
မနုစာရီ – အပိုင်း (၁၅)
* * * မနုစာရီ * * *( ၁၅ )
“မမ မနုစာရီ အဲဒါဘာပန်းလို့ခေါ်သလဲ၊ ဘာကြောင့် စိုက်ပျိုးရပါသလဲ၊ ညီမတစ်စု သိပါရစေ”
“အဲဒီပန်းဟာ အခုတော့ အမည်နာမအတိအကျမရှိတဲ့ အညတြတောပန်းမျှသာ ဖြစ်ပေတယ်။ နောင်အနှစ်တစ်ရာ ကြာညောင်းတဲ့အခါမှာ အနောက်မဇ္ဈိမတိုင်းမှာ ဂေါတမဗုဒ္ဓမည်တဲ့ ဗြဟ္မာကြီးတစ်ဦး ပေါ်ပေါက်လာလိမ့်မယ်။ အဲဒီအခါမှာ အဲဒီ ဗုဒ္ဓကိုပူဇော်ကိုးကွယ်ဖို့ မမ စိုက်ပျိုးတာပဲ၊ ဒါကြောင့် ဒီပန်းကို “ဗုဒ္ဓံသရဏံပန်း“လို့ပဲ ကင်ပွန်းတပ်ကြတယ်”။
မနုစာရီသည် ဤသို့လျှင် တောရပ်မှီ၍ ဇောဂအကျင့် ကျင့်ခြင်း၊ အဂ္ဂရိတ်ထိုးခြင်း၊ အင်းရေးခြင်း၊ မန္တန်ရွတ်ခြင်း စသော ဝိဇ္ဇာထိုရ် ဖြစ်ရာဖြစ်ကြောင်းများကို မပြတ်လုပ်ရင်းဖြင့် အချိန်ကုန်ခဲ့ရလေသည်။
အပရန္တတိုင်းကား ဘဒ္ဒကလျာ၏ မပေါင်းစပ်သင့်သောဓာတ်များကို ပေါင်းစပ်၍ ဖိုထိုးခဲ့ရာတွင် ပြင်းထန်သော ပေါက်ကွဲမှုကြီးဖြစ်ရာမှအစ ထိုဒေသအတွင်းရှိ ပထဝီမြေကြီးအတွင်း ဓာတ်များသည် အမျိုးမျိုး ပြောင်းလွဲ၍ နေ့စဉ်ရက်ဆက် ပေါက်ကွဲမှုများ၊ ငလျင်လှုပ်မှုများအဆက်မပြတ်ဖြစ်ပေါ်ခဲ့ရာ ထိုတိုင်းတစ်ခုလုံးလောက်နီးသည် ချိုင့်ကြီးများ၊ ကျင်းကြီးများ၊ တောင်ကမူကြီးများ ပေါ်ပေါက်ဖြစ်ပေါပြီးနောက် ပျက်စီးခဲ့ရ၏။
(မှတ်ချက်။ ။ ကမ္ဘာကျော် အရစ္စတော်တယ်ဟူသော ဂရိပညာရှင်ကြီး၏ အဆိုအရ ကမ္ဘာ့မြေပုံပေါ်၌ ဟာကျူလီပီလောဟုခေါ်သော ဒေသအနီး ပင်လယ်ပြင်ကြီးသည် ယခင်ကလယ်မူးရီးယားနှင့် အတ္တလန်တာဟူသော တိုက်ကြီးနှစ်တိုက်ရှိခဲ့ပြီး ရှေးအတီတေက လောကီအဂ္ဂိရတ် ပညာရှင်တို့၏ မတည့်သော ဓာတ်များစမ်းသပ်မိရာတွင် ပြင်းထန်သော ပေါက်ကွဲမှုကြီးဖြစ်ပြီး ပင်လယ်အောက်သို့ နစ်မြုပ်ခဲ့သည်ဟု ဆိုခဲ့ဖူး၏။
ထိုအဆိုကို ကမ္ဘာကျော်လက္ခဏာဆရာကြီး ကိုင်ရိုက နက္ခတ္တဗေဒနည်းဖြင့်တွက်ချက်၍ မှန်ကန်ပါသည်ဟု ထောက်ခံခဲ့၏။ တစ်ဖန် မျက်မှောက်ခေတ် ဘူမိဗေဒပညာရှင်အချို့သည် ထိုဒေသအနီး၊
ကျောက်တောင်များကို စမ်းသပ်ကြည့်ရာ ထိုကျောက်တောင်တို့သည် တစ်ချိန်တစ်ခါက ယခုခေတ် မီဂါတန်တစ်ရာဗုံး ပေါက်ကွဲသည်ထက် အဆပေါင်းများစွာပြင်းထန်သော ပေါက်ကွဲမှုမျိုးဖြစ်ခဲ့သည့် လက္ခဏာတွေ့ရှိရသည်ဟု ထုတ်ဖော်ကြေညာခဲ့သည်။
လောကီရပ်ပညာကြောင့် ပေါက်ကွဲမှု ပြင်းထန်ပုံကို နှိုင်းစာကြည့်နိုင်၏။ အပရန္တတိုင်းဟူသည်ကား ယခု မင်းဘူး၊ စကု၊ စေတုတ္တရာ၊ ငဖဲမှစ၍ သရက်၊ ပန်းတောင်း မြို့များ အပါအဝင်ဖြစ်ပါသည်။ အပရန္တတိုင်း၏ မြို့တော်ကား သက်သာ နေပြည်တော်ဖြစ်၏။
ရာဇဝင်အရေးအသားတို့၌ ပန်းတောင်းသက်သာ ဟုရေးလေ့ရှိ၏။ ယခု ပဲတောင်းမြို့ ဖြစ်ပါသည်။ )
(စာရေးသူ)
ထိုတိုင်း၌ လူအမြောက်အမြား သေကြေပျက်စီးခဲ့ရ၏။ တိုင်းပြည်တည်၍ မရအောင် ဆုံးရှုံးခဲ့ရ၏။ သက္ကရာဇ် ဘုရင်ကိုယ်တိုင်ပင် နတ်ရွာစံခဲ့ရင်း ကျန်ရှိသောလူများမှာလည်း အခြားတစ်ပါးသော အရပ်များသို့ ထိတ်လန့်၍ ထွက်ပြေးကုန်ကြရသတည်း။
များသောအားဖြင့် နောင်အခါ စက်တော်ရာဘုရားတည်ရှိမည့် ပန်းတောင်ဘက်သို့ ပြေးခဲ့ကြ၏။ ထို့ကြောင့် “အသက်လေးရယ်တဲ့ ရှည်စေလို မန်းတောင်ရိပ်ခို” ဆိုသည့် တဘောင်စကားမှာ ယခုတိုင်အောင် တည်ရှိနေခြင်းဖြစ်သည်။
မောင်တော် အတိတျာမှာလည်း မကဋ်းရုပ်အလံကိုင်ဆောင်သော တပ်မကြီးကိုလည်းကောင်း၊ လူဦးခေါင်းနှင့် မြင်းကိုယ်ထည်ရပ်ဖြစ်သော ဓနုမည်သော အလံကို ကိုင်ဆောင်သော တပ်မကြီးကို လည်းကောင်း၊ ကင်းမြီးကောက်ရုပ်အလံကိုကိုင်ဆောင်သော ဗြိစ္ဆာမည်သည့် တပ်မကြီးကိုလည်းကောင်း ဦးဆောင်၍ ဂစ္ဆပဏီတိုင်း၏ မြို့ရိုးကို ဝန်းရံနိုင်ခဲ့သော်လည်း မိမိ၏ တိုင်းပြည်တစ်ခုလုံး နောက်ပိုင်းတွင် ပျက်စီးခြင်းမလှ ပျက်စီးဆုံးပါးခဲ့ရပြီဖြစ်ရာက နောက်ဆုံးတွင် ဂစ္ဆပဏီတိုင်းကို အညံ့ခံလိုက်ရတော့၏။
ဂစ္ဆပဏီတိုင်းဘုရင်သည် အတိတျာအပါအဝင် တာဝန်ရှိသော စစ်မှူး၊ စစ်ကြပ်၊ စစ်ဗိုလ်တို့ကို စစ်သုံးပန်းအဖြစ် ဖမ်းဆီးလိုက်၏။ ကြွင်းသော စစ်တပ်၏ ငယ်သားတို့ကိုမူ ကျေးကျွန်အဖြစ် သမုတ်လိုက်၏၊
အတိတျာမင်းသားသည် စစ်သုံးပန်းအဖြစ်နှင့် နေခဲ့ရာမှ အခါအခွင့်ကိုကြည့်၍ ထွက်ပြေးလွတ်မြောက်ရန် နှစ်ကြိမ်တိုင်တိုင် ကြံစည်ခဲ့သော်လည်း အချည်းနည်းဖြစ်ခဲ့ရ၏။ သို့သော်လည်း ဂစ္ဆပဏီတိုင်း၏ ပညာရှိတစ်ဦး၏ ကူညီမှုကြောင့် တတိယအကြိမ်တွင် လွတ်မြောက်ခဲ့ရလေ၏။
အပရန္တနေပြည်တော်သို့ မြင်းကိုဒုန်းစိုင်း၍ ကိုးရက်နှင့်ကိုးညတိုင်တိုင် ကြမ်းတမ်းစွာသော ခရီးကိုဖြတ်၍ ပြန်ခဲ့၏။ နေပြည်တော်ကား မမှတ်မိနိုင်လောက်အောင် ပျက်စီးနေပြီကို ဝမ်းနည်းစွာ တွေ့ရတော့၏။
နန်းတော်နေရာကိုလည်းကောင်း၊ မနုစာရီ၏ တပင်တိုင်ဆောင်နေရာကို လည်းကောင်း ကြိုးစား၍ အနိုင်နိုင်ရှာဖွေခဲ့ရ၏။ နောက်ဆုံးတွင် မနုစာရီ၏ တပင်တိုင်ဆောင်နေရာ၌ အနှံ့အပြား မနုစာရီ၏ သေဆုံးပြီး ရုပ်အလောင်းကိုရှာဖွေခဲ့ရာ တစ်ခုသောနေရာ၌ အလွန်လှပသော မနုစာရီ၏လက်ပြတ်ကလေးကို အတိတျာသည် ရင်နင့်ဖွယ်ရာ တွေ့ရတော့၏။
မနုစာရီ၏ လက်ကိုမူ အခြားသူများ၏လက်နှင့် ခွဲခြား၍ အတိတျာသိ၏၊ မနုစာရီလက်သည် အခြားမိန်းမတို့၏ လက်ထက်လှ၏။ ထို့နောက် လက်တွင်“ဂျေရာ” မည်သော တံဆိပ်ကလေး ထိုးထားသည် မဟုတ်ပါလား။ ( အတိတျာသည် ကိုယ်ကိုအနိုင်နိုင် အားတင်း၍ ရပ်ယူရလောက်အောင် အားလျော့၍ နုန်းခွေနေပြီ ဖြစ်၏။ စစ်မထွက်မီညက မနုစာရီ သည် ဤလှပသော လက်ကလေးဖြင့် နောင်အနှစ်တစ်ရာရောက်လျှင် ပွင့်ပေါ်လာမည့် ဂေါတမဗုဒ္ဓဟူသော ဗြဟ္မာကြီးကို မိမိနှင့်အတူတကွဖူးတွေ့၍ ထိုဗြဟ္မာကြီးထံမှ “အမတ” ဟူသော ဘုံဌာနသို့ ရောက်ရာ
ရောက်ကြောင်း နည်းများကိုတောင်းခံကာ နှစ်ကိုယ်တူ “အမတဘုံ”သို့ အရောက်ကူးမြောက်မည်ဆိုသည့် ကြီးမားလေးနက်သော ရည်မှန်းချက်ကြီးကို ပြောပြခဲ့၏။
သူ့နားတွင် ယခုတိုင် ကြားယောင်လျက်ရှိသေးတော့ စုံဆယ်ဖြာသောလက်ဖြင့် ဂေါတမဗုဒ္ဓကိုဖူးတွေ့လိုသော မနုစာရီသည် ယခုမရှိတော့ပြီ။ သူ၏ ရုပ်အလောင်းကို မတွေ့ရတော့၊ သူ၏ လက်ပြတ်ကလေးတစ်ဖက်သာလျှင် မိမိကိုနှုတ်ဆက်သည့်အလား တွေ့ရတော့၏။
မျက်ရည်မကျဘူးသော သူရဲကောင်းမင်းသား အတိတျာသည် မျက်ရည်များ တသွင်သွင်စီးကျလာ၏။ သူ၏ ဓားကိုကျစ်ကျစ်ပါအောင်ဆုပ်ထား၏။ အံကိုကြိတ်ထား၍ မိမိ၏ အပရန္တတိုင်းပြည်ကြီး မည်သူ့ကြောင့် မည်သို့ပျက်စီးသွားသည်ကိုလည်း မသိလိုက်။ ထိုဒေသတွင် ထိုအချိန်၌ သက်ရှိသတ္တဝါဆို၍ အတိတျာတစ်ဦးတည်း သာလျှင်ရှိ၏။
အတိတျာသည် နောက်ဆုံး၌ မနုစာရီ၏ လက်ပြတ်ကလေးကို ကျောက်ချပ်ကြီးနှစ်ခုကြားတွင် လုံခြုံစွာထည့်လိုက်၏။ ထိုလက်ပြတ်ကလေးကို အသက်ရှိသကဲ့သို့ နာကျင်သွားမည်စိုးသည့်အလား မိမိ၏စစ်ချပ်ဝတ်တန်ဆာများဖြင့် သေချာစွာထုပ်ပိုး၍ ထည့်လိုက်ခြင်းဖြစ်၏။
အတိတျာသည် မနုစာရီ၏လက်ကလေးကို ထိုသို့သိမ်းဆည်းပြီးနောက် မိမိ၏ဓားကို အိမ်မှဆွဲထုတ်ကာ မိမိကိုယ်ကို အဆုံးစီရင်မည်ဟုကြံရွယ်၍ အထက်သို့ စုံမြောက်လိုက်၏။
စူးရှအရှိန်ကောင်းစွာ ရုတ်တရက်ပေါ်ထွက်လာသော သူရိန်နေမင်း၏အလင်းရာင်သည် အသွားထက်ထက် အဖျားစွန်းကလေးဓားပေါ်သို့ တစ်စတစ်စွန်း ကျရောက်နေသောကြောင့် ဓားသွား၏ရောင်ပြန်သည် အတိတျာ၏ မျက်စိနှစ်လုံးကို စူးရှသောရောင်ပြန်တို့ လာရောက်ရိုက်ခတ်နေ၏။
ငြိမ်သက်တိတ်ဆိတ်၍ တစ်စပြင်သဖွယ်ဖြစ်နေသော အပရန္တ တိုင်းပြည်ကြီးတစ်ခုလုံး သက်ရှိအရာဝတ္ထုများ မရှိသော်ငြားလည်း မာန်ဟုန်ပြင်းပြင်းနှင့် ရုတ်တရက်အားကောင်းလာသော လေပြင်းတိုက်ခတ်သံများဖြင့်
တော်လဲငလျင်တုန်လှုပ်လိုက်သည့်အလား နန်းရင်ပြင်တစ်ခုလုံး သွက်သွက်ခါ လှုပ်ရပ်သွားသည့် တုန်လှုပ်တိုက်ခတ်မှုများသတိတရားကို ဖမ်းယူထိန်းကွပ်၍ မရလောက်အောင် ချောက်ခြားယိမ်းယိုင်သွားသည့် အတိတျာ၏ အသွင်အပြင်မှာ မတ်တတ်ပင် မရပ်နိုင်တော့ချေ။
သို့သော် အတိတျာသည် သတိကိုမြဲမြံစွာ ထိန်းသိမ်းတည့်မတ်လိုက်၏။ သူ၏ စိတ်ဆန္ဒအရ တိုက်ခတ်လှုပ်ရှားနေမှုများအတွက် သူ၏ခိုင်မာသော ဆုံးဖြတ်ချက်သည် အချည်းနှီးသက်သက် မိုက်ရူးရဲတို့၏ အတွေးအခေါ် စိတ်ထားမျိုး အဖြစ်မခံ။
မေတ္တာတရားကို သူယုံကြည်ကိုးစားသည်။ ထိုမေတ္တာတရားအတွက် သူ၏ ဆုံးဖြတ်ချက်ကို မပြင်ချင်။ သို့ပေမဲ့ ခိုင်မာသော ယုံကြည်ချက်အတွက် ဆုံးဖြတ်ချက်မချခင် လူသတ္တဝါဟူ၍ အသိသက်သေ မရှိသော်ငြားလည်း အစဦးကဖန်ဆင်းထားခဲ့ပြီဖြစ်သော ကောင်းကင်အနှံ့မြေအလွှာကို သက်သေပြုရန် ရည်ရွယ်လိုက်၏။
ထို့ကြောင့်ပင် တိုးတိုးညင်သာ၍ ရင်ထဲမှ လှိမ့်တက်လာသောအသံဖြင့် သစ္စာပြုလိုက်၏။
“မောင်အရှင်ရဲ့ သည်းပွတ်နှလုံး ချစ်လှစွာသော မနုစာရီ… မောင်အရှင်ဟာ နှမ မနုစာရီရဲ့ ဖြောင့်စင်းပြီး ချစ်မြတ်နိုးဖွယ်ရာသောလက်ပြတ်ကလေးကိုသာ ဆွေးမြေ့ကြေကွဲစွာ တွေ့ရပါတယ်။ နှမရဲ့ ရုပ်ကလာပ်နှင့်အတူ လက်ကလေးကို ထားပေးချင်သော်လည်း မောင်အရှင်ဟာ နှမရဲ့ ရုပ်အလောင်းကို ရှာမတွေ့တဲ့အတွက် အတူတကွ ထားမပေးနိုင်တာကို ခွင့်လွှတ်ပါ မနုစာရီ….. အကယ်၍များ သေလွန်ပြီး ဘဝတစ်ဖန် ဖြစ်ရရိုးထုံးစံ ရှိလာခဲ့ရင်
မောင်အရှင်ဟာ နှမ မနုစာရီနဲ့ ပြန်တွေ့လိုလှပါတယ်။ နှမ – ပြောပြခဲ့တဲ့ ဂေါတမဗုဒ္ဓဆိုတဲ့ ဗြဟ္မာကြီးကိုလည်း နှမ မနုစာရီ မပါဘဲလျက် မောင်အရှင်တစ်ယောက်တည်း မဖူးတွေ့ရပါစေနဲ့။ ချစ်သောမနုစာရီ ဤလောက၌ မရှိတော့ပြီဖြစ်တဲ့အတွက် မောင်ရှင်လည်း ဤလောက၌ အသက်ရှင်လျက်……မနေလိုပါ……”
{}{}{}{}{}{}{}{}<><><><><><>{}{}{}{}{}{}
အပိုင်း ၁၆ ဆက်ပါဦးမည်