
အရိပ်မည်းသုံးယောက် (စ/ဆုံး)
ဦးဘကျော်သာသည် ဘူမိဗေဒ အရာရှိဘဝမှ အငြိမ်းစားယူခဲ့ပြီးနောက် နန်းမြို့မြို့သို့ ရောက်နေခဲ့သည်မှာ နှစ်အတန်ကြာခဲ့ပေပြီ။ သူသည် အလုပ်မှ အနားယူပြီးသည့်နောက် ရခိုင်သို့မပြန်ဘဲ ပင်စင်ယူပြီးနာဂတောင်တန်းဘက်၌ ဆက်လက် နေထိုင်ခဲ့ရသည်မှာ အဓိကအကြောင်းရှိပေသည်။
ထိုအကြောင်းကတော့ လူမျက်နှာတောင်သို့ တစ်ခေါက်သွားကာ ရွှေဖြူ ဟု ခေါ်သောပလက်တီနမ်သတ္တုများ သွားရောက်ရှာဖွေရန်အတွက် ဖြစ်ပေသည်။ ထိုနေရာသို့သွားရန် မြေပုံကလည်း ရှိပေသည်။ မြေပုံက သူ့ထံမှာ တစ်ခြမ်း၊ သူနှင့် ခရီးသွားဖော် ဦးရန်နိုင်ဆီမှာ တစ်ခြမ်းရှိလေသည်။ ဦးရန်နိုင်တို့မှာလည်း မဝေးလှသော နေရာ၌ ရှိကြလေသည်။ ၎င်းကလည်း အခါအခွင့်သင့်ပါက ဦးဘကျော်သာနှင့်အတူပူးပေါင်းကာ လူမျက်နှာတောင်ရှိရာသို့ တစ်ခေါက်သွားရန် ရည်မှန်းထားသူဖြစ်ပေသည်။
“ဖေဖေ့ဆီမှာ ရတနာမြေပုံရှိတယ်ဆိုတာ ကျားကြီးရာဇဂိုဏ်းက ကျားကြီးက သိထားတယ်၊ ဒါကြောင့် နည်းအမျိုးမျိုးနဲ့ ရအောင် ကြံစည်နေတာပဲ၊ အခုတော့ အကြံအစည် အောင်မြင်သွားပြီပေါ့”
သူတို့နန်းမြို့၌ ရှိသော ဦးဘကျော်သာ၏ နေအိမ်သို့ ရောက်သောအခါ သုနောင်က အခြေအနေကို ပြောပြလေသည်။
သုနောင်နှင့် … ဇင်မာတို့မောင်နှမနှစ်ယောက်မှာ မိခင် မရှိတော့ဘဲ ဖခင်ကြီးကို အားကိုးနေကြရာ ယခု ဖခင်ကြီးက ပျောက်နေသောကြောင့် များစွာ စိုးရိမ်သောကရောက်နေကြရရှာသည် ။
“ဒါထက် ဆရာကြီးဆီမှာ ရတနာမြေပုံ ရှိတယ်ဆိုတာ ကျားကြီးတို့ က ဘယ်ပုံဘယ်နည်း သိသွားတာလဲ”
“ဖေဖေ အရာရှိဘဝတုန်းက သူနဲ့အတူ လိုက်ဖူးတဲ့ လူအချို့ ကျားကြီးဆီမှာ ရောက်နေကြတယ်၊ အဲဒီက သိရတာပါ”
“ဒါထက် မြေပုံတစ်ခြမ်းက ဦးရန်နိုင်ဆီမှာ ရှိနေတယ်ဆိုတာရော သူတို့ သိပြီလား”
“မသိသေးဘူးထင်တယ်”
“မသိတာ ကောင်းတယ်၊ တကယ်လို့ သိ သွားရင် ဦးရန်နိုင်အတွက်ပါ အန္တရာယ် မကင်းလှဘူး၊ ဒါထက် ဦးရန်နိုင်က ဘယ်နေရာမှာနေတာလဲ”
“ထရုံချောင်း နံဘေးက နမ်းမားစခန်းမှာနေတယ်၊ ထင်းရှူးမြိုင်လို့ အမည်ပေးထားတယ်၊ သူတို့ နေတဲ့ နေရာက ပန်ဆောက်နဲ့ (၅)မိုင်လောက် ဝေးတယ်”
“အခု ဆရာကြီးကို ဖမ်းမိသွားပြီဆိုတော့ ကျန်တဲ့ မြေပုံတစ်ခြမ်း ဘယ်မှာ ရှိတယ်ဆို မရရအောင်စစ်မှာသေချာတယ်၊ တကယ်လို့ မပြောဘဲနေရင် လောလောဆယ် ဆရာကြီးကိုတော့ သတ်ပစ်မယ် မဟုတ်ဘူး ၊
ငါ့အထင်ပြောရရင် ရန်သူရဲ့ မြားဦးက မင်းတို့ မောင်နှမဘက်ကို လှည့်လာမှာ သေချာ တယ်၊ မင်းတို့ နှစ်ယောက်ကို ဖမ်းပြီး အကျပ်ကိုင်လိမ့်မယ်”
“ဒါဖြင့် ဘယ်လိုလုပ်ရမလဲ ဆရာ”
“သိပ်တော့ မစိုးရိမ်ပါနဲ့ ၊ အခု ဆရာတို့ အဖွဲ့လဲ ရောက် လာပြီဆိုတော့ အကူအညီပေးပါ့မယ်၊ အခုဆိုရင် ဂျစ်ကားဒရိုင်ဘာကို သတ်သွားတဲ့ လူဆိုးတွေနောက်ကို လိုက်ဖို့ အဖွဲ့က လူတွေကို လွှတ်လိုက်ပါပြီ”
ထိုစကားကြားသောအခါ သုနောင်နှင့် ဇင်မာတို့ မောင်နှမနှစ်ယောက်၏ မျက်နှာမှာ အတန်ငယ် စိတ်သက်သာရာ ရသွားဟန် ရှိလေသည် ။
“ဆရာ ရောက်လာတာ ကျွန်မဖြင့် သိပ်ပြီး အားရတာပဲ၊ ဖေဖေ ဒုက္ခရောက်နေတဲ့ အချိန်မှာ အခုလိုရောက်လာတော့ အားကိုးရတာပေါ့”
“ဘာမှ စိတ်မပူပါနဲ့၊ ဆရာကြီးရဲ့ အခြေအနေကို ရအောင်စုံစမ်းပေးပါ့မယ်၊ ဒါထက် မင်းတို့ မောင်နှမနှစ်ယောက်စလုံး သတိဝီရိယနဲ့သာ နေကြပါ၊ နောက်ပြီး မြေပုံ တစ်ခြမ်းက ဦးရန်နိုင်ဆီမှာ ရှိတယ်ဆိုတာကိုလည်း ဘယ်သူမှ မသိပါစေနဲ့ ”
“စိတ်ချပါ ဆရာ”
“နောက်ရော ထူးခြားတာတွေ ဘာသိဟာ ရှိသေးလဲ”
“ထိုအခါ သုနောင်က အတန်ကြာအောင်စဉ်းစားနေပြီးမှ …
“တစ်ခါကတော့ ဖေဖေပြောဖူးတယ်၊ ဂူ ကြီးထဲမှာနာဂတိုင်းရင်းသားတွေ အစဉ်အဆက် ပိုင်ဆိုင်ခဲ့တဲ့ ရှေးဟောင်းရတနာပစ္စည်းတွေအပြင် ပလက်တီနမ်တွေအပြည့်ရှိတဲ့ တွင်းနက်ကြီးလဲ ရှိတယ်လို့ သိ ရပါတယ်၊ ဒါ့အပြင် ဖေဖေ့ဆီမှာ ရွေခွက် တစ်လုံး ပလက်တီနမ်သတ္တုခဲ တစ်တုံးနဲ့ ကျောက်သွေးခဲတွေပါလာတယ်ဆိုတာ သိရပါတယ်၊ အဲဒီပစ္စည်းတွေကိုလဲ အမြတ်တနိုးသိမ်းထားပါတယ်”
“အဲဒီပစ္စည်းတွေကိုတော့ ကြည့်ခွင့်ရရင် ကြည့်ချင်ပါတယ်” ဟု ဒေါက်တာမင်းထင်ကျော်က ပြောရာ ညဘက် လူရှင်းသောအချိန်တွင် သုနောင်က ဦးဘကျော်သာ၏ အခန်းတွင်းသို့ ခေါ်သွားလေသည်။ ထိုအခန်းတွင်းသို့ဒေါက်တာမင်းထင်ကျော်နှင့် ဦးဗန်ကောင်းတို့ နှစ်ယောက်လိုက်သွားကြသည် ။
ထိုအခန်းမှာ အိမ်ကြီး၏ အပေါ်ထပ်၌ ရှိပြီး သီးသန့် အခန်းတစ်ခန်းလည်း ဖြစ်သည်။ ထိုအခန်းပြတင်းပေါက်မှ လှမ်းကြည့်လျှင် သစ်တော်ပင်နှင့် လိမ္မော်ပင်စိုက်ခင်းများကို လှမ်းမြင်ရသည် ။
ခြံအလုပ်သမားကတော့ စိုက်ခင်းများအစပ်တွင် တန်းလျားများနှင့် နေကြလေသည်။ သူတို့ လေးယောက် အခန်းတွင်းသို့ ရောက်သောအခါ တံခါးကို ပြန်ပိတ်ထားလိုက်လေသည်။
ထို့နောက် သုနောင်က အခန်းနံရံရှိ ဗီရိုတစ်လုံးကို တွန်းရွှေ့လိုက်ရာ နောက်ဘက်၌ အံဝှက်တစ်ခုကို တွေ့ရသည်။ သုနောင်က အံဝှက်တံခါးကို ဖွင့်လိုက်ပြီး အတွင်းမှ သေတ္တာငယ်တစ်လုံးကို ထုတ်ယူလိုက်ကာ ဒေါက်တာမင်းထင်ကျော်အား ပေးလေသည်။
သေတ္တာမှာ ငွေရောင်သေတ္တာဖြစ်ပြီး အနံ လေးလက်မ၊ အလျားရှစ်လက်မခန့် ရှိလေသည်။ ဒေါက်တာမင်းထင်ကျော်က အဖုံးကိုဖွင့်လိုက်သောအခါ အတွင်းမှ အရာဝတ္ထုများကိုတွေ့ရသည် ။
ရွှေအိုရောင်သမ်းနေသော ရွှေခွက်ဟောင်းတစ်လုံး၊
အရောင်အဆင်း သိပ်မပေါ်တော့သည့် ပလက်တီနမ်သတ္တုခဲတစ်တုံး၊ ရွှေအုပ်ကလေးဖြင့် ထည့်ထားသော အညိုရောင်အခဲ တစ်ခဲ စသည် တို့ ဖြစ်သည်။
ဘူမိဗေဒသမားဖြစ်သော ဒေါက်တာမင်း ထင်ကျော်က ပလက်တီနမ် သတ္တုခဲကိုယူ၍ မီးရောင်ဖြင့် ကြည့်သည်။ တိုင်းရင်းဆေးပညာကို ဝါသနာပါသော ဦးဗန်ကောင်းက ရွှေအုပ်ကလေးဖြင့် ထည့်ထားသည့် အညိုရောင်အခဲကို ယူကြည့်သည် ပွတ်ကြည့်သည် ၊ နမ်းကြည့်သည် ။ ထို့နောက် လျှာဖြင့် တို့ ကြည့်လေသည်။ အတန်ကြာသောအခါ နှစ်ယောက်စလုံးမျက်နှာပေါ်၌ ကျေနပ်အားရသော အမူအရာများ ပေါ်လာလေသည်။
“ဒါဟာ ကမ္ဘာပေါ်မှာ အရှားပါးဆုံးနဲ့ တန်ဖိုးအရှိဆုံး ဖြစ်တဲ့ ပလက်တီနမ်သတ္တုခဲ အစစ်ပဲ”
ထိုအခါ ဦးဗန်ကောင်းကလည်း အားကျမခံပြောလေသည် ။
“ဒီပစ္စည်းကလဲ တခြားဟုတ်ပါရိုးလား၊ လူတစ်ယောက်ကို ဘာရောဂါမှ မဖြစ်စေဘဲ အသက်ရှည်စေတဲ့ ကျောက်သွေးအစစ်ပဲ”
“ဒါဖြင့် ဆရာကြီးဦးဘကျော်သာက ကမ္ဘာပေါ်မှာ အရှားပါးဆုံး၊ တန်ဖိုးအရှိဆုံးဖြစ်တဲ့ ပလက်တီနမ် သတ္တုခဲတွေနဲ့ ကျောက်သွေး
တွေရှိတဲ့ နေရာကို အမှန်တကယ်ရောက်ခဲ့တာ”
“ဒါကြောင့်လဲဒီအကြောင်းကို တစ်စွန်းတစ်စ သိသွားကြတော့ သူ့အတွက်အန္တရာယ်တွေ ဝိုင်းနေတာပေါ့”
ထိုအခါ သုနောင်က ပြောသည် ။
“ဖေဖေ တစ်ခါက ပြောဖူးတယ်၊ အဲဒီ ရတနာတွေရှိတဲ့ ကျောက်ဂူအတွင်းမှာ နာဂကြီးတစ်ယောက် အစောင့်ရှိတယ်၊ အဲဒီနာဂ ကြီးက သူတို့ နှစ်ယောက်ကို မှာ လိုက်သေးတယ်၊ နောက်တစ်ကြိမ် သူ့ဆီကိုလာရင် ဒီပစ္စည်းတွေကို အမှတ်အသားတစ်ခုအနေနဲ့ ပြရမယ်လို့ ပြောတယ်၊ ဒီတော့ ဖေဖေတို့ဆီက ရတနာမြေပုံရလို့ ဂူထဲ ဝင်နိုင်ရင်တောင် … ဒီပစ္စည်းတွေ မပါဘူးဆိုရင် အန္တရာယ်နဲ့ တွေ့မှာ အသေအချာပဲ”
ထိုသို့ ပြောဆိုနေစဉ် အခန်းအပြင်ဘက်မှ ခြေသံလိုလို လှုပ်ရှားမှုအသံ ကြားလိုက်ရသဖြင့် ဒေါက်တာမင်းထင်ကျော်က ခါးမှာထိုးထားသော သေနတ်ကို ဖျတ်ခနဲဆွဲထုတ်ကာ တံခါးကိုဖွင့်၍ အပြင်ဘက်သို့ ထွက်လိုက်သည် ။
ထိုအခါ ဝရန်တာဘက်သို့ပြေးသွားသောမည်းမည်းသဏ္ဌာန်တစ်ခုကို ရိပ်ခနဲလှမ်းမြင်လိုက်ရသဖြင့် နောက်မှ ပြေးလိုက်သွားသည်။ ထိုသဏ္ဌာန်ကား အမှောင်ရိပ်ရှိနေသောဝရန်တာဘက်သို့ ပြေးသွားပြီး တောင်စွန်းရောက်သောအခါ ကျော်၍ အောက်သို့ ခုန်ချသွားလေတော့သည် ။
အောက်သို့ရောက်သောအခါ အမှောင်ရိပ်များရှိသော သစ်ပင်များကြားသို့ ဝင်ရောက်ပျောက်ကွယ်သွားလေတော့သည် ။
ထိုအခါမှဒေါက်တာမင်းထင်ကျော်မှာနောက်သို့ ပြန်လှည့်လာလေသည် ။
“အခြေအနေက ဘယ်လိုလဲ မောင်ထင်ကျော်”
“ကျွန်တော်တို့တစ်ယောက်ယောက်ကပြောနေတာကို ချောင်းပြီးနားထောင်သွားတဲ့ ပုံပဲ”
“ဘယ်သူဖြစ်နိုင်သလဲ”
“ဒီအကြောင်းတွေကို တစ်စွန်းတစ်စသိနေတဲ့ လူတစ်ယောက်ပဲ ဖြစ်မှာပေါ့”
“ဒီလို ဆိုရင်တော့ ပိုပြီး သတိထားကြရမှာပေါ့”
“ကျွန်တော်တို့ ပတ်ဝန်းကျင်မှာတင် အတွင်းရန်သူရှိနေတာ သေချာတယ်။ ဦးဘကျော်သာ ခရီးထွက်တဲ့ကိစ္စလဲ ဒီနည်းနဲ့ပဲ သူတို့သိသွားတာ ဖြစ်နိုင်တယ်”
“ဒါဖြင့် ကျားကြီးရာဇာဂိုဏ်းနဲ့ ပတ်သက်တဲ့ လူတွေဖြစ်နိုင်သလား မောင်ထင်ကျော်”
“ဖြစ်ဖို့ တော့များတယ်၊ ဒါပေမဲ့ သေသေချာချာတော့ ပြောလို့မရဘူး၊ အရေးကြီးတာက သူတို့ မောင်နှမအတွက်အန္တရာယ်ရှိနိုင်တယ်၊
ကျွန်တော်တို့ သတိထားမှ ဖြစ်မယ်” ဟု ဒေါက်တာမင်းထင်ကျော်က ပြောလိုက်ရာ ဇင်မာ၏ မျက်နှာပေါ်မှာ ကြောက်ရွံ့ ထိတ်လန့်မှုများ အထင်းသား ပေါ်နေလေသည် ။
”ဒါဖြင့် ကျွန်တော်တို့ ဘယ်လိုလုပ်ရမလဲဆရာ”
“အခုလောလောဆယ်တော့ ဒီပစ္စည်းတွေ အရေးကြီးတယ်၊ လုံခြုံတဲ့ နေရာမှာ သိမ်းထားရမယ်၊ ရန်သူတွေနောက်ကို လိုက်သွားတဲ့ တိုင်းလုံတို့ ပြန်လာမှာပဲ အခြေအနေကြည့်ပြီး လုပ်ကြတာပေါ့” ဟု ပြောကာ အခန်းတွင်းမှ ပြန်ထွက်ခဲ့ကြသည်။ ဒေါက်တာမင်းထင်ကျော်မှာ ထိုညကကောင်းစွာ အိပ်မပျော်ဘဲ ဦးဘကျော်သာတို့ နေရာအကြောင်းကိုရောက်ခဲ့သောတွေးတောနေရာ အတော်ညဉ့်နက်မှ အိပ်ပျော်သွားလေတော့သည် ။
ထိုသို့ အိပ်ပျော်သွားစဉ် နားထဲမှာ ခြေသံလိုလို ကြားလာရသည်။ ခြေသံက တဖြည်းဖြည်းနှင့် နီးလာသဖြင့် မျက်စိဖွင့် ကြည့်လိုက်လေသည်။
ခေါင်းအုံးနံဘေးမှာချထားသော သေနတ်ကို လက်ဖြင့် စမ်းကြည့်လိုက်သည်။ လူက လှုပ်မရတော့ပေ။ ခြေသံက အပေါ်ထပ်သို့ ရောက်လာကြ လေသည်။ လှမ်းကြည့်လိုက်တော့ အမှောင် ထဲမှာ တရွေ့ရွေ့လာနေသော မည်းမည်းသဏ္ဌာန် သုံးယောက်ကို လှမ်းမြင်ရသည်။ ထိုသဏ္ဌာန်များက သူရှိရာသို့ လာနေကြရာ ဒေါက်တာမင်းထင်ကျော်က သေနတ်ကို အရေးတကြီး လက်ဖြင့်စမ်းသော်လည်း မရတော့ပေ။
လူမည်းကြီးသုံးယောက်က အနားသို့ ရောက်လာကြသည် ။ လူမည်းကြီးများမှာအမွေးရှည်များဖြင့် ကြောက်မက်ဖွယ်ရာမျက်နှာသွင်ပြင်မျိုး ရှိကြလေသည် ။
အနားရောက်တော့တစ်ယောက်က အသံသြသြကြီးဖြင့် ပြောသည်။
“မင်းတို့ ငါတို့ နေရာကိုလာဖို့ ကြိုးစားနေတယ် မဟုတ်လား၊ ငါတို့ သဘောမတူဘဲလာရင်တော့ အားလုံး သေကုန်မှာပဲ၊ တစ်ခု
တော့ရှိတယ်၊ ငါတို့ နဲ့ မိတ်ဆွေဖွဲ့ရလိမ့်မယ်”
“ဘယ်လိုဖွဲ့ရမှာ လဲ”
“လူမျက်နှာတောင် ရောက်တဲ့အခါ လူအရှင်လတ်လတ် သုံးယောက်ကို ယစ်ပူဇော်
ပေးရမယ်”
ထိုစကားကြားသောအခါ ဒေါက်တာမင်းထင်ကျော်မှာ လန့်သွားလေသည် ။
ဘယ်လို ပြန်ပြောရမှန်းလည်း မသိတော့
“ဒီလိုမလုပ်ဘူး ဆိုရင်တော့ အားလုံး သေမှာပဲ။
“ဒါ.. ဒါထက် ဘယ်နေရာမှာ လုပ်ရမှာ
“လူမျက်နှာတောင်ရဲ့ ထိပ်မှာ ရှေးက နာဂ တွေ ယစ်ပူဇော်တဲ့ နေရာရှိတယ်၊ အဲဒီနေရာမှာ လုပ်ပေးရမယ်။
“အဲဒီလိုလုပ်ပေးရင် ဘယ်လိုအကျိုးရှိမလဲ။
“မင်းတို့လိုချင်တဲ့ ပစ္စည်းတွေ ရသင့်သလောက် ရမယ်၊ ဒီလိုမှ မလုပ်ရင်တော့ လာသမျှလူတွေကို တစ်ယောက်ပြီးတစ်ယောက် သတ်စားပစ်မယ် ”
ဟု ပြောကာ နေရာမှ ပြန်လှည့်သွားကြလေသည်။ ထိုအခါမှာဒေါက်တာမင်းထင်ကျော်လည်း အိပ်ရာမှ လန့်နိုး လာလေတော့သည်။
မျက်လုံးဖွင့်ကြည့်လိုက်တော့ အခန်းတွင်းမှာ ဘာမှမရှိပေ။ ဒေါက်တာမင်းထင်ကျော် က စိတ်မကောင်းသဖြင့် နေရာမှထကာ ပြတင်းပေါက်မှ အပြင်သို့ မျှော်ကြည့်လိုက်သောအခါ သစ်ပင်ရိပ်များကြားမှ အပြင်ဘက်သို့ထွက်သွားသော အရိပ်မည်းကြီးသုံးယောက်ကို လှမ်းမြင်ရလေသည် ။
#jdbkx.net #ဝတ္ထုတို #Online #Games #Myanmar #OnlineGamesMyanmar #OnlineGames #OnlineCasino #SlotandFish #SportsGames #MyanmarOnlineGames