"ခေါင်းပြတ်တစ္ဆေ"

“ခေါင်းပြတ်တစ္ဆေ”

” ခေါင်းပြတ်တစ္ဆေ ”(စ/ဆုံး)
————————————-
ထွေးအောင်ရွာကလေးမှာ တောင်ခြေနားနီးသောရွာကလေးဖြစ်သည်။ ရွာသူ/ ရွာသားများမှာ တောင်သူလယ်သမားများဖြစ်ကြ၍ ရွာပတ်လည်ရှိ လယ်ကွင်းများတွင် ရာသီအလိုက် ကောက်ပဲသီးနှံများကိုစိုက်ပျိုးလုပ်ကိုင်ကြ၍ အသက်မွေး နေထိုင်ကြလေသည်။ ထွေးအောင်နှင့် ငြိမ်းမောင်တို့ညီအစ်ကိုက နှစ်နှစ်ကြီး နှစ်နှစ်ငယ်ညီအစ်ကိုများ ဖြစ်လေသည်။ ကျောင်းနေအရွယ်ရောက်ကြလျှင် ရွာရှိ မူလတန်းကျောင်းတွင် ပညာသင်ယူကြရသည်။ ရွာမူလတန်းကျောင်းတွင် စတုတ္ထတန်း အောင်မြင်ခဲ့ကြသောအခါ ရွာမှမြို့ကျောင်းသို့ သွားရောက်သင်ယူရမည်ဖြစ်သောကြောင့် မိဘများမှစိတ်မချသဖြင့်ကျောင်းဆက်မထားလိုကြပေ။

“သားတို့ရယ် – ဟိုမြို့ကျောင်းကို သွားတက်ကြရမှာက ကုန်းတစ်တန်၊ ရေတစ်တန်နဲ့ သားတို့ကို အဖေတို့ စိတ်ချပါဘူးကွယ်၊ ပြီးတော့ – သားတို့အဖေမှာလည်း ကိုယ်ခွဲက မရှိဘူး၊ အလုပ်ကို တစ်ယောက်တည်းလုပ်ကိုင်နေရတယ်မဟုတ်လား။ သားတို့ကို မင်းတို့အဖေက ကြီးလာရင် အားကိုးရမှာပဲလို့မျှော်လင့်ထားတာကွယ်၊ ပြီးတော့ အမေတို့ကလယ်သမားတွေ့ဆိုတော့ ဒီလယ်တွေကို စိုက်ပျိုးလုပ်ကိုင်ပြီး စီးပွားရှာကြ
ရတာလေ၊ သားတို့ကိုဆယ်တန်းအောင်တဲ့အထိ ဘွဲ့ရတဲ့အထိလည်း အမေတို့ထားမပေးနိုင်ကြပါဘူး။ အခုဆိုရင် သားတို့ရွာက မူလတန်းပညာသင်ယူပြီးကြလို့ရေးနိုင်၊ ဖတ်နိုင်၊ တွက်နိုင်ချက်နိုင်ကြပြီပဲ။
ဒီလောက်နဲ့ပဲ သင်ယူပြီး အသက်ရလာတဲ့သားတို့အဖေရဲ့လယ်လုပ်ငန်းမှာ ဝိုင်းကူပြီးလုပ်ပေးကြပါ- သားတို့ရယ်”
မိခင်ကြီးက သားနှစ်ယောက်အား အကျိုးအကြောင်းရှင်းပြကာ ဖခင်၏အလုပ်တွင် ဝိုင်းကူလုပ်ပေးရန် တိုက် တွန်းနေလေသည်။
မိခင်ကြီးပြောပြသည်မှာလည်း မှန်တော့မှန်ပေသည်။ ရွာထဲတွင် မြို့ ကျောင်းသို့ တက်ရောက်သင်ယူနေကြသော ကျောင်းသားတချို့ရှိ၏။ ရွာမှ မြို့ကျောင်းသို့ ဆက်လက်တက်ခါစက ဘွဲ့ရ၊ ပညာတတ်ကြီးဖြစ်သည်အထိ သင်ယူမည်။ ဘွဲ့ရပြီးလျှင် လယ်ထဲဆင်းမလုပ်တော့ဘဲ အစိုးရရုံးတစ်ခုခုတွင်အလုပ်ဝင်လုပ်ကြမည်ဟု ကြွေးကြော်ခဲ့ကြ၏။

ထိုကျောင်းသားတို့မှာ မြို့သို့ကျောင်းတက်ကြပြီး ရုပ်ရှင်ခိုးကြည့်လာတတ်၏။ အပေါင်းအသင်းများနှင့်ကျောင်းပြေးတက်လာ၏။ စီးကရက်
သောက်တတ်လာကြ၏။ ဆယ်တန်းရောက်ကြလျှင် တစ်နှစ်ဖြေလည်းမအောင်၊ နှစ်နှစ်ဖြေလည်းရှုံးဖြင့် အကြိမ်ကြိမ်ရှုံးခဲ့ကြသောအခါ ကျောင်းကို စိတ်နာလာကြ၏။ ဆက်လက်ပြီးအောင်မြင်အောင် ကြိုးစားချင်စိတ်ကင်းမဲ့လာကြ၏။ ကျောင်းအတန်းပညာကိုလည်း ပြီးဆုံးအောင်မသင်၊ မိဘတို့၏လုပ်ငန်းများမှာလည်းနားမလည်ကြ၊ ဝင်မလုပ်တတ် နှင့် ယောင်ခြောက်ဆယ်ဘဝ ရောက်ခဲ့ကြ၏။ နောက်တော့ ရွာထဲလည်ပတ်နေကြရင်းမှ မိန်းမရသွားကြ၏။ မိန်းမသာရခဲ့ကြသည်၊ အလုပ်ကိုဖြစ်ဖြစ်မြောက်မြောက် မလုပ်မကိုင်တတ်ကြသဖြင့် မိဘကပင် ကျွေးမွေးထားကြရလသည်။

ထွေးအောင်တို့ မိဘများက သူတို့အား ဘွဲ့ဒီဂရီရသည်အထိ သင်ပေးနိုင်ရန် အင်အားမရှိကြပေ။ ပညာဆုံးခန်းတိုင်အောင် မသင်နိုင်မည့်အတူတူ မိဘတို့၏စီးပွားရေးလုပ်ငန်းတွင်ဝင်ရောက်လုပ်ကိုင်ကြရင်း ကျွမ်းကျင်အောင်ဝင်လုပ်ကြပါမှ တစ်မျိုးမဟုတ်တစ်မျိုး
က တတ်သိလာမည်ဟု သဘောပေါက်ခဲ့ကြသည်။
“အဖ- သားတို့လေ ပညာကိုဆုံးခမ်းတိုင်အောင် မသင်နိုင်မဲ့အတူတူ မြို့ကျောင်းကို ဆက်မတက်ကြတော့ဘူးအဖေ၊ အဖေနဲ့အတူ လယ်လုပ်ငန်းတွေမှာပဲ ကျွမ်းကျင်အောင် သင်ယူလုပ်ကိုင်ကြရင်း အဖေ့ကို ဝိုင်းကူကြမယ်။


“အေးပေါ့ကွာ-အဖေတို့အနေနဲ့ကလည်း သားတို့ကို ဘွဲ့ရတဲ့အထိမှ မထားပေးနိုင်ကြတာပဲ။ ဒီတော့ လယ်တဲအလုပ်ကို ဝိုင်းကူလုပ်ပေးကြမယ်ဆိုတာသိရတော့ အဖေတအားအားတက်မိတယ် သားတို့ရယ်”

ညီအစ်ကိုနှစ်ယောက်လည်း ဖခင်ကြီး လယ်ထဲဆင်းလျှင် လယ်ထဲသို့လိုက်သွားကြ၏။ လယ်ကွက်များတွင် ထယ်ထိုးပုံကို လေ့လာကြသည်။ “သားတို့ ထယ်ကိုင်ပြီး နွားတွေနဲ့ ထယ်မောင်းရင် ထယ်ကို သတိထားပြီးကိုင်လိုက်ကြရတယ်ကွ။ အထူးသဖြင့် လယ်ကွက်ဆုံးလို့ နောက်ပြန်လှည့်ရင် ထယ်ကို ပိုပြီးသတိထားကိုင်ပေးရတယ်။ သတိမထားရင် နောက်ကိုပြန်အကွေ့မှာ နွားခြေထောက်ကို ထယ်သွားပူးဝင်နိုင်တယ်လေ၊အလုပ်ထဲဝင်ခါနီးမှ နွားခြေထောက်ဒဏ်ရာရခဲ့ရင် ဒဏ်ရာပျောက်ကင်းတဲ့အချိန်အထိ စောင့်နေကြရလို့ အလုပ်ရက်ပျက်ရော”

“အဖေရာ…ထယ်သွားထိုးပိပြီး ဒဏ်ရာရရင်တော့ ပျောက်ကင်းအောင်တော့အနားပေးထားရမှာပဲ မဟုတ်လား
“ဒဏ်ပျောက်ကင်းတဲ့အထိ နွားတွေကို လယ်ထဲမဆင်းဘဲ နားထားခဲ့ရင် စပါးစိုက်ရတာ နောက်ကျပြီပေါ့”
“နောက်ကျလည်း ဘာတတ်နိုင်မှာလဲအဖေရာ”

“ဟ- နောက်ကျတော့ ပျိုးပင်တွေက ပျိုးသက်ရင့် ကုန်ပြီလေ၊ ပျိုးသက် ရင့်သွားရင် စပါးအပင်ပွားချိန် နည်းသွားတာပေါ့ကွာ ၊အပင်မပွားရင် စပါးနှံထွက်တာနည်းပြီး စပါးထွက်လျှော့နည်းရတာပေါ့ကွ”

“ဟင် – စပါးက အပင်ဖြစ်လာရင် ပြီးတာပဲ မဟုတ်လား-အဖေရ”
“ပြီးတော့ပြီးတယ်လေ၊ ဒါပေမဲ့ အချိန်မီအခါမီ စိုက်တဲ့စပါးပင်လောက် သံအားမကောင်းတော့ဘူး။

ဖခင်ဖြစ်သူက သူ့သားများအား မသိနားမလည်ကြသည်ကို သဘောပေါက်နားလည်အောင် ရှင်းပြပေးနေသည်။
“ဆောင်းရောက်လာရင်တော့ ထယ်ကြောင်းကို ပါးပါးလွှာ ထိုးရတယ်။ ဒါမှ ထယ်ရေးညက်တယ်၊ ပဲတို့ နှမ်းတို့စိုက်ရင် ထယ်ရေးညက်ဖို့လိုတယ်ကွ။ မတ်ပဲ၊ ပဲနောက်၊ကုလားပဲတို့ဆိုရင်တော့ ထယ်ရေးကျဲကျဲထိုးပြီး ပဲနောက်၊ ကုလားပဲတို့ဆိုရင်တော့ ထယ်ရေးကျဲကျဲထိုးပြီးတာနဲ့ မျိုးပဲစေ့တွေကျဲပြီး ကြမ်းတုံးရိုက်ပေးတာနဲ့ အပင်တွေပေါက်လာပြီး သီးနိုင်ကြတယ်ကွ”

“အဖေ – ထယ်ရေးမညက်ရင် ဘာဖြစ်နိုင်လဲဟင်”
“လယ်ရေးမညက်ဘဲ မြေပဲတို့၊ နှမ်းတို့ စိုက်ခဲ့ရင်အပင်တော့ ပေါက်လာပေမဲ့ ဥအုချိန်ရောက်ရင် မြေကျပ်လို့ ဥသိပ် မဆင်းနိုင်ဘူးကွ”

“ဟာ-ညီလေး ငြိမ်းမောင်ရေ၊ အဖေထယ်ဖြုတ်ပြီးဆိုတော့ နွားနှစ်ကောင်ကို မြက်ပေါတဲ့နေရာမှာ သွားကျောင်းပေး”
ထွေးအောင်က ထယ်ကျွတ်သွားသောလယ်ကွက်အား ကန်သင်းပေါက်ကူသည်။
“ကန်သင်းပေါက်တာက ကန်သင်းဘေးတစ်လျှောက်က မြက်ပင်တွေကိုရုပ်ပေါက်ပေးပြီး ကန်သင်းအသစ်လိုဖြစ်အောင် မျက်နှာသစ်ပေးရတာပဲကွ၊
အဲဒီလိုမြက်တွေရှင်းသွားအောင် မျက်နှာသစ်ပေးမှ စပါးပင်တွေပေါက်လာတဲ့အခါကန်သင်းကမြက်တွေဆင်းပြီး နွယ်မတက်နိုင်ဘူးပေါ့ကွာ”
“မြက်တွေ စပါးပင်တွေပေါ် နွယ်တက်ကြရင် ဘာဖြစ်နိုင်လဲအဖေ”
“ဟ-စပါးပင်ဟာ မြက်နွယ်တွေက လိမ်တက်တော့ စပါးပင် လွတ်လွတ်လပ်လပ်မကြီးထွားနိုင်လို့ အသီးလည်းကောင်းကောင်း မသိးနိုင်တော့ဘူးပေါ့သားရယ်”
ထွေးအောင်နှင့် ငြိမ်းမောင်တို့ညီအစ်ကိုမှာ သူတို့ဖခင်ကြီးနှင့်အတူ လယ်တဲလိုက်ကာ ဝိုင်းကူကြရင်းမှ လုပ်ကိုင်နည်း ဗဟုသုတများကို လေ့လာမှတ်သားထားကြရသည်။ သူတို့လုပ်နိုင်ကိုင်နိုင် ဖြစ်လာကြသည့်အခါ အသက်ရလာသော သူတို့ဖခင်ကြီး၏လုပ်ငန်း
တာဝန်များကို လုပ်ကိုင်လာနိုင်ကြမည်ပင်၊
“ပျို့- ကိုဖိုးထောင်၊ ခင်ဗျားကသား နှစ်ယောက်တောင် မွေးထားတာဆိုတော့ ခင်ဗျားအကွက် အားကိုးရပြီပေါ့ဗျာ၊ ကျုပ်မှာက သမီးတွေချည်းဆိုတော့ သားတွေလောက် အားကိုးရပါဘူးဗျာ” လယ်နီးချင်းများက သားနှစ်ယောက် အားကိုးရလာသော ကိုဖိုးထောင်ကို အားကျကာပြောဆိုခဲ့ကြခြင်းဖြစ်သည်။ တကယ်လည်း ထွေးအောင် တို့၊ ငြိမ်းမောင်တို့ညီအစ်ကိုက သူတို့လုပ်နိုင်သမျှ အလုပ်များဖြင့် လယ်ထဲတွင် သူတို့ဖခင်ကြီးအားဝိုင်းကူလုပ်ပေး နေကြလေသည်။
ထွေးအောင်နှင့် ငြိမ်းမောင်တို့ ညီအစ်ကိုလည်း ဖခင်ကြီးနှင့်အတူ လယ်ထဲအတူလိုက်၍ ဝိုင်းလုပ်ပေးကြရင်း လယ်လုပ်ငန်းများ လုပ်ကိုင်ရပုံကို တဖြည်းဖြည်း နားလည်သဘောပေါက် လက်ခံလာကြသည်။ အရွယ်တွေလည်းရောက်လာခဲ့ပြီဖြစ်၍ လုပ်တတ်ကိုင်တတ် ဖြစ်လာခဲ့ကြသည်။
“အဖေ- ဒီလိုမှတော့ လယ်ထဲ မဆင်းနဲ့တော့ဗျာ၊ သားတို့ နှစ်ယောက်ပဲဆင်းကြတော့မယ်၊ အဖေက အိမ်မှာပဲနေပြီးလိုအပ်တာ ညွှန်ပြပေး
ပေါ့-အဖေရာ”
“အေးလေ- သားတို့ပဲ လယ်ဆင်းကြမယ်ဆိုတော့အဖေနားချိန်ရနိုင်ပြီပေါ့။ ဒါပေမဲ့ကွာ အဖအိမ်မှာနေပေမဲ့ ပျိုးစည်းနှီးဖြာတာတို့၊ ကောက်စိုက်မ ချိန်းတာတို့ လုပ်ပေးထားပါ့မယ်ကွာ၊ အဖအလကားမနေပါဘူး”

ညီအစ်ကိုနှစ်ယောက်မှာ တိုင်တိုင်ပင်ပင်နှင့်လယ်ထဲဆင်းခဲ့ကြသည်။ တစ်ယောက်က ထယ်မောင်းလျှင် တစ်ယောက်က ကန်သင်းဆည်၏။ တစ်ယောက်နွားကျောင်းလျှင် တစ်ယောက်ကကန်းသင်းပေါက်၏။ တစ်ယောက်က ပျိုးနှုတ်လျှင် တစ်ယောက်က လယ်ကွက်များကို သမန်းလူးပေးလေသည်။ ထိုသို့ဖြင့် သူတို့လုပ်ကိုင်သောလယ်ပွဲမှာအချိန်အခါမီ ပြီးစီးခဲ့တော့သည်။
“သားရေ- မင်းတို့ ဆောင်းပဲတို့၊ ဆောင်းနှမ်းတို့၊ ထယ်မဝင်သေးချိန်မှာ အိမ်အတွက် ဟင်းရွက်စင်ထိုးနိုင်အောင် တောထဲသွားပြီး ဝါးတစ်ခေါက် လောက် ခုတ်ပေးကြဦးဟေ့”

ကိုဖိုးထောင်တို့အိမ်တွင် အိမ်နောက်ဘက်၌ မြေကွက်လပ်တစ်ခု ရှိနေ၏။ အိမ်နောက်ဖေး ဈေးဆိုင်တည် ဆိုစကားအတိုင်း ထိုမြေကွက်ကိုထယ်ထိုးကာ ချဉ်ပေါင်၊ ခရမ်း၊ ငရုတ်၊ မုန်လာ စသည့် ဆောင်းသီးနှံများစိုက်ကြသည်။ ထိုအခင်းမှ သီးပွင့်လာကြလျှင် ဈေးမှ ဝယ်စရာမလိုဘဲ စိုက်ခင်းထဲမှ ခူးဆွတ်ကာ လတ်လတ်ဆတ်ဆတ် ချက်ပြုတ်စားနိုင်ကြလေသည်။ ဆောင်းရောက်လျှင် ခြံစည်းရိုးဘေး၌ ဘူးပင်၊ သခွားပင်၊
ပဲပင်များစိုက်ပြီး စပ်ထိုးပေးထားရသည်။ အပင်များကြီးထွားရှည်ထွက်လာလျှင် စင်ပေါ်တက်ကာ သီးပွင့်လာကြသည်။
အသီးများလှိုင်လှိုင်သီးလာလျှင် အိမ်မှ စားမနိုင်တော့သဖြင့် ခူးဆွတ်၍ပင်ရောင်းနိုင်လေသည်။
တစ်နံနက် စောစောတွင် ထွေးအောင်တို့ညီအစ်ကိုနှစ်ယောက် ဟင်းရွက်ဝင်ဝါးခုတ်ကြရန် လှည်းမောင်းလာခဲ့ကြလေသည်း

“အစ်ကို ကျွန်တော်တို့ ဘယ်တောကို သွားနှုတ်ကြမှာလဲဗျ”
“ဟင်းရွက်ဝင်ထိုးမဲ့ဝါးဆိုတော့ တိုင်လုပ်ဖို့ ဝါကြီးတွေလည်းခုတ်ရမယ်ကွ၊ ဒါကြောင့် ဝါးပေါတဲ့နေရာကို သွားခုတ်ကြရမှာပဲကွာ”
“ဝါးတွေက နှစ်တိုင်း ဝင်ခုတ်ခဲ့ကြတော့ ဒီအနီးအနားမှာတော့ မပေါနိုင်ဘူး အစ်ကိုရ”
“ဒါဆိုရင်တော့ ဟိုကျတ်မြောင်ထဲ ပဲဝင်ခုတ်ကြတာပေါ့ကွာ”
“ဟင်-ဖြစ်ပါ့လားအစ်ကိုရ၊ အဲဒီ ကျတ်မြောင်ကအလွန်အခြောက်ကြမ်းလို့ လူတိုင်းလိုလို ရှောင်ထားတဲ့မြောင်”
“မင်းကလည်းကွာ၊ အစ်ကိုတို့က ညီအစ်ကိုနှစ်ယောက်ပဲ၊ ဘာကြောက်စရာရှိရမှာလဲကွ၊ ဝါးက အဲဒီကျတ် မြောင်ဘက်မှာပဲ ပေါမှာပဲကွ”

သူတို့လည်း ဟင်းရွက်စင်ဝါးတစ်ခေါက်သာ ဝင်ခုတ်ကြမည်ဖြစ်၍ ဝါးပေါသောထိုမြောင်လှည်းစခန်းအထိ လှည်းမောင်းဝင်လာကာ လှည်းစခန်းတွင် လှည်းဖြုတ်ခဲ့ကြသည်။
“အစ်ကိုရေ-လှည်းစခန်းမှာလည်း တစ်လှည်းမှ မတွေ့ရတော့ ဒီကျတ်မြောင်ထဲကို ဘယ်သူမှုဝင်မဟုတ်ကြဘူးဆိုတာ သိရတယ်”
“ဟ- ခုအချိန်က လယ်ပြီးခါစပဲရှိသေးတော့ ဘယ်လာခုတ်ကြဦးမလဲကွ၊ နောက်နားပိုင်းမှာတော့ ဝင်လာပြီး ခုတ်ကြမှာပေါ့ကွာ”
လှည်းဖြုတ်ထားပြီး နွားနှစ်ကောင်ကို သစ်ပင်ရိပ်တွင်ချည်ထားကာ လှည်းပေါ်တင်လာခဲ့သော ကောက်ရိုးများကျွေးထားကြသည်။ သူတို့နှစ်ယောက် လှည်းစခန်းဘေးတစ်လျှောက်ရှိ တောင်ကုန်း၊တောင်စောင်း၊မြောင်ဘေး တို့တွင် ပေါက်ရောက်နေကြသော ဝါးများကို ခုတ်ကြလေသည်၊ ထိုခုတ်ပြီး သောဝါးများကို ထမ်းပြီး လှည်းနားသို့ သယ်ယူကာ ပုံထားကြသည်။
“အစ်ကိုကြီးရ-ဝါးတွေတော့အတော်ရနေပြီ။ တော်တော့မှ ထင်တယ်”
“ဟာ- အခုမှတ်ထားတဲ့ဝါးတွေက ထင်းဝါးအသေးတွေပဲကွ၊ စင်တိုင်စိုက်ဖို့ ဝါးခပ်လတ်လတ်တွေ ရှာရုတ်ရဦးမယ်”

မြောင်ထဲအတိုင်း ခပ်လှမ်းလှမ်းသို့တိုးဝင်ကြကာ ဝါးခပ်လတ်လတ်များကိုခုတ်သယ်လာကြသည်။
မွန်းတည့်ခါနီးအချိန်တွင် ခုတ်ထမ်းသယ်ထားသောဝါးများကို လှည်းပေါ်စတင်ခဲ့ကြသည်။
“အစ်ကိုကြီး ကျွန်တော်တို့ ဝါးတွေ့ပြီးပြီးချင်း လှည်းပြန်မောင်းမှာလားဗျ”
“ငါ့ညီကလည်း နေပူကြီးထဲ ဘယ်ပြန်မောင်းလို့ ဖြစ်မှာလဲကွ၊ ညနေ စောင်းမှပဲပြန်မောင်းကြရမှာပေါ့”
“ဒီလိုဆိုရင် နွားနှစ်ကောင်ကို ဒီမြောင်ထဲမှာ ဘယ်ပြန်မောင်းလို့ဖြစ်မှာလဲကွ၊ ညနေစောင်းမှပဲ ပြန်မောင်းကြရ
မှာပေါ့”

“ဒီလိုဆိုရင် နွားနှစ်ကောင်ကို ဒီမြောင်ထဲမှာလွှတ်ပေးထားရင် မြက်တွေပေါပေါနဲ့ ဗိုက်တအားပြည့် ကြမှာပဲအစ်ကိုရ”
“အင်းလေ- လွှတ်ပေးထားလိုက်ပေါ့၊ နွားတွေမှာ ရှူလုံးတွေပါနေတာပဲ၊ ပြန်မောင်းခါနီးမှာ ချူသံနားထောင်ပြီး လိုက်မောင်းနိုင်မှာပဲ”
ဝါးများတင်ပြီးကြလျှင် မွန်းတည့် ချိန်ရောက်လာ၍ အထက်ဘက်ရှိမြောင်ထဲက ရေစမ်းတစ်ခုသို့ သွားကြကာ ရေစမ်းဘေးက ကျောက်တုံးများပေါ်ထိုင်ကြ၏။
“ကဲ-ဟေ့၊ ငါတို့ ရေစမ်းထဲမှာ ကိုယ်လက်သန့်ဝင်ကြပြီး ယူလာတဲ့ ထမင်းထုပ်ကိုဖြည်စားကြရမယ်ဟေ့”
နှစ်ယောက်သား တောပိုင်တောင်ပိုင်တို့အား စားဦးစားဖျားတင်မြှောက်ပြီးလျှင် စားခဲ့ကြသည်။ နေက ပူလှသဖြင့် စမ်းရေအိုင်ဘေးကျောက်တုံးများပေါ် တွင်လှဲကာ အနားယူရင်း နေအေးချိန်ကို စောင့်ခဲ့ကြလေသည်။
မောကမော၊ ဗိုက်က လေးခဲ့ကြသဖြင့် နှစ်ယောက်သားမှာ ကျောက်တုံးကြီးများပေါ်တွင် တုံးလုံးလှဲနေကြရင်းအိပ်ပျော်ခဲ့ကြလေသည်။
တစ်နာရီကျော်ကျော်ခန့် အိပ်ပျော်နေကြရာမှ စမ်းရေအိုင်ထဲမှရေသံကြား၍ ငြိမ်းမောင်နိုးလာကာ ရေအိုင်ဆီသို့ လှမ်းကြည့်ခဲ့သည်။
“ဟင်-လူတစ်ယောက်ကျောကြီးပေးပြီး စမ်းရေအိုင်ထဲကဝရကို ငုံ့သောက်နေတာပါလာ”
“ဪ… ဒီလူလည်း တောထဲလာရင်း ရေငတ်တာနဲ့ ဒီစမ်းရေအိုင်ကရေကိုတွေ့ပြီး သောက်နေတာထင်ပါရဲ့”

ညီဖြစ်သူ ငြိမ်းမောင်က ထိုရေငုံ့ သောက်နေသူအား နောက်မှကြည့်နေကာ သူတို့လိုပဲ တောထဲသို့ တစ်ခုခုလာခုတ်သူဟု ထင်မှတ်ခဲ့လေသည်။
ကြည့်နေရင်းမှထိုသူလည်းရေသောက်ပြီး၍ မတ်တတ်ရပ်ကာ သူတို့လှဲနေသော ကျောက်တုံးများဘက်သို့လှည့်လာလေ
သည်။

“ဟာ”
“ဟင်”
“ဒီလူက ကိုယ်လုံးကြီးပဲရှိပြီး ခေါင်းမရှိတဲ့လူကြီးပါလား လည်ပင်းက ငုတ်တိုကြီးပဲ၊ ဒါ-ဒါ- ခေါင်းမရှိတဲ့ခေါင်းပြတ် တစ္ဆေခြောက်တာပဲဖြစ်မယ်”
“အစ်ကိုကြီး- အစ်ကိုကြီး- ထ- ထ – ပါဗျ၊ မြန်မြန်”
“ဟင်-ဘာလဲ- ငါ့ညီရ”
“ဟိုရှေ့မှာရှိတဲ့ လူကို ကြည့်လိုက်”
“ဟာ-ခေါင်းမပါတဲ့ခေါင်းပြတ်ကြီးပါလား”
“ဟော-ဟော- ခေါင်းပြတ်တစ္ဆေ ကြီးက ကျွန်တော်တို့ကြည့်နေလို့ မြောင်အထက်ပိုင်းထဲ ဝင်သွားနေပြီ”
“ဟုတ်တယ်ဟေ့ – ဒီခေါင်းပြတ် တစ္ဆေကြီးဟာ မွန်းတည့်ချိန် လူခြေတိတ်ချိန်မှာတို့ညီအစ်ကိုနှစ်ယောက်ကို ခြောက်ပြတာပဲကွ”
“အင်း… ဒါကြောင့် ဒီကျတ်တောကို ဘယ်သူမှထင်းဝါးတွေလာမခုတ်ခဲ့ကြတာကိုး”
“မင်းကြောက်နေလား ငါ့ညီ၊ ငါတို့က ညီအစ်ကိုနှစ်ယောက်ပဲကွာ၊ ဘာ ကြောက်ရမှာလဲ၊ နွားတွေကို အမြန်ရှာ၊ လှည်းကောက်ပြီး ပြန်မောင်းကြမယ်။ ညီအစ်ကိုနှစ်ယောက်လည်း ဓားတစ်လက်စီကိုင်ကာ နွားများကို ရှူသံ နားထောင်၍ လိုက်ရှာကြသည်။

“ဟော-အစ်ကို ဟိုရှေ့မှာနွားတွေကိုတွေ့ပြီ”
“ဟာ – နွားတွေ ဗိုက်တွေ ကားနေပါလားဟ၊ မြက်ပေါပေါနဲ့ တအား စားထားကြတယ်ထင်တယ်”

ထိုနွားနှစ်ကောင်အား လှည်းဆီသို့ အမြန်ပြန်မောင်းကာ လှည်းကောက်ပြီး ထိုကျတ်မြှောင်တောမှ ပြန်ထွက်ခဲ့ကြတော့သည်။
“ဝါးတွေ ခုတ်တင်ထားပြီးအဆင်သင့်ဖြစ်နေလို့ တော်သေးတယ်ကွာ၊
ဝါးမခုတ်ချိန်မှာများ ခေါင်းပြတ်တစ္ဆေနဲ့တွေ့ကြရင် ငါတို့ ဝါးမရဘဲ ပြန်မောင်းသွားကြရမှာကွ”
“ဟုတ်ပါ့အစ်ကိုရာ…ကျွန်တော်ကစပြီး တွေ့စက ကျောကြီးပေးပြီး ရေသောက်နေတာတွေ့လိုက်တော့ တောထဲကို တစ်ခုခုလာခုတ်တဲ့လူပဲ၊ ရေစမ်းမှာ ရေလာသောက်တာလို့ ထင်ခဲ့တာ၊
အဲ-တဖြည်းဖြည်းလှည့်လာတော့မှ ခေါင်းမပါတဲ့ ခေါင်းပြတ်တစ္ဆေကြီးဆို တာ သိလိုက်ရတော့တာဗျ”
“အေးလေကွာ- ငါတို့က လူပြော သူပြောနဲ့ မယုံခဲ့ကြသူတွေပဲ၊ အခုတော့နဖူးတွေ့ဒူးတွေ့ကို ကိုယ်တိုင်တွေ့မြင်
ခဲ့ကြရတော့တာပဲ”
“ကျွန်တော်တော့ ဒီကျတ်မြောင်ဟာ နာမည်နဲ့လိုက်အောင်တစ္ဆေခြောက်တယ်ဆိုတော့ အခုတော့ ကိုယ်တိုင်
ကိုယ်ကျ အခြောက်ခံလိုက်ရလို့ယုံသွားပြီ- အစ်ကိုကြီးရေ”
ညနေ သုံးနာရီအချိန်ခန့်တွင် ရွာပြန်ရောက်လာခဲ့ကြသည်။
“ဟာ-ဝါးတွေက တယ်ကောင်းပါလာ။ သားတို့ရာ”
“ကောင်းဆို-အို ကျတ်မြောင်ထဲ ဝင်ခုတ်လာခဲ့ကြတာလေ”
“မင်းတို့ကွာ အခု သုံးနာရီမှာရွာ ပြန်ရောက်လာကြတယ်ဆိုတော့ နွားတွေကို နေပူကြီးထဲ ပြန်မောင်းလာကြ
တယ်ထင်တယ်”
“အစပထမကတော့ သားတို့က နေအေးမှ အေးအေးဆေးဆေးပြန်မောင်းလာကြမလို့ပဲ အဖေရ ၊ ကျွန်တော်
တို့ကို ခေါင်းပြတ်တစ္ဆေအခြောက်ခံရတာနဲ့ အပြန်ဆုံ၊ လှည်းပြန်ကောက်ပြီး မောင်းလာခဲ့ကြရတာပဲဗျ”
“ဟာ- ဟုတ်လား။ ဘယ်နားမှာ အခြောက်ခံကြရတာလဲကွ”
“ဟို ကျတ်မြောင်ထဲက အထက်ဘက် ရေစမ်းမှာအဖေရ၊ သားတို့က ဝါးတွေခုတ်တင်ပြီးကြလို့ အဲဒီရေစပ် အိုင်ဘေးက ကျောက်တုံးကြီးတွေပေါ်မှာထမင်းထုပ်ဖြေစားပြီး နေပူတာနဲ့အိပ်ခဲ့ကြတာဗျ၊ အတော်ကြာတော့ရေသံကြားတာနဲ့ ရေစပ်အိုင်ဘက်ကြည့်မိတော့ ကျောကြီးပေးထိုင်ပြီးရေငုံ့သောက်နေတာတွေ့ရတယ်၊ သားတို့က သားတို့လိုပဲ တောထဲတစ်ခုခုလာခုတ်တဲ့လူတစ်ယောက် စမ်းရေအိုင်မှာ ရေလာသောက်တယ်လို့ထင်ခဲ့တာလေ၊
တဖြည်းဖြည်း သားတို့ဘက်လှည့်လာတော့မှ ခေါင်းမပါတဲ့ ကိုယ်လုံးတီးကို တွေ့လိုက်ရထော့ထာပဲ။ သားလည်းအစ်ကိုကြီးကိုနှိုးပြီး ကြည့်နေကြတုန်းမှာ မြောင်အထက်ဘက် တောထဲဝင်သွားတာကို တွေ့ရတော့တာပဲအဖေရာ

“အင်း-အင်း-အဖေက မင်းတို့ ညီအစ်ကို အဲဒီကျတ်မြောင်လောက် အထိသွားမှာမဟုတ်ဘဲ အနီးအနားတောထဲပဲ သွားခုတ်ကြမယ်ထင်ခဲ့တာကွ၊ အဲဒီကျတ်မြောင်တောက အခြောက်ကြမ်းလို့ လူတွေရှောင်ကြတဲ့မြောင်ပဲသားတို့ရ”
“အဖေ-ဒီကျတ်မြှောင်တောက ဘာကြောင့် ဒီလောက်အခြောက်ကြမ်းရတာလဲဗျ”
“ဒီလိုကွ – ဟိုလွန်ခဲ့တဲ့ဂျပန်ခေတ်မှာ ဂျပန်တွေက ရေစမ်းအိုင်လည်းရှိပြီ။ တောလည်းထူတာနဲ့ အဲဒီကျတ်မြောင်ထဲမှာ ဂျပန်စစ်စခန်းဆောက်ခဲ့ကြတယ်ကွ၊ တစ်နေ့မှာတော့ တောင်ခြေက ရွာတစ်ရွာက လူတစ်စုဟာ တောထဲကိုထင်းတုံးဖြတ်ရအောင်ရှာကြရင်းနဲ့ ဂျပန်စစ်စခန်းကိုရောက်လာကြလို့ အဖမ်းခံခဲ့ကြရတယ်လေ၊ ဂျပန်တွေက သူတို့လျှို့ဝှက်ဆောက်ထားတဲ့ စစ်စခန်းကို အဲဒီလူတွေ တွေ့သွားခဲ့ကြတော့ ပြန်
လွှတ်မပေးတော့ဘဲ မပေါက်ကြားနိုင်အောင် နှုတ်ပိတ်လိုက်ကြတယ်၊ အဲဒီလိုနှုတ်ပိတ်ရာမှာ သေနတ်နဲ့ ပစ်သတ်ရင် သေနတ်သံကြားမှာမို့ ဂျပန်ဓားရှည်နဲ့ လည်ပင်းကို ခုတ်သတ်ခဲ့ကြတာပဲကွ၊
ပြီးတော့မှ အလောင်းတွေကို လက်စဖျောက်တဲ့အနေနဲ့ ဒီကျတ်မြောင်တောထဲမှာပဲ မြေမြှုပ်ခဲ့ကြတာကွ”
“ဟင်-သေသွားတဲ့လူတွေရဲ့ ဆွေမျိုးသားချင်းတွေက လိုက်မရှာကြဘူးလား”
“တောထဲကိုတော့ ဝင်ရှာကြပေမဲ့ ဒီကျတ်မြောင်တောဘက်ကို မရောက်ကြလို့ ရှာမတွေ့ ကြဘူးတဲ့”
“ဒါကြောင့် အဲဒီလိုခုတ်သတ်ခံရတဲ့လူတွေဟာ မကျွတ်မလွတ်ဖြစ်နေကြပြီး အဲဒီလိုဘဝကို ရောက်ခဲ့ကြတာပေါ့ကွာ”

“အဲဒီတောက ဝါးတွေ၊ ထင်းလောက်စာပင်တွေတော့ တအားပေါတာပဲ -အဖေရ”
“ပေါပြီပေါ့ကွာ၊ လူတွေကခြောက်တတ်လွန်းလို့ အဲဒီတောကိုရှောင်ကြပြီး တခြားတောတွေမှာပဲ ခုတ်ကြတာလေကွာ”
“သားတို့လည်း ထင်းဝါးတွေ တောထဲသွားခုတ်ကြမယ်ဆိုရင်တော့ အဲဒီကျတ်မြှောင်တောဘက်ကို မသွားကြနဲ့တော့”
“ဟုတ်ကဲ့ပါ အဖေ ၊ သွားဆိုလို့လည်း ထပ်မသွားဝံ့တော့ပါဘူး၊ သားတို့ အခြောက်ခံခဲ့ရတာကိုတောင် ခုချိန်အထိ မျက်စိထဲကို မထွက်နိုင်အောင်ပါပဲ အဖေရာ”
ထွေးအောင်နှင့် ငြိမ်းမောင်တို့ညီအစ်ကိုလည်း နောင်သောအခါ ထိုကျတ်မြောင်ကို ဘယ်တော့မှထပ်မသွားတော့ဟု ဆုံးဖြတ်ခဲ့ကြလေသည်။

#jdbkx.net #ဝတ္ထုတို #Online #Games  #Myanmar  #OnlineGamesMyanmar  #OnlineGames  #OnlineCasino  #SlotandFish  #SportsGames  #MyanmarOnlineGames

Loading

Leave a Reply

Your email address will not be published. Required fields are marked *