
မနုစာရီ – အပိုင်း (၆)
* * * မနုစာရီ * * * ( ၆ )
တက္ကသိုလ်ကျောင်းသား မောင်ကျော်ခိုင်
လက်ဖတင်နင် နန်းဝေကို လုံးဝလောက်ပင်မေ့ခဲ့ပြီး အချိန်မှာလည်း တစ်နှစ်ခန့် ကွာခြားခဲ့ပြီဖြစ်၏။ သို့ရာတွင် မနုစာရီကို ကျွန်ုပ်ပြန်လည်သတိရနိုင်ရန်အတွက် အကြောင်းတစ်ခုပေါ်လာပြန်၏။
ထိုအကြောင်းကား ကျွန်ုပ်၏ မိတ်ဆွေဆန်စက်သူဌေး ကိုလှမောင်သည် စကုမြို့၌ ဆန်စက်တစ်လုံးတည်လို၍ စကုသို့ သူနှင့်အတူလိုက်ပါပြီး ဆန်စက်တည်နိုင်ရေးအတွက်ကူညီရန် မရမကခေါ်ခဲ့ခြင်းကြောင့်ဖြစ်၏။
စကုမြို့အား ဧရာဝတီ မြစ်ကမ်းပေါ်၏ အနောက်ဘက်အတွင်းပိုင်းတွင် တည်ရှိပြီး လူသိများသော မြို့ကလေးဖြစ်၏။မျက်မမြင်မင်းသားညီနောင် စူဠာသမ္ဘာနှင့် မဟာသမ္ဘဝကို စန္ဒမုခိဘီလူးမက မျက်စိကိုမြင်ရန် ဆေးစတင်ကုသပေးသော အရပ်ဖြစ်သဖြင့် “စကု”ဟု တွင်သည်ဟု ပြောကြ၏။
စန္ဒမုခိဘီလူးမဆိုသည်မှာလည်း အခြားသူမဟုတ်၊ ဘုရားရှင်ကို ရင်သားဖြတ်၍လှူဒါန်းခဲ့သောဒါနထူးကြောင့် နောင်တွင် မြန်မာနိုင်ငံ၌ ကျော်ကြားထင်ရှားမည့် ဘဝရှင် မင်းတုန်းမင်းဘုရားကြီးအလောင်းပင်ဖြစ်၏။
ရာဇဝင်ကျော် သူခိုးကြီးငတက်ပြားကိုဖမ်းဆီးနိုင်သော ဘုန်းလက်ရုံးနှင့်ပြည့်စုံသော “အင်းဝဘုရင် သတိုးမင်းဖျား”နတ် ရွာစံကံတော်ကုန်ရာမြို့လည်း ဖြစ်၏။
“မင်းဆက်ငါးသွယ် ရှင်ဘို့မယ်” ဟု ရာဇဝင်၌ထင်ရှားသော မိဖုရားရှင်ဘို့မယ်၏ မွေးရာဇာတိလည်း ဖြစ်၏။
ဂေါတမဘုရားရှင်၏ ခြေတော်ရာတစ်ဆူ ကိန်းဝပ်ရာဒေသ လည်းဖြစ်၏။ မယားတစ်ခုလပ် “ဆံစကုပြတ်” ဟူ၍ ဆန်ကောင်းကြိုက်သူတို့၏ တမ်းတကြသည့် စကုပြတ် ဆန်ပေါက်ရောက်ရာ အရပ်လည်းဖြစ်၏။
အသက်ကလေးရယ်တဲ့ရှည်စေလို “မန်းတောင်ရိပ်ခို”ဆိုသည့် သိုက်တစ်ဘောင်စကားလာ မန်းတောင်ရိပ်ခိုဆိုသည်မှာ မန္တလေးတောင်ကိုဆိုသည်မဟုတ်ဘဲ စကုမြို့၌တည်ရှိသော စက်တော်ရာဘုရားတည်ရှိရာ မန်းတောင်ကို ဆိုလိုပေရာ အသက်ရှည်လိုသူတို့အတွက် မမေ့နိုင်လောက်အောင် ဒေသလည်း ဖြစ်၏။
ဤသို့ မဟာဝင်၊ သာသနာဝင်၊ ရာဇဝင်၊ သမိုင်းဝင်၊ သိုက်ဝင်ဖြစ်သော စကုမြို့သို့ ကျွန်ုပ်သည် စက်သူဌေး ကိုလှမောင်နှင့်အတူ ဆန်စက်တစ်လုံးတည်ရန်အတွက် ရောက်ရှိခဲ့ရာမှစ၍ ကျွန်ုပ်၏မှတ်ဉာဏ်၌ ရေးရေးမျှသာကျန်တော့သည့် “မနုစာရီ” ဆိုသော ဝေါဟာရသည် ပြန်လည်၍ ထင်ရှားလာရပြန်တော့၏။
ကျွန်ုပ်နှင့် ကျွန်ုပ်၏မိတ်ဆွေ စက်သူဌေး ကိုလှမောင်တို့သည် ဆန်စက်တစ်လုံး တည်ဆောက်ရန်ကိစ္စအတွက် စကုမြို့သို့ ရောက်ရှိနေကြ၏။ ကျွန်ုပ်တို့သည် ထိုမြို့က စပါးပွဲစားကြီး ဦးသူတော် ငှားရမ်းပေးထားသောအိမ်၌ လွတ်လပ်စွာ တည်းခိုနေကြလျက် ဆန်စက်တည်ရန် ကိစ္စကိုလည်း ဆောင်ရွက်ရင်း မိမိမရောက်ဖူးသော ဒေသဖြစ်သည့်အားလျှော်စွာ ရွှေစက်တော်ဘုရား၊ မင်းဘူး နဂါးပွက်တောင် လယ်ကိုင်းကျောင်းတော်ရာ စသည့် ပတ်ဝန်းကျင်ဒေသသို့ သွားရောက် လည်ပတ်ခြင်းဖြစ်ရာ ကြာမီ၌ပင်လည်ပတ်ရန် နေရာမရှိတော့သည့်အလျောက် တည်းခိုသောအိမ်၌ ခြေငြိမ်စပြု၍ ဆန်စက်ကိစ္စကိုပင် လုံးဝကြိုးပမ်းကြရတော့၏။
တစ်ညတွင် ‘အယ်စတီမိတ်’ခေါ်သော ဆန်စက်တည်ရှိရာ၌ ကုန်ကျမည့် ခန့်မှန်းချေစရိတ်များကို အလွန်အားကောင်းသော ပိန်တံဆိပ် အောက်လင်းဓာတ်မီးကြီးထွန်း၍ ကျွန်ုပ်နှင့် ကိုလှမောင်သည် တွက်ချက်ကြတော့၏။ ကျွန်ုပ်တို့သည် အလုပ်တွင်း၌ စိတ်ဝင်စားလွန်းသဖြင့် ညည့်အတန်နက်သွားသည်ကိုပင် သတိပြုမိခြင်းမရှိတော့ဘဲ နေရာမှ မန်းချောင်းကို ဖြတ်၍ ဝှေ့တိုက်လာသော ချမ်းစိမ့်စိမ့် လေကလေးဝင်လာသဖြင့် ကျွန်ုပ်တို့ နှစ်ယောက်သည် တိုင်ပင်ထားသည့်အလား စားပွဲပေါ်က နာရီကို ကြည့်လိုက်မိကြ၏။ သို့ရာတွင် နာရီမှာ သော့မပေးမိသဖြင့် ည ၉-နာရီသာသာတွင် ရပ်နေခဲ့ရာ မည်သည့်အချိန် တိုင်နေပြီကို နှစ်ဦးစလုံး မခန့်မှန်းနိုင်အောင် ရှိကြတော့၏။
“အိုင်ဆေး လက်ဖက်ရည်လေး ဘာလေးသောက်ပြီး အိပ်ကြစို့လား နာရီပြန်တစ်ချက်လောက်တော့ ရှိရောပေါ့”
ကိုလှမောင်က ပြောပြောဆိုဆို စာရွက်စာတမ်းများကိုထပ်၍ သိမ်းလိုက်ပြီးနောက် ဓာတ်ဘူးကိုဖွင့်ကာ လက်ဖက်ရည် ငှဲ့နေသဖြင့် ကျွန်ုပ်လည်း စာရွက်စာတမ်းများ သိမ်းလိုက်၏။
ကျွန်ုပ်တို့နှစ်ဦး လက်ဖက်ရည် သောက်ပြီးနောက် ကိုလှမောင်မှာ “ဂလေစီယာ” ရေခဲတောင် စီးကရက်နှင့်မှိန်း၍ ကျွန်ုပ်ကမူ ဦးကျောက်လုံး၏ တစ်ပြားနှစ်လိပ်တန် ဂေါ်ရင်ဂျီဆေးပြင်းလိပ်ကိုခဲ၍ စိမ့်ရုံအေးသော မန်းချောင်း လေနုအေးကို အရသာခံနေမိ၏။
ထိုစဉ် အတော်ဝေးဝေးမှ သေးသေးမျှင်မျှင်ကလေးသာကြားရသော တယောသံကလေးကို ကြားရသဖြင့် ကျွန်ုပ်တို့သည် မျက်စိများ မှိတ်၍တယောသံကို အာရုံပြုနေမိကြ၏။ အသံမှာ အလွန်ဝေးလွန်းရကား တချီချီတွင် လေမသင့်သဖြင့် မကြားရဘဲ ရှိတော့၏။ ထို့ကြောင့် ကျွန်ုပ်တို့နှစ်ဦး၏ နားအကြည်ဓာတ်ကလေးများသည် မြှင်မြှင်သာကြားရသော တယောသံကလေးကို ချော့၍ ဆွဲယူနေကြ၏။
ဥပမာအားဖြင့် ကိုယ်ပိုင်ရတနာပစ္စည်းတစ်ခုကို အလွန်တရာနက်သော ရေတွင်းပျက်ကြီးထဲမှာနေ၍ ဆွေးနေသော အပ်ချည်မျှင်ကလေးကိုအသုံးပြုကာ ချိတ်ဆွဲတင်ယူနေကြသည့်အလား တထင့်ထင့်နှင့် တယောသံကို သောတပသာဒဟု ဆိုအပ်သော နားအကြည်ဓာတ်သို့ ဆိုက်ရောက်အောင် စိတ်ဖြင့်ဆွဲငင်ယူနေကြ၏။
အံ့ဩဖွယ်ရာပင် ကျွန်ုပ်တို့နှစ်ဦး၏ ညွှတ်ထားသော စိတ်အာရုံလှိုင်းများကို မလွန်ဆန်နိုင်သည့်အလား တယောသံသည် တစ်စထက်တစ်စ နီးကပ်၍လာသည်ကို သတိပြုမိတော့၏။ အတော်ပင်နီး၍ ပြတ်ပြတ်ထင်ထင် ကြားရသောအခါ၌မူ
တယောသံကိုသာမက အဆိုကိုပင် နားထောင်ခွင့် ရတော့၏။ ဆိုသံမှာ အသံကောင်းသည်ဟု ပြောနိုင်သော်လည်း သီချင်း၏ အဓိပ္ပာယ်၊ တယောသံနှင့် သီဆိုပုံအသံတို့မှာ တစ်ခုနှင့်တစ်ခု လိုက်ဖက်၍ (Acsthetic Emotion) “သောဘဏရသ”မြောက်သည်ဟုတော့ ဝန်ခံရပေမည်။
သူ၏သီချင်းမှာ ရှေးမယ်ဘွဲ့တစ်ခုဖြစ်၍ မဆိုတတ်လျှင်လည်းကောင်း သို့မဟုတ် ဆိုတတ်လွန်း၍ လိုအပ်သည့်ထက် မင်မောင်း သုံးလွန်လျှင်သော်လည်းကောင်း၊ လုံးဝ နားထောင်၍မရနိုင်အောင် ပျက်စီးသွားနိုင်သော သီချင်းမျိုးဖြစ်၏။
ကျွန်ုပ်၏မိတ်ဆွေ ကိုလှမောင်မှာ ဂီတနှင့်ပတ်သက်၍ နားထောင်ခံစားတတ်သည်မှတစ်ပါး အခြားစွမ်းဆောင်မှု မရသည့် အလျောက် တယောသံနှင့် အဆိုကို နားထောင်ကောင်းသည်ဟု မှတ်ချက်ချရုံသာဖြစ်သော်လည်း ကျွန်ုပ်မှာမူ ကောလိပ်ကျောင်းသားဘဝက ရွှေတံဆိပ်ရဖူးသော တယောသမားဖြစ်သည့်အားလျှော်စွာ တယောထိုးပုံ လက်စလက်နကိုပင် အထူးဂရုပြုမိလေတော့၏။
တယောထိုးရာ၌ “အောက်ပေါက်”ဟုခေါ်သော တယောလက်တံ၏ အရင်းပိုင်းက အသံများကို များများသုံးမှ တယော ထိုးကောင်းသည်ဟု ပြောဆိုလေ့ရှိကြသောစကားကို ထိုတယောသမားက ဆန့်ကျင်ဘက်ပြုလျက်ရှိသည့်အလား အဖျားပိုင်းက လက်ပေါက်များကိုသာ ပိနိုင်သမျှပိ၍ စုံမြိုင်နိုင်သမျှစုံ၊ မြိုင်နိုင်သမျှမြိုင်အောင် အသုံးပြုလျက်ရှိ၏။ အသံတစ်ခုမှတစ်ခုသို့ ကူးပြောင်းရာ၌လည်း ညင်သာလှ၏။ လက်ပေါက်တစ်ခုထဲ၌ပင် အရှိုက်အတိုက်များပြ၍ တစ်သံမှ တစ်သံ သို့ကူးသွားရာ အလွန်လှပသော ရွှေပြည်စိုးငှက်ကလေးသည် ပွင့်ဖတ်ပွင့်ချပ်များနှင့် လှပဝေဆာသော ပန်းပွင့်ကလေး တစ်ပွင့်သို့ကူးပျံလျက်ရှိသည်ကို ကြည့်ရသည့်အလား သာယာလှလေ၏။
တယောထိုးသောအလုပ်၌ လက်ဝဲဘက် လက်ချောင်းကလေးများကို ကျွမ်းကျင်စွာ အသုံးပြုရသော (Fingering) ခေါ် လက်ပေါက်နှိပ်ရသည့် အတတ်နှင့် ဘိုးတံကို ဆွဲတွန်းထိုးရ သော (Bowing) ခေါ် ညာလက်၏ ဘိုးတံဆွဲငင်မှုအတတ်ပညာပါစုံပါမှ ကောင်းနိုင်သော အရာဖြစ်၏။
ယခု တယောသမားသည် ထိုအတတ်နှစ်ခုစလုံးကိုသာမက ဆိုင်းငံ့မှု၊ သွက်လတ်မှု စသော စည်းဝါးကိစ္စကိုလည်း ကျွမ်းကျင်လှပေသည်။ ထိုအရာတို့ထက် သင်ယူ၍မရနိုင်သော သို့မဟုတ် ဝမ်းတွင်ပါဟု ဆိုမှဖြစ်နိုင်သော ဂီတဗီဇလည်း ထိုသူ၌ပါရှိပေရာ နားထောင်၍ မငြီးနိုင်အောင် ရှိတော့၏။
အမှန်စင်စစ် တယောသမားသည် တယောကို လက်ဖြင့် မထိုး၊ နှလုံးသည်းပွတ်ဖြင့် ထိုးနေသည်။ အဆိုကိုလည်း ပါးစပ်ဖြင့်မဆို ခံစားမှုဝေဒနာနှင့် ဆိုနေသည်ဟုပြောမှ သူ၏အဆိုနှင့်အတီးကို အံဝင်အောင် ချီးမွမ်းသည်ဟု ဆိုရပေမည်။
ကျွန်ုပ်၏စိတ်၌ အလွန်တော်ပါသည်ဟု စံတင်ထားရသော “တယောဝိဇ္ဇာ ကိုဘိုးငို”သည် လည်းကောင်း၊ “တယော မောင်ဟန်ဝင်း” သည်လည်းကောင်း၊ ယခုကြားရသော တယောသံကို နားထောင်ခိုင်းရလျှင် သူတို့၏ ညံ့ဖျင်းမှုကို မချင့်မရဲဖြစ်ကာ သူတို့၏လက်များကို ရိုက်ချိုးပစ်ကြမည်လားဟု ထင်မှတ်မိပါတော့သည်။ ကျွန်ုပ်ကိုယ်တိုင်ကမူ ထိုတယောသံကို နားထောင်ပြီးနောက် တယောထိုးတတ်ပါသည်ဟု တစ်စုံတစ်ယောက်ကို ပြောဝံ့ခြင်းမရှိတော့ဟု ဝန်ခံရ
မည်။ ထိုထက်ဆိုးသည်မှာ ထိုတယောသံသည် နား၌စွဲထင်ရိုက်ခတ်လျက်ရှိရာ နောက်နောင်၌ မည်မျှလက်သံကောင်းပါသည်ဟုဆိုသော တယောသံကို နားထောင်ရသည် ဖြစ်စေ၊ ကျွန်ုပ်၏နား၌ ဆီမထည့်ပဲဆွဲသွားသော အညာလှည်းကြီးများ၏ ဝန်ရိုးမှထွက်သော အသံကဲ့သို့ ဂျီဂျီနှင့် နားထောင်မရအောင် အခံရအဆိုးလှလေတော့မည်။
“ကိုယ့်ဆရာ တယ်ကောင်းတဲ့ လက်သံပါလား၊ ကျုပ်ရင်ထဲမှာ နားထောင်ရင်း တစ်မျိုးကြီးပဲ၊ ငိုချင်သလိုလိုပဲဗျ”
ဂီတနှင့်ပတ်သက်၍ ကျွန်ုပ်များစွာ အထင်သေးမိသော ကိုလှမောင်ပင်လျှင် မခံရပ်နိုင်အောင် ခံစားရသည့်အလျောက် နှုတ်ဖြင့် ဖွင့်ဟဝန်ခံလေတော့၏။ ကျွန်ုပ်သည် စကားဆက်ပြောပါက အရသာပျက်သွားမည်စိုးသဖြင့် ခေါင်းကို အနည်းငယ်ညိတ်၍ ထောက်ခံပြီးနောက် ဆက်၍နားထောင်နေမိ၏။
ထိုအချိန်၌ သီချင်းဆုံးသွားပြီဖြစ်သည့်အလျောက် တယောသမားသည် လက်သံစမ်း အနည်းငယ်ထိုးပြီးနောက် အသံစဉ် ကုန်သည်အထိချ၍ ရပ်လိုက်လေတော့၏။ ထိုအခါကျမှသာ ကျွန်ုပ်က….
“ဟုတ်တယ် ကိုလှမောင် တကယ်ကောင်းတဲ့ လက်သံပါ။ ကျုပ်ဖြင့် တစ်ခါမှ ဒီလောက်ကောင်းတဲ့ လက်သံကို နားမထောင်ဖူးပါဘူး။ ဒီတော့ ဒီလိုလုပ်ရအောင်ဗျာ၊ အသံက ဒီနားမှာ ပျောက်သွားတာ၊ ဒီလူဒီနားမှာပဲ ရှိဦးမယ်၊ကျုပ်တို့ သွားရှာရအောင်” “
“ကောင်းသားပဲ”
ကျွန်ုပ်သည် ပြောပြောဆိုဆို ချိတ်တွင်ချိတ်ထားသော ကိုလှမောင် သိုးမွှေးဆွယ်တာကိုပစ်ပေးလိုက်ပြီး ကျွန်ုပ်ကမူ ပလေဇာ ကုတ်အင်္ကျီကို ထပ်၍ဝတ်လိုက်၏။ ထိုအခိုက်၌ စေ့ရုံသာစေ့ထားသော ခြံတံခါးကို တွန်းဖွင့်သံကိုကြား၍ ကြည့်လိုက်ရာ ခြံတံခါးပွင့်၍ ခြံတံခါးရှေ့တွင် တယောပိုက်ကာရပ်နေသော လူတစ်ယောက်ကို တွေ့ရလေတော့၏။
“ကျွန်တော် လာပါရစေ ခင်ဗျာ၊ ကျွန်တော် လူကောင်းပါ ကျွန်တော်နာမည် မောင်ကာလီပါ”
ခြံဝမှလူသည် အထက်ပါအတိုင်း ကျွန်ုပ်တို့အား ဝင်ခွင့်တောင်းလိုက်၏။
“လာပါ လာပါ”
ကိုလှမောင်က ခွင့်ပြုလိုက်သဖြင့် ထိုလူသည် ဣန္ဒြေရရလျှောက်လာတော့၏။ သုံးထစ်ရှိသော လှေကားထစ်တွင် အလယ်ထစ်အရောက်၌ ဖိနပ်ကိုချွတ်၍ ကျွန်ုပ်တို့အနီးသို့ ရောက်လာ၏။
“ထိုင်”
ကိုလှမောင်က ကုလားထိုင်ထိုး၍ပေးရင်း ပြောလိုက်၏၊
“ကျွန်တော်က မီးရောင်မြင်တော့ မိုးအလင်းရောင်းတဲ့ လက်ဖက်ရည်ဆိုင်မှတ်တာ၊ အနားရောက်တော့ မဟုတ်မှန်း သိပါတယ်၊ ဖြစ်နိုင်ရင် ဆေးလိပ်တစ်လိပ်၊ နှစ်လိပ်လောက် လိုချင်ပါတယ်၊ ရောင်းမယ်ဆိုရင်လည်း ဝယ်ပါ့မယ်”
ထိုသူသည် ထိုင်လိုက်သည်နှင့် သူလိုချင်သောအရာကို မကွေ့မပတ် တည့်တည့်ပင် ပြောလိုက်၏။ ကျွန်ုပ်နှင့် ကိုလှမောင်လည်း သူ့ကို စိတ်ဝင်စားစွာ စေ့စေ့ကြည့်မိ၏။
“မဝယ်ရပါဘူး။ စီးကရက်နဲ့ ဆေးပြင်းလိပ်တော့ ရှိတယ်၊ ကြိုက်တာသောက်နိုင်ပါတယ်”
ကိုလှမောင်က စီးကရက်ဘူးနှင့် ဆေးပြင်းလိပ် သူ့ရှေ့တွင် ချပေး၏။
“ကျွန်တော်က ဆေးလိပ်သောက်တာပါ စီးကရက်လည်းသောက်လို့ ရပါတယ်၊ ဆေးပြင်းလိပ်တော့ လုံးလုံး အနံ့ခံလို့ မရဘူး”
သူသည် ပြောပြောဆိုဆိုပင် ကိုလှမောင်၏ ရေခဲတောင်တံဆိပ် စီးကရက်တစ်လိပ်ကို ထုတ်၍ မီးညှိရှိုက်ဖွာလေတော့၏။
အသက်အရွယ်အားဖြင့် ကျွန်ုပ်တို့၏ ထက်ဝက်ငယ်သော လူငယ်ကလေးတစ်ဦးမျှသာ ဖြစ်သည်။ အသက်နှစ်ဆယ်ထက် များစွာ မပိုသေး။ လူ့အသားရောင်မှာ ဖြူသည်ဟုဆိုရမည်ထက် အသားဝါဟုဆိုလျှင် ပို၍ မှန်ပေမည်။
ကိုယ်လုံးကိုယ်ထည်မှာ ခပ်နွဲ့နွဲ့ ရှိသော်လည်း အရောင်လက်သောမျက်လုံး၊ ဝိရိစေ့စပ်သော နှုတ်ခမ်းနှင့် ပေါ်လွင်သော နှာတံတို့ကို ကြည့်ခြင်းအားဖြင့် သတ္တိအရာ၌ သိပ်သေးမည် မဟုတ်ကြောင်း ကျွန်ုပ် ခန့်မှန်းမိ၏။
နဖူးပေါ်တွင် ခပ်ရိုင်းရိုင်းကျနေသည့် နက်မှောင်သောဆံပင်နှင့် မျက်ခုံးမျက်တောင်တို့သည် သူ့ကို လူချောတစ်ဦးအဖြစ် ထောက်ခံလျက် ရှိတော့သည်။ သူ၏လက်ကို ကြည့်လိုက်မိပြန်ရာ ရှည်သွယ်ပြောင်းညွတ်သော လက်ချောင်းလှကလေးများ တွေ့ရ၏။ သူ့ကိုပါ စိတ်ဝင်စားမိသဖြင့် အနည်းငယ် မေးစမ်းကြည့် မိတော့၏။
“မောင်က ကျုပ်တို့ ထွန်းထားတဲ့ မီးရောင်ကို မိုးလင်းဆိုင်မှတ်လို့လာတယ်ဆိုတော့ မောင်ဟာ ဒီမြို့ကဟုတ်ဘူးမှတ် တယ်”
“ဟုတ်ပါတယ် ဦး၊ ကျွန်တော် ရန်ကုန်ကပါ၊ ဒီကိုရောက်တာ သုံးရက်ပဲ ရှိပါသေးတယ်”
“အလုပ်ကရော”
“ကျွန်တော် ကျောင်းသားပါ၊ အိုင်အေတန်း တက်နေပါတယ်၊ အခုတော့ မတက်တာ ကြာပါပြီလေ”
“နာမည်ကတော့ မောင်ကာလီ ဟုတ်လား”
“ကျောင်းမှာတော့ ကျော်ခိုင်လို့ ခေါ်ပါတယ်”
”မောင့်တယောလက်သံဟာ သိပ်ကောင်းတာပဲ၊ ဆရာ ကောင်းတွေနဲ့ ဆည်းပူးခဲ့ရတယ် ထင်တယ်”
“ဟုတ်ကဲ့ ဆည်းပူးခဲ့ရပါတယ်”
“မောင်ကာလီ လက်ဖက်ရည် သောက်ပါဦး”
ကိုလှမောင်က ဓာတ်ဘူးထဲမှ လက်ဖက်ရည်ခွဲ၍ လောကွတ် ပြုလိုက်၏။ မောင်ကာလီသည် တယောကို စားပွဲပေါ် တင်ကာ လက်ဖက်ရည်ကို ယူကာသောက်၏။ လက်ဖက်ရည် ပန်းကန်မှအငွေ့များသည် လည်းကောင်း၊ လက်ကြားတွင် ညှပ်ထားသော စီးကရက်အငွေ့များသည်လည်းကောင်း အထက်သို့ ဝှေ့တက်နေ၏။
မောင်ကာလီသည် အငွေ့များကို ကြည့်ရင်း သူ၏ စိတ်အာရုံသည် တခြားသို့ ရောက်သွားသည်ဟု ကျွန်ုပ်ခန့်မှန်းမိ၏။ အဘယ်ကြောင့်ဆိုမူ ကျွန်ုပ်က တယောကြိုးကို မည်သည့်အသံ၍ ထိုးသနည်းဟုမေးရာ သူသည် မကြားဘဲ ရှိတော့၏။
ထို့ကြောင့် ကျွန်ုပ်သည် စားပွဲပေါ်မှ တယောကြိုးများကို လက်ညှိုးဖြင့်ကုတ်၍ အသံကို နားထောင်ကြည့်မိရာ များစွာအံ့သြ ရပါတော့၏။
မည်သည့် ဂီတပစ္စည်းမဆို အသံအနိမ့်အမြင့် ညှိထားရ၏။ ဥပမာဂစ်တာဆိုလျှင်လည်း တစ်ကြိုး၌ ခပ်လိုက်လျှင် “ဗြောင်”ဟု အသံထွက်လျှင် နှစ်ကြိုးကို ခပ်ကြည့်ပါက “တိန်”ဟူသော အသံစဉ် ထွက်ရ၏၊ သို့မဟုတ်ပါက အခြားသံစဉ်တစ်ခု ထွက်ရ၏။
ယခုမူ လေးကြိုးစလုံးကို အသံတူညှိထားရာ အားလုံး “ဗြောင်” “ဗြောင်” ဟု အသံထွက်နေ၏။
ထို့သို့ အသံတူညှိကာ ထိုး၍မရနိုင်ချေ။ ယခု မောင်ကာလီ ညှိထားသောတယောကြိုးကို ကမ္ဘာပေါ်၌ တယောထွင်ခဲ့သူဟု မှတ်ယူကြသော တယောဝိဇ္ဇာ မိုးဇက်ကို ထိုးခိုင်းလျှင်ပင် ရနိုင်မည်မဟုတ်ချေ။
ကျွန်ုပ် တယောကြိုးများကိုခပ်လိုက်သော အသံကြောင့် မောင်ကာလီ ပြန်၍ သတိဝင်လာပြီး ကျွန်ုပ်ကို ပြုံး၍ ကြည့်နေ၏။
“မောင်ကာလီ ကြိုးညှိထားတာ”
“ဪ…. ဦးက တယောကို စိတ်ဝင်စားတယ်လား။ ဒါက ဒီလိုပါခင်ဗျ၊ ဒီကြိုးတွေကို ကျွန်တော် ညှိတာမဟုတ်ပါဘူး။ ကျွန်တော့်ဆရာတွေ ညှိပေးတာ”
“မောင့်ဆရာတွေက ဘယ်သူတွေလဲကွယ့်”
“တစ်ကြိုးကို အရှေ့အရပ်ကို အစိုးရတဲ့ ဓတရဋ္ဌနတ်မင်းကြီး၊ နှစ်ကြိုးကို အနောက်အရပ်ကို အစိုးရတဲ့ ဝိရူပက္ခနတ်မင်းကြီး၊ သုံးကြိုးကို တောင်အရပ်ကို အစိုးရတဲ့ ဝိရူဠက နတ်မင်းကြီး၊ ဒုံးကြိုးကို မြောက်အရပ်ကိုအစိုးရတဲ့ ကုဝေရ နတ်မင်းကြီးတို့က ညှိပေးပါတယ်”
ကျွန်ုပ်နှင့် ကိုလှမောင်တို့သည်တစ်ဦးကိုတစ်ဦး လှမ်း၍ကြည့် မိကြ၏။ ကိုလှမောင်က ကျွန်ုပ်ကို မျက်လုံးပြူး၍ ပြ၏။ ကျွန်ုပ်ကကိုလှမောင်ကို ဘာလုပ်ပြမိသည် မသိ။
“မောင် ဒီအရပ်ကို အလည်အပတ် သက်သက်ပဲလား”
“မဟုတ်ပါဘူး။ ကျွန်တော့်ချစ်သူ “နုနုရီ” ကို လာရှာတာပါ”
“မောင့်ချစ်သူက ဒီမြို့ကလား”
“စာထဲမှာတော့ မန်းချောင်းအနီး တောအုပ်ကြီးလို့ ဆိုတာပဲ”
“မောင်ရင့်ချစ်သူက တောထဲမှာ ဘာသွားလုပ်တာလဲ”
“သူက ဇော်ဂျီပါ။ အမျိုးသမီး ဇော်ဂျီပါ။ ဇော်ဂျီမလေး နုနုရီရယ်”
“ဟိုက်”
ကျွန်ုပ်နှင့် ကိုလှမောင်တို့သည် ပြိုင်တူ ‘ဟိုက်’ဟု ယောင်ရမ်း အော်ဟစ်မိပါတော့သည်။ ကျွန်ုပ်တို့သည် ဖွတ်ထွက်နေမှ
တောင်ပို့မှန်းသိ ဆိုသည့်အလား၊ မောင်ကာလီသည် ယဉ်ယဉ်ကလေးနှင့် ရူးနေသူဖြစ်ကြောင်း သိရတော့၏။ ကျွန်ုပ်သည် များစွာ ကရုဏာသက်မိ၏။ မောင်ကာလီ (ခေါ်) မောင်ကျော်ခိုင်၏ မိဘများသည် အဘယ်မျှ ရင်ထုမနာ ဖြစ်ကြမည်နည်းဆိုသည်ကို စဉ်းစားမိရင်း ထိုညက အိပ်မပျော်နိုင်ဘဲ ရှိခဲ့၏။
မောင်ကာလီသည် ကိုလှမောင်ပေးသော ရေခဲတောင်တံဆိပ် စီးကရက်ဘူးတစ်ဘူးကိုယူကာ ကျေးဇူးတင်ကြောင်း၊ အကယ်၍ သူ၏ချစ်သူ နုနုရီကိုတွေ့လျှင် ကျွန်ုပ်တို့ကို ခေါ်လာ၍ ပြမည်ဖြစ်ကြောင်း၊ နုနုရီကို မြင်ဖူးသူသည် ကမ္ဘာပေါ်တွင် တွေ့တွေ့သမျှသော မိန်းမတို့ကို အရုပ်ဆိုးအကျည်းတန်သည်ဟု ထင်မှတ်မှားတတ်ကြောင်းကို အင်္ဂလိပ်ဘာသာဖြင့် သွက်လက်စွာပြောဆို၍ ထွက်သွားပါတော့၏။
“Thank you for a pack of cigarettes. If you happen to meet my beloved Nu Nu Yi, I will bring her to show you. Anyone who has seen Nu Nu Yi tends to mistakenly think that all the women they encounter in this world are ugly and wretched.”
တအောင့်လောက်ကြာလျှင် တယောသံလေး ကြားရ၏။ တယောသံလေးနှင့် မရှေးမနှောင်းပင် သီချင်းသံကလေးကို ကြား၏။
“ရှာ.. ရှာသူ..ပန်းဖွယ်… ကြာလေလေ…
နွမ်းဖွယ် မနုစာရီ…..ရယ်”
ကျွန်ုပ်သည် အိပ်ရာထဲမှနေ၍ အသံကို နားစွင့်နေမိ၏။ မောင်ကာလီ၏ ရင်နင့်ဖွယ်ရာ အသံကလေးသည် တစ်စထက် တစ်စ ဝေး၍ဝေး၍ သွားတော့၏။ ကျွန်ုပ်၏နား၌မူ သူ၏အသံသည် ရိုက်ခတ်ပဲ့တင်လျက် ရှိသေး၏။ အဘယ်ကြောင့် ဆိုသော်သူ၏ သီချင်းတွင် မနုစာရီဟူသော အမည်ပါနေသည် မဟုတ်ပါလား။
<><><><><><><><>~~~~~~~~~~~
အပိုင်း ၇ ဆက်ပါဦးမည်>>>>>>