေါ်ကနေ ကောင်လေးတစ်ယောက်ဟာ ခုန်ချပြီးသတ်သေခဲ့တယ်။ အောက် ၅-လွှာမှာ လုံခြုံရေးပိုက်ကွန်တပ်ထားလို့ ပြုတ်ကျရင် ပိုက်ကွန်ထဲကျပြီး မသေနိုင်လောက်ဘူး။ ဒါပေမဲ့ အောက် ၃-လွှာမှာ သေနတ်တစ်လက်နဲ့ သူ့အဖေနဲ့အမေ ရန်ဖြစ်နေတယ်။ သူ့အမေပစ်လိုက်တဲ့ကျည်က ၆-လွှာကို ဖြတ်လာတဲ့ သူ့ဗိုက်တည့်တည့်ဝင်ပြီး ပွဲချင်းပြီးသေပြီး လုံခြုံရေး ပိုက်ကွန်ပေါ်ကျသွားခဲ့တယ်။ မအောင်မြင်ခဲ့တဲ့သတ်သေမှုကနေ အောင်မြင်တဲ့လူသတ်မှုဖြစ်လာခဲ့တယ်။ ကောင်လေးအသတ်ခံရမှုအတွက် ကြံရာပါဟာ ကောင်လေးကိုယ်တိုင်ပဲ ဖြစ်လာခဲ့တယ်။ တိုက်ဆိုင်မှုသက်သက်ပဲလား။ မမြင်ရတဲ့ တန်ခိုးရှိတဲ့တစ်စုံတရာ ရှိနေခဲ့တာလား။

ဇာတ်အိမ်ကတော့ တစ်ဦးတစ်ယောက်တည်းစီ ဦးမတည်ဘူး။ Philip Seymour Hoffman, Tom Cruise, Jason Robards, Julianne Moore, John C. Reilly, Philip Baker Hall, Melora Walters, Melinda Dillon, William H. Macy, Jeremy Blackman စသဖြင့် ဟောလိဝုဒ်က သရုပ်ဆောင်ကောင်းတဲ့ သရုပ်ဆောင်တွေကို သုံးထားတယ်။

ဒီလူတွေအကုန်လုံးဆီ ဇာတ်အိမ်က ဖြန့်ကျက်ထားတယ်။ သူတို့ဘဝတွေကတော့ မတူဘူး။ သူဌေးတွေ၊ နာမည်ကျော်တွေ၊ ဘဝမှာနေပျော်အောင်နေနိုင်သူတွေ၊ ဘဝမှာနေပျော်အောင်မနေနိုင်သူတွေ၊ အပြစ်သားတွေ၊ နစ်နာသူတွေ၊ ဘဝင်လေဟပ်နေတဲ့လူတွေ၊ ထရော်မာရှိတဲ့လူတွေ၊ အရှုံးသမားတွေ အစုံပါတယ်။ ကလေးလေးကနေ အဘိုးကြီးအထိပါတယ်။

ဒီမတူတဲ့လူတွေမှာ ဒီမတူတဲ့ဘဝတွေမှာ တူနေတာက ဝေဒနာ။ အားလုံးမှာ ကိုယ်စီရှိကြတဲ့အရာပေါ့။ ဒီလူတွေရဲ့ဝေဒနာတွေကို ပြထားတယ်။ ဘယ်လိုဘဝမှာမဆို ဘယ်လူသားမှာမဆို ဝေဒနာတွေရှိနေနိုင်တယ်။ ဒီဝေဒနာတွေအတွက် လက်တွေ့ကျတဲ့ ဖြေဆည်ရာရှိနိုင်မလား။ ကျွန်တော်တော့ မထင်ဘူး။ ပေါလ်သောမတ်စ်အန်ဒါဆန်ဟာ ဒီဖြေဆည်ရာကို အဖြေရှာတဲ့အကြောင်း ရိုက်ပြထားတယ်။ နောက်ပိုင်းတွေကတော့ ရုပ်ရှင်ကြည့်ပြီးမှ ဖတ်ရင်လည်းဖြစ်တယ်။ မဖတ်ရင်လည်းဖြစ်တယ်။ အခုဖတ်ရင်လည်းဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့တော့ တကယ်တမ်း ခြောက်ပစ်ကင်းအောင်ကောင်းတဲ့ ရုပ်ရှင်တစ်ကားရဲ့အရသာကို ဘယ်လိုအချက်အလက်မျိုးကို သိထားခြင်းကမှ ဖျက်ဆီးနိုင်မယ် မထင်ဘူး။ ကြည့်တဲ့လူအပေါ်မူတည်ပြီး နောက်ရုပ်ရှင်တစ်ကားလည်း ဖြစ်သွားနိုင်လို့ပါပဲ။

တစ်ကိုယ်ရေအမြင်အရတော့ Paul Thomas Anderson ရဲ့ မာစတာပိစ်က Magnolia ပဲ။ နောက် Magnolia လိုမျိုး Pure Art စစ်စစ် ဖြစ်နေတဲ့ ရုပ်ရှင်မျိုး ဟောလိဝုဒ်အနေနဲ့တော့ လက်ချိုးရေနိုင်တဲ့ပမာဏအထိ ရှားကောင်းရှားလိမ့်မယ်။ ကျွန်တော်သိသလောက်ထဲတော့ ရှားတယ်။ ပေါလ်သောမတ်စ်အန်ဒါဆန်ဟာ ဟောလိဝုဒ်ရဲ့ Art House အတော်ဆန်တဲ့ ဒါရိုက်တာလို့ ကျွန်တော်တော့ မြင်တယ်။ MAGNOLIA ဟာ လေးပင်ပြီး စိတ်ဝင်စားစရာကောင်းတဲ့ဇာတ်အိမ်မျိုးကို ပိုင်ထားပေမဲ့ အာမခံလို့ရတာကတော့ အတော့်ကိုနားထောင်လို့ ကောင်းတဲ့ AIMEE MANN ရဲ့ သီချင်းတွေနဲ့ အလှပဆုံးဇာတ်သိမ်းခန်းနဲ့တင် ဒီရုပ်ရှင်ဟာ အတော့်ကို မှော်ဝင်နေပါပြီ။ ဒါကြောင့်လည်း တစ်ချို့က MAGNOLIAကို အန်ဒါဆန်ရဲ့ MASTERPIECE ရုပ်ရှင်လို့ဆိုကြတယ်။

ဇာတ်အိမ်ဟာ ဇာတ်ကောင်တစ်ကောင်ကို ဦးမတည်ဘဲ ဇာတ်ကောင်များစွာကို ဦးတည်ရာတစ်ခုဆီ စေလွှတ်ထားတယ်။ တိတိပပဆိုဇာတ်ကောင်ဆယ်ယောက်။ ဇာတ်လမ်းဟာ ဇာတ်ကောင်ဆယ်ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာ ဝေဒနာတွေနဲ့ ယှက်ဖောက် ဖွဲ့စည်းထားပေမဲ့ ဇာတ်မနိုင်တာမျိုးဖြစ်မသွားခဲ့ဘူး။ ဇာတ်ကောင် ၁၀-ကောင်ရဲ့ ကာရိုက်တာ Chemistry ကို ပေါလ်သောမတ်စ်အန်ဒါဆန်က မက်နောလီးယားပန်းပုံ ဇယားနဲ့တောင် ချိတ်ဆက်ပြီး ပုံဖော်ထားသေးတယ်။ ပြောခဲ့သလို ဒီရုပ်ရှင်မှာ အဓိက မြင်ရမှာက ဝေဒနာတွေပေါ့။ ဆိုပေမဲ့လို့ ဝေဒနာဆိုတဲ့ စကားလုံး ။ ဝေဒနာခံစားနေရသူကို စာနာသနားမှုဆိုတဲ့အရာ။

အဲဒါကို ပုံမှန်မြင်နေကျ အမြင်မျိုးနဲ့ ပေါလ်သောမတ်အန်ဒါဆန်က ပုံဖော်ထားတာတော့မဟုတ်ဘူး။ ဘာလို့ဆို ဝေဒနာဆိုတာ ကျွန်တော်တို့အတွက်တော့ နစ်နာသူကိုပဲ မြင်မိစေတဲ့အရာမျိုးပဲ။ အန်ဒါဆန်ကတော့ နစ်နာသူရော ကျူးလွန်သူရော။ ကောင်းတဲ့သူရော မကောင်းတဲ့သူရောရဲ့ ဝေဒနာကို ပြထားတယ်။ ဥပမာဆို အဖေက သမီးကို ထိကပါးရိကပါးလုပ်ခဲ့လို့ စိတ်ဒဏ်ရာရနေတဲ့ သမီးတစ်ယောက်ပါတယ်။ ပေါလ်သောမတ်စ်အန်ဒါဆန်ကတော့ နစ်နာသူ သူ့သမီးရဲ့ဝေဒနာကိုတင်မဟုတ်ဘဲ ကျူးလွန်သူသူ့အဖေ သူ့အပြစ်သူခံနေရတဲ့ ဝေဒနာကိုပါ ပြခဲ့တယ်။ တခြားအလားတူတွေလည်းများတယ်။ ဆိုပေမဲ့ ဒီရုပ်ရှင်မှာ အပြစ်လုံးဝကင်းတဲ့လူမပါဘူး။

တစ်ခါတလေ နောက်ခံသီချင်းတွေက ရုပ်ရှင်အပေါ်သက်ရောက်မှု‌ ‌ကြီးတတ်တယ်။ Magnolia မှာတော့ Aimee Mann ရဲ့ Wise Up မပါခဲ့ရင် ဒီရုပ်ရှင်ဒီလောက် ရင်နင့်စရာကောင်းပါ့မလား တွေးမိရလောက်အောင်ကို Wise Up ကို ဇာတ်ကောင်တွေ ထဆိုတဲ့အခန်းမှာ Wise Up ဟာ ဇာတ်ကောင်တွေရဲ့ ဝေဒနာကို ပိုပေါ်စေခဲ့တယ်။ ထူးခြားတာက ပေါလ်သောမတ်စ်ဟာ ရုပ်ရှင်ရဲ့ဇာတ်ရှိန်အမြင့်ဆုံးအခန်းကို ဇာတ်ကောင်တွေအကုန် Wise Up ကို တစ်ယောက်တစ်ကြောင်းဆိုတဲ့အခန်းနဲ့ ပြထားတယ်။ ဒါကြောင့်ပဲ ပိုလှခဲ့တယ်ထင်ပါတယ်။

ပေါလ်သောမတ်စ်အန်ဒါဆန်ကိုယ်တိုင်ကလည်း ဇာတ်ညွှန်းရေးနေတဲ့ တစ်ချိန်လုံး Aimee Mann သီချင်းတွေ နားထောင်ခဲ့သလို ကာရိုက်တာအိုင်ဒီယာနဲ့ ဒိုင်ယာလော့တွေပါ ဒီသီချင်းတွေကနေ စီးကူးခဲ့တယ်။ “Simon and Garfunkel is to The Graduate as Aimee Mann is to Magnolia.”လို့လည်း သူကိုယ်တိုင် ဂုဏ်ပြုပြောဆိုခဲ့သေးတယ်။ ပေါလ်သောမတ်စ်က ဘဝမှာ တစ်စုံတရာဆိုတာ ရှိတဲ့သဘောပြခဲ့သလို အနုပညာမှာလည်း တစ်စုံတရာရှိမယ်လို့ ကျွန်တော်တော့ ယုံကြည်တယ်။

မူရင်းအားဖြင့် ဒီရုပ်ရှင်ရဲ့ အသက်ဖြစ်တဲ့ Wise Up သီချင်းကို တွမ်ခရုစ်ပဲ သရုပ်ဆောင်ခဲ့တဲ့ Jerry Maguire အတွက်ရေးခဲ့တာပါပဲ။ မသုံးဖြစ်လို့သာ ဒီကားထဲ ရောက်လာခဲ့တာ။ ဒါကို တိုက်ဆိုင်မှုသက်သက်လို့ ကျွန်တော်ဘယ်တုန်းကမှ မထင်ဘူး။ Farewell My Concubine ရုပ်ရှင်ကို ကျွန်တော်ဘာသာပြန်ခဲ့တုန်းက မောင်းမငယ်နေလေရစ်လို့ နာမည်ပေးခဲ့တယ်။ အမှန်ဆို Farewellကို နေလေရစ်လို့ ဘာသာပြန်ဆိုနိုင်တဲ့အထိ စကားလုံးကြွယ်ဝမှုမျိုး ကျွန်တော့်မှာ မရှိပါဘူး။

ကျွန်တော်ဇာတ်ကားကိုပြန်နေတုန်းမှာပဲ နယူးဖိဒ်က စာအုပ်အဟောင်းတန်းပေ့စ်တစ်ခုကနေ အောင်လင်းရဲ့ နေရစ်တော့ မြသီလာစာအုပ်ကို ရောင်းတဲ့ပို့စ်တက်လာတယ်။ သူ့အင်္ဂလိပ်နာမည်မှာ Farewell ပါတယ်။ အဲဒါကို သူက‌ နေရစ်တော့လို့ ပြန်ထားခဲ့တာကို လှလို့ သဘောကျလို့ ယူသုံးခဲ့တာ ကွက်တိဖြစ်သွားခဲ့တာပါပဲ။ ဒီလိုပဲ ဖန်တီးမှုတွေမှာ တိုက်ဆိုင်မှုထက် ပိုတဲ့ တစ်စုံတရာရှိနေမယ်လို့ ကျွန်တော်တော့ အခါခါကြုံခဲ့ပြီးလို့ သေချာတယ်။ ဒီလိုပဲ ဒီသီချင်းဟာ မက်နော်လီးယားအတွက် တိုက်ဆိုင်မှုတစ်ခုသက်သက်မဟုတ်ခဲ့ဘူးလို့ ကျွန်တော်တော့ယုံတယ်။ It’s not going to stop Till you wise up… သီချင်းဟာ ဝေဒနာကို ပိုပေါ်လွင်စေသလို ဖြေသာရာလည်း ဖြစ်ခဲ့တယ်။ Save Me ဆိုတဲ့ အဆုံးခန်းက Aimee Mannသီချင်းကလည်း သိပ်လှလွန်းတယ်။

သီချင်းတွေအပြင် ပေါလ်သောမတ်စ်ရဲ့ ဒါရိုက်တာဉာဏ်ကလည်း သွားရှုပ်လို့မရဘူး။ ဥပမာဆို ဒီကားထဲမှာ တွမ်ခရုစ်က နာမည်ကျော် မိုတီဗေးရှင်းစပီကာ ငစားကောင်။ သူဟောပြောရင် သူ့ပရိသတ်တွေက အသေကြိုက်ကြတာ။ ဟေးခနဲကို ထအော်ကြတာ။ ဒါကိုရိုက်ပြဖို့ ဇာတ်တိုက်စရာ သရုပ်ဆောင်စရာမလိုတဲ့ အကွက်ကို ပေါလ်သောမတ်စ်အန်ဒါဆန်က သုံးခဲ့တယ်။ သူသုံးခဲ့တဲ့ပုံစံက ဒီလို။ ဟောပြောမဲ့ ခန်းမထဲ ဇာတ်ရန်တွေကို ထည့်ထားတယ်။ ဟောပြောမဲ့နေရာက သရုပ်ဆောင်ရမဲ့လူက ဘယ်သူလဲ သူမပြောပြထားဘူး။ ပြီးကျမှ တွမ်ခရုစ်ကြီးထွက်လာပြီး Respect the cock ဆိုပြီး ထအော်တော့ အကုန်လုံး ဟေးခနဲဖြစ်ကုန်ရော။ တကူးတကတောင် သရုပ်ဆောင်ခိုင်းဖို့ မလိုလိုက်တဲ့အကွက်မျိုးပေါ့။

နောက် ဇာတ်လမ်းကလည်း ရိုးရှင်းတယ်ဆိုတာနဲ့ တစ်ချိန်တည်းမှာပဲ ဒီလောက်မရိုးရှင်းလှဘူး။ တစ်ချို့မြုပ်ကွက်လေးတွေ ရှိနေတာလေးတွေရှိတယ်။ ဥပမာ- ဒီကားရဲ့တစ်ချို့နေရာတွေ တစ်ချို့ဒိုင်ယာလော့တွေမှာ 82 ဆိုတဲ့ ဂဏန်းကို ကျွန်တော်တို့ မြင်ရတတ်တယ်။ ဒါက ရှေ့ဖြစ်လာမဲ့ အရာကို နိမိတ်ပြထားခဲ့တဲ့ သဘောမျိုးပဲ။ Exodus 8:2 – The Command: God tells Moses to inform Pharaoh: “If you refuse to let them go, I will plague your whole country with frogs”. ဒီလို နိမိတ်ပြထားလို့ အဆုံးခန်းဟာ အပြစ်ပေးခံရတယ်လို့ ကျွန်တော်တော့ မထင်ဘူး။ ဆိုပေမဲ့ ခင်ဗျားထင်ချင်ရင်လည်း ထင်ခွင့်ရှိတယ်။ ဘာလို့ဆို ဒီထဲမှာ ပေါက်ကရတွေချည်းပြောသွားတဲ့ ပုရောဟိတ်လို့ သူ့ကိုယ်သူပြောနေတဲ့ လူမဲလေးတစ်ကောင်ပါတယ်။ သူရွတ်သွားတဲ့ Rap လိုစာသားတွေထဲ ဒီရုပ်ရှင်ထဲက ရှေ့ဖြစ်နောက်ဖြစ် ကာရိုက်တာတွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေအကုန်ပါနေတယ်။ သူပြောခဲ့တဲ့နောက်ဆုံးစကားက အရှင်မြတ်က နေရောင်ခြည်နဲ့ ကုသမရတဲ့အခါ မိုးကိုယူဆောင်လာခဲ့လိမ့်မယ်လို့လည်း ပြောခဲ့တယ်။ အဲဒီမိုးရဲ့နောက်ဆက်တွဲအခြေအနေတွေအရ ကျွန်တော်တော့ အားလုံးကို အကောင်းဘက်ကို ပို့သွားတယ်မြင်တယ်။

ဝတ္တုရေးသားမှု အတတ်ပညာမှာ DEUS EX MACHINA လို့ခေါ်တဲ့ ဇာတ်သိမ်းဟန်မျိုးကို ဒါရိုက်တာက သုံးထားတယ်လို့ ဆိုချင်တယ်။ ဇော်ဇော်အောင်က ဒါကိုဝေဝေရီရီ ဝတ္တုမှာ ဒီလိုရှင်းထားဖူးတယ်။

“ဝတ္ထုတွေထဲမှာ ဇာတ်လိုက်မင်းသား သို့ မင်းသမီး ကြုံနေရတဲ့ အခက်အခဲပြဿနာတစ်ခုကို အလွယ်တကူ ဖြေရှင်းတဲ့နည်းရှိပါတယ်။ ဝေဖန်ရေးဝေါဟာရအနေနဲ့ DEUS EX MACHINAလို့ခေါ်တယ်။ နတ် သို့မဟုတ် နတ်ဘုရားတစ်ပါးပါးက ဝင်ကယ်လိုက်တာမျိုးပါပဲ။

ဂရိရှေးဟောင်းပြဇာတ်တွေက အစပြုတယ်။ သဘောက ဒီလို။ မင်းသား သို့ မင်းသမီးဟာ အခက်အခဲ ဒုက္ခနဲ့ရင်ဆိုင်နေရတယ်။ အဲ့ဒါကို သဘာဝကျကျ

နည်းမှန်လမ်းမှန်နဲ့ ဖြေရှင်းဖို့မကြိုးစားဘဲ နတ်လိုလို သိကြားလိုလို တန်ခိုးရှင်တွေက ဝင်ဖြေရှင်းလိုက်လို့ ပြေလည်ပြီး ဇာတ်သိမ်းသွားတယ်။ အဲ့ဒီလို ဝင်ဖြေရှင်းပေးလိုက်တာကို ဘာမှသွားပြောလို့မရဘူး။ သဘာဝမကျဘူးလို့ပြောလို့မရဘူး။ မဖြစ်နိုင်ဘူးလို့လည်းပြောလို့မရဘူး။ ”

ပေါလ်သောမတ်စ်အန်ဒါဆန်ဟာ လူကောင်းလူဆိုးဆိုတဲ့ ဝေါဟာရတွေကို ယုံကြည်မှုရှိခဲ့ပုံမရဘူး။ ဒီနေရာမှာ Aimee Mann ရဲ့ လွှမ်းမိုးမှုလည်း ပါလိမ့်မယ်။ လူတွေဟာ လူတွေပဲ။ လူတွေဟာ အမှားတွေလုပ်တယ်။ လူတွေဟာ အတိတ်ကို မေ့တယ်။ အတိတ်ကတော့ လူတွေကို မမေ့ဘူး။ တစ်နေ့နေ့တစ်ချိန်ချိန်မှာ အဲဒီအတိတ်တွေက နောင်တတရားနဲ့ လည်ပြန်လာတတ်တယ်။ လူတွေဟာ ခွင့်လွှတ်ဖို့ ထိုက်တန်တယ်။ ဘဝဟာ ထွက်ပေါက်မရှိဘူး။ ဝေဒနာတွေကလည်း ဘယ်တော့မှ မပြီးဆုံးဘူး။

ဒါ ဒီရုပ်ရှင်တစ်လျှောက်မှာ မြင်နေရတဲ့ အရာတွေပဲ။ ဘယ်သူမဆို ထွက်ပေါက်မရှိတဲ့ ဘဝတွေမှာ ဘယ်သူမဆိုအတွက် ကယ်တင်ခြင်းတစ်စုံတရာ DEUS EX MACHINA ဟာ လာလိမ့်ဦးမယ်လို့လည်း သူက ယုံတယ်။ အဲဒီကယ်တင်ခြင်း တစ်စုံတရာဟာ ဘယ်လိုပုံစံမဆိုနဲ့လာနိုင်တယ်။ ပေါလ်သောမတ်စ်အန်ဒါဆန်ကတော့ ဖားတွေမိုးလိုရွာကျပြီး လာခိုင်းလိုက်တယ်။ အဲဒီဖားမိုးတွေနောက်မှာ အပြစ်ရှိသူတွေကို ဖြေသာရာပေးခဲ့တယ်။ အပြစ်သားနဲ့ နစ်နာသူကို ပိုနီးစပ်စေခဲ့တယ်။ ထွက်ပေါက်မရှိတော့လို့ လုပ်မိတော့မဲ့ မကောင်းမှုကလည်း တားမြစ်ပေးခဲ့တယ်။ နောက်ဆုံးနှုတ်ဆက်စကား ပြောခွင့်မရှိတော့သူကိုလည်း ပြောခွင့်ရစေခဲ့တယ်။ ကံဆိုးမိုးမှောင်ကျနေသူကိုလည်း ကယ်တင်ရာပေးခဲ့သလို မဆုံဖြစ်ခဲ့သူနှစ်ယောက်ရဲ့ ဝေဒနာကို သီခြားစီဖြေလျော့ပေးပြီးမှ တစ်ဖန်ဆုံစည်းဖွင့် ရစေခဲ့တယ်။

အဲဒီအခန်းရဲ့နောက်ခံသီချင်းက Come on and save me If you could save me ဆိုတဲ့ Aimee Mannရဲ့ Save Me။ အပြစ်ရှိစိတ်နဲ့ နားထင်မှာ သေနတ်တေ့လျက်သား သတ်သေသူကို နောက်တစ်ခါ အခွင့်အရေး ပြန်ပေးခဲ့တယ်။ သူတို့ဘဝတွေ ဘာတွေဆက်ဖြစ်သွားမလဲ ဆိုတာကိုတော့ မပြထားဘူး။ ဒါကိုကလည်း လှတယ်။

မက်နောလီးယားဆိုတာက ပန်းတစ်မျိုးပေါ့။ သူ့အပင်ရဲ့အခေါက်က ကင်ဆာနဲ့စိတ်ပူပန်မှုကို ကုပေးနိုင်တယ်။ မက်နောလီးယားထဲက ဇာတ်ကောင်တွေဟာ ဝေဒနာကိုယ်စီ ရှိကြတဲ့လူတွေပါပဲ။ ဒီရုပ်ရှင်ဟာလည်း မက်နောလီးယားပင်လို ဝေဒနာတွေရဲ့

အံ့ဖွယ်ထွက်ပေါက် တစ်ခုကို မျှော်လင့်ထားတယ် ။ ပေါလ်သောမတ်အန်ဒါဆန်ဟာ Desus Ex Machinaကို လက်တွေ့ဘ၀မှာ ရှိနိုင်မယ်လို့

ယုံကြည်မျှော်လင့် ထားပုံပါပဲ။ ဘ၀ဟာ ထွက်ပေါက်တစ်ခု ရှိဦးမယ်လို့တော့ ကျွန်တော်တော့ ယုံတယ်။

ဒီလောက်ကောင်းတဲ့ရုပ်ရှင်ကို မြန်မာစာတန်းထိုးနဲ့ ဒီနေရာမှာ တိုက်ရိုက်ကြည့်နိုင်ပါပြီ။

Loading

Leave a Reply

Your email address will not be published. Required fields are marked *