
မနုစာရီ – အပိုင်း (၂၀) ဇာတ်သိမ်း
ကျွန်ုပ်သည် စာရေးခြင်းအလုပ်ကို မှန်မှန်ပြုလုပ်လာခဲ့ရာ မနုစာရီ အကြောင်းသည် ပြီးဆုံးခြင်းသို့ တိုင်လေတော့၏။ ထိုနေ့နံနက်တွင် ကျွန်ုပ်၏ဆိုင်သို့ မသက်ဆွေ ရောက်ရှိလာပြန်၏။
“ကျွန်မလည်း။ ရှင့်ဆိုင်ကို လာမယ်လာမယ်နဲ့ လာကို မလာဖြစ်ပါဘူးရှင်”
ကျွန်ုပ်သည် မနုစာရီ၏ နောက်ဆုံးစာမျက်နှာကိုရေးပြီးသည့် အချိန်နှင့်ဆိုလျှင် မသက်ဆွေ ရောက်လာသော အချိန်မှာ တိုက်ထားသကဲ့သို့ရှိ၏။
ကျွန်ုပ်လည်းရေးပြီး စာရွက်များကို ဖိုင်တွဲ၍ ဖိုင်အပေါ်တွင် “မနုစာရီ”ဟု မင်နီဖြင့် ရေးသားလိုက်၏။
မသက်ဆွေသည် ဆိုင်ထဲသို့ဝင်လိုက်သည်နှင့် ကျွန်ုပ်၏ဖိုင်တွဲကို လှမ်း၍ကြည့်လိုက်၏။ သို့သော် သူနှင့်မပတ်သက်သဖြင့် မေးမြန်းခြင်း၊ ကြည့်ရှုခြင်း၊ ဆက်လက် မပြုတော့ဘဲ ပိုက်ဆံအိတ်ကိုဖွင့်ကာ စာတစ်စောင်ကိုထုတ်၍…
“ဟောဒီစာကို ဖတ်ကြည့်စမ်းပါရှင်၊ ကျွန်မတို့မိတ်ဆွေ ကင်းဘရိတ်တက္ကသိုလ် သမိုင်းပါမောက္ခတစ်ဦးက ရေးလိုက်တဲ့ စာပါပဲ၊ ရန်ကုန်ရောက်ရင် ဆိုင်ကိုဝင်ပြီး ပစ္စည်းကလေးတစ်ခု ရှိမရှိ စုံစမ်းပါတဲ့၊ ရှိတယ်ဆိုရင် ဖြစ်တဲ့နည်းနဲ့ဝယ်ခဲ့ဖို့ ရေးလိုက်တဲ့ စာပါပဲ”
“ဘယ်လို ပစ္စည်းများပါလဲ ခင်ဗျာ”
“ရှင်ကိုယ်တိုင် စာကိုဖတ်ကြည့်ပါလားရှင်… တခြားအကြောင်းအရာ မပါပါဘူး၊ ကျွန်မ ခွင့်ပြုပါတယ်။ ဖတ်ကြည့်စမ်းပါရှင်”
ကျွန်ုပ်လည်း မသက်ဆွေပေးသော စာကိုယူ၍ ဖတ်ကြည့်မိ၏။ စာရေးစက္ကူမှာ ကင်းဘရိတ်တက္ကသိုလ်တံဆိပ်ပါသော စာရေးစက္ကူဖြစ်ပြီး စာများကိုမူ ပန်းချီဆရာများ အသုံးပြုလေ့ရှိသော ဘီခြောက်လုံးအဆင့်အတန်းထိ မည်းနက်သော ခဲတံတစ်မျိုးဖြင့် ရေးသားထားခြင်း ဖြစ်၏။
ပါမောက္ခ တော်တော်များများသည် ဖောင်တိန်၊ ဘောပင်၊ စသည်များထက် ခဲတံကို ပိုမိုနှစ်သက်တတ်ကြောင်း ကျွန်ုပ် မကြာခဏ သတိပြုမိ၏။ ပါမောက္ခကြီး၏စာမှာ လက်ရေး အလွန်သော့သော်လည်း တိုတိုနှင့် ရှင်းရှင်း ရေးသားထားပါ၏။
ထိုပါမောက္ခကြီးမှာ အခြားသူမဟုတ်ချေ။ ကျွန်ုပ်၏ဆိုင်တွင် မိုးကြိုးအိုးကလေးပြသထားစဉ်က နှစ်ကြိမ်တိုင်တိုင် လာရောက်၍ ကြည့်ခဲ့ဖူးရုံမျှမက သုံးထောင်အထိ ဈေးပေးခဲ့ဖူးသော ပါမောက္ခကြီး ဖြစ်တော့၏။
ထိုစဉ်က ကျွန်ုသည် ထိုအိုးကလေးကို ငါးထောင်ဟု ဈေးခေါ်ထားခဲ့ခြင်း ဖြစ်၏။ သူ၏စာတွင် ငါးထောင်နှင့်ပင် ဝယ်ခဲ့ရန် မသက်ဆွေတို့ ဇနီးမောင်နှံကို ရေးသားထား၏။
ကျွန်ုပ်သည် စာကိုဖတ်ပြီးနောက် မသက်ဆွေအား ပြန်ပေးပြီး …
“ကျွန်တော့်ဆီမှာ အဲဒီအိုးကလေး ရောင်းဖို့မရှိတော့ပါဘူး ခင်ဗျာ”
“ရောင်းဖို့ မရှိဘူးဆိုတော့ အခြားတစ်ယောက်ယောက် ဝယ်သွားပြီလား”
“ဒီလိုလည်း မဟုတ်ပါဘူး၊ ကျွန်တော် မရောင်းတော့ဘူးလို့ဆိုတာပါ မသက်ဆွေ”
“ရှင်ကြိုက်ရရင် ရောင်းရမှာပေါ့ရှင်”
“သူက ငါးထောင် ပေးဝယ်ခဲ့ဖို့မှာပေမဲ့ ဒီပစ္စည်းဟာ တကယ်ရှားပါးတဲ့ပစ္စည်းဆိုရင် ငါးသောင်း ပေးဝယ်ဖို့လည်း ကျွန်မအနေနဲ့ ဝန်မလေးပါဘူး။ ကြည့်ပါရစေလား”
“ဝမ်းနည်းပါတယ် မသက်ဆွေ၊ အဲဒီ မိုးကြိုးအိုးကလေးကို ငါးသောင်း မဟုတ်ပါဘူး။ ငါးသိန်းပေးလည်း ကျွန်တော် မရောင်းနိုင်ပါဘူး။ ဒါကြောင့် မပြရစေနဲ့လို့တောင်းပန်ပါတယ်”
“ခက်လိုက်တာရှင်၊ ရှေးဟောင်းပစ္စည်း ရောင်းတဲ့လူဆိုတာ ရှေးဟောင်းပစ္စည်းရဲ့ တန်ဖိုးကိုတော့ နားလည်ဖို့ လိုပါတယ်။ ဒါပေမဲ့ ကိုယ်ကိုယ်တိုင်ကတော့ အဲဒီပစ္စည်းတွေကို မခွဲနိုင်မခွာရက် စွဲလမ်းတပ်မက်တဲ့ စိတ်မျိုး မရှိရဘူးရှင်။ ဒီလိုစိတ်မျိုးရှိနေရင် ဘယ်လိုလုပ်ပြီး ရောင်းလို့ ဖြစ်တော့မှာလဲ”
“ဟုတ်ပါတယ်၊ တခြားပစ္စည်းတွေကို ကျွန်တော် မတပ်မက်ပါဘူး။ ဒီပစ္စည်းလေးကိုတော့”
“ကောင်းပါပြီရှင် ကျွန်မ ပြန်လိုက်ပါဦးမယ်”
မသက်ဆွေသည် မချင့်မရဲဖြစ်ကာ ကားပေါ်သို့ ပြန်၍ တတ်သွား၏။ ကားကို မောင်းထွက်သွားသော်လည်း ကားသည် ကျွန်ုပ်၏ဆိုင်နှင့် မျက်စောင်းထိုးလောက်တွင် ထိုး၍ရပ်သွား၏။
မသက်ဆွေသည် ကျွန်ုပ်ကို ကားပေါ်မှလှမ်းခေါ်၍ အကူအညီတောင်းသဖြင့် သွားရောက်ခဲ့ရ၏၊
“ကား ဘာဖြစ်သွားသလဲ”
မသိဘူးရှင်… တဆိတ်လောက် အကူအညီ ပေးပါဦး”
“ဆီပိတ်သွားတာ ဖြစ်မှာပါ။ မသက်ဆွေ ကျွန်တော်ကြည့်ပါဦးမယ်”
ကျွန်ုပ်သည် ကားစက်ခေါင်းဖုံးကို ဖွင့်ကာ မိန်းဂျက်ကိုဖြုတ်၍ ပါးစပ်ဖြင့် ဖော်ပြီးနောက်ပြန်၍တပ်ပေးပြီးလျှင် အဖုံးကို ပိတ်နေစဉ်……
“ဟိတ်လူ ခင်ဗျား လူများကားကို လာပြင်ပေးနေ၊ ခင်ဗျားဆိုင်မှာ သူခိုးဝင်နေပြီ အသုံးမကျတဲ့လူ”
အသံလာရာသို့ ကြည့်လိုက်ရာ အလွန်စုတ်ပြတ်သောအဝတ်အစားများဖြင့် ညစ်ပေနေသော သူတောင်းစားလိုလို ဘိန်းစားလိုလို လူတစ်ယောက်က ကျွန်ုပ်ကိုလှမ်း၍ ဟောက်လိုက်ကြောင်းသိရ၏။
ကျွန်ုပ်လည်း ဆိုင်ဘက်သို့ပြေးသွားရာ မာဂဓသုတစာထုပ်ကြီး၊ တရုတ်ဘုန်းတော်ကြီး ဝဲလူဝင်း ပြန်ဆိုပေးသွားသော စာထုပ်ကြီးများ သာမက အဝတ်အိတ်ဖြင့် ထည့်ထားသော မိုးကြိုးအိုးကလေးနှင့် ကျွန်ုပ်ရေးသားသော
“မနုစာရီ”ဖိုင်တွဲကိုပါ ခိုးယူရန်ကြံနေသော အလစ်သမားကို ပက်ပင်းတွေ့ရှိရသဖြင့် ထိုအလစ်သမားကို ထိုးကြိတ်ရန် ပြေးအသွားမှာပင် အလစ်သမားသည် သူ၏ လက်တွင်းဝယ်ကိုင်ထားပြီးဖြစ်သော စာထုပ်များနှင့် ကျွန်ုပ်၏ မျက်နှာသို့
ပစ်ပေါက်၍ ဆိုင်တွင်းမှ ထွက်ပြေးလွတ်မြောက်သွားတော့၏။
ကျွန်ုပ်သည် နောက်သို့ ဖင်ထိုင်လျက်လဲကျသွားရာမှ ပြန်ထ၍ ပတ်ဝန်းကျင်သို့ အကူအညီတောင်းရန် ဆိုင်အပြင်သို့ ပြေးထွက်ခဲ့သော်လည်း အလစ်သမားကား မျက်ခြည်ပြတ်သွားပြီ ဖြစ်၏။
ကျွန်ုပ်ကို ငေါက်ငန်း၍ သတိပေးခဲ့သော ဘိန်းစားလိုလို လူသည်လည်း မရှိတော့ချေ။ ပါမောက္ခကတော်လေး မသက်ဆွေ၏ ကားသည်လည်း မရှိတော့။ အမှန်အားဖြင့် သူ့ကားကို ပြင်ပေးနေစဉ် ကျွန်ုပ်ဆိုင်၌ အလစ်သုတ်ခံရခြင်းဖြစ်ရာယဉ်ကျေးမှုကိုအပြည့်အဝ နားလည်သော မသက်ဆွေအနေနှင့် မည်သို့မည်ပုံ ဖြစ်ပျက်သည်ကို သတင်းစကား မေးသင့်လှ၏။ ယခုမူ နှုတ်ဆက်ခြင်းပင်မပြုခဲ့ဘဲ ထွက်ခွာသွားပေပြီ။ ထိုအဖြစ်အပျက်များကိုလည်း သွေးရိုးသားရိုးဖြစ်ပါသည်ဟု မည်သူမျှ အတတ်ပြောနိုင်မည် မဟုတ်ချေ။
ကျွန်ုပ်သည် ဆိုင်တွင်းသို့ ဝင်ခဲ့ပြီးနောက် ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲလျက်ရှိသော စာရွက်များနှင့် မိုးကြိုးအိုးကလေးကို ကောက်ယူ သိမ်းဆည်းလျက် ရှိ၏။ “မနုစာရီ” ဖိုင်တွဲမှာမူ အလွယ်တကူကောက်ယူနိုင်သော်လည်း တရုတ်ဘုန်းတော်ကြီး ပြန်ဆိုပေးခဲ့သည့် မာဂဓသုဒ္ဓိစာများမှာမူ ခက်ခဲစွာပြန်၍ ထပ်နေရ၏၊
ထိုအဖြစ်အပျက်များကို ပညာရှင် မနုစာရီ သိမှသိပါလေစ။
ကျွန်ုပ်သည် မနုစာရီကို သစ္စာပြုခဲ့သည့်အတိုင်း အပိုအလိုမရှိ စီစဉ်ရေးသားခဲ့ပြီး ဖြစ်၏။ ထို့ကြောင့် ကျွန်ုပ်သည် ပြုခဲ့သော သစွာအတွက် ကျွန်ုပ်တစ်ကိုယ်တည်း ကြားရုံမျှ အသံကိုပြုလျှက်…
“ဤမှန်သော သစ္စာစကားကြောင့် ဤမနုစာရီမည်သော ဝတ္ထုကို အတိတျာ မောင်တော်သည် ဖတ်မိပါစေသတည်း”
ဦးအောင်ထွန်း
ကျူးရီယိုဆိုင်၊ မအူကုန်း၊
ရန်ကုန်မြို့။
ထူးဆန်းသော စာအုပ်ကြီး၏ဇာတ်သိမ်း
ကျွန်ုပ် (မင်းသိင်္ခ)သည် အထက်ပါအကြောင်းအရာ စာထုပ်ကြီးကိုဖတ်ပြီးနောက် ထိုစာမူဖိုင်တွဲကြီးကို ယူလာသော ကျွန်ုပ်၏ မိတ်ဆွေ ဗိုလ်ချစ်စိန်အား နားမလည်နိုင်သလို ကြည့်လိုက်မိ၏။
“ခင်ဗျားရေးတဲ့ ဝတ္ထုတိုတွေလား ဗိုလ်ချစ်စိန်”
“ဘယ်ကလာ ဟုတ်ရမှာလဲ ဆရာမင်းသိင်္ခရယ်၊ ကျွန်တော် ဝတ္ထုလည်း မရေးတတ်ပါဘူး။ ရေးတတ်တဲ့တိုင်အောင်လည်း ကျွန်တော်မှာ ဝတ္ထုရေးဖို့ အချိန်မရှိပါဘူးဗျာ”
“ဒါဖြင့်ရင် ဒီစာမူတွေက ဘယ်သူ့ဥစ္စာလဲ”
“အဲဒါကြောင့် ခင်ဗျားဆီ လာခဲ့တာပေါ့။ ကျွန်တော့် အစ်ကိုကြီး ကိုအောင်ထွန်းဆိုတာက အရင်တုန်းကတော့ စပါးပွဲစားကြီးပေါ့ဗျာ၊ နောက်တော့ စပါးပွဲစားအလုပ်ကို မလုပ်တော့ဘဲ ကျူရီယိုဆိုင်ကလေး တစ်ဆိုင်ဖွင့်တယ်ဗျ။ ကျွန်တော်နဲ့ကတော့ မတွေ့တာ ကြာပါပြီဗျာ၊ ကျွန်တော်ကတပ်မတော်ထဲမှာဆိုတော့ ညီအစ်ကိုချင်းပြန်တွေ့ကြတယ်လို့ တယ်ပြီးမရှိလှဘူး။ အစ်ကိုကြီး သေပြီးတဲ့နောက် ဘဏ်မှာအပ်ထားတဲ့ ငွေတွေကိုတော့ ကျွန်တော့်အစ်မကြီးက အမွေအဖြစ်ရတယ်။ ကျွန်တော်ကိုတော့ အိမ်ပိုင်ကလည်းမရှိတော့ ကျွန်တော်တပ်ကထွက်ရင်နေဖို့ဆိုပြီး အစ်ကိုကြီးက သူ့အိမ်ကြီးကို အမွေပေးသွားတယ်ဗျ၊ အခု ကျွန်တော် တပ်မတော်ကအငြိမ်စားယူလိုက်တဲ့အခါကျတော့ အစ်ကိုကြီးရဲ့ အိမ်ကို သေသေချာချာ ရှင်းလင်းတဲ့အခါမှာ သူအိပ်ခဲ့တဲ့ အိပ်ခန်းထဲက ဖိုင်တွဲကြီးကို တွေ့ရတယ်ဗျ၊ အဲဒါနဲ့ ကျုပ်လည်း ဖတ်ကြည့်တော့ တော်တော်စိတ်ဝင်စားမိတယ်။ အဲဒါ ခင်ဗျားဆီ လာပို့တာပဲ။ ခင်ဗျား သဘောကျရင် ဝတ္ထု ပြန်ရေးချင်ရင်လည်း ရေးပေါ့ဗျာ။
ဒါမှမဟုတ်လည်း နည်းနည်းပါးပါးပြင်ဆင်ပြီး စာအုပ်ရိုက်လို့ ဖြစ်ရင်လည်း ရိုက်ပေါ့ဗျာ။ ဆရာ မင်းသိင်္ခ ကြိုက်သလို အသုံးပြုဘို့ လာပို့တာပဲ”
“ခင်ဗျား အစ်ကိုကြီး ကိုအောင်ထွန်းဆိုတာက စာအရေးအသား ဝါသနာပါသလား၊ အရင်ကရော ဝတ္ထုတို့ ဘာတို့
ရေးဖူးသလား ဗိုလ်ချစ်စိန်”
“ကျွန်တော် သိရသလောက်တော့ ဝတ္ထုတွေဘာတွေကို ရေးဖို့မပြောနဲ့ …ဖတ်ဖို့တောင် ဝါသနာပါတဲ့ လူမျိုးမဟုတ်ဘူးဗျ”
“ဒါပေမဲ့ အခု သူရေးထားတာကတော့ ဝါကျအထားအသိုတွေကော ရေးဟန်ရော သိပ်ပြီးမလှဘူးဗျ.. ဇာတ်ကွက် ကလည်း အတော်ကလေးစေ့တာကို တွေ့ရတယ်။ အဲဒါနဲ့ ပတ်သက်လို့ ဗိုလ်ချစ်စိန် ဘယ်လိုယူဆသလဲ”
“ကျွန်တော်ကတော့ အစ်ကိုကြီးဟာ မနုစာရီဆိုတဲ့ အမျိုးသမီးနဲ့ တကယ်တွေ့ခဲ့ကြတာ ဖြစ်မှာပါပဲဗျာ၊ ဒီကိစ္စကို ဂဃနဏသိတဲ့ ကျွန်တော် အစ်မကြီးရော၊ သူတပည့် ဂျပု ဝိုင်းမောင်ကပါ ဒီလိုပဲ ပြောနေကြတာပဲဗျ”
“ဒါဖြင့်ရင် သူ့စာထဲမှာပါတဲ့ မိုးကြိုးအိုးလေးရယ်၊ လက်ဖတင်နင် နန်းဝေရဲ့ အမှုတွဲဟောင်းရယ်၊ တရုတ်ဘုန်းကြီး ဘာသာပြန်ခဲ့တဲ့ စာထုပ်ကြီးရယ်ကောရှာကြည့်သေးလား”
“ရှာပါပြီလားဗျာ ဒါပေမဲ့ မတွေ့ပါဘူး အဲ… တစ်ခုတော့ ရှိတယ်။ တာမွေသင်္ချိုင်းထဲက မနုစာရီဆိုတဲ့ အုတ်ဂူကလေး တော့ဖြင့် ကျွန်တော် သွားရှာကြည့်တာ တွေ့တယ်၊ မနုစာရီ
ဆိုတဲ့ ကမ္ဗည်းကျောက်ပြားတောင် အဲဒီနားက ကလေးတွေဖျက်ဆီးထားလို့ တချို့တဝက် ပျက်တောင်နေပါပြီဗျာ”
ကျွန်ုပ်နှင့် ဗိုလ်ချစ်စိန်သည် ဦးအောင်ထွန်း၏ ‘မနုစာရီ’ဟု အမည်တပ်ထားသော စာမူဖိုင်တွဲကြီးကို အကြောင်းပြုလျက် နာရီ အတော်ကြာခန့် ဆွေးနွေးတိုင်ပင်ပြီးနောက် ဗိုလ်ချစ်စိန် ပြန်၍သွားတော့၏။
အစပထမ၌ ကျွန်ုပ်သည် ၎င်းစာမူအား လိုအပ်လျှင် ပြင်ဆင်ရေးသားမည်ဟူ၍ အစမှ အဆုံးတိုင်အောင် နှစ်ခေါက်တိတိ ပြန်လည်ဖတ်ကြည့်ပြီးနောက် စကားပြေ အရေးအသားဟန်နှင့်ပတ်သက်၍ လည်းကောင်း၊ ဝါကျ အထားအသိုများနှင့် ပတ်သက်၍လည်းကောင်း၊ ဝေါဟာရ အသုံးအနှုန်းများနှင့် ပတ်သက်၍လည်းကောင်း၊ ရုပ်ပျက်ဆင်းပျက် ဖြစ်လောက်သော ချို့ယွင်းချက်များ မတွေ့ရှိယူဆကာ ၎င်း’မနုစာရီ’ စာမူသည် ဦးအောင်ထွန်းဆိုသည့် ကျူရီယိုဆိုင်ရှင်တစ်ဦး အမှန်တကယ်တွေ့ဖြစ်ပျက်ခဲ့သည်ဟု ကျွန်ုပ်ကိုယ်တိုင်လည်း ယုံကြည်နိုင်လောက်သော အချက်ကလေး တစ်ချက်၊ နှစ်ချက်အား ၎င်း၏စာမူထဲတွင် တွေ့ရှိရသဖြင့် တစ်လုံးတစ်ပါဒမျှ ပြင်ဆင်ခြင်း၊ ဖြတ်တောက်ခြင်း၊ ဖြည့်စွက်ခြင်းမရှိဘဲ စာဖတ်သူများ လက်သို့အမြန်ဆုံး ရောက်ရှိနိုင်မည့် စန်းမြစာပေသို့ ပို့ပေးအပ်နှံခဲ့ပါတော့သတည်း။
စာဖတ်ပရိသတ်အား အစဉ်လေးစားလျက်
သဗ္ဗေသတ္တာ ကမ္မဿကာ
မင်းသိင်္ခ
×××××
ပြီးပါပြီ