ဂျေရာတံဆိပ်ကို ရှင်းပြနိုင်သော သူတော်စင်

မနုစာရီ – အပိုင်း (၅)

* * * မနုစာရီ * * * ( ၅ )

ဂျေရာတံဆိပ်ကို ရှင်းပြနိုင်သော သူတော်စင်

ဂျေရာတံဆိပ်ကို ရှင်းပြနိုင်သော သူတော်စင်
ကျွန်ုပ်သည် လက်ဖတင်နင် နန်းဝေ လက်ဖြတ်ခဲ့သော ကျောက်ဆည်မြို့မှ ကုလားမထံသို့ သွားရလေ၏။ ကျွန်ုပ်၏ စိတ်၌ “ဂျေရာ” ဆိုသောတံဆိပ်၏စွမ်းအင်ကို မရမနေ သိရှိအောင်ကြိုးစားမည်ဟု ဆုံးဖြတ်ထားသည်ဖြစ်ရာ ခြေရာခံ၍ ရသမျှသော သဲလွန်စ အသေးအဖွဲကလေးများပါမကျန် “ဂျေရာ”တံဆိပ်နှင့် ပတ်သက်လာလျှင် စုဆောင် သိမ်းဆည်းရလေ၏။

ကျွန်ုပ်သည် ကျောက်ဆည်မြို့သို့ရောက်ပြီးနောက် ဂါတ်တွင် လက်ဖတင်နင်နန်းဝေ၏ အမှုတွဲဟောင်းကိုရှာ၍ ကြည့်ရ၏။ အစပထမတွင် ၎င်းအမှုတွဲအား ကြည့်ရှုရန်အတွက် အခက်အခဲတွေ့ရှိသော်လည်း ကျွန်ုပ်၏ ငွေစက္ကူများသည် လွယ်ကူစေရန်အတွက် ကျွန်ုပ်အား ဝိုင်းဝန်းကူညီကြသည်ဖြစ်ရာ ကျွန်ုပ်အား ဂါတ်တစ်ခုလုံးမှ “ဆရာကြီး ၊ ဆရာကြီး”နှင့် ရဲမင်းကြီးတမျှ အရေးပေးကြလေတော့၏။

၎င်းအမှုတွဲမှ လက်ဖြတ်ခံရသော ကုလားမ၏အမည်နှင့် လိပ်စာကိုကူးယူကာ သွားရောက်ရှာဖွေခဲ့သော်လည်း ၎င်းကုလားမသည် ကျောက်ဆည်တွင်နေထိုင်ခြင်း မရှိတော့ဘဲ ရွှေညောင်မြို့သို့ ပြောင်းရွှေ့သွားပြီဖြစ်ကြောင်း သိရှိရလေ၏။ ၎င်းကုလားပ၏ အမည်မှာ “ဒသနာ” ဟူ၍ဖြစ်၏။

ကျွန်ုပ်လည်း ကျောက်ဆည်မြို့၌ ဆက်လက်၍ အချိန်မဖြုန်းဘဲ (ရှမ်းပြည်တောင်ပိုင်း) ရွှေညောင်မြို့သို့ ထွက်ခဲ့လေ၏။ ရွှေညောင်မြို့တွင် ဘီအိုစီအနီးရပ်ကွက်၌ နေထိုင်ကြောင်း ကြားသိခဲ့ရသည့်အတိုင်း “ဒသနာ” ဆိုသော လက်တစ်ဖက်ပြတ် ကုလားမအား ရှာဖွေသော်လည်း မတွေ့ခဲ့ရပေ။ အတော်အတန် ဗမာရည်လည်သော ကလယ်ကုလား တစ်ယောက်က ဒသနာမှာ တောင်ကြီးမြို့သို့ မကြာသေးမီကပင် ပြောင်းရွှေ့သွားကြောင်း ပြောပြသဖြင့် ကျွန်ုပ်လည်း တောင်ကြီးမြို့သို့ ဆက်၍ တက်ရပြန်၏။

ရွှေညောင်နှင့် တောင်ကြီးမြို့မှာ တောင်ပေါ်နှင့် တောင်အောက်သာဖြစ်လေရာ တက္ကစီကားတစ်စီး ငှားရမ်း၍တက်ခဲ့
လျှင် များစွာကြာလှသည်မဟုတ်ဘဲ ရောက်ရှိနိုင်သော အကွာအဝေး၌ရှိ၏။ သို့သော် ကျွန်ုပ်စီးလာသော မော်တော်ကားသည် ကရင်မ ရေထွက်ဟုဆိုသောနေရာအနီး၌ ပျက်သွားသဖြင့် နာရီပေါင်းအတော်ကြာ ရပ်ဆိုင်းနေရလေ၏။ ကျွန်ုပ်သည့် ကားပျက်၍ ကားပေါ်မှဆင်းကာ တောင်အောက်မှ ရှုခင်းများကို ကြည့်ရှုနေရာမှ တောင်နံရံတစ်ခုအား ကြည့်မိရာ လမ်းပြင်သော အလုပ်သမားများ လက်ဆော့၍ ကတ္တရာစေးနှင့် “ဂျေရာ”တံဆိပ်အား ရေးထားသည်ကို တွေ့ရသဖြင့် ကျွန်ုပ်သည် များစွာ ထိတ်လန့်မိလေတော့၏။

လမ်းပြင် အလုပ်သမားများသည် မည်သည့်အဓိပ္ပာယ်မျှမဟုတ်ဘဲ ပိုနေသော ကတ္တရာစေးများဖြင့် ကျောက်နံရံအား လက်ဆော့သွားခြင်းသာလျှင် ဖြစ်၏။ သို့ရာတွင် သူတို့ လက်ဆော့၍ သွားသော တံဆိပ်သည် ဂြိုဟ်မွှေတတ်သော တံဆိပ် ဖြစ်သည်ကိုမူ လုံးဝ သိရှိကြလိမ့်မည် မဟုတ်ပေ။

ထိုသို့ စဉ်းစားနေစဉ်မှာပင် အပေါ်မှဆင်းလာသော ကားကြီးတစ်စီးသည် ဘရိတ်ပေါက်ကာ ဖျက်၍ရပ်ပြီး ပြင်နေသော ကျွန်ုပ်တို့ကားအား ဝင်၍ဆောင့်လေတော့၏။ ကျွန်ုပ်မှာမူ ကားနှင့်များစွာ ဝေးသောနေရာ၌ ထိုင်နေသည်ဖြစ်သဖြင့် အန္တရာယ်ကင်းသော်လည်း ကားစက်ကိုပြင်နေသော ကားသမားအတွက် စိုးရိမ်မိသဖြင့် ပြေး၍ကြည့်ရလေ၏။ ကားသမားမှာလည်း လွန်စွာဖျတ်လတ်သူကလေး တစ်ဦးဖြစ်သဖြင့် အန္တရာယ်မှ သီသီကလေး လွတ်မြောက်သွားခဲ့၏။

ကျွန်ုပ်လည်း ကျောက်နံရံမှ ထိုတံဆိပ်ကြီးအား အနီးရှိ ကတ္တရာစေးအကျန်များဖြင့် ပုံပျက်သွားသည်အထိအုပ်၍ သုတ် ပစ်လိုက်ပြီးနောက် လမ်းကြုံသော အခြားကားတစ်စီးနှင့် တောင်ကြီးမြို့သို့ တက်လာခဲ့လေ၏။
ကျွန်ုပ်သည် တောင်ကြီးမြို့အနီးရှိ လက်ဖက်ရည်ဆိုင် တစ်ဆိုင်၌ လက်ဖက်ရည်ဝင်၍သောက်ရင်း ကုလားများ အများစု နေထိုင်သော ရပ်ကွက်အား စုံစမ်းရလေ၏၊ ရုပ်ရှင်ရုံများအနီးတွင် ကုလားများ အများစုနေထိုင်ကြောင်း စုံစမ်းသိရှိရလျှင် ကျွန်ုပ်သည် ထိုရပ်ကွက်သို့သွား၍ လက်တစ်ဖက်ပြတ်နေသော “ဒသနာ”ဆိုသည့်
ကုလားမတစ်ဦး ရှိ,မရှိ စုံစမ်းကြည့်ရာများ မကြာမီအချိန်အတွင်း၌ “ဒသနာ”ကို တွေ့ရလေ၏။

“ဒသနာ”သည် အသက်အစိတ်ခန့်ရှိ လွန်စွာချောမောလှပသော ကုလားမကလေးတစ်ဦးဖြစ်၏။ ကျွန်ုပ်မေးသည်များ ကို အစတွင် ရှက်၍မဆိုဘဲရှိသော်လည်း ကျွန်ုပ်က ငွေတစ်ရာထုတ်၍ပေးကာ ချော့မော့မေးမြန်းသဖြင့် ပြောပြလေ၏။ ကျွန်ုပ်သည် ဟိန္ဒူစတန်နီစကားအား အထိုက်အလျောက်ပြောကတ်သည် ဖြစ်သော်လည်း ‘ဒသနာ ‘ရှင်းပြသည်များကို ကောင်းစွာ နားမလည်သဖြင့် မြန်မာစကားကောင်းစွာ ပြန်ပြောတတ်သော ကုလားတစ်ယောက်အား ရှာဖွေ၍ စကားပြန် လုပ်ပေးခ ငွေနှစ်ဆယ်ပေး၍ စကားပြန် လုပ်ခိုင်းရလေ၏။

“ကျွန်မငယ်ငယ်တုန်းက မေမြို့(ယခု ပြင်ဦးလွင်) မှာ နေပါတယ်။ တစ်နေ့တော့ ကျွန်မတို့နေတဲ့ လမ်းထဲကို မိန်းမတစ်
ယောက် ရောက်လာပါတယ်။ သူက လူတစ်ယောက်ကို လိုက်ရှာနေတာ ဖြစ်ပါတယ်။ သိပ်ပြီးလှတဲ့ မိန်းမပါပဲ။ သူ့လက်မှာ အဲဒီလို တံဆိပ်ကလေး တစ်ခုတွေ့ရပါတယ်။ ကျွန်မလည်း အဲဒီမိန်းမကို သိပ်ပြီးချစ်တာပဲရှင်။ အဲဒီမိန်းမလည်း ကျွန်မတို့ လမ်းကထွက်သွားရော ကျွန်မဟာ ကျွန်မရဲ့အဘိုးကို လက်ဝါးမှာ အဲဒီတံဆိပ်ကလေးထိုးပေးဖို့ ငိုပြီးပူဆာခဲ့ပါ တယ်။ ကျွန်မအဘိုးကလည်း ကျွန်မကို ချစ်လေတော့ ကျွန်မရေးပြတဲ့ တံဆိပ်ကလေးအတိုင်း ဆေးထိုးတဲ့လူနဲ့ ခေါပြီး ဆေးထိုးပေးခဲ့ပါတယ်။ ကျွန်မနည်းနည်းကလေး ကြီးလာတော့ ဆာဒူဘုန်းကြီးတစ်ပါး အလှူခံလာတာနဲ့ ဆန်ထွက်ပြီး လှူတဲ့အခါမှာ ကျွန်မလက်က တံဆိပ်ကလေးကိုမြင်တော့ ဘုန်းကြီးဟာ သိပ်ပြီး စိတ်မကောင်းတဲ့ မျက်နှာနဲ့ ဘုရားဆီမှာ
ဆုတောင်းပေးပါတယ်။ ကျွန်မရဲ့ အဘိုးကိုလည်း ဒီတံဆိပ် ဘယ်သူထိုးပေသလဲလို့မေးတော့ အဘိုးကအကျိုးအကြောင်း
ပြောပြတဲ့အခါမှာ ဆာဒူးဘုန်းကြီးက ကျွန်မရဲ့ အဘိုးကို ဆူပါတယ်။ ကလေးပူဆာတာနဲ့ လုပ်ပေးရသလား တဲ့။ တံဆိပ်ဟာ တစ်နေ့နေ့မှာ လက်ကို ဒုက္ခပေးလိမ့်မယ်လို့လည်း ပြောခဲ့တာကို အခုထက်တိုင် ကျွန်မ မှတ်မိနေပါသေးတယ်။ ဘာပဲဖြစ်ဖြစ်လေ ကျွန်မတော့ တံဆိပ်ကလေးကို မြတ်နိုးခဲ့ပါတယ်။ ကျွန်မရဲ့ပြတ်သွားတဲ့လက်ကနေ ဒီတံဆိပ်
နေရာလေးကို ခွာပြီးယူထားပါသေးတယ်၊ ဒီမှာကြည့်ပါလား”

ကုလားမလေး “ဒသနာ” သည် ́ ချွေးခံအတွင်းမှ စက္ကူဖြင့်ထုတ်၍ထားသော သားရေပြားကလေး တစ်ချပ်ကိုထုတ်၍ ပြလေ၏။ ၎င်းသားရေပြားကလေးပေါ်တွင် “ချေရာ”တံဆိပ်ကလေးကို တွေ့ရလေ၏။ ကျွန်ုပ်မှာ “ဒသနာ”အား များစွာ သနားမိလေ၏။ ထို့ပြင် ထိုသားရေပြားကလေးကို ယခုကဲ့သို့ ဆောင်ထားခြင်းအားဖြင့် ကြမ္မာဆိုး၊ ဂြိုဟ်ဆိုးနှင့် ထပ်၍ တွေ့ရဦးမည်လောဟုလည်း စိုးရိမ်သည့်အလျောက် ၎င်းသားရေပြားကလေးအား စွန့်ပစ်လိုက်ရန် ချော့မော့ဖျောင်းဖျခဲ့လေ၏။

“ဒသနာ”က ၎င်းတံဆိပ် ထိုးသောလက်မှာ ငယ်ငယ်ကပင် မကြာခဏ ထိမိခိုက်မိကြောင်းကိုလည်း ပြောပြလေ၏။ ကျွန်ုပ်သည် “ဒသနာ”အား ဤတံဆိပ်မျိုး အခြားမည်သည့်နေရာ၌ တွေ့ဖူးသနည်းဟု စုံစမ်းမေးမြန်းကြည့်ရာ “ဒသနာ”က ဂျပန်ပြည်မှလာသော ဓာတ်မီးထည့်သည့် သေတ္တာများ၌ ၎င်းတံဆိပ်မျိုး ရိုက်နှိပ်ထားသည်ကို တွေ့ရကြောင်း ပြောပြလေ၏။

ကျွန်ုပ်လည်း “ဒသနာ “ထံမှ ပြန်ခဲ့ပြီးလျှင် လမ်းတစ်လျှောက်လုံး ၎င်းတံဆိပ်နှင့် ပတ်သက်၍ သိရှိနားလည်ထားသူများ ဆက်သွယ်ပါ။ ခြေခြေမြစ်မြစ် ဂဃနဏပြောပြနိုင်သူအား ဉာဏ်ပူဇော်ခ ငွေ (၁၀၀၀)ပေးမည်ဖြစ်ကြောင်း ကြော်ငြာလိုက်ပါမူ တံဆိပ်နှင့် ပတ်သက်၍ သိရှိနားလည်သူများ ပေါ်ပေါက်လာလိမ့်မည်ဟု ထင်မှတ်ခဲ့၏။

ထို့ကြောင့် ကျွန်ုပ်သည် ရန်ကုန်သို့ ပြန်ရောက်လျှင်ရောက်ချင်း ဘလောက်တိုက်သို့ သွားရောက်ကာ ၎င်းတံဆိပ်ပုံစံကလေးတစ်ခုလုပ်၍ ကျွန်ုပ်စာတိုက်သေတ္တာနံပါတ်ကိုဖော်ပြကာ သတင်းစာများ၌ ကြော်ငြာထည့်ခဲ့လေ၏။
ရက်သတ္တပတ် နှစ်ပတ်တိုင်တိုင် နေ့စဉ်ရက်ဆက် ကြော်ငြာခဲ့သော်လည်း တစ်စုံတစ်ယောက်သောသူမှ ၎င်းတံဆိပ်နှင့် ပတ်သက်၍ အကြောင်းကြားခြင်း စုံစမ်းခြင်း မရှိခဲ့ပါ။

သို့သော် “ငိုအားထက်ရယ်အားသန်”ဆိုသကဲ့သို့ နောက်ဆုံးနေ့တွင် ၎င်းတံဆိပ်နှင့်ပတ်သက်၍ စာတစ်စောင် ရောက်ရှိ
လာ၍ ဖတ်ကြည့်ရာ သတင်းစာတွင်ပါ၍ စာထည့်လိုက်ရကြောင်း၊ ၎င်းတံဆိပ်အား သူသာမက သူ၏ဆရာလည်း သိရှိကြောင်း၊ သူ၏ချစ်သူအား ၎င်းတံဆိပ်ကလေး လက်၌ထိုးပေးသဖြင့် မော်တော်ကားအတိုက်ခံရကြောင်းများကို ရေးသားထားသည့်အပြင် ဉာဏ် ပူဇော်ခငွေ (၁ဝဝဝ)ပေးမည်ဆိုသည့်အတိုင်း အမြန်ဆုံးပေးပို့ပါရန်ပါထည့်၍ ရေးသားထားပြီး စာအောက်၌ မောင်ဝိုင်းမောင်ဟု လက်မှတ်ရေးထိုးထားသောစာတစ်စောင်ကိုသာလျှင်ရရှိခဲ့လေ၏။

အသိဉာဏ်မဲ့လှသော ကျွန်ုပ်၏တပည့် လူပုကလေး မောင်ဝိုင်းမောင်သည် ကျွန်ုပ်၏ကြော်ငြာအား သတင်းစာထဲတွင် တွေ့ရှိ၍ ဉာဏ်ပူဇော်ခငွေ (၁ဝဝဝ)တော့ ရပြီဟုဆိုကာ စာရေးလိုက်ခြင်းဖြစ်၏။ စာတိုက်သေတ္တာနံပါတ်နှင့် ကြော်ငြာထည့်ခဲ့ခြင်းကြောင့် ကျွန်ုပ်ထည့်သော ကြော်ငြာမှန်း မသိရှာခဲ့ပေ။

ကျွန်ုပ်သည် ၎င်း၏စာကို ဖတ်ပြီးနောက် ဝိုင်းမောင်ခေါ်၍

“ရော့ ဒီမှာ မင်းစာ”

ဟုဆိုကာ ကျွန်ုပ်က ပြန်၍ပေးလျှင် သူသည် အားရဝမ်းသာနှင့် စာကိုယူ၍ ဖတ်ကြည့်ပြီးနောက်

“ဆရာ ဒီစာက ကျွန်တော်သတင်းစာထဲမှာပါတဲ့ ကြော်ငြာတွေ့လို့ ထည့်လိုက်တာ၊ ဘယ်နှယ့်ကြောင့် ကျွန်တော့်ဆီကို ရောက်လာရတာလဲ”

ဟုမေးသဖြင့် ကျွန်ုပ်သည် မရယ်ဘဲ မနေနိုင်၍ ရယ်မောတော့၏။

“ကြော်ငြာထည့်တာက ငါထည့်တာပဲကွ၊ မင်းစာငါ့ဆီ ရောက်တာပေါ့”

သည်တော့မှ အလွန်ညံ့သော လူပုကလေးသည် ရှက်ကိုး ရှက်ကန်နှင့်

“မသိပါဘူး ဆရာရယ်၊ ကျွန်တော်ကတော့ ငွေ (၁၀၀၀) ရပြီဆိုပြီး ဒီစာကလေး ဖြစ်လာအောင် ရေးလိုက်ရတာ ဆရာရယ်”

ဟု ပြောလေတော့၏၊
ဤသို့လျှင် ကြော်ငြာထည့်၍ တံဆိပ်ကလေးအကြောင်းစုံစမ်းခဲ့သော်လည်း အကြောင်းထူးခြင်းမရှိသဖြင့် ကျွန်ုပ်သည် စိတ်ပျက်ရမည်ကဲ့သို့ ရှိနေစဉ် မမျှော်လင့်ဘဲလျက် လွန်စွာထူးခြားသော သူတော်စင်တစ်ဦးနှင့် ဆုံစည်းခဲ့ရလေ၏။

တစ်နေ့သ၌ ကျွန်ုပ်သည် မိတ်ဆွေတစ်ဦး၏ ဖခင်ဖြစ်သူ ဆေးရုံဘက်ရသည်ဟု သတင်းကြားသဖြင့် ဆေးရုံသို့ သွားရောက်ခဲ့ပြီး ပြန်လာရာ သိမ်ကြီးဈေးလမ်းအနီး၌ ပျိုမြစ်နုနယ်သော သူတော်စင်ကလေး တစ်ဦးကို တွေ့ရလေ၏။

ကျွန်ုပ်သည် အသက်အရွယ်ကြီးရင့်သော ဆာဒူးကြီးများသာ တွေ့ရဖူးသော်လည်း အသက်အစိတ်ခန့်ရှိသော ဆာဒူးလေးကို တွေ့ရှိရသဖြင့် များစွာအံ့ဩရုံမျှမက ကြည်ညိုလေးစားသွားမိတော့၏။ ၎င်းဆာဒူးကလေးသည် နို့ဈေးတန်းအနီးရှိ “ကာလီမာတင်ပယ်လ်”ခေါ် ကာလီမာနတ်ဘုရားကျောင်းအနီး၌ တင့်တယ်စွာ ထိုင်နေသည်ဖြစ်ရာ ကျွန်ုပ်လည်း လှူဒါန်းချင်လှသည်နှင့် ငှက်ပျောသီးနှင့် အခွံချွတ်ပြီးသား အုန်းသီးတစ်လုံးကို ဝယ်ယူကာ ၎င်းဆာဒူးကလေးအား လှူဒါန်းလိုက်လေ၏။

အနီးသို့ရောက်၍ သေသေချာချာ ကြည့်ကာမှပင် ဆာဒူးကလေး၏ အသားရောင်သည် ရွှေရောင်နီးဝင်းဝါ၍ မျက်လုံး မျက်ခုံးနှာတံတို့မှာ လွန်စွာလှပကြောင်း သိရ၏။ ခေါင်းပေါ်မှ ဆံကျစ်မှာလည်း နက်မှောင်၍ ရှုပ်လိမ်နေသည်ဖြစ်ရာ တစ်မျိုး ကြည့်ကောင်းလှတော့၏။ ကျွန်ုပ်ထံ လှူဖွယ်ပစ္စည်းများကို လှူဒါန်းစဉ် လှမ်း၍ယူလိုက်သော သူ၏လက်အား အကဲခတ်ကြည့်ပြန်ရာ လက်ကလေးများမှာလည်း လွန်စွာသွယ်ပြောင်း၍ နူးညံပုံရလေ၏။

၎င်းဆာဒူးကလေးသည် မျက်လွှာကို ချထားရာမှ “သာဓု” “သာဓု”ဟူ၍ မြန်မာသံ ပီပီသသနှင့် သာဓုများ ခေါ်လိုက်သဖြင့် ကျွန်ုပ်သည် ဝမ်းမြောက်ဝမ်းသာ ဖြစ်သွား၍ ကြက်သီးမွှေးညှင်းများပင် ထသွားလေတော့၏။

“အလိုရှိတာကိုလည်း ပြောပါ လှူပါရစေ”

“ပြည့်စုံပါတယ်”
ဆာဒူးကလေးသည် မြန်မာစကားကို အချို့သော မြန်မာလူမျိုးများထက်ပင် တတ်ကြောင်း ကျွန်ုပ်သိရှိရတော့၏။ ကျွန်ုပ် လည်း လှူဒါန်းပြီး တခြားသို့မသွားသေးဘဲ ၎င်းဆာဒူးကလေးအနီး၌ ထိုင်၍ “ဣန္ဒြေကို အကဲခတ်ရတာတော့ဖြင့် အကျင့်ကောင်းတဲ့ မွန်မြတ်တဲ့ပုံပါပဲ”ဟု စိတ်တွင်း၌ မှတ်ချက်ချမိလေ၏။

“ဘယ်မှာများ နေထိုင်သီတင်းသုံးပါသလဲခင်ဗျ”

“နိက္ခမပါရမီ ဖြည့်ကျတယ်ဆိုတော့ ဒီလိုပဲ လှည့်လည်သွားလာနေရတာပါပဲ၊ နေရာအတည်တကျတော့ ဘယ်ရှိပါ့မလဲ”

“မြန်မာ့စကားကို တတ်တာကြာပြီလား”

“ကြာပါပြီ”

“ကျွန်တော်နဲ့ သင့်တော်မဲ့ တရားကလေး ဘာလေးဟောပြော ချီးမြှင့်ခဲ့ပါ”

“ရတနာကျွန်းကို ရောက်တဲ့အခါမှာ အဖိုးမတန်တဲ့ မြေကြီးခဲကိုယူပြီး ပြန်မလာနဲ့၊ ပူဆွေးသောက ရောက်ခြင်းဆိုတာ ဟာ တပ်မက်မှုကြောင့် ဖြစ်တယ်၊ အားလုံးကို စွန့်လွှတ်ပစ်လိုက်ရင် ဒုက္ခတွေ လျော့နည်းသွားတော့တာပဲ၊ လူတွေမှာ ဒုက္ခဆိုတာ နှစ်မျိုးရှိတယ်။
တစ်ခုက နိုဒုက္ခလို့ ခေါ်တယ်၊ ဥပမာပြောရရင် ထမင်းဆာတယ် ဆိုပါတော့၊ ဒါဟာ ဒုက္ခပဲပေါ့။ ဒါပေမဲ့ အဲဒီဒုက္ခဟာ ပြုလုပ်တာမဟုတ်ဘူး။ သူဟာသူ ဖြစ်လာတာ၊ ဒါဟာ နဂိုဒုက္ခပဲ၊ နောက်ဒုက္ခတစ်ခုကတော့ အပို ဒုက္ခလို့ခေါ်တယ်၊ ဒါကတော့ ထမင်းဆာရင်ရတဲ့ ထမင်းကိုစားလိုက်ရင် ပြီးတာပဲ၊ ဒါပေမဲ့ ထောပတ်ထမင်းကို စားရမှ၊ သလေးဆန်နဲ့ ချက်တာကို စားရမှ၊ အုန်းသီးနဲ့ ချက်ထားတဲ့ ထမင်းကို စားရမှလို့ တောင့်တလိုချင်တာဟာ အပိုဒုက္ခပဲ၊ နဂိုဒုက္ခကို ဆန္ဒလို့ခေါ်တယ်၊ အပိုဒုက္ခကို ရာဂလို့ခေါ်တယ်၊ ဒါကို နားလည်ရင် နားလည်တဲ့အတိုင်း နေထိုင်နိုင်ရင် ဒုက္ခအထုပ်ကြီး နည်းနည်းသေးသွားလိမ့်မယ်”

ကျွန်ုပ်သည် ထိုတရားတစ်ပိုဒ်တည်းနှင့်ပင် ဆာဒူးကလေးအား များစွာကြည်ညိုသွားလေတော့၏။ ဒုက္ခ၏ သဘောကိုလည်း လူပြိန်းတစ်ယောက်အနေနှင့် အရှင်းဆုံး နားလည်နိုင်အောင် ပြောပြလိုက်ခြင်း ဖြစ်၏။

“ကဲ ဘာများ သိချင်သေးသလဲ”

“ဆာဒူးကလေးရယ်၊ တံဆိပ်အမှတ်အသားတွေဟာ လူတိုင်း ဒုက္ခပေးနိုင်ပါသလား”

“ဒုက္ခပေးနိုင်တာလည်း ရှိပါတယ်၊ ကောင်းကျိုးပေးနိုင်တာ လည်း ရှိပါတယ်၊ ဥပမာဆိုပါတော့ လူနာတစ်ယောက်အတွက် ကြက်ခြေခတ်အနီအတ် တံဆိပ်ကြီးဟာ ကောင်းကျိုးပေးမဲ့ အတိတ်နိမိတ်ပါ၊ အကူအညီရမဲ့ အမှတ်တံဆိပ်ကြီးပါပဲ၊ စာပေးပွဲဆိုတဲ့ စာသင်သားကျောင်းသားကလေးတစ်ယောက်ရဲ့ အဖြေစာရွက်ပေါ်မှာရှိတဲ့ ကြက်ခြေခတ် အနီအမှတ် တံဆိပ်ဟာ စာမေးပွဲကျရှုံးဖို့ ဖော်ပြနေတဲ့ နိမိတ်မကောင်းလှတဲ့ အမှတ်တံဆိပ်ကြီးပါပဲ”

ဆာဒူးကလေးသည် အထက်ပါအတိုင်း ကျွန်ုပ်အား ရှင်းပြလိုက်၏။ သူ၏ရှင်းပြမှုမှာ စေ့စေ့တွေးလေပို၍ လေးနက်လာလေ ရှိတော့၏။
တစ်နည်းဆိုရပါမူ ဤလောကကြီး၏ လက်ခံထားသော သဘောတရားများသည် တစ်နေရာ၌ မှန်ကန်ကောင်းမွန်၍ တစ် နေရာ၌ မှားယွင်းဆိုးရွားနေသော မူသေမဟုတ်သည့်သဘောအား ကျွန်ုပ်ကို ထောက်ပြလိုက်ခြင်း ဖြစ်လေ၏။

“ဒီတံဆိပ်ကတော့ ကောင်းတဲ့တံဆိပ်လား ဆိုတဲ့တံဆိပ်လား။ ဆာဒူးလေး”

ကျွန်ုပ်သည် စာရွက်တစ်ရွက်ကိုထုတ်၍ “ဂျေရာ”အမှတ် တံဆိပ်အား ရေးပြလိုက်လေ၏။

“ဂျေရာ”လို့ခေါ်တယ်၊ လူတော်တော်များများအဖို့တော့ ဆိုးတဲ့တံဆိပ်ပဲ၊ နိမိတ်မကောင်းတဲ့ တံဆိပ်ပဲ၊ သူတော်ကောင်း အလုပ်ကိုလုပ်နေတဲ့ လူအဖို့တော့ ဒီတံဆိပ်ဟာ ကောင်းတဲ့တံဆိပ်ပဲ”

ဆာဒူးကလေးသည် ကျွန်ုပ်ရေးပြသော စာရွက်ကလေးအား သူ၏ရှေ့တွင်ဖြန့်ခင်းကာ ကျောက်ခဲကလေးတစ်လုံးနှင့် ဖိ၍ ထားလိုက်၏။

“ဒီတံဆိပ်ဟာ လူတော်တော်များကို ဘာကြောင့် ကံဆိုးစေတာလဲ၊ အဲဒီသိချင်ပါတယ်”

“ခင်ဗျား သိချင်ရင် ရှင်းပြရမှာပေါ့ ၊ ခင်ဗျား ဒီအတွက် ဒုက္ခသိပ်ပြီး များနေတဲ့လူ”

“ဟုတ်ပါတယ် ဆာဒူးကလေးရယ်”

“လေးထောင့်ပုံစံဟာ ကျန်းမာရေးနဲ့ ဆိုင်တယ်၊ ဒီတံဆိပ်မှာ လေးထောင့်ပုံစံနှစ်ခုကို ထပ်ထားတာဖြစ်တော့ ကိုယ် ကျန်းမာရေးနဲ့ စိတ်ဓာတ်ကျန်းမာရေးကို ဖော်ပြတယ်။ ဒါပေမဲ့ ထောင့်ရဲ့ အဖျားကလေးတွေမှာပါတဲ့ ဝိုင်းဝိုင်းလေး တွေဟာ မရှိဘူးဆိုတဲ့ အဓိပ္ပာယ်ကိုဆောင်တယ်၊ ဒါကြောင့် ဒီတံဆိပ်ဟာ ကိုယ်ရော စိတ်ပါ မကျန်းမာဘူးလို့ အဓိပ္ပာယ် ရတယ်။ ပြီးတော့ ထားရှစ်ထောင့် သုညက ရှစ်ခုဖြစ်နေတယ်၊ ဝိုင်းတဲ့ပုံစံနဲ့ ထောပုံစံဟာလည်း တစ်ခုနဲ့တစ်ခု မတည့်ကြဘူး။ ဒါကြောင့် ရန်သဘောကို ဆောင်တယ်။ ပြီးတော့ ရှစ်ခုဆိုတဲ့ အရေအတွက်ဂဏန်းဟာလည်း ဆိုးရွားတဲ့ နတ်တစ်ဦး ပိုင်တဲ့ ဂဏန်းဖြစ်နေတဲ့အတွက် ဒီတံဆိပ်ဟာ လူတွေကို ဒုက္ခပေးနိုင်တယ်”

ကျွန်ုပ်အား ဆာဒူးကလေးက အထက်ပါအတိုင်း ရှင်းပြနေစဉ်မှာပင် လမ်းသွားလမ်းလာများသည် ဆာဒူးကလေး၏ ရှေ့မှ ဂျေရာ အမှတ်တံဆိပ်ပါသော စာရွက်ကလေးပေါ်သို့ ကျပ်တန်များ အကြွေများချ၍ လှူဒါန်းသွားကြသည်မှာ တခဏချင်း၌ပင် ငွေရှစ်ဆယ်ခန့် ရရှိသွားလေ၏။

ကျွန်ုပ်သည် ဆာဒူးကလေးအား လက်ဖတင်နင် နန်းဝေနှင့် ပတ်သက်၍ မေးမြန်းကြည့်ရန် စိတ်ကူးမိသည့်အလျောက် မေးမြန်း ခဲ့လေ၏။

“ကျွန်တော့်မှာ စစ်ဗိုလ်မိတ်ဆွေကလေး တစ်ယောက်ရှိခဲ့ပါတယ်၊ သူ…”

“ဟို ဟိုး တော်ပြီ မဖြေနိုင်ဘူး။ ခင်ဗျားနဲ့လည်း မဆိုင်ဘူး၊ ကျုပ်နဲ့လည်း မဆိုင်ဘူး၊ ဖြေဖို့လည်း မကောင်းဘူး။ မမေးပါနဲ့”

ဆာဒူးကလေးက ကျွန်ုပ်အား ဟန့်တားပြီးလျှင် တစ်စုံတစ်ခုအား ၎င်း၏ဘာသာဖြင့် ရွတ်ဖတ်နေလေ၏။ ကြည့်ရသည်မှာ မေတ္တာပို့နေသည်နှင့် တူလှတော့၏။ ကျွန်ုပ်သည် ပြန်ခါနီး၌ ၎င်းဆာဒူးကလေး၏ အမည်ကို သိလိုလှသဖြင့် ပေးကြည့်ရာ သူ၏အမည် မှာ “ဇေ”ဟူ၍ ဖြစ်သည်ဆို၏။ ကျွန်ုပ်သည် ဆာဒူးကလေး ဇေနှင့် တွေ့ဆုံပြီးနောက် ဂျေရာအမှတ်တံဆိပ်၏ အနက်အဓိပ္ပာယ်ကို သိရှိသွားပြီဖြစ်ရာ နောက်နောင်၌ ၎င်းတံဆိပ်နှင့် ပတ်သက်၍ စုံစမ်းခြင်း မရှိတော့ပါ။

ထို့နေ့မှစ၍ “ဆာဒူးဇေ”အား တွေ့လိုတွေ့ငြား နို့ဈေးတန်းအနီးသို့ ကျွန်ုပ်ရောက်ရှိတိုင်း ကြည့်မိသော်လည်း တစ်ကြိမ်တစ် ခါမျှပင် မတွေ့ရတော့ပေ။
သို့ရာတွင် ကျွန်ုပ်သိလိုလှသော ဂျေရာတံဆိပ်ကလေး၏ လျှို့ဝှက်သော အနက်အဓိပ္ပာယ်အား စိတ်ရှည်လက်ရှည် ရှင်းပြခဲ့သော သူတော်စင်ကလေး “ဆာဒူးဇေ”ကိုမူ ကျွန်ုပ် မည်သည့်အခါမျှ မေ့နိုင်တော့မည် မဟုတ်ပေ။

ထို့တူစွာပင် ကျွန်ုပ်၏ စိတ်ထဲ၌ အစွဲကြီးစွဲခဲ့သော ထိုဂျေရာ အမှတ်တံဆိပ်ကိုလည်း အမေ့ကြီး မေ့နိုင်အောင်ပင် အထူးသဖြင့် ကြိုးစားမေ့ဖျောက်ခဲ့သည့်အလျောက် ကျွန်ုပ်အဖို့ ထိုဂျေရာတံဆိပ်ကလေးသည် တစ်ခါက လွန်စွာရင်းနှီးပတ်သက်ခဲ့ဖူးသည်ဟူ၍ပင် အမှတ်ရခြင်း မရှိတော့ပါချေ။
သို့သော် ကျွန်ုပ်သည် “ဆာဒူးကလေးဇေ”အား “ဂျေရာတံဆိပ်” ကလေးအစား ပြောင်းလဲအမှတ်ရနေမိပြန်၏။

———————<><><><><><><>———————-
အပိုင်း ၆ -ဆက်ပါဦးမည်>>>>>>

Loading

Leave a Reply

Your email address will not be published. Required fields are marked *