မနုစာရီ - အပိုင်း (၁၈)

မနုစာရီ – အပိုင်း (၁၈)

* * * မနုစာရီ * * * ( ၁၈ )

“မနုစာရီဟာ ပေါက်ကွဲမှုကြီးဖြစ်ပွားချိန်မှာ လွတ်မြောက်ထွက်ပြေးသွားပြီး မနုစာရီရဲ့ ဘိုးဘိုးရှိရာ မန်းချောင်းအနီးက တောအုပ်ကြီးဆီကို ရောက်ရှိသွားတယ် ဆိုတာတော့ အတ္ထုပ္ပတ္တိမှာပါရှိလို့ သိပါပြီ။ အဲဒီနောက်မှာ မနုစာရီ ဘာတွေ ဖြစ်ပျက်ခဲ့သေးတယ်ဆိုတာ သိချင်ပါတယ်”
“ဘိုးဘိုးရဲ့ ကျောင်းသင်ခန်းကို ရောက်သွားတဲ့အချိန်ကစပြီး မနုစာရီဟာ အဂ္ဂိရတ်အတတ်ကိုသာမဟုတ်ဘဲ အင်းအတတ်၊ ဆေးအတတ်တွေကို အပြီးအပိုင်စွန့်လွှတ်လိုက်ပြီး ပရာနာလို့ ခေါ်တဲ့ ယောဂအကျင့်မြတ်တစ်ခုကို စွဲစွဲမြဲမြဲကျင့်ခဲ့ပါတယ်။
အဲဒီကျင့်စဉ်ကတော့ အသက်ရှူမှုကို ထိန်းချုပ်ချွေတာခြင်း နည်းစနစ်တစ်ရပ်ပါပဲ။ အသက်ရှူခြင်းဟာ အသက်ပါပဲ၊ အသက်ရှူခြင်းကို ချွေတာတာဟာ အသက်ကိုချွေတာတာ ဖြစ်ပါတယ်။ ချွေတာခြင်းတကာတို့တွင် အသက်ကို ချွေတာ ခြင်းဟာ အမွန်မြတ်ဆုံး ချွေတာခြင်းဖြစ်တယ်လို့ အဲဒီယောဂကျင့်စဉ်က ညွှန်ပြထားပါတယ်”

“မနုစာရီအခုလောက် အသက်ရှည်နေတာဟာ အဲဒီ ပရာနာ ကျင့်စဉ်ကြောင့်လို့ဆိုနိုင်ပါသလား”
“ဒီလိုပဲ ဆိုရမှာပါပဲ လူကလေး”

ကျွန်ုပ်သည် ခံတွင်းအနည်းငယ်ချဉ်လာသဖြင့် ဆေးလိပ်ကိုမီးညှိ၍ ဖွာရှိုက်လိုက်ပြီးနောက် မနုစာရီအား ဆက်၍ မေးမြန်းရပြန်သည်။

မနုစာရီရဲ့ အတ္ထုပ္ပတ္တိထဲမှာပါတဲ့ ‘အမတ’ဆိုတဲ့ နေရာကို ညွှန်ပြနိုင်တဲ့ ဗြဟ္မာကြီးဆိုတာနဲ့ကော တွေ့ကြုံခဲ့ရဲ့လား”

အမတဆိုတာ နိဗ္ဗာန်ကို ဆိုပါတယ်၊ နိဗ္ဗာန်ကို ညွှန်ပြနိုင်တဲ့ ဗုဒ္ဓဘုရားရှင်ဟာ အပရန္တတိုင်းကြီးပေါက်ကွဲပြီး နှစ်တစ်ရာ
လောက်မှာ ပွင့်တော်မူခဲ့ပါတယ်။ ဒါပေမဲ့ မနုစာရီ ဗုဒ္ဓကို မဖူးတွေ့ရခဲ့ပါဘူး”

“ဘာဖြစ်လို့လဲ မနုစာရီ”
“မနုစာရီမှာ လိုအပ်ချက်နှစ်ခု ရှိနေတဲ့အတွက် ဘုရားရှင်ကို မဖူးတွေ့ခဲ့တာပါပဲ”

“ဘယ်လို လိုအပ်ချက်တွေများလဲ မနုစာရီ”

“မနုစာရီမှာ လိုအပ်နေတဲ့လိုအပ်ချက်နှစ်ခုကတော့ မနုစာရီရဲ့ ချစ်သူ မောင်တော်အတိတျာနဲ့ မနုစာရီရဲ့ လက်တစ်ဖက်ကြောင့်ပါပဲ”

ထိုအခါကျမှ ကျွန်ုပ်လည်း မနုစာရီ၏လက်များကို သေသေချာချာ ကြည့်မိပြန်၏။ မနုစာရီ၏လက်နှစ်ဖက်စလုံးအား အကောင်းပကတိအတိုင်းတွေ့မြင်ရသဖြင့် ကျွန်ုပ်သည် နားမလည်နိုင်အောင်ဖြစ်သွား၏။

“ဒီမှာ မနုစာရီ ကျုပ် အခုမြင်ရတာကတော့ မနုစာရီရဲ့ လက်ကအကောင်းကတိအတိုင်းပါပဲလား”

“ဟုတ်ပါတယ်၊ အလွန်ထူးဆန်းတဲ့အတတ်ပညာနဲ့ မနုစာရီ ရဲ့လက်ကို အကောင်းပကတိနဲ့မခြားအောင် ပြုလုပ်ဖန်ဆင်း ထားပါတယ်။ ဒါပေမဲ့ အတုဟာ အတုပါပဲ၊ အစစ်မဖြစ်နိုင်ပါဘူး”

“မနုစာရီရဲ့ချစ်သူ အတိတျာမင်းသားဟာ အခုဘယ်ရောက်နေသလဲ”

“ရေစီးသန်တဲ့ မြစ်ထဲမှာ မြုပ်ချေပေါ်ချေဖြစ်ပြီး ပျော်နေတဲ့ပစ္စည်းကလေးတစ်ခုကို ရှာဖွေကောက်ယူရဖို့ ကိစ္စဟာ မလွယ်ပါဘူး။ ဒီထက်ပိုပြီး မလွယ်တာက သံသရာရေစီးကြောင်းထဲမှာမျောနေတဲ့ သူတစ်ယောက်ကို ကျန်တစ်ယောက်က အသက်တွေရှည်ချင်တိုင်းရှည်ပြီး စောင့်ကြည့်ရှာဖွေနေရတာဟာ လွယ်ပါ့မလား၊ လူကလေးရယ်”

“ဟုတ်ပါတယ် မနုစာရီ ဒီကိစ္စဟာ လွယ်တဲ့ကိစ္စ မဟုတ်ပါ ဘူး။ ဒါပေမဲ့ တစ်နေ့နေ့တော့ ပြန်ပြီး ဆုံစည်းကြရမှာပေါ့လေ၊ မနုစာရီပြောတဲ့ အခါအခွင့်သင့်တဲ့ အခါမျိုးမှာပေါ့”

“ဒီမှာ မနုစာရီ၊ ကျုပ် တစ်ခုသိချင်ပါသေးတယ်။ လက်ဖတင်နင် နန်းဝေဆိုတဲ့ စစ်ဗိုလ်ကလေးတစ်ယောက်ကို မနုစာရီဟာ ကျောက်ဆည်က ကျောက်သေတ္တာကြီးထဲမှာ မနုစာရီရဲ့ လက်တစ်ဖက် ရှိတယ်ဆိုပြီး ယူခိုင်းလိုက်သေးတယ် မဟုတ်လား”

“မှန်တယ် လူကလေး။ အဲဒီ လက်ဖတင်နင် နန်းဝေဆိုတဲ့ စစ်ဗိုလ်လေးဟာ ယောက်ျားတစ်ယောက်မှာရှိရမဲ့ သူရသတ္တိမျိုးတော့ စံနှုန်းအပြည့်အဝရှိပါတယ်။ ဒါပေမဲ့ တွေးခေါ်မြော်မြင်နိုင်တဲ့ အသိဉာဏ်မျိုးတော့ အတော်ကလေး ဆင်းရဲရှာပါတယ်”

“ဘာပဲဖြစ်ဖြစ် မနုစာရီဟာ သူ့ကို ရူးသွပ်သွားအောင်လုပ်တာတော့ မကောင်းပါဘူး၊ မနုစာရီမှာ တာဝန်ရှိပါတယ်”

“မနုစာရီ သူ့ကို ရူးသွပ်အောင် မလုပ်ခဲ့ပါဘူး။ သူ့ဘာသာသူ ရူးသွပ်သွားတာပါ။ မနုစာရီရဲ့အလှမှာ ယစ်မူးသွားတဲ့ ရောဂါပါ။ အလောင်းတော် သိဝိမင်းကြီးဖြစ်စဉ်က ဥမ္မာဒန္တီ အလှကြောင့် ရူးသွပ်သွားခဲ့သလို အခုလည်း လက်ဖတင်နင် နန်းဝေဟာ မနုစာရီရဲ့ အလှကြောင့် ရူးသွပ်သွားသွားတာပါ”

“အဲဒါကြောင့် မနုစာရီမှာတာဝန်ရှိတယ်လို့ ကျုပ်ပြောနေတာပေါ့”

“မနုစာရီရဲ့အလှဟာ လက်ဖတင်နင် နန်းဝေအတွက် အဆိပ်အတောက် ဖြစ်စေခဲ့တာကိုတော့ မနုစာရီ မငြင်းလိုပါဘူး၊
ဒါပေမဲ့ ဒီလောကကြီးမှာတော့ အလှဆိုတဲ့တရားဟာ ဆိတ်သုဉ်းသွားနိုင်စရာ မရှိပါဘူး၊ ဒါကြောင့် အလှအပမှာ ယစ်မူး တတ်တဲ့ လူတွေဟာ ဆက်ပြီး အဆိပ်သင့်နေကြမှာပါပဲ၊ ဒီလို အလှအဆိပ်သင့်တဲ့ ဝေဒနာရှင်တွေ ပေါ်ပေါက်လာတိုင်း အလှတရားတွေကို အပြစ်ဖို့ပြီး တရားခံရှာနေမယ်ဆိုရင် အလှဆန့်ကျင်ရေးဝါဒတစ်ခု ထွန်းလာနိုင်စရာ ရှိပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ်၊ အလှတရားကတော့ သတ္တဝါတွေ ရှိနေသမျှ တည်ရှိနေဦးမှာပါပဲ။ ဘာကြောင့်လဲဆိုတော့ အကျည်းတန်မှုတရားတွေ တည်ရှိနေသမျှ အလှတရားတွေဟာ တည်ရှိနေမှာ မဟုတ်လား၊ ဒီတော့ ဒီလောကမှာ အကျည်းတန်မှု တရားတွေဟာလည်း ဘယ်တော့မှ မပျောက်ပျက်နိုင်အောင် အမြစ်တွယ်နေပြီ မဟုတ်ပါလား လူကလေး”

“ပြီးတော့ တက္ကသိုလ်ကျောင်းသား မောင်ကျော်ခိုင်ကိုလည်း ရူးသွပ်သွားအောင် လုပ်ခဲ့သေးတယ် မဟုတ်ပါလား …မနုစာရီ”

“မောင်ကျော်ခိုင်ဟာ ဂီတသုခုမ ပညာဘက်မှာတော့ ပါရမီရှိတဲ့ ကလေးတစ်ယောက်ပါပဲ၊ သူဟာ သူ့ရဲ့ ဂီတစွမ်းရည်ကို အသုံးချပြီး အလှရှာပုံတော် ထွက်ခဲ့ပါတယ်။ ဒါပေမဲ့ လှပခြင်းနဲ့ အကျည်းတန်ခြင်းကို သူဟာ မခွဲခြားနိုင်ပါဘူး၊ နဂိုက အလှအပထင်လိုက်တဲ့ အရာအားလုံးဟာ အကျည်းတန်မှုတွေ ဖြစ်နေပါတယ်။ အနုပညာရှင် တော်တော်များများဟာ သူ့လိုပါပဲ၊ တကယ့်အလှတရားနဲ့ တဖြည်းဖြည်းဝေးကွာ သွေဖယ်သွားတတ်ကြပါတယ်”

“တကယ့်အလှတရားဆိုတာ ဘာကိုခေါ်ပါသလဲ မနုစာရီ”

“တကယ့်အလှတရားဆိုတာ လွတ်လပ်ခြင်း၊ ညီမျှခြင်းနဲ့ ငြိမ်းချမ်းခြင်း ဖြစ်ပါတယ်။ ဒီအရာသုံးမျိုးကို လစ်လျူရှုပြီးအလှ တရားကို ရှာဖွေရင်တော့ အလွန်ရူးမိုက်ရာကျပါလိမ့်မယ်။ လူကလေး နားရှင်းအောင် ပြောပြပါဦးမယ်။
ဒီကမ္ဘာရဲ့ အဦးအစအချိန်ပိုင်းလောက်မှာ တိမ်ညွန့်ကိုစားတဲ့ဆင် တိမ်ယံမှာ ပျံတဲ့ခြင်္သေ့တို့ဟာ တစ်ဦးကိုတစ်ဦး သဲသဲမဲမဲ တိုက်ခိုက် ၊ သတ်ပုတ်ခဲ့ကြပါတယ်။ သူတို့တိုက်ပွဲဟာ ပြင်းထန်လာလေ၊ လောကရဲ့ ငြိမ်းချမ်းမှုဟာ လျော့နည်းလာလေ ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ဒီလောကရဲ့ အလှတရားသုံးပါးကို စောင့်ထိန်းတဲ့ လောကနတ်သားဟာ” စည်တုပ်”ကို ကိုင်ပြီး သာယာနာပျော်ဖွယ်သော ဂီတသံကိုဖြစ်စေလျက် ခြင်္သေ့နှင့် ဆင်တို့ရဲ့ အကျည်းတန်စွာ တိုက်ခိုက်နေမှုကို ရပ်စေခဲ့ပါတယ်။ နားလည်ပြီလား လူကလေး”

“နားလည်ပါပြီ မနုစာရီ”
“တက္ကသိုလ်ကျောင်းသား မောင်ကျော်ခိုင်ဟာ အနုပညာသမားတစ်ဦး ဖြစ်ပေမဲ့ သူ့မှာ အခြေခံအလှတရားတွေဖြစ်တဲ့ လွတ်လပ်ခြင်း၊ ညီမျှခြင်း၊ ငြိမ်းချမ်းခြင်းဆိုတဲ့ အလွန်လိုအပ်လှတဲ့ အရာတွေမရှိတဲ့အတွက် မောင်ကျော်ခိုင်ဟာ
မနုစာရီကိုတွေ့ပြီးတဲ့နောက်မှာ သူဟာ ရူးသွပ်သွားခဲ့ရပါတယ် လူကလေးရယ်”

“မနုစာရီဟာ အခုလိုနှစ် ၂၆၀ဝ-ကျော်လောက်နေလာခဲ့တဲ့အတွင်းမှာ ဘာတွေလုပ်နေခဲ့သလဲ”
“အဲဒီနှစ်ကာလတွေအတွင်းမှာ မနုစာရီဟာ ပညာရပ်အမျိုးမျိုး တွေကို လေ့လာသင်ယူခဲ့ပါတယ်။ ဘာသာဗေဒတွေကို သင်ယူခဲ့ပါတယ်။ နိုင်ငံပေါင်းစုံ လှည့်လည်ပြီး ပညာတွေသင်ယူခဲ့ပါတယ်။ သိပ္ပံပညာထွန်းကားလာတဲ့ ၂၀-ရာစုနှစ်တွေမှာတော့ မနုစာရီဟာ သိပ္ပံပညာရပ်တွေကို လေ့လာသင်ယူခဲ့ပါတယ်။
ကင်းဘရိတ်တက္ကသိုလ်၊ အောက်စဖို့တက္ကသိုလ်၊ ယေးတက္ကသိုလ်တွေမှာလည်း တက်ရောက်သင်ယူခဲ့ပါတယ်။ (Nos Electronic Tlion) ခေါ်တဲ့ အီလက်ထရွန် သဂ္ဂကာရိတကထာ စာတမ်းကို ပြုစုတဲ့ ပြင်သဂ်ကျောင်းသူလေး မေရီ ဆိုတာ ကြားဖူးမှာပေါ့”

“ကြားဖူးပါတယ်”
“အဲဒီမေရီဟာ မနုစာရီပဲ”
(Bronx The Confusion Principles of Mathcinactical )ခေါ်တဲ့ ‘ပေကဏ္ဍနိယာမသင်္ချာ’ ဆိုတဲ့ အမြင့်ဆုံးကကုလ သင်္ချာနိယာမကိုပြုစုခဲ့တဲ့ အိန္ဒိယသူ ပါရမီရှင်လေး သုန္ဒရီသကုဏ္ဍဒေဝီ ဆိုတာလည်း မနုစာရီပါပဲ လူကလေး”

“နားလည်ပါပြီ မနုစာရီ၊ တစ်ခုမေးချင်တာကတော့ တာမွေသင်္ချိုင်းထဲက(မနုစာရီ) လို့ ကဗျည်းထိုးပေးထားတဲ့ အုတ်ဂူ ကလေးက ဘယ်သူ့ အုတ်ဂူလဲ မနုစာရီ”
“ဒါက သီလရှင်မလေး (မနုစာရီ)ရဲ့ အုတ်ဂူပါ။ ဒီကမနုစာရီနဲ့ ဘယ်လိုမှ မပတ်သက်ပါဘူး”

“မနုစာရီရဲ့ အကြီးမားဆုံးဆန္ဒဟာ ဘာလဲ မနုစာရီ”

“မနုစာရီရဲ့ အကြီးမားဆုံးဆန္ဒဟာ ငြိမ်းချမ်းမှုပါပဲ၊ ငြိမ်းချမ်းမှုဟာ အများနဲ့ဆိုင်တဲ့ ငြိမ်းချမ်းမှုနဲ့ တစ်ဦးတစ်ယောက်တည်းနဲ့ပတ်သက်တဲ့ ငြိမ်းချမ်းမှုရယ်လို့ နှစ်မျိုးရှိပါတယ်။ အများဆိုင်ရာ – ငြိမ်းချမ်းမှုအတွက်လည်း မနုစာရီဟာ ဆောင်ရွက်လျက်ရှိပါတယ်။
တစ်ဦးတစ်ယောက်တည်းနဲ့ ပတ်သက်တဲ့ ငြိမ်းချမ်းမှုအတွက်ကတော့ မနုစာရီ နောင်ပွင့်တော်မူမည့် အရိမေတ္တယျ ဘုရားရှင်ကို မောင်တော်အတိတျာနဲ့အတူ ဆယ်ဖြာသောလက်နဲ့ ဖူးတွေ့ချင်တာပဲ၊ ဒီအတွက်မော်တော် အတိတျာကို
တွေ့ချင်လှပါတယ်”

“အတိတျာမင်းသားဟာ မနုစာရီကို အမှတ်ရနိုင်ပါ့မလား”
“ဘဝဆိုတာ မေ့လျော့မှု၊ မသိမှုတွေ လွှမ်းခြုံနေတာပါ။ ဇာတိသရဉာဏ် မရရင်ဖြင့် အားလုံးမေ့လျော့ကုန်တော့တာပေါ့၊ မောင်တော် အတိတျာဟာလည်း ဒီလိုပါပဲ၊ မနုစာရီကို မေ့နေသူပါ။
တကယ်လို့များ မကောင်းမှု တစ်ခုခုကြောင့် အပယ်ငရဲကို မောင်တော်ဟာ ကျရောက်သွားမယ်ဆိုရင် သူရော မနုစာရီပါ နောင်ပွင့်တော်မူမဲ့ ဘုရားရှင်ကို မဖူးတွေ့နိုင်ဘဲ လွဲကြရဦးမယ်၊ ဘာဖြစ်လို့လဲဆိုတော့ မောင်တော်အတိတျာမပါဘဲ မနုစာရီရဲ့ လက်တစ်ဖက်ကို မောင်တော် အတိတျာကိုယ်တိုင် ပြန်ပြီးမယူနိုင်ဘဲနဲ့တော့ မနုစာရီဟာ အရိမေတ္တေယျဘုရားကို မဖူးတွေ့ပါဘူးလို့ သစ္စာအဓိဋ္ဌာန် ပြုထားပါတယ်”

“မောင်တော်အတိတျာဟာ လက်ဖတင်နင် နန်းဝေလား? တက္ကသိုလ်ကျောင်းသား မောင်ကျော်ခိုင်လား?”
“သူတို့နှစ်ယောက်စလုံး တစ်ယောက်မှ မဟုတ်ဘူး”

“ဒါဖြင့်ရင် ဘယ်သူလဲ”
“မောင်တော်အတိတျာဟာ မြန်မာပြည်ထဲမှာပဲ လူဖြစ်နေပါတယ်။ သူဟာစိတ်ဝါဒကိုဆန့်ကျတဲ့ အမြင်ကျဉ်းလက်တွေ့
ဝါဒသမားတစ်ဦး ဖြစ်နေပါတယ်။ လက်တွေ့မဟုတ်ရင်ဘာကိုမှ မယုံတဲ့ လူတစ်ယောက် ဖြစ်နေပါတယ်လို့ မနုစာရီ
စုံစမ်း သိရှိရပါတယ်”
“အဲဒီတော့ကျုပ်အနေနဲ့ မနုစာရီကို ဘယ်လို ကူညီနိုင်သလဲ”

“မနုစာရီနဲ့ မောင်တော် အတိတျာတို့ သက်သာပြည်ကြီးမှာ ဖြစ်ပျက်ခဲ့ပုံအသေးစိတ်ကို မောင်တော်အတိတျာ သိရှိအောင်လုပ်ပေးနိုင်ရင် မောင်တော်အတိတျာဟာပြန်ပြီး သတိရကောင်း သတိရနိုင်ပါတယ်၊ သတ္တဝါတွေမှာ လွန်စွာ ထူးဆန်းတဲ့ သံသရာအမွေအနှစ်လို့လည်း ခေါ်ရမဲ့ (သိမှု) ကလေး တစ်ခုရှိပါတယ်။
ဒါကို အခုခေတ်မှာ တယ်လီပသီအဖြစ် ခေါ်ဝေါ်အသုံးချနေကြပါတယ်။ ဒီတော့ တတ်နိုင်ရင်တော့ လူကလေး တစ်ဆိတ်လောက် ကူညီပါလား”
“ဘယ်လိုလဲ မနုစာရီ၊ ဘယ်လူ၊ ဘယ်အရပ်က၊ နာမည်က ဘယ်လို၊ အလုပ်အကိုင်က ဘာလုပ်တယ်လို့ အတိအကျ မပြောနိုင်ဘဲနှင့် ကျုပ်က မောင်တော်အတိတျာလူဝင်စားကို ဘယ်လိုလုပ်ပြီး ရှာဖွေရမှာလဲ၊ အခု မြန်မာပြည်မှာ လူဦးရေ သန်းသုံးဆယ်ကျော်နေပါပြီ။ အဲဒီလူသန်းသုံးဆယ်စလုံးကို ကျုပ်က တစ်ယောက်စီ ပုံပြောသလို လိုက်ပြောရမှာလား”

“ဒီလိုတော့ မဟုတ်ပါဘူး”
“အင်၊ ကျုပ်တစ်ခုစဉ်းစားမိတယ်၊ မနုစာရီအနေနဲ့ ဒီအဖြစ်အပျက်တွေကို စာရေးဆရာတစ်ယောက်ကို သွားပြီးပြောပြ ပါလား”
“မဖြစ်နိုင်ပါဘူး။ လူကလေး၊ မနုစာရီပြောခဲ့တယ် မဟုတ်လား။ (အခါအခွင့်သင့်တယ်ဆိုတဲ့စကားလေး အခုလို လူကလေးနဲ့ တွေ့ဆုံရတာဟာ အကြောင်းတိုက်ဆိုင်ပြီး အခါအခွင့်သင့်လို့ တွေ့ရတာမဟုတ်လား”

ကျွန်ုပ်သည် မနုစာရီနှင့် မောင်တော်အတိတျာတို့ ပြန်လည် တွေ့ဆုံတွေ့ရေးအတွက် အကူအညီပေးလိုလှ၏။ မည်သို့မည်ပုံ ကူညီရမည်ကိုလည်း မကြံတတ်အောင် ရှိတော့၏။
လူ့ဘဝကပင် ပညာရှင်အမျိုးသမီးဖြစ်သော အသက် ၂၆၀၀ ကျော်ရှိပြီး ပညာရပ် အမျိုးမျိုးတတ်ကျွမ်းသည့်ထူးဆန်းသောလူသား မနုစာရီလည်း မည်သို့မှ အကြံပေးနိုင်ပါ။

“မနုစာရီ…မင်းသားအတိတျာနဲ့ မနုစာရီတို့ရဲ့ အကြောင်းကို ကျွန်တော် ဝတ္ထုသဖွယ် ရေးသားပါမယ်၊ အဲဒီဝတ္ထုကို အတိတျာမင်းသား ဖတ်မိခဲ့ရင်ဖြင့် အတိတ်ကို တစ်နည်းနည်းနဲ့ လွမ်းဆွတ်နိုင်လိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ဒီလိုများသူဟာ တစ်နည်းနည်းနဲ့ အတိတ်ကို သတိရခဲ့ရင်ဖြင့် စိတ်ဟာနူးညံ့လာပြီး ရုပ်လွန်လောကကို ယုံကြည်လာဖို့ နီးစပ်ပါလိမ့်မယ်၊ လက်တွေ့ဝါဒကို စွန့်လွှတ်လာပါလိမ့်မယ်”

ကျွန်ုပ်၏စကားကိုကြားလျှင် မနုစာရီသည် လွန်စွာစိတ်ဆိုးသည့် အမူအရာနှင့်…

“မင်းကမြန်မာစာတတ်တိုင်း စာရေးဆရာလုပ်လို့ ဖြစ်မယ်လို့ ခပ်လွယ်လွယ်ထင်နေသလား၊ ဝါကျအထားအသို၊ ရသမြောက်အောင် အလင်္ကာပါအောင် ရေးစွမ်းနိုင်မှုတွေ၊ စာပေရေးဖွဲ့နိုင်အောင် ဒေသန္တရ၊ ဘာသန္တရ ဗဟုသုတကုံလုံမှုတွေ၊ ပြီးတော့ စာရေးဆရာရဲ့ ဈာန်လို့ခေါ်တဲ့ ပြောင်းလွှဲခံစားတတ်မှု စွမ်းရည်တွေ
လိုပါတယ်။ ဒါတွေဟာ ပြောရင်လွယ်သလောက် တကယ်ကျတော့လွယ်တာတွေ မဟုတ်ဘူး၊ ပြီးတော့ အနုပညာဗီဇလို့ ခေါ်တဲ့ လျှို့ဝှက်တဲ့အသိခက်တဲ့ ပြောပြရန်ခက်တဲ့ အရာကလေးလည်း လိုသေးတယ်။ ဖြစ်နိုင်ပါ့မလား၊ ဒါတွေမပါဘဲ စာရေးဆရာပဲလုပ်လုပ်၊ ပန်းချီဆရာပဲလုပ်လုပ်၊ ဂီတဆရာပဲ လုပ်လုပ် အောင်မြင်နိုင်မှာ မဟုတ်ဘူး။ စဉ်းစားကြည့်စမ်းပါ။

မြန်မာပြည်မှာသာ မဟုတ်ဘဲ ကမ္ဘာပေါ်မှာ စာရေးဆရာတွေ – အမြောက်အမြား ပေါ်ပေါက်ခဲ့ကြတယ်၊ ဒါပေမဲ့ သမိုင်းဆရာက ယဉ်ကျေးသော လူ့သမိုင်းလို့ခေါ်ကြတဲ့ အနှစ်ခြောက်ထောင်ခရီးမှာ လူ့သမိုင်းကြီးမှာ တင်ကျန်ခဲ့တဲ့ စာရေးဆရာ၊ ပန်းချီဆရာ၊ ဂီတဆရာနဲ့ တွေးခေါ်ရှင်ဆိုတဲ့ ပုဂ္ဂိုလ်ကျော်တွေဟာ လက်ချိုးရေတွက်လို့ ရအောင်ကို အရည်အတွက်ဟာနည်းပါးလှပါတယ်လေ၊ အဲဒါဘာလဲဆိုတော့ အနုပညာဗီဇနဲ့ . အနုပညာသည်တစ်ဦးမှာ ထားရှိရမဲ့ စေတနာ လျော့နည်းမှုကြောင့်ပဲ။ မနုစာရီ မြင်သလိုပြောရရင်တော့ မင်းမှာ အနုပညာ စေတနာတော့ ရှိပုံရပါတယ်။ ဗီဇပါတယ် မပါဘူးဆိုတာတော့ – မနုစာရီလည်း မသိဘူး၊ မနုစာရီနဲ့ မောင်တော် အတိတျာ
အကြောင်းကို ရေးချင်ရင် ရေးနိုင်ပါတယ်။ ဒါပေမဲ့ အပိုအလို မရှိအောင် ရေးပါမယ်လို့တော့ သစ္စာပြုရမယ်”

“ပြုပါမယ် မနုစာရီ”
“အဲဒီသစွာတည်ရင်တော့ မနုစာရီအတိုင်းထက်အလွန် ဝမ်းမြောက်ပါတယ်”
“ကျုပ် ဒီသစ္စာကို ပြုပါတယ်။ တည်အောင်လည်း ကြိုးစားမယ်”

ထို့နောက် ကျွန်ုပ်အားမနုစာရီက ဘုရားကို မျက်စိမှိတ်၍ အာရုံပြုခိုင်း၏။ သူကိုယ်တိုင်လည်း မျက်စိကလေးမှိတ်၍ အာရုံပြုလျက်ရှိ၏။ အချိန်အတော်ကလေးကြာသွားမှ ကျွန်ုပ်မျက်စိကို ဖွင့်ကြည့်လိုက်ရာ မနုစာရီသည် ကျွန်ုပ်အနီး၌ မရှိတော့ကြောင်း တွေ့ရှိရပါတော့သတည်း။

မနုစာရီနှင့် ကျွန်ုပ်သည် နောက်ထပ်ဆုံစည်းခြင်း မရှိတော့ပါ။ သူမကို ကတိပေးခဲ့သော်လည်း ကျွန်ုပ်သည် စာမရေးဖြစ်ခဲ့ပါ။
မရေးဖြစ်ခဲ့သည့် အကြောင်းမှာ အပိုအလိုမပါရှိရပါဟု သစ္စာပြုထားသော အချက်သည် စာရေးရာ၌များစွာ အနှောင့်အယှက်ပြုလျက် ရှိတော့၏။ စာရေးခြင်းအလုပ်၌ ကန့်သတ်ပေးထားခြင်း၊ ဘောင်ခပ်ပေးထားခြင်းစသည့် အရာများရှိနေလျှင် ဝတ္ထုဟုဆိုသော (Novel )ပုံစံ မဖြစ်ဘဲ စာစီစာကုံးသို့မဟုတ် အစီရင်ခံစာကဲ့သို့ ဖြစ်နေတတ်သည် ဖြစ်ရာ ဖတ်၍ ကောင်းနိုင်မည် မဟုတ်ပေ။

ကျွန်ုပ်သည် ထို့ကြောင့် မရေးဖြစ်ဘဲထားခဲ့ရာ မနုစာရီကိုလည်းကောင်း ၊ စာထုပ်ကြီးကိုလည်းကောင်း မေ့မေ့လျော့လျော့ပင် ရှိနေပြီ ဖြစ်၏။ မနုစာရီ၏ ပြောပြချက်အရ အတိတျာသည် အခုအခါ၌ လူ့ဘဝသို့ ရောက်ရှိနေသော်လည်း ရုပ်သမားဆန်၏။ တမလွန်ဘဝရှိသည်ကိုမယုံ ၊ သံသရာကို နားမလည်သောလူစားမျိုးဖြစ်သည်ဟူ၏။ ထိုသူမျိုးသည် စုန်း၊ နတ်၊ သရဲ တစ္ဆေ စသော အခြေအမြစ်မရှိသည့် အရာဟု ယူဆသောနာမ်လောက၊ ပရလောကကို လုံးဝ လက်ခံမည် မဟုတ်ပေ။

ကျွန်ုပ်၏စေတနာအတိုင်းဆိုရပါမူ အတိတျာလူဝင်စားဆိုသူကို သရဏဂုဏ်သုံးပါး၌ တည်စေလို၏။ နောင် အရိမေတ္တယျဘုရားရှင် ပွင့်ပေါ်တော်မူသောအခါ၌ မနုစာရီ၏ လက်ပြတ်တစ်ဖက်ကို သူ၏ မေတ္တာနှင့် ပြန်၍ဆက်ပေးနိုင်ကာ တရားထူးကို နာကြားလျက် သံသရာ၏ ဟိုမှာဘက်ကမ်းသို့ တူမောင်မယ် ကူးမြောက်သွားစေလိုလှ၏။

“သံသာလေကမ်းတိုင်” ဆိုသည့်အတိုင်း ချစ်သူနှစ်ဦးတို့သည် သံသရာ၏ တစ်ဖက်ကမ်းရောက်သည့်တိုင်အောင် ခိုင်မြဲသွားစေလို၏။ ဤသို့လျှင် သူတို့၏ အချစ်ဇာတ်လမ်းကို အဆုံးတကယ် သတ်စေချင်လှပါ၏။

ကျွန်ုပ်သည် စေတနာပါသော်လည်း မဖြစ်ခဲ့ပါ။ သို့သော် တစ်နေ့သ၌ ထူးထူးဆန်းဆန်း တစ်ခုဖြစ်တော့၏။ ကျွန်ုပ်သည် ကျူရီယိုဆိုင်၌ရှိနေစဉ် စာတိုက်မှ စာတစ်စောင်ရရှိခဲ့၏။
စာမှာ မည်သူရေးလိုက်သည်ဟု အတတ်မပြောနိုင်သော်လည်။ စာတိုက်တံဆိပ်ကို ကြည့်ခြင်းအားဖြင့် စကုမြို့မှ ထည့်လိုက်ကြောင်း သိရ၏။

“လုပ်ကြံသေသတ်၊ ယောက်ျားမြတ်တို့ မှတ်သိအတိုင်း ပြည့်လှိုင်းချမ်းသာ စီးပွားလာ၏။”
ဟူသော ကန်တော်မင်ကျောင်း ဆရာတော်၏ ဆုံးမစာကလေး ဖြစ်နေ၏။ စာရေးသူ၏အမည်ကို လည်းကောင်း လက်မှတ်ကိုလည်းကောင်း၊ ထိုစာထဲ၌ မတွေ့ရပါ။
ကျွန်ုပ်သည် ထိုစာကို အရေးမကြီးဟု ထင်မှတ်ကာ ဒိုင်ယာရီစာအုပ် ကြား၌ပင် ညှပ်ထားလိုက်မိ၏။
ထိုစာရပြီး တစ်လခန့်အကြာတွင် စာတစ်စောင်ရပြန်ပါ၏။ ထိုစာမှာလည်း ပထမစာများကဲသို့ပင် လက်မှတ်၊ လိပ်စာ မပါသော်လည်း စကုမြို့မှပင် ထည့်လိုက်သော စာဖြစ်နေပြန်၏။

“ဤလာက၌ ဆင်းရဲခြင်းတကာတို့တွင် ကတိပေးပြီး ကတိအတိုင်း မဆောင်ရွက်နိုင်သော ဆင်းရဲကားကြီးမားလှဘိ၏”
ဟူသော နီတိဆန်ဆန် စာကလေးတစ်စောင် ရောက်လာ၏။ ကျွန်ုပ်သည် ပထမစာကဲ့သို့ပင် အရေးမကြီးဟု မှတ်ယူကာ သိမ်းဆည်းမြဲ သိမ်းဆည်းထား၏။

များမကြာမီ၌တတိယမြောက် စာတစ်စောင်ရောက်ရှိလာတော့၏။

“ခရီးသွားရန်အတွက် အိပ်၍စဉ်းစားနေသူထက်၊ ထိုင်၍စဉ်းစားသူက ပို၍သင့်လျော်၏၊ ထိုင်၍စဉ်စားသူထက် ထ၍စဉ်းစားသူက သာလွန်၍ သင့်လျော်၏”

ကျွန်ုပ်သည် ထိုစာများကို မည်သူက ရေးပို့နေသည်ဟု တွေးတောခြင်းမပြုတော့ဘဲ ကျွန်ုပ်ကို မနုစာရီအကြောင်း ရေးသားရန် တိုက်တွန်းနေပြီဟုသာ သဘောပေါက်သည့်အလျောက် စာရေးရန် ဆုံးဖြတ်လိုက်တော့၏။

(Biography)ခေါ် အတ္ထုပ္ပတ္တိရေးဟန်များကို ရေးသားခြင်း၌ကျွမ်းကျင်သော အင်္ဂလိပ်စာရေးဆရာများ ၊ မြန်မာစာရေးဆရာများ၏ စာများကို ဖတ်ရှုလေ့လာရပြန်၏။ မြန်မာ စာရေးဆရာများထဲတွင် အရှင်အာဒိစ္စဝံသသည် အတ္ထုပ္ပတ္တိရေးဟန်၌ စံတင်ရမည်ဖြစ်သော ပုဂ္ဂိုလ်တစ်ဦးဖြစ်ရာ သူ၏ စာအုပ်စာတမ်းများကို အထူးအလေးပေး၍ ဖတ်ရှုနေရပြန်လေ၏။

မနုစာရီအား ကတိပေးခြင်း
* * * * * * * * * *

အပိုင်း ၁၉ ဆက်ပါဦးမည်

Loading

Leave a Reply

Your email address will not be published. Required fields are marked *