မနုစာရီ အပိုင်း (၇)

မနုစာရီ – အပိုင်း (၇)

* * * မနုစာရီ * * * ( ၇ )

တက္ကသိုလ်ကျောင်းသား မောင်ကျော်ခိုင်( ၂ )

နောက်တစ်နေ့ နံနက်တွင် ကျွန်ုပ်နှင့် ကိုလှမောင်အပြင် စပါးပွဲစား ဦးသူတော်နှင့် ၎င်း၏တူ မောင်ကျော်စိန်တို့ပါ စကုမြို့ အဝင် ညီအစ်မခုနစ်ဖော်ဘုရားအနီးရှိ မြေကွက်လပ်ကိုဝယ်ယူရန်အတွက် သွားရောက် ကြည့်ရှုတိုင်းထွာကြ၏။

နေ့လယ် ၁၂-နာရီလောက်တွင် မြေကွက်လပ်ကြည့်ခြင်း၊ တိုင်းခြင်းများ ကိစ္စပြီး၍ ပြန်လာခဲ့ကြရာ အနည်းငယ် မောဟိုက်သည်နှင့် ကားလမ်းဘေးရှိ ညီအစ်မခုနစ်ဖော်ဘုရားအတွင်း ဝင်ရောက်အမောဖြေရင်း ထိုင်နေမိကြ၏၊ တအောင့်မျှ အကြာတွင် မန်းချောင်ဘက်မှ ပန်းများခူး၍ပြန်လာသော မိန်းကလေးနှစ်ဦး ဘုရားပရဝုဏ်အတွင်းသို့ ရောက်လာကာ ဘုရားဖူးကြပြီးနောက် ဘုရားကိုပတ်၍လျှောက်လာရာ ကျွန်ုပ်တို့လေးဦးထိုင်နေသည်ကိုတွေ့ရသဖြင့် ထိုမိန်းကလေးနှစ်ဦးအနက် အတော်အတန် လှပသော မိန်းမပျိုလေးက

“ဦးတို့ဒီမှာမထိုင်ပါနဲ့၊ မြွေသိပ်ပေါတယ်၊ ဘုရားအုတ်ကြားတွေထဲက မြွေတွေ ထွက်တတ်တယ်ရှင့်”

ဟု သတိပေးစကားပြော၏။ ကျွန်ုပ်ကလည်း ကျေးဇူးတင်ကြောင်း၊ မော၍ခေတ္တထိုင်နေကြောင်း မကြာမီ ပြန်ကြမည်ဖြစ်ကြောင်း ပြန်ပြောနေစဉ်………….

“ဟေ့ နုနုရီ ကိုယ်လာပြီလေ…. မနုစာရီ

ကားလမ်းဘက်မှ အော်သံကြား၍ကြည့်လိုက်ရာ ညကတယောသမား မောင်ကျော်ခိုင်ခေါ် မောင်ကာလီ ဖြစ်နေ၏။ မိန်းကလေးနှစ်ဦးသည် ပုံပျက်ပန်းပျက်ပြေးလာနေသော မောင်ကျော်ခိုင်ကိုကြည့်ကာ ကြောက်လန့်နေကြပြီးနောက်…

“လုပ်ပါဦး ဦးလေးတို့ရယ်၊ အဲဒီလိုလိုက်နှောင့်ယှက်နေတာ နှစ်ခါရှိပြီ။ မနေ့ကလည်း ဒီလိုပဲလိုက်လို့ ကျွန်မတို့ ဈေးဝယ်
ရင်း ထွက်ပြေးရသေးတယ်။ အဲဒါ သူမနေ့က လိုက်နှောင့်ယှက်လို့ ဘုန်းကြီးသွားမေးပြီး အခုဒီမှာ ယတြာချေရမယ်ဆိုလို့ လာကြတာ တွေ့နေပြန်ပြီ၊ သူက ကျွန်မကို နုနုရီလို့ခေါ်တယ်၊ ကျွန်မနာမည်က ခင်ခင်ကြီးပါ၊ မူလတန်းကျောင်း ဆရာမပါဦး၊ ကျွန်မတို့နောက် မလိုက်အောင် ဆွဲထားလိုက်ပါ”

ခပ်လောလောကလေးပြောပြီးနောက် မန်းချောင်းဘက်သို့ ဆင်းပြေး၏။ မောင်ကျော်ခိုင်ကလည်း …

”မပြေးနဲ့ နုနုရီ

ဟု လှမ်း၍ အော်ရင်းလာရာ ကျွန်ုပ်တို့နားသို့ရောက်လျှင် ကျွန်ုပ်နှင့် ကိုလှမောင်က ဆွဲထားလိုက်ရ၏။

တက္ကသိုလ်ကျောင်းသား မောင်ကျော်ခိုင်( ၂ )

“မောင်ကျော်ခိုင် လူမှားနေပြီ၊ မောင်ရှာနေတဲ့ နုနုရီ မဟုတ်ပါဘူး၊ သူက ခင်ခင်ကြီးပါလို့ ပြောသွားတယ်”

ကျွန်ုပ်သည် ဆွဲထားရင်း ရှင်းပြရ၏။ မောင်ကျော်ခိုင်က ငြိမ်ငြိမ်မနေ၊ အတင်းရုန်းနေလေ၏။ ထိုသို့ မောင်ကျော်ခိုင်က ရုန်း၊ ကျွန်ုပ်တို့ကဆွဲ လုပ်နေစဉ် မော်တော်ကားလမ်းမှ ကားတစ်စင်းထိုး၍ရပ်လိုက်ပြီး ကားပေါ်မှ လူနှစ်ယောက်ပြေးဆင်းလာ၏။ ပြေးလာသော လူနှစ်ယောက် ကျွန်ုပ်တို့အနီးသို့ ရောက်လာ၏။

တစ်ယောက်သောသူမှာ အသားဖြူဖြူ အရပ်အမောင်း ကောင်းသည်ဟုဆိုရမည့် ရုပ်ရည်အင်္ဂါရုပ်မျိုးနှင့် ပြည့်စုံသူတစ်ယောက်ဖြစ်ရုံမက ပါးလှသော ရွှေကိုင်းစလင်းမျက်မှန်ကို သူ၏မျက်နှာနှင့် အဆင်ပြေစွာ တပ်ဆင်ထားပြီး သူ၏ဝတ်စားပုံကို ကျွန်ုပ်မြင်တွေ့ရသည်မှာ မင်းစိုးရာဇာတစ်ယောက်၏ ဝတ်စားဆင်ယင်ပုံမျိုးတွေ့ရ၏။

မန္တလေး အပေါ်ဖုံးအကျီနှင့် ကျနသပ်ရပ်သော ကြွအေိုးမီးပူတိုက်လည်ပြတ်ရှပ်အင်္ကျီကို ဝတ်ဆင်ထားပြီး သူ၏ အောက်ပိုင်း၌ အဖိုးစားနားမနည်းသော ရွှေတောင်ပိုးလုံချည်ကို ခံ့ညားစွာဝတ်ဆင်ထားလျက် သားရေခါးပတ် အနက်ကို လုံချည်မြဲမြဲအောင် ဝတ်ဆင်ထားခြင်း မဟုတ်ဘဲ သူ၏သူ၏ဟန်အတိုင်း ဝတ်နေကျ၊ ပတ်နေကျအတိုင်း ခါး၌ပတ်ထားလိုက်သေး၏။

သူ၏ အသွင်အပြင်မှာလည်း ဖော်ရွေပျူငှာတတ်သော အသွင်ကိုဆောင်ရုံမက ရာထူးဂုဏ်ရှိန်ကြောင့် မောက်မောက်မာမာ ဆက်ဆံမည့်အသွင်မျိုးကို မတွေ့ရချေ။

ထိုအချိန်တွင် ကျွန်ုပ်အနီး၌ရှိသော ဦးသူတော်မှာ ကျွန်ုပ်နှင့်အတူ ယှဉ်လျက်ရပ်နေရာမှ ပြာပြာသလဲ အပြေးကလေးထွက်သွားပြီး . ..

“မြို့ပိုင်လေးပါလား”

“ဦးတို့ ဘာဖြစ်နေကြတာလဲ၊ ဟာ ကိုကျော်ခိုင် ခင်ဗျားရောက်နေတာကို ကျွန်တော့်ကို မမှတ်မိဘူးလား ကျွန်တော်
မောင်မောင်လေဗျာ”

မောင်မောင်ဟု သူ့ကိုယ်သူပြောလိုက်သော မြို့ပိုင်လေးဆိုသူက ဦးသူတော်ကိုမေးရင်းမှ မောင်ကျော်ခိုင်ကို တစ်ဆက်တည်းပြောလိုက်ကာ သူ့ကိုယ်သူလည်း ဘယ်သူဘယ်ဝါဟူ၍ ပြောပြနေပြန်၏။

“ကျုပ်မသိဘူး။ ကျုပ်ဘယ်သူ့ကိုမှ မှတ်လည်းမမှတ်မိဘူး။ မောင်ကျော်ခိုင်လည်း မဟုတ်ဘူး၊ ကျုပ်သိတာ နုနုရီခေါ်တဲ့ မနုစာရီပဲ သိတယ်ကျုပ်ကို လွှတ်”

ကျွန်ုပ်တို့လည်း လွှတ်လိုက်ရာ မောင်ကျော်ခိုင်မှာ မန်းချောင်းဘက်သို့ ပြေးဆင်းသွားတော့၏။

“ဒီလူ တက္ကသိုလ်ကျောင်းသားဗျ၊ ကျောင်းတက်နေရင်း စိတ်ဖောက်သွားတာ၊ သနားစရာပါပဲဗျာ”

ဟုမြို့ပိုင်လေးက ပြောပြနေ၏။

”မြို့ပိုင်လေးဆိုသူသည် ဦးသူတော်အပါအဝင် ကျွန်ုပ်တို့အားလုံးအား စိတ်မကောင်းဖြစ်သော မျက်နှာထားနှင့် တက္ကသိုလ်ကျောင်းသား မောင်ကျော်ခိုင် ခေါ် မောင်ကာလီနှင့် ပတ်သက်၍ ပြောပြလေ၏။ ကျွန်ုပ်သည် မြို့ပိုင်လေးဆိုသူ၏ စကားကို ကြားပြီးနောက် တယောထိုးလွန်စွာကောင်းလှသည့် မောင်ကျော်ခိုင်၏ကရုဏာသက်ဖွယ်ရာ အဖြစ်အားစဉ်စား၍ နေမိ၏။ ကျန်လူများမှာလည်း ကျွန်ုပ်ကဲ့သို့ပင် စိတ်မကောင်းဖြစ်ကြကောင်းဖြစ်ကြမည် ဖြစ်သော်လည်း ကျွန်ုပ်က ၎င်းတို့ထက်ပို၍ စိတ်မကောင်း ဖြစ်ရသည့်အချက်မှာ ကျွန်ုပ်ကိုယ်တိုင်က ရွှေတံဆိပ်ရ တယောသမား ဖြစ်နေသဖြင့် ကျွန်ုပ်သည် ဂီတသမားချင်းဟူသော အနုပညာ သောဘဏရသ၏ ဆွေမျိုးတော်စပ်မှုကြောင့် ပို၍စိတ်မကောင်းဖြစ်မိလေ၏။

“မြို့ပိုင်လေးရ၊ ဘယ်လိုကနေ ဘယ်လို စိတ်ဖောက်ပြန်သွားရတာလဲ ပြောစမ်းပါဦး၊ ဟောဒီက ရန်ကုန်ကလာတဲ့ကျုပ် မိတ်ဆွေတွေ ကြားရအောင်ဗျာ”

“ပြောရမယ်ဆိုရင် အရှည်ကြီးပဲ ဦးရာ၊ ဒီက ဦးလေးတို့ မပြန်သေးဘူးလား။ မပြန်ခင် တွေ့ကြသေးတာပေါ့။ အခုတော့ ကျွန်တော် သွားစရာကိစ္စလေးရှိနေလို့ပါ ခွင့်ပြုကြပါဦး ခင်ဗျာ”

မြို့ပိုင်ကလေး ကိုမောင်မောင်ဆိုသူသည် ဦးသူတော်နှင့်တကွ ကျွန်ုပ်တို့ အားလုံးအား နှုတ်ဆက်၍ ၎င်း၏ ကားဆီသို့ ပြန်၍ ထွက်ခွာသွားလေ၏။

ကျွန်ုပ်တို့လည်း ထိုနေရာမှ စိတ်မကောင်းစွာနှင့် ထွက်ခွာလာခဲ့ကြလေ၏။ သို့သော် ကိုမောင်မောင်သည် ပေးထားသော ကတိကို တည်ပါပေသည်။ ကျွန်ုပ်တို့ ရန်ကုန်သို့မပြန်မီ တစ်ရက်တွင် သူ့အိမ်၌ထမင်းစားဖိတ်၍ မောင်ကျော်ခိုင်ခေါ် မောင်ကာလီ၏ အဖြစ်ဟောင်းပုံ အကြောင်းစုံကို စိတ်ရှည်လက်ရှည် ပြောပြလေ၏။

“ကျွန်တော်ရယ်၊ ကိုကြီးငွေရယ် ဟောဒီ ကိုကျော်ခိုင်ရယ်ဟာ ကျောင်းနေဘက် သူငယ်ချင်းတွေပါ။ ကိုကျော်ခိုင်က ကိုကြီးငွေနဲ့ ကျွန်တော့်ထက် တစ်နှစ်စောပြီး တက္ကသိုလ်ကို ရောက်တယ်။ အိုင်အေတန်းမှာ သူက တစ်နှစ်ကျသွားတာကြောင့် ကျွန်တော်တို့ နှစ်ယောက်နဲ့ အတူတူ ဖြစ်သွားတာခင်ဗျ”

“ဘယ်ပုံ စိတ်ဖောက်သွားတာလဲ မြို့ပိုင်လေး”

“သူ့မှာ ချစ်သူရှိနေပြီ။ ညနေတိုင်း သူ့ချစ်သူနဲ့တွေ့ဖို့သွားရတယ်ဆိုပြီး အင်းလျားကန်ဘက်ကို သွားတာပဲခင်ဗျ။ ကျွန်တော်နဲ့ ကိုကြီးငွေကလည်း ဒီလိုဆိုရင် ကိုကျော်ခိုင့်အမျိုးသမီးကို မြင်စမ်းပါရစေလို့ ပြောကြတယ်။ သူက နောက်တော့ ကြည့်တာပေါ့။ နောက်တော့ ကြည့်တာပေါ့နဲ့ ရက်ကို ဆွဲလာတယ်”

“အင်း.. ဆက်စမ်းပါဦး”

“သုံးလလောက်ရှိတော့ ကျောင်းလည်း ပိတ်ခါနီးပြီ။ ခင်ဗျား အမျိုးသမီးကို ကျုပ်တို့ မသိရသေးဘူးလားလို့ မေးတော့ သိရပေါ့ဗျာ။ မနက်ဖြန် သူဓာတ်ပုံ အရိုက်ခံမယ်၊ ကိုကြီးငွေ ကင်မရာ ငှားလိုက်စမ်းပါလို့ဆိုပြီး နောက်တစ်နေ့မှာ ကိုကြီးငွေရဲ့ ရိုလီကော့ကင်မရာလေး လွယ်ပြီး ထွက်သွားတာပဲခင်ဗျ၊”

“ညနေကျတော့ ပြန်လာတယ်။ သူရိုက်လာတဲ့ ဖလင်လိပ်တွေကို ကျွန်တော်တို့ သုံးယောက်စလုံး လှည်းတန်းထိပ်က
လှလွန်းဆွေ ဓာတ်ပုံတိုက်မှာကူးဖို့ သွားပေးကြတယ် ခင်ဗျ”

“အဲဒီတော့ ဘယ်လိုဖြစ်သလဲ မြို့ပိုင်လေးရ”

“ဓာတ်ပုံတွေ သွားရွေးကြတော့ ပြဿနာပေါ်တော့တာ ပါပဲခင်ဗျာ”

“ဘယ်လိုကြောင့်လဲ”

ကျွန်ုပ်သည် သိလိုဇောဖြင့် မေးလိုက်၏။

“ဟာဗျာ …ဖလင်နှစ်လိပ်ကုန်အောင်ရိုက်တာ သူ့ရည်းစားပုံ တစ်ပုံမှမပါဘူး။ ဆိုင်ကပုံတွေပေးတော့ ကြည့်လိုက်တာ ဦးတို့ရာ၊ ဘွဲ့နှင်းသဘင် အဆောက်အအုံကြီးတွေ၊ တကောင်းကျောင်းဆောင်ရှေ့က စိန်ပန်းပင်ကြီးနဲ့ ခုံတန်းကလေး အဓိပတိလမ်းထိပ်က သံတံခါးကြီး အင်းလျားက အုတ်လှေကား အို.. စုံနေတာပဲ၊ တက္ကသိုလ်နယ်မြေတစ်ခွင်တော့ အနှံ့ပဲ။ ဒါပေမဲ့ ကိုကျော်ခိုင် အမျိုးသမီးတော့ တစ်ပုံမှ မပါဘူးခင်ဗျ”

“ဘာကို ဆိုလိုတာလဲ မြို့ပိုင်လေ။ ကျုပ်တို့ ကောင်းကောင်း။ နားမရှင်းဘူး၊ လုပ်စမ်းပါ”

“ကျွန်တော်တို့လည်း အဲဒီတုန်းက နားမရှင်းဘူး။ ကိုကျော်ခိုင် ကျွန်တော်တို့ကို နောက်နေတယ် မှတ်နေတာ။ ဒါပေမဲ့ အဲဒီပုံတွေကို ကြည့်ပြီး သူမျက်ရည်တွေ ကျနေတယ် ခင်ဗျ”

“သူသေချာရိုက်ခဲ့တာပါတဲ့ ၊ နုနုရီပုံတွေကို နေရာအနှံ့သွားပြီး ပုံစံအမျိုးမျိုးနဲ့ နုနုရီကိုယ်တိုင် အရိုက်ခံခဲ့တာပါတဲ့
သူတို့နှစ်ဦးတွဲရက် ပုံလေးငါးပုံတောင်မှ ဘေးကဖြတ်သွားတဲ့ ကျောင်းသားတစ်ဦး အကူညီတောင်းပြီး ရိုက်ခဲ့သေးတယ်ဆိုပဲဗျ”

“နို့ ကူးတော့ဘာလို့လူပုံတွေမမြင်ရတာလဲ”

“သူလဲကမန်းကတန်း ဖလင်လိပ်ကုန်အောင် ကူးထားတဲ့ထဲက နောက်ဆုံးပုံတွေထိရှာကြည့်တော့ လူပုံပါတာ လေးငါးပုံတော့ ထွက်လာတယ်ဗျ၊ ဒါပေမဲ့ လူပုံတိုင်းမှာ သူတစ်ဦးတည်း သစ်ပင်ကိုကိုင်ပြီး ရပ်နေတဲ့ပုံ၊ ထိုင်ခုံတန်းမှာ ခုံနောက်မှီကို လက်တင်ထားတဲ့ပုံတွေဘဲ တွေ့ရတော့တယ်၊ သူ့ချစ်သူနုနုရီဆိုတဲ့သူတော့ တစ်ပုံမှပါမလာခဲ့ဘူးလေ”

“ဟင်”

“အဲဒီမှာတင် ဒါဘယ်လိုဖြစ်တာလဲ… နုနုဘယ်မလဲ… ဘာကြောင့်မပါတာလဲနဲ့ သွေရူးသွေးတန်းပြောပြီး သူပြေးထွက်သွားတော့တာပဲ၊ ကျွန်တော်တို့လည်း သူပြောတဲ့နုနုရီဆိုတဲ့ ကျောင်းသူတကယ်ရှိမရှိ လိုက်စုံစမ်းတော့ နုနုရီနာမည်နဲ့ နှစ်ယောက်တွေ့ရတယ်။

အဲဒီနှစ်ယောက်ကို လေ့လာကြည့်တော့လည်း ကိုကျော်ခိုင်ကိုသာ မဟုတ်ပါဘူး။ ဘယ်ကျောင်းသားကိုမှ မသိကြလောက်အောင်ကို ရိုးကြ၊ အကြတဲ့ ကျောင်းသူကလေးတွေပါ။ ဒါပေမဲ့ တစ်ခုတော့ ရှိတယ်။ ကျွန်တော် တက္ကသိုလ်မရောက်ခင် တစ်နှစ်မှာတော့ ရုက္ခဗေဒမှာ ထူးချွန်တဲ့ ကျောင်းသူကလေး နုနုရီ ဆိုတာတော့ ရှိခဲ့တယ်။ ဒါပေမဲ့ တက္ကသိုလ်ဆေးရုံမှာ တိုက်ဖွိုက် ရောဂါဖြစ်လို့ တက်ကုနေတုန်း ဆုံးသွားတယ် ခင်ဗျ၊ သူဆုံးသွားတာ နောက်ဆုံးနှစ်၊ ကိုကျော်ခိုင်ကတော့ ကျောင်းရောက်စ ပထမနှစ်ပေါ့ ခင်ဗျာ”

“ဟင် ထူးတာတော့ ရှိနေပြီပေါ့၊ ဆုံးအောင်တော့ ပြောပြဦး”

“ပြောပါမယ်။ ထူးတာလည်း အမှန်ပဲခင်ဗျ၊ အဲဒီ နုနုရီ ဆိုတဲ့ကျောင်းသူလေး သေဆုံးကြောင်းကို သူပေးထားတဲ့ လိပ်စာ အတိုင်း ကျောင်းက အကြောင်းကြားခဲ့ပါတယ်။ သူပေးခဲ့တဲ့ လိပ်စာရှင်တွေစောင့်ပေမဲ့ မလာကြဘူးခင်ဗျ၊ ဒါနဲ့ ကျောင်းကပဲ သဂြိုဟ်လိုက်တယ်။

အဲ.. အဲ.. သူပေးခဲ့တဲ့ လိပ်စာဟာ ဟောဒီ စကုမြို့ခင်ဗျ၊ ကျွန်တော်ကောင်းကောင်း မှတ်မိခဲ့ပါတယ်။ နောက်ကျွန်တော် ကျောင်းကထွက်ပြီး လက်ထောက်မြို့ပိုင်အဖြစ်နဲ့ ဒီမြို့ကို ရောက်လာပြန်တော့ တိတိကျကျမဟုတ်တာတောင် ခရီးသွားဟန်လွှဲ နုနုရီဆိုတာကို စုံစမ်းကြည့်ပါတယ်။ စကုမြို့ သမထီးရပ်က နုနုရီ ဆိုတဲ့ တက္ကသိုလ်ကျောင်းသူလေး တိုက်ဖွိုက်ရောဂါနဲ့ ဆုံးသွားတာကို ဘယ်သူမှ မသိကြပါဘူး။

အဲဒီအရပ်မှာလည်း အဲဒီနာမည်နဲ့ အဖြစ်အပျက်ဟာ အမှန်တကယ်လည်း မရှိခဲ့ဘူးဆိုတာ သိရပါတယ်”

မြို့ပိုင်လေးကလည်း ကျုပ်လိုလူပဲ၊ ထူးထူးဆန်းဆန်း ကလေးတွေကို စိတ်ဝင်စားတတ်တာကိုး”

“ဟုတ်ပါတယ် ခင်ဗျ”

“ဒီထက် မောင်ကျော်ခိုင်နဲ့ နောက်တွေ့သေးလား”

“တွေ့ပါတယ် ခင်ဗျ၊ သူ့မိဘတွေ ရောက်လာပြီး ကျွန်တော်တို့ကို ရှာခိုင်းလို့ ရှာခဲ့ရပါတယ်။ ရန်ကုန်မြို့ ချောင်ကြိုချောင်ကြားမကျန် ကိုကျော်ခိုင်ကို ရှာခဲ့ရပါတယ်။ နောက်ဆုံး တာမွေသုသာန်ထဲမှာ သွားတွေ့ပါတယ်။ ထူးလိုက်ပုံက ဦးရယ်…သူနေတဲ့ နေရာက အုတ်ဂူဟောင်းလေး တစ်ခုမှာ (မနုစာရီ)ဆိုတဲ့
ကျောက်ပြားလေး တွေ့တယ်ခင်ဗျ၊ ပြီးတော့ သူ့လိုပဲ ရူးနေတဲ့ လူတစ်ယောက်လည်း အဲဒီဂူအနားမှာ တွေ့ခဲ့တယ်။ အဲဒီလူကလည်း ခောတ်ပညာတတ် တစ်ယောက်လို့ ယူဆရတာပါပဲ ဦးရယ်၊ (မနုစာရီ) သူ့အချစ်ပါတဲ့။ ချစ်သူရဲ့ လက်ပြတ်
တစ်ဘက်ဟာ ကျောက်ဆည် ဝေဘူတောင်ပေါ်က ကျောက်သေတ္တာကြီးထဲမှာ ရှိတယ်ဆိုပဲ၊ အဲဒီလက် ပြန်ရရင် ဒီအုတ်ဂူထဲက (မနုစာရီ) မင်းသမီးလေးဟာ ပြန်ရှင်လာမှာပဲလို့ ကျွန်တော် တို့ကို ခပ်တည်တည်နဲ့ ပြောနေတယ်ခင်ဗျ။ အဲ…အဲ သူ့နာမည် ကိုတော့ လက်ဖတင်နင် နန်းဝေလို့ ပြောတယ်ခင်ဗျ”

“ဟိုက်”

ကျွန်ုပ်သည် လက်ဖတင်နင် နန်းဝေဟူသော အသံကြားရလျှင် ကြားရခြင်း အံ့သြလွန်းသဖြင့် “ဟိုက်”ဟုသာ အသံထွက်သွားတော့သည်။

“ကိုကျော်ခိုင်ကလည်း ကျွန်တော်တို့ကို “ဘာလဲ ခင်ဗျားတို့ နုနုရီ ခေါ် မနုစာရီကို မယုံကြဘူးလား၊ မနုစာရီဟာ လူမဟုတ်ဘူး၊ ဇော်ဂျီ၊ မိန်းမဇော်ဂျီ နားလည်ပြီလား၊ အခု ဒီဂူထဲဝင်နေတာဟာ သေတာမမှတ်ကြနဲ့၊ ဖိုလ်ဝင်နေတာဗျ နားလည်လား၊ ခင်ဗျားတို့ ကျုပ်ပြောတာ မယုံဘူးလား၊ ဇော်ဂျီမလေး မနုစာရီဟာ ရန်ကုန်တက္ကသိုလ်မှာ လူယောင်ဆောင်ပြီး ကျောင်းလာတက်ခဲ့တယ်ဆိုတာ မယုံကြဘူးလား၊ မယုံရင် ကျုပ်ဆီမလာကြနဲ့ဆို ပြီး ကိုကျော်ခိုင်က ကျွန်တော်တို့ကို မောင်းထုတ်ခဲ့ပါ သေးတယ်ဦး”

“နောက်ဘာတွေ ဆက်ဖြစ်သေးသလဲ၊ မြို့ပိုင်ကလေး”

“ကျွန်တော်နဲ့ ကိုကြီးငွေဟာ ကိုကျော်ခိုင်ကို ချော့မော့ပြီး သူ့မိဘများထံ အပ်နှံခဲ့ပါတယ်။ သူ့မိဘများက စိတ်ကျန်းမာ ရေးဆေးရုံမှာ ကုသပေးခဲ့ယ်လို့ပဲ သိရပါတယ်။ တစ်ခုထူး တာကတော့ ကိုကျော်ခိုင်ဟာ စိတ်ဖောက်ပြန်သွားကာမှ တယောထိုးတတ်လာတယ် ခင်ဗျ။ သူ့ကို တွေ့လေရာရာမှာ တယောနဲ့ တွေ့ရတတ်ပါတယ်။ ပြီးတော့ သူဆိုလေ့ရှိတဲ့ သီချင်းကတော့ ဘာတဲ့ဦးရယ် အင်း ”

“ရှာ ရှာသူပန်းဖွယ်၊ ကြာလေလေ နွမ်းတယ်၊ “မနုစာရီ” ရယ်…”

ဆိုတဲ့ အဆိုနဲ့ တယောသံကတော့ ကျွန်တော်တို့နားထောင်နေသူအဖို့ ရင်ထဲမှာတစ်မျိုးကြီး ခံစားလိုက်ရတယ်ဦး”

မောင်ကျော်ခိုင်နှင့် လက်ဖတင်နင် နန်းဝေတို့ကို သာမက မနုစာရီဟူသော အမည်သည် ကျွန်ုပ်ကိုပင် ဖမ်းစားနေပြီလား မဆိုနိုင်ပါ။ ကျွန်ုပ်၏ ဦးနှောက်အတွင်း၌ မနုစာရီဟူသော အမည်သည် တော်တော်နှင့်ပျောက်ပျက်ခြင်းမရှိဘဲ စွဲထင်လျက် ရှိတော့၏။

လက်ဖတင်နင် နန်းဝေ၊ မနုစာရီ၊ မောင်ကျော်ခိုင်တို့၏ အမည်များမှာ ကျွန်ုပ်အဖို့ ထိုင်, ထိုင်နေစဉ်အတွင်း စား, စားနေစဉ်အတွင်း အိပ်, အိပ်နေစဉ်အတွင်း၌ပင်လျှင် လွန်စွာမှ ပူးကပ်၍နေပေ၏။

ကျွန်ုပ်ကိုကျွန်ုပ် လွန်စွာမှ ပြတ်သားသူ၊ သံယောဇဉ်ကင်းကင်း နေနိုင်ခဲ့သူတစ်ယောက်အဖြစ် ရပ်တည်နေထိုင်လာခဲ့သူ ဖြစ်သော်လည်း ၎င်းတို့သုံးဦးနှင့် ပတ်သက်၍မူ ကျွန်ုပ်၏ အာရုံတိုင်းတွင် ပယ်ထုတ်၍မရအောင် စွဲလမ်းမှု ဖြစ်နေသည်ကား ကျွန်ုပ်ကိုယ် ကျွန်ုပ်ပင် အကြီးအကျယ် အံ့သြနေမိ၏။

သို့သော်လည်း တစ်ခုခုကျွန်ုပ်စိတ်ကူးတိုင်း သူတို့တစ်တွေသည် ကျွန်ုပ်၏အတွေးအိမ်၌ အမြဲလိုလိုတံခါးဖွင့်ထားသဖြင့် ဝင်ရောက်ခွင့်ရနေသော စိတ်ဧည့်သည်များပမာ ရှိနေကြတော့၏။

ကျွန်ုပ်တို့သည် စကုမြို့၌ ဆန်စက်မတည်ဖြစ်ခဲ့သဖြင့် စကုမြို့နှင့် လည်းကောင်း၊ မြို့ပိုင်လေး ဦးမောင်မောင်နှင့်လည်းကောင်း အဆက်အသွယ် ပြတ်ခဲ့ရလေတော့၏။

<><><><><><><>—————-<><><><><><>
အပိုင်း ၈ ဆက်ပါဦးမည်>>>>>>>>

Loading

One comment

  • I will also like to convey that most individuals that find themselves without having health insurance are typically students, self-employed and those that are unemployed. More than half of those uninsured are really under the age of Thirty five. They do not think they are needing health insurance since they’re young and also healthy. The income is usually spent on houses, food, along with entertainment. Many individuals that do work either entire or part time are not offered insurance by means of their jobs so they go without owing to the rising valuation on health insurance in the usa. Thanks for the concepts you write about through this web site.

Leave a Reply

Your email address will not be published. Required fields are marked *