ဂြိုဟ်မွှေတဲ့ဂျေရာ - မနုစာရီအပိုင်း ၄

မနုစာရီ – အပိုင်း (၄)

* * * မနုစာရီ * * * ( လေး )
ဂြိုဟ်မွှေတဲ့ဂျေရာ
ဂြိုဟ်မွှေတဲ့ဂျေရာ

တစ်နေ့သ၌ ကျွန်ုပ်သည် ကျူရီယာဆိုင်၌ ကတ်တလောက်နှင့် ပစ္စည်းများကို လူပုလေးဝိုင်းမောင်နှင့်အတူ တိုက်ဆိုင်စစ်ဆေးလျက်ရှိ၏။ ဆိုင်တို့၏ သဘာဝအတိုင်း တစ်ခါတစ်ရံ ပစ္စည်းကအမှန်တကယ်ရှိပြီး ကတ်တလောက်ထဲ၌ ထိုပစ္စည်းကို ရေးသွင်းခြင်း မပြုမိသဖြင့် ရှာ၍မတွေ့ဘဲ ရှိတတ်၏။

ရောင်းပစ်ပြီးသော ပစ္စည်းများကိုလည်း စာရင်းများနှုတ်ပယ်ပစ်ရန် မေ့လျော့နေပါက ကတ်တလောက်စာအုပ်တွင် ပစ္စည်းကရှိနေသော်လည်း အပြင်၌ပစ္စည်းက မရှိတော့သည်လည်း ကြုံရတတ်၏။ ထို့ကြောင့် ကျွန်ုပ်အနေနှင့် (Srock Taking List) ခေါ် ပစ္စည်းလက်ကျန်စာရင်းကို မကြာခဏ စစ်ဆေးလေ့ရှိ၏။ ၎င်းစာရင်း အမှန်ကိုရပြီဆိုလျှင်လည်း ကတ်တလောက်စာအုပ်နှင့် တိုက်ဆိုင် စစ်ဆေးပြစ်၏။ ၎င်းစာရင်း နှစ်ခုအား တိုက်ဆိုင်စစ်ဆေးပြီးနောက် ကတ်တလောက်နှင့် ပစ္စည်းများကို တိုက်ကြည့်ရပြန်၏။

ထို့ကြောင့် ကျွန်ုပ်က ကတ်တလောက်စာအုပ်ကို ကိုင်၍ လူပုကလေးက ပစ္စည်းတွင် ချိတ်ဆွဲထားသော ကတ်တလောက်
နံပါတ်အား ရွတ်ပြစေလျက် ဆရာတပည့်နှစ်ဦးတို့သည် အလုပ်ရှုပ်လျက် ရှိတော့၏။ ထိုစဉ် ဆိုင်တွင်းသို့ သူငယ်ချင်းတစ်ဦးဝင်လာပြီးလျှင် လူပုကလေးအား တိုးတိုး တိုးတိုးကလေးနှင့် ကပ်၍ပြောနေသည်ကို တွေ့ရ၏။ လူပုကလေးဝိုင်းမောင်သည် ကျွန်ုပ်ကြိမ်းမောင်းဆူပူမည်ကိုလည်း စိုးရိမ် ၊ သူငယ်လေးလာ၍ပြောသော အကြောင်းအရာကလည်း သူ့အတွက် အရေးကြီးပုံရပြီး မကြံတတ်အောင် ဖြစ်နေပုံရသဖြင့် ကျွန်ုပ်က…

“ဟေ့ကောင် ဝိုင်းမောင် ဘာဖြစ်နေတာလဲ၊ ငါ့ကို လာပြောစမ်းလာလေကွာ”

လူပုလေး ဝိုင်းမောင်သည် ကြောက်ကြောက်ရွံ့ရွံ့နှင့်ကပ်၍ အနီးသို့ရောက်လျှင် ဦးခေါင်းကိုငုံ့၍ထား၏။ သူ့အား လာ၍ ပြောသော သူငယ်ကလေးသည် ကျွန်ုပ်အနားသို့ ရောက်လာ၏။

“ဟေ့ကောင် ဘာဖြစ်တာလဲ၊ ပြောလေကွာ”

သူငယ်လေးသည် ဝိုင်းမောင်အား လှမ်း၍ ကြည့်လိုက်၏။ သူငယ်လေးက ဝိုင်းမောင်ကို ပြန်၍ကြည့်လိုက်နှင့် တစ်ဦးကို တစ်ဦး ကြည့်နေကြ၏။

“ဟေ့ကောင်တွေ လူကြီးမေးနေတာ ပြောလေကွာ၊ ဒါမှ လူကြီးလုပ်တဲ့သူက ဖြေရှင်းပေးနိုင်မှာပေါ့”

“ဟုတ်သားပဲ ဂျပုရ၊ ပြောလိုက်လေကွာ”

သူငယ်ကလေးက ကျွန်ုပ်၏ တပည့်အား ပြောလိုက်လေ၏။

“ကားတိုက်ခံရလို့ပါ ဆရာ”

“ဘယ်သူ ကားတိုက်ခံရတာလဲ”

“ဂွက်ထော်ပါ ဆရာ”

“ဂွက်ထော်ဆိုတာ ဘယ်သူလဲ”

“ဘုရားလေးလမ်းထိပ်က ကောင်မလေးပါ”

“မင်းနဲ့ ဘယ်လိုပတ်သက်သလဲ”

လူပုလေး ဝိုင်းမောင်သည် အဖြေမပေးဘဲ ခေါင်းငုံ့နေ၏။

“ဟေ့ကောင် ပြောလေကွာ”

ဟု ကျွန်ုပ်က ခပ်ဆတ်ဆတ်ကလေးမေးလိုက်မှ ဝိုင်းမောင်၏ သူငယ်ချင်းဖြစ်သူ ကောင်ကလေးက…

“ဒီလိုပါ ဆရာ၊ ဂွက်ထော်ဆိုတာ ဝိုင်းမောင် ရည်းစားပါ။ ဒီမနက် ဝိုင်းမောင်ရယ်၊ ကျွန်တော်ရယ်၊ ဂွက်ထော်ရယ် ရွှေတိဂုံ ဘုရားကို သွားကြတယ်”

“ဘုရား သွားဖူးကြတာလား”

“ဘုရားဖူး၊ မဟုတ်ဘူးခင်ဗျ ဝိုင်းမောင်က ဂွက်ထော်ရဲ့လက်မှာ ဆေးမင်ရုပ်ထိုးပေးချင်လို့ဆိုပြီး သွားတာ၊ ကျွန်တော်ကတော့ အဖော်လိုက်သွားတာပါ ဆရာ၊ ဂွက်ထော်ကို ဆေးမင်ရုပ်ထိုးပြီးတော့ ဝိုင်းမောင်က ဆရာနဲ့ စာရင်းတွေ လုပ်စရာရှိတယ် ပြန်မယ်လို့ ပြောပါတယ်၊ ဂွက်ထော်ကဘုရားဖူးဦးမယ်ဆိုလို့ ကျွန်တော့်ကို လိုက်ပို့ခိုင်းပြီး သူက ပြန်လာတာပါ။ အဲဒါ ဘုရားဖူးပြီးတော့ ဂွက်ထော်နဲ့ ကျွန်တော်ပြန်လာကြတာ ကန်တော်ကြီး ဓာတ်ဆီဆိုင်နားရောက်တော့ လမ်းဖြတ်ကူးရာမှာ ဓာတ်ဆီဆိုင်က ထွက်လာတဲ့ကားက ဂွက်ထော်ကို ဝင်တိုက်မိတာပါ။ အဲဒီကားနဲ့ပဲ ဆေးရုံကြီးကို ပို့လိုက်ပါပြီ၊ အဲဒါ ကျွန်တော် လာပြောတာပါ”

“ဝိုင်းမောင်ရာ မင်းနှယ်ကွာ ကြားပဲမကြားဖူးပါဘူး။ ရည်းစားကိုခေါပြီး လက်မှာ ဆေးရုပ်ထိုးပေးတယ်လို့”

“တကယ်လို့ ကျွန်တော်နဲ့ မညားဘဲ တစ်ယောက်ယောက်နဲ့ ညားသွားရင် မှတ်မိအောင်လို့ ခေါပြီးထိုးပေးတာပါ ဆရာ”

ဝိုင်းမောင်ဆိုသော လူပုသလောက် အသိဉာဏ်မဲ့လှသော အန္တကလေးသည် ကျွန်ုပ်အား သဘာဝမကျသော ဆင်ခြေကို ပေးလေ၏။

“ကိုယ့်ရည်းစားပဲကွာ၊ ဒီလို ဆေးရုပ်ထိုးပြီး မှတ်သားမှ မှတ်မိမှာတဲ့လား၊ နေစမ်းပါဦး၊ ဘာလဲ ကောင်မလေးလက်မှာ မင်းနာမည်ကို ထိုးခိုင်းတယ် ဆိုပါတော့”

“နာမည် မဟုတ်ဘူးဆရာ တံဆိပ်ပါ”

“ဘာတံဆိပ်လဲကွ”

“ဟိုတံဆိပ်လေ ဆရာ၊ ဆရာ့ဆီက ကျွန်တော်ကူးပေးတဲ့ တံဆိပ်ဟာလေ”

“ဂျေရာတံဆိပ် ဟိုက်… ဒုက္ခပါပဲကွာ”

ကျွန်ုပ်သည် ဝိုင်းမောင်၏ ရည်းစားလက်၌ ဂျေရာတံဆိပ် ထိုးမိသည်ဆိုသည်နှင့်ပင် စိုးရိမ်မိတော့၏။ ထိုတံဆိပ်သည် ဂြိုဟ်မွှေသောတံဆိပ်ဟု ကျွန်ုပ်နားလည်ထားလေသည်။ ကျွန်ုပ်နားလည်သကဲ့သို့လည်း ဂျေရာတံဆိပ်သည် အမှန်တကယ် ဂြိုဟ်မွှေသော တံဆိပ်ဖြစ်ကြောင်း ထင်ရှားလှဘိ၏။

၎င်းတံဆိပ်ထိုးပြီး ပြန်လာသော ဂွက်ထော်သည်ပင် ယခု ဆေးရုံကြီးသို့ ရောက်နေပြီဖြစ်၏။ ကျွန်ုပ်သည် တာဝန်ရှိသည်ဟု ယူဆသည့်အလျောက် ဆိုင်းငံ့ခြင်းမရှိဘဲ ဆိုင်ကိုပိတ်ပြီးနောက် ဝိုင်းမောင်နှင့် ထိုသူငယ်ကလေးကိုပါ ခေါ်၍ ဆေးရုံကြီးသို့ လိုက်သွားရလေတော့၏။

ကျွန်ုပ်တို့သည် ဆေးရုံပေါ်သို့ တက်ရန်အတွက် ခက်ခဲစွာကြိုးပမ်းကြပြီးနောက် ခုတင်ပေါ်တွင် သတိလစ်မေ့နေသော ဂွက်ထော် ထံသို့ ရောက်ရှိကြလေ၏။
ကျွန်ုပ်သည် သတိလစ်နေသော ဂွက်ထော်၏လက်မောင်းတွင် သွေးများစို့နေသော ဂျေရာတံဆိပ်ကလေးအား ကြည့်ပြီးနောက် လက်တည့်တည့်၌ ထိုးမိပါမူ ဂွက်ထော်၏ ကံကြမ္မာသည် မုချပင် ယခုထက်ပို၍ ဆိုးရွားသွားလိမ့်မည်ဟု ယုံကြည်မိသည့်အလျောက် လက်မောင်း၌သာ ထိုးပေးခဲ့သော ဝိုင်းမောင်အား ကျေးဇူးတင်မိသေး တော့၏။

တာဝန်ကျသော ဆရာဝန်အား ဂွက်ထော်၏ အခြေအနေကို မေးကြည့်ရာ ဆရာဝန်က စိုးရိမ်ဖွယ်မရှိကြောင်း ပြန်၍ ပြောသဖြင့် စိတ်သက်သာရာ ရမိသေးတော့၏။ ကျွန်ုပ်သည် ထိုနေ့မှစ၍ ဂွက်ထော်ဆေးရုံမှ ဆင်းသည်တိုင်အောင် ၇-ရက်လုံးလုံး ဆေးရုံသို့ ဝိုင်းမောင်နှင့်အတူ ရောက်ရှိခဲ့လေ၏။

ဂွက်ထော်သည် ပန်းရောင်း၍ မိခင်အိုကြီးအား လုပ်ကျွေးနေသည်ဖြစ်ရာ ဈေးမထွက်နိုင်သော ရက်များ၌ ဂွက်ထော်၏ မိခင် စားသုံးရန်အတွက် ငွေတစ်ဆယ်နှင့် ဂွက်ထော်အတွက် ငွေတစ်ရာကိုလည်း ကျွန်ုပ်က ပေးခဲ့၏။
ဂွက်ထော်ဆေးရုံမှ ဆင်းသည့်နေ့တွင် ဝိုင်းမောင်နှင့်အတူ ကျွန်ုပ်လိုက်၍သွားပြီးလျှင် ရွှေတိဂုံဘုရားရှိ ဆေးမှင်ရုပ်ထိုးသည့်နေရာသို့ ခေါ်သွားပြီးလျှင် “ဂျေရာ” တံဆိပ်ပေါ်မှ ပန်းပွင့်ကလေး တစ်ပွင့်ကိုအုပ်၍ ထိုးခိုင်းပြီး ဂျေရာတံဆိပ်အား ဖျောက်ဖျက်ပစ်စေခဲ့၏။

ဂွက်ထော်မှာ ဆင်းရဲနွမ်းပါးသော်လည်း ရုပ်ရည်သန့်ပြန်၍ ကြည့်ကောင်းသော မိန်းကလေးတစ်ဦးဖြစ်လေရာ လွန်စွာ အရပ်ပု၍ သွားလည်းလွန်စွာခေါသည့်ပြင် မျက်စိပါက်မှာလည်း လွန်စွာကျဉ်းလှ၍ အကျည်းတန်လှသော ကျွန်ုပ်၏ တပည့်ကျော်သည် မည်သည့်နေရာတွင်မှ အသုံးမကျသော်လည်း ရည်းစားထားသော နေရာ၌မူ မခေလှကြောင်း ကျွန်ုပ်အနေနှင့် အသိအမှတ်ပြုရလေတော့၏။

ဂွက်ထော်အား ကျွန်ုပ်က ဝိုင်းမောင်နှင့် အိမ်ထောင်ပြုသည့်အခါ၌ ဝိုင်းမောင်၏ မိဘအနေနှင့် မင်္ဂလာကို ခမ်းနားစွာ စီစဉ်ပေးမည်ဖြစ်ကြောင်း အားပေးစကားပြောကြားရာ ဂွက်ထော်သည် ကျွန်ုပ်၏စကားကြောင့် အမူအရာများစွာ ပြောင်းလဲခြင်းမရှိသော်လည်း ကျွန်ုပ်၏တပည့် လူပုကလေးမှာ နတ်ပြည်သို့ အရှင်လတ်လတ် တက်ရမည့်သူအလား ပျော်မြူး၍သွားသည်ကို တွေ့ရလေ၏။

ဂွက်ထော် ဆေးရုံမှဆင်းပြီး မကြာမီ၌ပင် “ဂျေရာ” တံဆိပ်နှင့် ပတ်သက်၍ ထူးထူးဆန်းဆန်း တစ်ခုကို ကျွန်ုပ်တွေ့ရပြန်လေ၏။ ကျွန်ုပ်၏ မိတ်ဆွေဖြစ်သော လမ်းဗိုလ်ကြီး ဦးစန်းရင်သည် ၎င်း၏ဇနီး ကလေးမျက်နှာမြင်ပြီးနောက် ဆေးရုံပေါ်၌ သေဆုံးသွားသည်ဟု သတင်းကြားရသဖြင့် ၎င်းအိမ်သို့ သွားရောက်၍ သတင်းမေးမြန်းခဲ့ရာ ဦးစန်းရင်က ၎င်းဇနီးသည် မီးဖွားသည့်အခါ၌ အင်အားရှိစေရန်အတွက် အင်္ဂလန်၊ အမေရိကန်၊ တရုတ်နိုင်ငံတို့မှလာသော ကိုယ်ဝန်ဆောင်သည်များ စားသုံးရမည့် အားဆေးအမျိုးမျိုးကို ဝယ်ယူ၍ တိုက်ကျွေးခဲ့ကြောင်းနှင့်တကွ ဆေးပုလင်းများကို ကျွန်ုပ်အား ထုတ်၍ ပြလေ၏။

ထိုဆေးပုလင်းများအား ကျွန်ုပ် သေသေချာချာ ကြည့်ရှုခဲ့ရာ တရုတ်ပြည်မှလာသော (ပီ)အတ်တံဆိပ် ဆေးပုလင်းအား သတိပြု၍ ကြည့်မိရာ ကုမ္ပဏီ၏တံဆိပ်မှာ “ဂျေရာ”တံဆိပ်ဖြစ်နေသည်ကို ဝမ်းနည်းဖွယ်ရာ တွေ့ရှိရလေ၏။
ကျွန်ုပ်က ၎င်းဆေးပုလင်းအား ကိုင်ကြည့်ပြီးနောက် ဦးစန်းရင်အား…

“အယူသည်းတယ်လို့တော့ မထင်ပါနဲ့ ဦးစန်းရင် ဒီတံဆိပ်ကလေးဟာ နိမိတ်မကောင်းဘူးဗျ၊ လွှင့်ပစ်လိုက်ရင် ကောင်း မယ်။ ခင်ဗျားဇနီးသည် ဆုံးရတာလည်း တခြားခိုင်လုံတဲ့ အကြောင်း ရှိချင်ရှိပါလိမ့်မယ်၊ ဒါပေမဲ့ ဒီတံဆိပ်ကလေးရဲ့ နိမိတ်မကောင်းတဲ့ သဘောကလည်း အချက်တစ်ချက်ပါနေတယ်လို့ ကျုပ်တော့ ပြောချင်တယ်”

ဦးစန်းရင်သည် ကျွန်ုပ်၏စကားကို လက်ခံသည်လည်းမဟုတ် ငြင်းဆန်သည်လည်း မဟုတ်သောမျက်နှာထားဖြင့် ကျွန်ုပ်အား ကြည့်နေခဲ့သော်လည်း ၎င်းအနီးတွင် ထိုင်နေသောလူငယ်ကလေးတစ်ဦးက ထိုပုလင်းအားကိုင်၍ ကြည့်ပြီးလျှင်

“ဟုတ်တယ်၊ ဦးစန်းရင် ကျွန်တော့်အနေနဲ့လည်း ကိုယ်ဝန်ဆောင်တွေ သုံးတဲ့ဆေးဝါးမှာ (ပီ)စာလုံးနဲ့ စတဲ့ နာမည်ကို
တော့ သိပ်မကြိုက်လှဘူး။ (ပီ)ဆိုတာ ပလူတိုဂြိုဟ်ရဲ့ အမှတ်တံဆိပ်ပဲ။ ပလူတိုဂြိုဟ်ဟာ ခွေးနက်ကြီးယောင်ဆောင်ပြီး ကိုယ်ဝန်သည်တွေရဲ့ သန္ဓေသားကို ဖောက်စားလေ့ရှိတယ်လို့ အနောက်ပိုင်း နက္ခတ္တဒဏ္ဍာရီထဲမှာ ဆိုထားတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်တွေနဲ့ မသင့်လျော်ဘူးလို့ ဆိုချင်ပါတယ်”

ထိုသူငယ်လေးမှာ ကျွန်ုပ်၏ “ဂျေရာ”တံဆိပ်နှင့် ပတ်သက်၍ ထောက်ခံပြောဆိုခြင်း မဟုတ်သော်လည်း “p”တံဆိပ်ပါသောကြောင့် ၎င်းဆေးပုလင်းသည် ကိုယ်ဝန်ဆောင်တို့နှင့် မသင့်လျော်၊ ကိုယ်ဝန်ဆောင်များနှင့် စာလုံးသည် ရန်ဘက်ကျနေကြောင်းကို အထောက်အထား အကိုးအကားနှင့် ပြောဆိုသွားခဲ့၏။ ကျွန်ုပ်မှာ မည်သည့်အတွက် နိမိတ်မကောင်းရသနည်းဟူသည်ကိုမူ ထိုသူငယ်လေးကဲ့သို့ ခိုင်ခိုင်လုံလုံ ခြေခြေမြစ်မြစ် ပြောဆိုနိုင်ခြင်း မရှိပါ။
ကျမ်းကို မကိုးဘဲလျက် ပညာရှိရှေ့မှောက်၌ စကားမဆိုစေရာဆိုသော လောကနီတိစကားကို အမှတ်ရ၍ ကျွန်ုပ်များစွာ ရှက်မိလေတော့၏။

ကျွန်ုပ်တွေးထင်ထားသည့်အတိုင်းပင် ထိုသူငယ်လေးသည် ကျွန်ုပ်အား မည့်သည့်အတွက် ထိုတံဆိပ်ကလေးအား နိမိတ် မကောင်းဟု ပြောနိုင်သနည်းဟူသောယုတ္တိကို လိမ္မာပါးနပ်စွာ တောင်းဆိုလေတော့ရာ ကျွန်ုပ်သည် လူအ၊ အိပ်မက်မက်သကဲ့သို့ မိမိသိပါလျက် ပြန်မပြောနိုင်ဘဲရှိခဲ့ရာ ထိုစကားဝိုင်း၌ ကျွန်ုပ်သည် ကောင်းစွာအရှက်ကွဲရလေတော့၏။
နောင်တွင် ကျွန်ုပ်စုံစမ်းသိရှိရသည်မှာ ထိုသူငယ်လေးသည် ဧကံသလက္ခဏာပညာရှိဟူ၍ ကျော်ကြားသော ဆရာတင်အောင်လွင် ဆိုသူဖြစ်သည်။

ကျွန်ုပ်သည် ကျွန်ုပ်၏မိတ်ဆွေ ဦးစန်းရင်၏အိမ်မှ ပြန်လာပြီးနောက် “ဂျေရာ”တံဆိပ်အား အဓိပ္ပာယ်သိရှိသည်အထိ စုံစမ်း လေ့လာရမည်ဟူ၍ ဆုံးဖြတ်ချက် ချလိုက်မိလေ၏။

ထိုသို့ ဆုံးဖြတ်ချက်ချပြီး “ဂျေရာ”တံဆိပ်၏ အဓိပ္ပာယ်ကို သိရှိနိုင်ရန်အတွက် ငွေငါးထောင်အား စရိတ်အဖြစ် ကုန်ကျခံ၍ သုံးစွဲမည်ဟု ငွေကြေးကိုပါ သတ်မှတ်ပိုင်းခြားပြီး စနစ်တကျလေ့လာရန် ဆုံးဖြတ်လိုက်လေတော့သတည်း။

* * * * * * * * * * *
အပိုင်း ငါး ဆက်ပါဦးမည်>>>>

Loading

Leave a Reply

Your email address will not be published. Required fields are marked *